အပိုင်း ၉၂
Viewers 23k

ဖုကျန်းက အတော်ကြာသည်အထိ အသံတိတ်‌ကာ လော်ရှီး၏မျက်ဝန်းများထဲသို့ စိုက်ကြည့်နေလိုက်သည်။ သူ့အကြည့်တို့မှာ ဟိုးယခင် စတွေ့ကာစကကဲ့သို့ပင် ကြည်လင်နေသည်။
ဖုကျန်းမှာ ထိုကဲ့သို့ပုံစံမျိုးဖြင့် လော်ရှီးကို မတွေ့ရတော့သည်မှာ ကြာညောင်းနေပြီဖြစ်သည်။
လော်ရှီးက သူ့ကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
"goodbye..."
"goodbye..."
သူက လမ်းတစ်ဖက်ခြမ်းသို့ ဖြေးဖြေးချင်းကူးကာ ဖုကျန်း၏ အကြည့်အောက်မှ တရွေ့ရွေ့ ပျောက်ကွယ်သွားတော့သည်။
နှင်းမှုန်တို့က တဖွဲဖွဲ ကျဆင်းလာသည်။ ‌ကောင်းကင်လွှာ၏ ထွန်းလင်းမှုက ယုတ်လျော့သွားပြီး လမ်းမီးရောင်တို့ အစားထိုးဝင်ရောက်လာသည်။ မနီးမဝေးမှ ကျန်းဟန်ရှုက သူ့အနားသို့ ရောက်လာကာ ပြောလိုက်သည်။
"နှင်းတွေကျနေပြီ အိမ်ပြန်ကြရအောင် ..."
ဖုကျန်းလည်း နောက်ပြန်လှည့်ကာ သူ့လက်မောင်းကို တွဲထားလိုက်သည်။ လမ်းမီးရောင်ဖျော့ဖျော့၏ အကူအညီဖြင့် ကျန်းဟန်ရှုလက်မောင်းထဲတွင် ပါးစပ်ကိုဟကာ အသက်ရှူသံသေးသေးလေး ထုတ်ရင်း အိပ်မောကျနေသော coco ကို ငေးကြည့်နေလိုက်သည်။ သူမ၏ လက်ပိစိလေးများက လက်ကိုင်ပုဝါပန်းရောင်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ကျီစားလိုစိတ်ပေါက်လာသည့် ဖုကျန်းက အတွေးနှင့် ထပ်တူကျစွာပင် ထိုလက်ကိုင်ပုဝါပိစိလေးကို ဆွဲယူလိုက်သည်။ coco၏ မျက်လုံးအစုံတို့က ပွင့်လာကာ မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်သော်ငြား ဘာဖြစ်သွားလဲ သဘောမပေါက်သေးပေ။ သူမလက်ထဲမှ လက်ကိုင်ပုဝါလေး မရှိတော့မှန်း သိသွားသည့်အခါမှ စူးစူးဝါးဝါး အော်ချလိုက်တော့သည်။
"မင်းလေးကတော့ကွာ ..."
ကျန်းဟန်ရှုက အားကိုးရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်တော့သည်။ အခုလေးတင်မှ coco ကို အိပ်မောကျစေရန် ကြိုးစားနိုင်ခဲ့ခြင်းဖြစ်သော်ငြား ဖုကျန်းက တစ်ခါ နှိုးလိုက်ပြန်သည်။ ကလေးကို သူ့လက်ထဲထည့်ကာ ပြောလိုက်သည်။
"ဒီနားလာခဲ့ ..."
ဖုကျန်းက ချောင်းအသာဟန့်ကာ ကလေးကို ချီရန် ပြင်လိုက်သော်ငြား သူမကတော့ စူးစူးဝါးဝါးကိုအော်ဟစ်ကာ ငြင်းဆန်နေပေသည်။
ထိုအခိုက်တွင် coco ၏ ပါးစပ်ထဲမှ တစ်ခုခုကို သတိပြုမိသွားသည်။ အတော်ကြာစူးစမ်းကြည့်ပြီးနောက် ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ကလေးက သွားပေါက်တော့မှာထင်တယ် ..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ပြလိုက်သည်။
"နည်းနည်းလေး ထပ်ကြီးလာတဲ့အထိ စောင့်ပြီး အန်တီကို teeth stick လေးတွေ လုပ်ခိုင်းရအောင်
(သွားပေါက်ကာစကလေးတွေကို ကိုက်ခိုင်းတဲ့ စီလီကွန်လိုဟာလေးတွေပါ မြန်မာလိုဘယ်လိုခေါ်လဲ မသိလို့)
ဘယ်စကားလုံးက သူမကို ထိတ်လန့်စေခဲ့သလဲမသိ။ coco က နောက်တစ်ခါ ထပ်ငိုလာပြန်ကာ သူမ၏အသံက ယခင်ကထက်ပင် ပိုပြီး ကျယ်လောင်စူးရှလာသည်။
"ဘိုးဘေးလေးရေ အခုမှ လမ်းပေါ်မှာပဲ ရှိသေးတယ်လေ တိတ်တိတ်လေးနေနော် ..."
သို့သော်ငြား ငိုသံက အဆက်မပြတ်ပင် ထွက်ပေါ်လာသည်။ သူမကို ‌ချီမြှောက်ရင်း လက်ကိုင်ပုဝါလေးနှင့် ကစားပေးပြီးကာမှ ပြန်ပြီး အိပ်ပျော်သွားတော့သည်။ ဖုကျန်းမှာ စိတ်သက်သာရာရသွားသည့်ဟန် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ချွေးထွက်နေသည်မှလွဲ၍ ဘာကိုမှ မခံစားမိတော့ပေ။
ခဏလောက် လမ်းဆက်လျှောက်နေပြီးမှ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ဒီနေ့လေ စင်တာထဲမှာ စကတ်လေးတစ်ထည် တွေ့ခဲ့သေးတယ် coco နဲ့ဆို တအားကြည့်လို့ကောင်းမှာ သိလား ..."
"ဘာလို့ မဝယ်ခဲ့တာလဲ ..."
သူ့လက်ထဲမှ အိတ်နှစ်လုံးကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ဖုကျန်းက ရှက်ရွံ့စွာ ရယ်မောရင်း ပြောလိုက်သည်။
"ဖုန်းထဲက လက်ကျန်ငွေက နှစ်ယောက်စာပဲ ကျန်တော့လို့ ..."
အိမ်ပြန်ရောက်ပြီးနောက်တွင်တော့ ကလေးကို အန်တီ့လက်ထဲထည့်ကာ ညစာစား၊ ရေချိုးပြီး ကျန်းဟန်ရှုနှင့်အတူ နိုင်ငံခြားသရဲကားတစ်ကားကို ကြည့်နေလိုက်သည်။ ရုပ်ရှင်ပြီးချိန်တွင်တော့ ဆယ်နာရီပင် ထိုးလုနေပြီဖြစ်သည်။ နှစ်ဦးသား အိပ်ယာပေါ်မှ လေ့ကျင့်ခန်းအချို့ကို လုပ်လိုက်ကြပြီးနောက်တွင်တော့ မီးပိတ်ကာ အိပ်ယာဝင်လိုက်ကြတော့သည်။
ဖုကျန်းမှာ အိပ်ယာပေါ်တွင် တလူးလူးတလိမ့်လိမ့်ဖြင့် အိပ်၍ မပျော်‌နိုင်သေးပေ။ ညနေခင်းက လော်ရှီး၏ စကားသံတို့ကို ပြန်ကြားယောင်ကာ အိပ်ချင်စိတ် ပျောက်နေသည့်အတွက် ခေါင်းထက်မှ အမှောင်ထုထဲသို့ စိုက်ကြည့်နေလိုက်သည်။
"ဘာတွေတွေးနေတာလဲ ..."
ကျန်းဟန်ရှုက သူ့ဘက်လှည့်ကာ ပွေ့ဖက်ရင်း တိုးတိုးလေး မေးလိုက်သည်။
"ဒီနေ့ လော်ရှီးကို တွေ့ခဲ့တယ် ..."
သူက ဖွဖွလေး ပြောလာသည်။
"ကိုယ်သိပါတယ် ..."
ကျန်းဟန်ရှုက သူတို့ကို မလှမ်းမကမ်းတွင် ရပ်ကြည်နေခဲ့သည်။
ဖုကျန်းက ခဏ ရပ်လိုက်ပြီးမှ သူ့ကို ဆက်ပြောလိုက်သည်။
"သူနဲ့ အရမ်းကိုခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတယ် မူကြိုမှာ စတွေ့ပြီး တက္ကသိုလ်အထိ အတူတူပဲ ဘောင်းဘီတစ်ထည်တည်းကို မျှဝတ်နိုင်လောက်တဲ့အထိ ညီအစ်ကိုတွေလိုကို ရင်းနှီးခဲ့တာ အထက်တန်းကျောင်းရောက်တော့ သူ့မှာ ကောင်မလေးရလာတယ် လော်ရှီးကလေ သူမကို တအားချစ်တာ အနာဂတ်မှာ သူတို့တွေ လက်ထပ်၊ ကလေးမွေးပြီးရင် ကျွန်တော့်ကို ခေါင်းကိုင်ဖခင်လုပ်ခိုင်းမှာလို့ တဖွဖွကို ပြောခဲ့တာ ..."
ဖုကျန်း၏အသံတို့က တစ်ဖြေးဖြေး တိုးညင်းလာသည်။
"အဲ့ဒီ့နောက်ပိုင်းကျ သူက ချန်းမိုကိုရော ကျွန်တော့်ကိုပါ မလိုချင်တော့ဘူး သူလိုချင်တာ ထန်ဝမ်ဝမ်တစ်ယောက်ထဲတဲ့လေ ..."
"ဒါပေမယ့် ဒီနေ့ကျ သူက ပြောတယ် အဲ့တုန်းက သူ့ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားသလိုပဲတဲ့ သူ့အချစ်မှန်သမျှကို ထန်ဝမ်ဝမ်ကိုပဲ ပေးရမယ်ဆိုပြီးတော့လေ ..."
သူရော ဖုကျန်းချန်နဲ့ ဖုထင်တို့ရော အဲ့လိုပဲ ထင်တယ်တဲ့
ရုတ်ချည်းပင် ဖုကျန်းမှာ ဘာဆက်လုပ်၍ လုပ်ရမည်မှန်း မသိတော့။
ကျန်းဟန်ရှုက သူ့နောက်ကျောကို ဖွဖွလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
"တစ်ခါတစ်လေကျ ကိုယ်ဘာသာကို ဆုံးဖြတ်ရမယ့်အရာတွေ ရှိတယ် ဒါပေမယ့် မင်းနောင်တမရဘူးဆိုရင်ပဲ လုံလောက်ပါပြီ ..."
ဖုကျန်းက သက်ပြင်းဖွဖွ ချလိုက်သည်။
လူတစ်‌ယောက်ရဲ့ဘဝမှာ နောင်တမရဖို့ဆိုတာကလည်း လွယ်မှ မလွယ်တာကို
"အိပ်ပျော်သွားပြီလား ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
"အိပ်မပျော်ဘူး ..."
"ကိုယ် ပုံပြင်ပြောပြရမလား ..."
"......"
ဖုကျန်းက တစ်ခဏ စဉ်းစားလိုက်သည်။
"ကောင်းသားပဲ ..."
"ဟိုးရှေးရှေးက ပင်လယ်ရေအောက် တစ်နေရာမှာ ရေသူမတိုင်းပြည်တစ်ခု ရှိသတဲ့ ..."
.......
"အဖြူရောင်ရဲတိုက်'' ၏ နောက်ဆက်တွဲ ရိုက်ကူးချိန်တွင် ဒါရိုက်တာကျန်းက ဖုကျန်းထံ မကြာခဏ အလည်လာကာ သူ့အတွက် အထောက်အကူဖြစ်စေမည့် ထင်မြင်ချက်တို့ကို အခါအားလျော်စွာ အကြံပြုခဲ့သည်။
ဒါရိုက်တာကျန်းလီ၏ ရိုက်ကူးမှု ပြီးဆုံးချိန်တွင်တော့ နောက်ထပ် မကြာခဏလာလည်သူမှာ လီပင်းဖြစ်လာသည်။
လီပင်းမှာ မျိုးဆက်သစ်ဒါရိုက်တာတို့၏ ရှေ့ဆောင်ဟု သတ်မှတ်ခံထားရသူဖြစ်ပြီး ဖုကျန်း၏ အစ်ကိုကြီးလည်းဖြစ်သည်။
"မင်းမှာက ကိုယ်ပိုင်ဟန်ရှိနေပြီးသားဆိုတော့ ငါတောင် ဘာမှ လမ်းညွှန်ပေးစရာ မလိုတော့ပါဘူး ..."
ဒါရိုက်တာလီပင်းက သူ့ပုခုံးကို အသာပုတ်ကာ ပြောလိုက်သည်။
"မင်းရဲ့ရုပ်ရှင်ကိုတော့ အရမ်းကို မျှော်လင့်ထားတယ်နော် ..."
ချီးမွမ်းမှုကို မကြိုက်သူဟူ၍ မရှိပေ။ ဖုကျန်းက ပြုံးကာ ပြောလိုက်သည်။
"အစ်ကိုကြီး ကျေးဇူးပါ ..."
"ကျေးဇူးတင်တယ် ငါက မင်းကို ဘာမှတောင် မကူညီရပါဘူးကွာ ဒါနဲ့ ရုပ်ရှင်က ဘယ်အချိန်စလွှင့်မှာလဲ ..."
ဖုကျန်းက ပြောလိုက်သည်။
"ဒီတိုင်းသာ ဆက်ပြီး ရိုက်သွားနိုင်ရင် ရိုက်ကူးရေးက လကုန် ပြီးလောက်မယ် တည်းဖြတ်တာတွေ အထူးပြုလုပ်ချက်တွေ ထည့်ပြီးရင် တစ်လလောက် ကြိုပြီး အကဲဖြတ်ဖို့ ပို့ထားလို့ရပြီ။ အစောဆုံးဆိုရင်တောင် ဖေဖော်ဝါရီလလောက်မှ လွှင့်နိုင်မှာ ..."
လီပင်းက ခေါင်းငြိတ်ကာ ပြောလိုက်သည်။
"သိပ်အဆင်မပြေရင်တော့ နွေဦးပွဲတော် လုပ်တဲ့အချိန်နဲ့ သွားတို‌က်နေမှာပဲ ..."
ဖုကျန်းက ချစ်သူများနေ့အမှီ လွှင့်နိုင်ရန် မျှော်လင့်ထားသော်ငြား အချိန်နောက်ကျသွားသည်ကတော့ သူလည်း မတတ်နိုင်ပေ။
လီပင်းက ကျိုးဝမ်လင်ကို လှည့်ကြည့်လိုက်သည်။ သူက ရဲဝတ်စုံကို ဝတ်ထားပြီး သေဆုံးသူ ချန်းမန်ကို လက်ထဲပွေ့ထားသည့် ဟဲမင်၏‌အနောက်တွင် မတ်တပ်ရပ်နေသည်။
"သူမက စပိုက်ဒါ မဟုတ်ဘူး ..."
သူက တည်တည်ငြိမ်ငြိမ်ဖြင့် ဆိုလိုက်သည်။
"တကယ်ကို သရုပ်ဆောင်ကောင်းကြတာပဲ အထူးသဖြင့် ဟိုကောင်မလေး သူမက အရမ်းကို လွှမ်းမိုးနိုင်တာပဲ ကျိုးဝမ်လင်ကလည်း တစ်နေ့တစ်ခြားကို ပိုမိုက်လာတာ ..."
လီပင်းက တစ်‌ဦးချင်းစီကို ချီးကျူးပြီးနောက် ရိုက်ကွင်းတစ်ပတ် လှည့်ကြည့်ရင်း ဖုကျန်းကို မေးလိုက်သည်။
"ဒါနဲ့ ကောင်းထျန်းကရော ..."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
"သူမရဲ့အပိုင်းတွေက ဟိုးကတည်းက ရိုက်ပြီးသွားပြီ ..."
လီပင်းက အသက်ကိုရှူထုတ်ကာ ရင်ဘက်ကို ပုတ်လိုက်သည်။
"သူ့ကို တကယ်ကြီး ဇာတ်လိုက်နေရာ ကမ်းလှမ်းခဲ့တယ်လို့ ထင်ထားတာ ..."
ဖုကျန်းက ရယ်ရုံသာ ရယ်နေကာ ဘာမှ မပြောခဲ့။
"သူ သရုပ်ဆောင်တာ ဘယ်လိုလဲ ..."
လီပင်းက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"အဆင်ပြေပါတယ် ..."
ဖုကျန်းက ထိုအကြောင်းနှင့်ပတ်သက်၍ များများစားစား မပြောလို။ သူက လီပင်းကို မေးလိုက်သည်။
"ဒါနဲ့ အစ်ကိုလီ‌ရဲ့ ရုပ်ရှင်ကရော ဘယ်လိုပုံစံမျိုးလဲ ..."
သူက ပြန်ဖြေလိုက်သည်။
"ဟိုဘက်ခြမ်းမှာ ရှေးခေတ်ဇာတ်လမ်းတစ်ပုဒ် ရိုက်နေတာလေ အခုမှ စတာဆိုတော့ ရှေ့နှစ် မေ ဒါမှမဟုတ် ဇွန်လလောက်အထိ မလွှင့်နိုင်လော‌က်သေးဘူးလို့ ထင်တာပဲ ..."
ဖုကျန်းက သက်ပြင်းချလိုက်သည်။ လီပင်းလည်း သက်ပြင်းလိုက်ချရင်း ပြောလိုက်သည်။
"ဒီနှစ်တွေထဲမှာ ရှေးခေတ်ဇာတ်လမ်းတွေကို သိပ်ပြီး မဝယ်ချင်ကြတော့ဘူး မင်းရော ဒီကားပြီးရင် ဘာဆက်လုပ်မယ် စဉ်းစားထားလဲ ..."
"သရဲကားတစ်ကားလောက် စမ်းရိုက်ကြည့်ချင်တယ် ..."
လီပင်းက ချက်ခြင်းပင် လက်မ ထောင်ပြလိုက်သည်။
"အခုတလောဆို သရဲကားတွေကတောင် ရှေးခေတ်ကားထက် ပိုပြီး လွှမ်းမိုးနိုင်နေသေးတယ် ယုံကြည်ချက်ရှိရင် ချသာချ ..."
ထို့နောက်တွင်တော့ နှစ်ဦးသား ကြိုတင်တိုင်ပင်ထားသည့်အတိုင်း ရယ်ချလိုက်ကြတော့သည်။
ဒီဇင်ဘာလတစ်လလုံးကို စိတ်ဖိစီးစွာဖြင့် ခပ်သွက်သွက် ရိုက်ကူးရင်း ကုန်ဆုံးလိုက်ရတော့သည်။ လကုန်တွင် ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးနိုင်ခဲ့ပြီး ရိုက်ကူးရေးအဖွဲ့သားအားလုံးလည်း နှုတ်ဆက်ညစာစားကာ မျက်ရည်လည်ရွှဲဖြင့် လမ်းခွဲလိုက်ကြတော့သည်။
"အဖြူရောင်ရဲတိုက်" ရိုက်ကူးပြီး မကြာမီ coco မှာလည်း သွားစတင် ထွက်လာသည်။ ‌ဖြူဖြူသေးသေးလေးဖြင့် ချစ်စရာပင် ကောင်းနေသေးသည်။ မစ္စစ်ကျန်းမှာ သူမနှင့်အတူ တစ်နေကုန် မမောနိုင် မပန်းနိုင် လိုက်ဆော့ပေးနေသည်။
ဖုကျန်းသည် ပြီးခဲ့သည့်လကတည်းက ပင်ဟိုင်မြို့ရှိ အထူးပြုလုပ်ချက်ဖန်တီးသည့် ကုမ္ပဏီများကို စုံစမ်းခဲ့သော်ငြား နှစ်ကုန်ခါနီးဖြစ်၍ အထူးပြုလုပ်ချက်ထည့်လိုသော ရိုက်ကူးရေးများက တန်းစီနေသည်။ ပိုကောင်းသည့် ကုမ္ပဏီအားလုံးမှာ ဘိုကင်ပြည့်နေပြီး လတ်တလောတွင် အလုပ်သစ် လက်မခံနိုင်သေးပေ။
ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်နိုင်ရန် အတော်ပင် စောင့်လိုက်ရသည်။ ဖုကျန်းက ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း သူတို့ ဖန်တီးခဲ့သည့် ရုပ်ရှင်များကို တစ်ချက်ကြည့်ပြီး အဆင်ပြေသည့်အတွက် အလုပ်အပ်ခဲ့သည်။ အတော်ကြာသည်အထိ ကုမ္ပဏီ၏ တာဝန်ရှိသူနှင့်သာ ဆက်သွယ်ခဲ့ပြီး နောက်ပိုင်းမှ ထိုကုမ္ပဏီမှာ သူ ဒါရိုက်တာဖြစ်ချင်သည်ဟု ပြော၍ ဖုထင် တည်ထောင်ခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်းနှင့် ယခု စာချုပ်ချုပ်ရန်ကိုလည်း ဖုထင်က ဆက်သွယ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
နှစ်သစ်ကူးပြီးနောက်တွင် ရုပ်ရှင်အတွက်သာ လုံးပန်းနေရသော ဖုကျန်းက ကျန်းဟန်ရှုနှင့်အတူ ယွမ်လုဘုရားကျောင်းသို့ သွားခဲ့သည်။ ထိုကျောင်းတွင် သူ့အတွက် ဖုကျန်းချန်လုပ်ပေးထားသော သက်ရှည်စေကြောင်း ဆုမွန်တောင်းသည့်ကတ် ရှိနေသည်။ သူငယ်စဉ်က အကြောင်းပြချက်မရှိဘဲ နာမကျန်းဖြစ်လေ့ရှ်ိပြီး ဆုတောင်းကတ်ကို လှူဒါန်းပြီးမှသာ အခြေအနေကောင်းလာခြင်းဖြစ်သည်။ ထို့ကြောင့် ဖုကျန်းချန်က ဘုရားကျောင်းသို့ နှစ်တိုင်းလာကာ နှမ်းဆီပူဇော်ရန် အလှူငွေ ထည့်လေ့ရှိသည်။
ဖုကျန်းမှာတော့ မရောက်ဖြစ်တာ အတော်ကြာပြီဖြစ်သည်။ ယွမ်လုကျောင်းမှာ ယခင်လိုပင် အမွှေးတိုင်ရနံ့တို့ ပျံ့နှံ့နေကာ ဘုရားဖူးတို့ ပြည့်ကြပ်နေဆဲ ။ ဘုန်းတော်ကြီးမှာလည်း ယခင်နှစ်များကလိုပင် ဖန်သင်္ကန်းကို ဆင်မြန်းကာ ဣိန္ဒြေသိက္ခာအပြည့်၊ ကြည်ညိုဖွယ် အပြည့်ပင်။
သူက ဖုကျန်းကို မြင်လိုက်ချိန်တွင် ပြုံးကာ မေးလိုက်သည်။
"ဒီနှစ်တော့ ဒကာလေးဖုက ကိုယ်တိုင်ရောက်လာလို့ပါလား ..."
ဘုန်းတော်ကြီးက သူ့ကို မှတ်မိနေလိမ့်ဦးမည်ဟု လုံးဝမျှော်လင့်မထားပေ။ ထို့အပြင် သူ၏ မေးခွန်းမှာလည်း အခြားအဓိပ္ပါယ်တစ်ခု ရှိနေသေးသည့်ဟန်။
ဆရာတော်က သူ၏အတွေးကို ထွင်းဖောက်မြင်နေရသည့်နှယ်။ သူက ပြုံးကာ မိန့်လိုက်သည်။
"ဒကာဖုက နှစ်တိုင်း ဒီလိုနေ့မျိုးဆို ရောက်လာတယ်လေ ..."
ဖုကျန်းမှာ အတော်ကြာ ကြက်သေသေသွားသည်။ ဖုကျန်းချန်က သူ့ကို နှင်ထုတ်လိုက်ပြီးချိန်မှစ၍ ဒီဘုရားကျောင်းကို မလာလောက်တော့ဟုသာ တွေးထားခဲ့သည်။ သူက ‌နှစ်တိုင်းလာခဲ့တာလား...
ဆရာတော်က ဖုကျန်း၏ အနောက်ဘက်ကို လှမ်းကြည့်ကာ မိန့်လိုက်သည်။
"ဒကာဖု ရောက်လာပြီလား ..."
ဖုကျန်းလည်း ခေါင်းကိုလှည့်ကာ တံခါးဝတွင်ရပ်နေသော ဖုကျန်းချန်ကို လှမ်းကြည့်လိုက်သည်။ သူက တံခါးအပြင်ဘက်တွင် ရပ်နေကာ ခြေတစ်လှမ်းမှ မရွေ့ဘဲ ဖုကျန်းကိုသာ တိတ်တိတ်လေး ငေးကြည့်နေသည်။
"သွားလေ ..."
ဆရာတော်က သူ့ကို ဂရုဏာသံဖြင့် မိန့်လိုက်သည်။
ဖုကျန်းမှာ တုန့်ဆိုင်းနေဆဲပင်။ ဘေးမှ ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်လျှင် သူက ခေါင်းကိုသာ အသာငြိမ့်ပြလိုက်သည်။
သူက ဖုကျန်းချန်ထံ လျှောက်လာလိုက်သည်။
ဖုကျန်းချန်က သူ အပြင်ဘက်တွင် ရပ်နေသည်ကို ဖုကျန်း မမြင်လောက်ဟုသာ တွေးထားသည့်အတွက် သူ့ထံ လျှောက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။
ထိုအခိုက်တွင် သူ့ကိုယ်သူ လမ်းပျောက်နေသယောင် ခံစားလိုက်ရသည်။
ဖုကျန်းချန်တို့နှစ်ဦးသား ယွမ်လုဘုရားကျောင်း၏ နောက်‌ဖေးခြံဝန်းထဲသို့ လျှောက်လာလိုက်သည်။ ခြံ၏ အရှေ့တောင်ဘက်ခြမ်းတွင် သစ်ခက်သစ်လက်တို့ စိမ်းစိုအုပ်မှိုင်းနေသည့် သစ်ကတိုးပင်ကြီး တစ်ပင် ရှိနေကာ ထိုသစ်ပင်၏ ဘေးတွင်တော့ ရေခဲလွှာပါးပါး ဖုံးအုပ်ထားသော ရေစည်တစ်လုံးလည်း ရှိနေသည်။
"ဘာလို့ ..."
ဖုကျန်းက ရပ်ကာ သူ့ကို လှည့်ကြည့်လိုက်သည်။
"ဘာလို့ ကျွန်တော့်ကို မယုံကြည်ခဲ့တာလဲ ..."
ခဲရောင်ခေါင်မိုးထက်တွင် ကျဆင်းနေသော ယမန့်နေ့ညမှ နှင်းမြူလွှာတို့မှာ အဝေးကပင် မြင်နေရသည်။ လေပြင်းတစ်ချက်သုတ်လိုက်လျှင် နှင်းမှုန်တို့က ခေါင်မိုးပေါ်မှ လွင့်ဆင်းရတော့သည်။
အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖုကျန်းချန်က ပြောလိုက်သည်။
"တောင်းပန်ပါတယ် ..."
xxxxxxxx