အပိုင်း ၉၃
Viewers 23k

ဖုကျန်းက နှင်းတို့ ဖုံးအုပ်ထားသော သစ်ကတိုးကိုင်းများကို ကြည့်ရင်း ပြောလိုက်သည်။ သူ့အသံက မကျယ်သော်ငြား ဖုကျန်းချန်အတွက်တော့ ရှင်းရှင်းလင်းလင်း ကြားနေရပါသေးသည်။
"တောင်းပန်တာကို မလိုအပ်ပါဘူး ကျွန်တော့်အတွက် ဘာမှ အဓိပ္ပါယ်မရှိဘူးလေ ..."
ဖုကျန်းက ညင်ညင်သာသာလေး မေးလိုက်သည်။
"ဘာလို့ ဒီလိုတွေ ဖြစ်သွားခဲ့တာလဲဆိုတာကိုပဲ သိချင်တာပါ ..."
ဘာကြောင့်များလဲ။ ဖုကျန်းချန်ကိုယ်တိုင်ပင်လျှင် သူ၏ ချစ်ရသောသားကို ဘာကြောင့် ရက်စက်ခဲ့မိမှန်း နားမလည်နိုင်သေး။
သူက ပြန်ဖြေမလာခဲ့။ ထိုအချိန်က ထန်ဝမ်ဝမ်၏ လှည့်ကွက်အောက် ကျဆင်းခဲ့သောကြောင့်ဟု သိနေပြီဖြစ်သော်ငြား ထိုအကြောင်းပြချက်ကြောင့် ဖုကျန်းကို နာကျင်အောင် လုပ်နိုင်မည်ဟု မဆိုလိုပေ။ သူ့ကိုယ်သူလည်း ခွင့်မလွှတ်နိုင်သေးပေ။
ဖုကျန်းက ခြေတစ်လှမ်းတိုးလာကာ သူ့နှင့် အကြည့်ချင်းဆုံကာ အတင်းအကြပ် မေးလိုက်သည်။
"ထန်ဝမ်ဝမ်ကို ရွေးလိုက်ပြီးမှ ဘာလို့ ကျွန်တော့်ဆီကို ပြန်လာနေသေးတာလဲ ..."
ဖုကျန်းချန်၏နှုတ်ခမ်းတို့က တဆတ်ဆတ် တုန်လာတော့သည်။
သူဘယ်လို ရှင်းပြသင့်လဲ။ ဖုကျန်းကို ထိခိုက်စေမယ့်အတွေးတွေ တစ်ခါမှ မရှိခဲ့ဖူးဘူးဆိုတာကို သူ့ကို မောင်းထုတ်ဖို့အတွေး ဘယ်တော့မှ မရှိခဲ့ဖူးဘူးဆိုတာကို သူဘယ်လို ရှင်းပြရမလဲ။ အတိတ်က သူလုပ်ခဲ့သမျှက သူ့ရဲ့ ပင်ကိုယ်သိစိတ်ကြောင့်မှ မဟုတ်တာ။
ဖုကျန်းချန်မှာ သင့်တော်သည့် အကြောင်းပြချက် ရှာမတွေ့တော့။ သူ ဖုကျန်းကို လာတွေ့သည်မှာလည်း ဖခင်တစ်ဦးအနေဖြင့် သူ့ရင်သွေးကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသောကြောင့်သာဖြစ်သည်။
သူက ဖုကျန်းချန်၏ တုန့်ပြန်ချက်ကို တစ်ခါမှ မကြားခဲ့ဖူးပေ။ ဖုကျန်းက မျက်လွှာကို အသာချထားလိုက်သည်။ လော်ရှီး၏ စကားသံတို့က သူ့နားထဲတွင် တဝဲလည်လည်ပင်။ သူလည်း ဘာပြောလို့ ပြောရမှန်း မသိတော့။
"အခု ဘယ်လိုနေသေးလဲ ..."
ဖုကျန်းချန်က သူ့ကို တိုးတိုးလေး မေးလိုက်သည်။
သူက ရှေ့တစ်လှမ်းတိုးလာသည်။ ဖုကျန်းမှာ နောက်ဆူတ်လိုက်ချင်သော်ငြား သူ့ခေါင်းမှ ဆံပင်ဖြူတို့ကို မြင်လိုက်ရချိန်တွင်တော့ လှုပ်ရှားမှုအစုံတို့က ရပ်တန့်သွားတော့သည်။
ဖုကျန်းချန်က သူ့ပုခုံးပေါ်မှ သစ်ရွက်ခြောက်တို့ကို ဖယ်ပေးပြီးနောက် နဂိုနေရာသို့ ပြန်ဆုတ်လိုက်သည်။ သူက ဖုကျန်းကို ပြုံးကာ ပြောလိုက်သည်။
"အဆင်ပြေပါတယ် ..."
ဖုကျန်းက နှုတ်ခမ်းကိုသာ ခပ်တင်းတင်း ဖိကိုက်ထားလိုက်သည်။ သို့မဟုတ်ပါက ချက်ခြင်း ငိုချမိတော့မည်ဖြစ်သည်။ သူ့အဖေ ပြန်လာပြီဖြစ်သော်ငြား နောက်ကျလွန်းမက နောက်ကျနေသည့်အတွက် အတိတ်ကလို ပြန်မဖြစ်နိုင်တော့ပေ။
......
ထန်ဝမ်ဝမ်ပါဝင်ထားသည့် "ဣတ္ထိယ" ရုပ်ရှင်ကို ဇန်နဝါရီလ အစောပိုင်းတွင် ထုတ်လွှင့်မည်ဖြစ်သည်။ အများကြားတွင် ထွန်းလင်းနေစေရန်အတွက် ထန်ဝမ်ဝမ်သည် ရုပ်သံမလွှင့်မီကပင် ဇာတ်လမ်းစသည်နှင့် သူမ၏ သရုပ်ဆောင်မှု ဘယ်လောက်ကောင်းကြောင်း ချီးကျူးပေးမည့် ရေတပ်ကိုငှားကာ အပြည့်အဝ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။
-( မိန်းမပျိုရှ ရဲ့ ဒါရိုက်တာက အတွဲ ၂ ကျရင် ထန်ဝမ်ဝမ်ကို ဇာတ်လိုက်နေရာတောင် ပေးချင်တာတဲ့ ဇာတ်လိုက်မင်းသား Perris ကလည်း သူမကို တစ်ခါ ဖွင့်ပြောသေးတယ်လေ ထန်ဝမ်ဝမ်က ငြင်းပစ်လိုက်တာ တစ်ခြား နိုင်ငံခြားသား ဒါရိုက်တာတွေကလည်း ရိုက်ကွင်းကို အလည်လာရင်း ထန်ဝမ်ဝမ်ကိုတွေ့သွားတော့ သူတို့အဖွဲ့ထဲ ရောက်လာရင် ကောင်းမှာပဲဆိုပြီးတောင် တွေးမိကြတယ်တဲ့ )
သို့သော်ငြား သူမ ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ လူထုက သိပ်ပြီး အာရုံမစိုက်ပေ။ မိန်းမပျိုရှအပေါ် သူတို့၏ အာရုံဝင်စားမှုက ပို၍ပင် ဆိုးသေးသည်။ ဒါရိုက်တာက ထန်ဝမ်ဝမ်ကို အတွဲ ၂ တွင် ဇာတ်လိုက်နေရာထားလိုကြောင်း သိလိုက်ရချိန်တွင်တော့ အမြင်မရှိသည့် ဒါရိုက်တာဟုသာ မှတ်ချက်ချလိုက်ကြသည်။
မမျှော်လင့်ထားစွာပင် ရုပ်ရှင်ရုံထဲကို မျက်စိလည်လမ်းမှားလာကြသူများက "ဣတ္ထိယ" မှာ မဆိုးလှဟု ပြောလာကြပြန်သည်။ ဇာတ်ကြောင်းက ချောမွေ့ကာ သရုပ်‌ဆောင်များက အံဝင်ခွင်ကျ ရှိလှသည်။ အထူးပြုလုပ်ချက်တို့ကလည်း ပေါက်ကွဲထွက်တော့မတတ်ပင်။ ရလဒ်အနေဖြင့် " ဣတ္ထိယ" ၏ ဂုဏ်သတင်းက အခြေအနေပြောင်းပြန်ဖြစ်ကာ တစ်နေ့တစ်ခြား လူဝင်များလာခဲ့သည်။
ထိုရုပ်ရှင်ထဲတွင် ထန်ဝမ်ဝမ်က အဓိကအခန်းအတော်များများကို သရုပ်ဆောင်ခဲ့သည်ဟု သူမ၏ရေတပ်က လေလုံးထွားထားကြသည်။ တကယ်တမ်းတွင်တော့ သူမ ပါဝင်ခဲ့သည့် ဇာတ်ကွက်အတိုအားလုံးကို ပေါင်းကြည့်လျှင်ပင် နှစ်မိနစ်မပြည့်ချေ။
ဒါရိုက်တာအတွက် ထန်ဝမ်ဝမ်ရဲ့ အရေးပါမှုက နှစ်မိနစ်ပဲဆိုတော့ ဒီလူက တကယ်ကို ကပ်စေးနှဲတာပဲ။ နောက်ပိုင်းတွင် သူ၏ အင်တာဗျူးဗီဒီယိုက အင်တာနက်တစ်ခွင် ပျံ့နှံ့လာတော့သည်။
သတင်းစာရှင်းလင်းပွဲတွင် အခမ်းအနားမှူးက ကတ်တစ်ခုကိုကိုင်ကာ မေးလိုက်သည်။
"ဒီရုပ်ရှင်ရိုက်နေစဉ်အတွင်းမှာ ဘယ်အဖြစ်အပျက်ကို စိတ်ထဲမှာ မှတ်မှတ်ထင်ထင် အရှိ‌ဆုံးလဲ ..."
အသက်ငါးဆယ်ခန့်အရွယ် ဒါရိုက်တာက ခပ်ရွှင်ရွှင်ပြုံးကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော်ကတော့ ထန်မိန်းကလေးက အရှေ့တိုင်း သဘာဝလွန်ပညာတွေကို သိတယ်လို့ ထင်ပါတယ် ..."
ကနဦးကတော့ ထိုစကားမှာ ထန်ဝမ်ဝမ်ကို ချီးမွမ်းနေသည့်ဟန်ပင်။ တင်ဆက်သူလည်း ထိုနည်းပင်တွေးသည့်အတွက် ထပ်မေးလိုက်သည်။
"ဘာလို့ ဒီလိုမျိုးများ ပြောရတာလဲမသိဘူး ..."
"အမှန်အတိုင်းပြောရရင် သူမရဲ့ သရုပ်ဆောင်မှုတွေက အရမ်းကို ဆိုးဆိုးရွားရွားတွေ သရုပ်ဆောင်စွမ်းရည်ဆိုတာကလည်း မရှိသလောက်ပဲ ရိုက်ချက်တစ်ဒါဇင်လောက် ရိုက်ထားပေမယ့် ပြန်ပြီး တည်းဖြတ်တဲ့အချိန်မှာ သုံးလို့ရမယ့်အပိုင်း တစ်ပိုင်းမှကို မပါဘူး ဒါပေမယ့် ရိုက်ကွင်းမှာ ရှိရှိသမျှသူတိုင်းကကျ သူမကို အရမ်းတော်တယ်လို့ပဲ မြင်ကြတာ Perris လည်း ထိုနည်းလည်းကောင်းပဲ သူမသာ လူလွတ်ဆိုရင် သူက သေချာပေါက်ကို လိုက်မှာတဲ့ ..."
"Perris က အခုရော ဒီလိုပဲ တွေးသေးလား ..."
တင်ဆက်သူက ခပ်ပြုံးပြုံး မေးလိုက်သည်။
ဒါရိုက်တာက ခေါင်းကို အသည်းအသန် ခါယမ်းလိုက်တော့သည်။
"မဟုတ်တာ သေချာပေါက်ကို မဟုတ်ဘူးပေါ့ အခုလေ သူ ပြောခဲ့မိတာတွေကိုတောင် နောင်တ‌ရနေတာတဲ့ ..."
ပရိသတ်အုပ်စုမှာလည်း မပြုံးဘဲ ဝါးလုံကွဲသာ ရယ်လိုက်ကြတော့သည်။
အင်တာနက်သုံးစွဲသူတို့ကလည်း ထန်ဝမ်ဝမ်ကို ပြက်ရယ်ပြုလိုက်ကြတော့သည်။ နောက်ပိုင်းတွင် တစ်ယောက်ယောက်က သူတို့အားလုံး အင်တာနက်ပေါ်တွင် ထန်ဝမ်ဝမ်ကို အလွန်အကြူးချီးကျူးခဲ့သည်များအား အထပ်လိုက်ကြီး ထုတ်ချလာကာမှ ကိုယ့်ကိုယ်ကို ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။
-( ထန်ဝမ်ဝမ့်ရဲ့ သရုပ်ဆောင်တာတွေက နဂိုကတည်းက ဒီအတိုင်းပဲကို ကံကောင်းတာလေးကလွဲလို့ သူမက ဒီနယ်ပယ်မှာ ထိပ်တန်းအဆင့်မှ မဟုတ်တာ အဲဒါတောင်မှလေ ဘာလို့များ သူမကို ရူးရူးမူးမူးကို ကြိုက်ခဲ့မိလဲ မသိဘူး အဲ့တုန်းကများဆို သူမရဲ့ သရုပ်ဆောင်စကေးက အနုပညာလောကရဲ့ ရောင်ခြည်ဦး၊ အလှအပကလည်း ပြိုင်ဘက်ကင်း လို့တောင် ထင်ခဲ့မိတာကွ ဆုလေးများ မရ‌လိုက်ဘူးဆိုရင် ဒိုင်တွေက မျက်စိကန်းနေလားဘာညာနဲ့တောင် လုပ်ခဲ့မိသေးတာ အမလေး အခုနေများ သူ့ဇာတ်ကားတွေ ပြန်ကြည့်မိရင် ကြည့်ချင်စရာကို တစ်ကွက်မှမရှိဘူး ..." )
တကယ်တမ်းတော့ ထန်ဝမ်ဝမ်မှာ ပင်ကိုယ်အရည်အချင်းရှိသူဖြစ်သည်။ သို့သော် သူမက လေ့ကျင့်ပြင်ဆင်ခြင်း မလုပ်ဘဲ system ကိုသာ လုံးလုံးလျားလျား မှီခိုထားရာ အချိန်ကြာလေလေ ကွာဟမှုက ပိုသိသာလေလေဖြစ်သည်။
လူတိုင်းက သူမအား လှောင်ရယ်ခြင်းကို ရပ်တန့်ကာ ကိုယ်ပိုင်အရေးကိစ္စတွင်သာ အာရုံစိုက်လိုက်ကြတော့သည်။ ထိုသည်က သူမအတွက်တော့ သတင်းကောင်းမဟုတ်ပေ။ ပရိသတ်၏ အာရုံစိုက်မှုက နည်းသည်ထက် နည်းလာကာ သူမကို ဆူပူကြိမ်းမောင်းရန်ပင် စိတ်မဝင်စားတော့ချေ။
....
လတ်တလောအနေဖြင့် ဖုကျန်းမှာ အတော်ပင် အား‌လပ်နေရာ ပြီးခဲ့သည့်အခေါက်က လန်ချွန်းချောင်ကို အင်တာဗျူးခဲ့သည့်ရှိုး၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။
အစီအစဉ်တင်ဆက်သူက သူ့ကို သိလိုစိတ်အပြည့်ဖြင့် မေးမြန်းလိုက်သည်။
"ဘာလို့များ ကောင်းထျန်းကို ရွေးချယ်ခဲ့တာလဲ ..."
ဖုကျန်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
"ကောင်းထျန်းက အရမ်းလှတော့ ဇာတ်ကောင်ရဲ့ နေရာနဲ့ လိုက်ဖက်လို့ပါ ..."
"ကြည့်ရတာ ဇာတ်ကောင်က အလှလေးဖြစ်မယ်ထင်တယ် ..."
တင်ဆက်သူက ခပ်ပြုံးပြုံးပြောလိုက်သည်။
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေါ့ဗျာ ..."
"ဒါရိုက်တာဖုက ချွန်းဟွာတောင်ကနေ ရုံဝင်ကြေး ၁.၆ ဘီလီယံ ရခဲ့တယ်ဆိုတာကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ ပြဿနာတွေသာ မဖြစ်ခဲ့ရင် ရုံဝင်ကြေးက ပိုတောင် များလိမ့်ဦးမယ်နော် ..."
တင်ဆက်သူက ခဏရပ်လိုက်ပြီးနောက် ဖုကျန်းကို မေးလိုက်သည်။
"အခု အဖြူရောင်ရဲတိုက်ကို ရိုက်ကူးနေတာဆိုတော့ ရုံဝင်ကြေးအတွက် မျှော်မှန်းထားတာများ ရှိပါသလား ..."
ဖုကျန်းက ဖျတ်ခနဲ စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းကိုအသာယမ်းကာ ပြန်ဖြေလိုက်တော့သည်။
"များများစားစား မှန်းထားတာရယ်လို့ မရှိပါဘူး ကျွန်တော့်အတွက်တော့ ရုံဝင်ကြေးနဲ့စာရင် ဒီရုပ်ရှင်အပေါ် ကျေနပ်မှုရှိရဲ့လားဆိုတာက ပိုပြီး အရေးကြီးပါတယ် ..."
အခမ်းအနားမှူးက မေးလိုက်သည်။
"ဆိုတော့ ဒီရုပ်ရှင်ကို ကျေနပ်မှု ရှိပါရဲ့လား ..."
ဖုကျန်းက ခေါင်းညိတ်ပြလိုက်သည်။
"သေချာပေါက်ကို ရှိပါတယ် ..."
"ချွန်းဟွာ‌တောင်က အဖေဖြစ်သူအတွက် ရိုက်ကူးခဲ့တာဆိုတော့ ဒီ အဖြူရောင်ရဲတိုက်ကရော တစ်စုံတစ်ယောက်အတွက် ရည်စူးထားတာလား ..."
ထိုမေးခွန်းကို ကြားလိုက်ချိန်တွင် ဖုကျန်း၏ အမူအယာတို့က အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ပင်ကိုယ်အတိုင်း ပြန်‌ဖြစ်ကာ မပွင့်တပွင့် ရေရွတ်လိုက်သည်။
"ဟုတ်ပါတယ် ..."
ဒါက သေချာပေါက်ကို သတင်းထူးပဲ !!!
အဖြူရောင်ရဲတိုက်က အချစ်ခန်းတွေ ပိုပါတယ်ဆိုတော့ သေချာပေါက်ကို သူ့ချစ်သူအတွက်ပဲ ဖြစ်ရမယ်။
တင်ဆက်သူက အလောတကြီး မေးခွန်းထုတ်လိုက်သည်။
"ထုတ်ပြောဖို့ လွယ်ကူမလား ..."
ဖုကျန်းက ခေါင်းကိုသာ ခါယမ်းပြလိုက်သည်။
တင်ဆက်သူကလည်း ထပ်ပြီး မေးမလာတော့။
ထိုအင်တာဗျူးကို ချက်ခြင်း လူသိပ်မသိလိုက်။ နောက်တစ်ရက်နေမှ ပေါက်သွားသော်ငြား ဖုကျန်းတော့မဟုတ်။ သူပြောခဲ့သည့် စကားသာဖြစ်သည်။
သမားရိုးကျ အဖွားအိုနှင့် ဖခင်အရွယ်လူသုံးဦးတို့ကို ဗီဒီယိုတစ်ခုထဲ ပေါင်းထည့်ကာ Calorie ၏ မှော်ဆန်ဆန် တေးသံနှင့်အတူ ဗီဒီယိုတစ်ခုကို ဖန်တီးလိုက်ကြသည်။
တစ်နှစ်တာ အကောင်းဆုံး စကားကြီးသုံးခွန်း ထွက်လာပြီနော် ထပ်ကာထပ်ကာ မပြောဘူး တစ်ခါတည်း မှတ်ထားကြ
-[ ရည်မှန်းချက်ကို သေးသေးလေးတွေ ချထားတာ ပိုကောင်းတယ် ပထမဆုံးအနေနဲ့ သန်းတစ်ရာ ဝင်ရမယ်
ငွေရှာရတာ စိတ်မဝင်စား Ali ကို ဆောက်ခဲ့မိတာတောင် နောင်တရနေပြီ
မှန်ရေ မှန်ရေ ကြည့်ပါဦး ငါ့ပိုက်ဆံက ဘယ်မှာတုန်း
ရွှေဒင်္ဂါး ရွှေဒင်္ဂါး ငါလိုချင်တာ ရွှေဒင်္ဂါး
ပိုက်ဆံထုတ်တဲ့စက်ပဲ ဖြစ်ချင်တော့တယ် အမေရယ်
၁.၆ ဘီလီယံဆိုတာ ဂဏန်းတစ်ခုပါပဲ ရုံဝင်ကြေးဆိုတာကလည်း ငါ့အတွက် သိပ်ပြီး အဓိပ္ပါယ်မရှိ
ရုပ်ရှင်ရိုက်တာ စိတ်ကျေနပ်ဖို့ပဲ ...]
ထိုဗီဒီယိုကို ကြည့်ရှုနှုန်းက တစ်နေ့ထက်တစ်နေ့ တိုးလာကာ တစ်ရက်တည်းတွင်ပင် ကြည့်ရှုသူ သန်းနှစ်ရာနီးပါးအထိ ရောက်လာခဲ့သည်။
ဒီတစ်ခေါက်တော့ ဖုကျန်းလည်း စောစောစီးစီးပင် သိလိုက်ရပါသည်။ ကောင်းထျန်းပို့ထားသည်ကိုမြင်လျှင် အတော်ကြာသည်အထိ ရယ်မောနေလိုက်ပြီးနောက် ကျန်းဟန်ရှုကို လှမ်းပြလိုက်သည်။
ဖုကျန်းမှာ အင်တာနက်မှာ တကယ်ကို နာမည်ကြီးနေပြီပဲ။ ပြီးခဲ့တဲ့နှစ် သူနဲ့ထန်ဝမ်ဝမ် ပြဿနာဖြစ်တဲ့အခေါက်ကလွဲရင် ဒီတစ်ကြိမ်က အုန်းအုန်းကျွတ်ကျွတ် အဖြစ်ဆုံးပဲ။
ဖုကျန်း၏ ကျော်ကြားမှုကို အနံ့ရလာသော ပါပါရာဇီတို့က နောက်ယောင်ခံသည့်လုပ်ငန်းကို ပြန်စတင်လာကြပြန်သည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က ကျန်းဖုအတွက် စကတ်ဝယ်ရန် စင်တာသို့ လာခဲ့ကြသော်ငြား ဖုကျန်းသည် လျှောက်ပတ်ကြည့်နေချိန်တွင် အာရုံထွေပြားကာ အမျိုးသမီးဝတ်အရောင်းဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ သတိဝင်လာချိန်တွင် ကျန်းဟန်ရှုကို အကြာကြီး စိုက်ကြည့်လိုက်လျှင် သူက လက်နှစ်ဖက်ကိုဖြန့်ကာ အပြစ်ကင်းစင်သည့်လေသံဖြင့် ဆိုလိုက်သည်။
"ကိုယ့်ဘာသာကိုယ် ဝင်လာတာလေ ..."
ဖုကျန်းက မယုံကြည်လေဟန် အကြည့်တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ကျန်းဟန်ရှုက သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
"ရောက်လာမှတော့ ဝင်ကြည့်လိုက်ရအောင်ပါ ..."
မင်းမေကြီးပဲ ရောက်လာ...
ဖုကျန်းက အတော်ကြာ ဆိုင်းတွနေပြီးမှ အထည်တို့ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"ဒါဆိုလည်း အမေ့အတွက် တစ်ထည်နှစ်ထည်လောက် ဝယ်လာရအောင် ..."
"မင်းသဘော ..."
ကျန်းဟန်ရှု သတိမထားမိခင် ပါပါရာဇီများက ခပ်သွက်သွက် ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ် တင်လိုက်တော့သည်။
သို့သော်ငြား အဖြောင့်ဟုသာ ယုံကြည်ထားကြသော လူထု၏အမြင်ကို ပြောင်းပြန်မလှန်နိုင်သေးချေ။
ထိုပုံကို မြင်လိုက်ချိန်တွင် အားလုံး၏ အတွေးမှာ ဖုကျန်းသည် ဒါရိုက်တာတစ်ဦးဖြစ်သည့်အလျောက် အမြင်ကောင်း ရှိပေလိမ့်မည်။ ဒါက မစ္စစ်ကျန်းအတွက် အင်္ကျီဝယ်ရာတွင် ကူရွေးပေးခြင်းသာ ဖြစ်ပြီး စစ်မှန်သည့် ညီအစ်ကိုဆက်ဆံရေးဟုသာ တွေးကြသည်။
ကျန်းဟန်ရှုနှင့် ဖုကျန်း၏ စီပီဖန်များကတော့ တိတ်တခိုး အင်အားကြီးထွားလာသည်။
(- လက်ထပ်ပြီးသားသူရဲ့ အချိုတွေကို စားရတာက မသင့်လျော်ဘူးဆိုပေမယ့် ဒါက သကြားလုံးတွေ ဝေနေတာလေ ပြီးတော့ ငါတို့ကလည်း တိတ်တိတ်လေးပဲ နေနေတာကို သူတို့အတွက်လည်း ထိခိုက်သွားတာမှ မဟုတ်တာ )
တစ်စုံတစ်ယောက်ကမူ ခွဲခြမ်းစိတ်ဖြာခြင်းပင် လုပ်လိုက်သေးသည်။
-(သူတို့စီပီ ဖန်တွေတိုးလာတာရဲ့ အဓိက လက်သည်က မစ္စစ်ကျန်းရဲ့ဖြစ်တည်မှုက အရမ်းမှိန်နေလို့ပဲ သူမသာ ကျန်းဟန်ရှုနဲ့ အတူတူပေါ်လာရင် ဒီ စီပီဖန်တွေက ချောင်ကပ်ငိုပြီး ထပ်ထွက်လာရဲမှာကို မဟုတ်ဘူး)
xxxxxxxx