အပိုင်း ၉၄
Viewers 23k

သို့သော်ငြား သူတို့အားလုံး တွေ့ချင်နေကြသည့် မစ္စစ်ကျန်းကတော့ ကင်မရာအရှေ့သို့ တစ်ခါမှ ပေါ်မလာခဲ့ချေ။
ကျန်းဟန်ရှုကတော့ အပြီအပြင်ကို ကာကွယ်ပေးထားတာပဲ...
.....
ဖုကျန်း၏ "ရုံဝင်ကြေးကို ဂရုမစိုက်" ဟူသောစကားကြောင့် အင်တာနက်ပေါ်တွင် တစ်ဖြေးဖြေး လူသိများလာသော်ငြား အဖြူရောင်ရဲတိုက်အပေါ် လူထု၏အမြင်ကတော့ နဂိုအတိုင်းပင်။ တရားဝင် blogဟူ၍ မည်မည်ရရမရှိသေးသည့်အပြင် ဘက်ပေါင်းစုံ၌ ချို့ယွင်းနေမှုများက "ယမန်ည" ထက် ပိုပြီး အဆင့်နိမ့်နေပေသည်။
"ယမန်ည" ၏ ရိုက်ကူးပြီးချိန်က အဖြူရောင်ရဲတိုက်ထက် အနည်းငယ် နောက်ကျသော်ငြား အထူးပြုလုပ်ချက်များကို ရိုက်ကွင်းတွင်ပင် တစ်ခါတည်း ထည့်ခဲ့သည့်အတွက် ဘယ်ရုပ်ရှင်က အရင်ထုတ်လွှင့်နိုင်မလဲဆိုတာကို ခန့်မှန်းနိုင်ရန် မလွယ်ကူလှပေ။
"ယမန်ည" ကို ရိုက်ကူးပြီးချိန်တွင် အထူးပြုလုပ်ချက် သီးသန့်ကပင်လျှင် သန်းခြောက်ရာနီးပါး ကျသင့်သည့်အပြင် ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်တို့မှာလည်း ဟိုဘက်ရိုက်ကူးရေးထက် မသာတောင် အောက်မကျဟု အကျယ်တဝံ့ ထုတ်ဖော်ပြောကြားလာသည်။ ထို့ပြင် ပါဝင်ထားသည့် သရုပ်ဆောင်များကလည်း ရုပ်ရှင်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပရိသတ်အားလုံးကို ရင်သပ်ရှုမောစေလိမ့်မည်ဟု ထပ်လောင်း ပြောလိုက်ကြသေးသည်။
စောင့်ကြည့်သူအချို့မှာတော့ ဒါရိုက်တာနှင့် ရိုက်ကူးရေးအဖွဲ့သားတို့၏ မျက်နှာပြောင်တိုက်မှုကို အော့နှလုံးနာနေကြပြီဖြစ်သည်။ "ယမန်ည" က မှီငြမ်းထားကြောင်း သိရသည့်အတွက် ပွဲကြည့်ရန်တော့ စိတ်လှုပ်ရှားမိခဲ့သေးသည်။ သို့သော် အခု သူတို့က "အဖြူရောင်ရဲတိုက်" ကို ချနင်းကာ လူသိများရန် ကြိုးပမ်းနေခြင်းကတော့ စည်းကျော်သည့်လုပ်ရပ်ဟုသာ ခံစားမိကြသည်။
သရုပ်ဆောင်တို့၏ ဖန်များနှင့် မူရင်းစာအုပ်၏ ပရိသတ်အချို့ကတော့ အမဲကို အဖြူပြောင်းရန် ကြိုးစားနေကြဆဲပင်။
-( ဖုကျန်းတို့ကမှ "ယမန်ည" ရဲ့ ကျော်ကြားမှုကို ခိုးယူနေတာပါနော် တကယ်တမ်း "အဖြူရောင်ရဲတိုက်" ကို ခိုးခဲ့တယ်ပဲထား "ယမန်ည" ရဲ့ မူပိုင်ခွင့်က အမှုအခင်းတွေ မဖြစ်ခင်ကတည်းက ဝယ်ထားတာလေ ရုပ်ရှင်ကလည်း အမိန့်မချခင်ကတည်းက စရိုက်နေပြီကို ပြီးတော့ ဒါရိုက်တာကလည်း တူနေတဲ့အပိုင်းတွေအားလုံးကို ဖြတ်ချမှာလို့ ပြောထားသားပဲ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေမှာ အပြစ်မှ မရှိတာ ခိုးကူးဆိုတဲ့ စကားလေးတစ်လုံးနဲ့တင် သူများတွေကြိုးစားထားတာကို သဲထဲရေသွန် ဖြစ်သွားအောင် မလုပ်ကြနဲ့ )
သည်းမခံနိုင်တော့သော ဖန်တစ်ဦးက အွန်လိုင်းတွင် ဆောင်းပါးအရှည်ကြီးတစ်ပုဒ်ဖြင့် "ယမန်ည" ထုတ်လုပ်သူတို့၏ အရှက်မရှိ မျက်နှာပြောင်တိုက်မှုကို ဝေဖန်ခဲ့သည်။ ဆောင်းပါးအဆုံးတွင် အားပေးအားမြှောက်လုပ်နေကြသူများကိုပါ တစ်ပါတည်း ရှုံ့ချလိုက်သည်။
(- ဘာလို့လဲဆိုတော့ နင်တို့ကိုယ်တိုင်ကကို ခိုးကူးတွေအတွက် ဆင်ခြေဆင်လက်တွေ ပေးနေလို့လေ )
(- ခိုးချတဲ့ကောင်တွေက မျက်နှာပြောင်တိုက်ပြီး ငွေတွေသဲ့ယူနေတဲ့အချိန်မှာ မူရင်းဖန်တီးသူကကျ လူမသိသူမသိလေး ဇာတ်မြှုပ်နေနေရတယ်)
.....
ထိုဆောင်းပါးကို ပြန်လည်ဝေမျှသူ အရေအတွက်က ထိုးတက်လာသော်ငြား ရလဒ်ကတော့ အားရစရာ မရှိပေ။ "ယမန်ည" ၏ မူရင်းလက်ရာမှာ ခိုးကူးဟုတ်မဟုတ် သိပ်ပြီး ဂရုမစိုက်ကြ။ သူတို့ကြိုက်နေသရွေ့ အပြစ်လွတ်စေရန် ကြံဖန်ပြောပေးနေကြဦးမည်ဖြစ်သည်။
(- လောဖျင်ဖျင်က ဘယ်သူကြီးလဲ သူ့ကိစ္စကရော ငါနဲ့ဘာဆိုင်လို့လဲ သူရတဲ့ပိုက်ဆံတွေ ငါ့ကို ပေးဖူးလို့ အားနာရမှာလား )
( သူက ခိုးချတဲ့သူဆိုရင်တော့ စိတ်ဝင်စားမိချင် စိတ်ဝင်စားမိမှာပေါ့ )
"အဖြူရောင်ရဲတိုက်" မှာ လျော်ကြေးအမြောက်အများ ရထားပြီးဖြစ်၍ ထိုဆောင်းပါးကို ငွေပေးကာ ရေးခိုင်းသည်ဟု တွေးသူများပင် ရှိလာသည်။ သူတို့က "ယမန်ည" ကဲ့သို့ ခိုးကူးရုပ်ရှင်ကို သွားကြည့်ရန် စိတ်ကူးမရှိကြသော်ငြား ထိုသို့ တွေးမိဆဲပင်။
ထိုအကြောင်းအရာနှင့်ပတ်သက်၍ အားတက်သရော ဆွေးနွေးမှုတို့က လဝက်ခန့်ပင် ကြာမြင့်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ အဖြူရောင်ရဲတိုက်ကလည်း တရားဝင် Weibo account တစ်ခု ဖွင့်လိုက်ပြီဖြစ်သည်။ အဖြူရောင်ရဲတိုက်၏ ဝေ့ပေါ်မှာ ရံဖန်ရံခါ ချစ်စရာကောင်းအောင် ရေးသားတတ်သည့် ဟိုဘက်ခြမ်းမှ ခိုးကူးအဖွဲ့နှင့် နှိုင်းစာပါလျှင် ရိုးစင်းလွန်းလှ၍ ဘယ်သူမှ စိတ်မဝင်စားကြ။ ပရိသတ်၏ အာရုံစိုက်မှုက ဖုကျန်းထံသာ စုပြုံကျလာတော့သည်။
--- ရုံဝင်ကြေးကို လုံးဝဂရုမစိုက်
--- ၁.၆ ဘီလီယံဆိုတာ ဂဏန်းတစ်ခုပဲ
--- ၁.၆ ဘီလီယံလား ဒီလောက်ကတော့ အေးဆေးပါ
...
အနှစ်ချုပ်ရပါလျှင် အဖြူရောင်ရဲတိုက်၏ လူစိတ်ဝင်စားမှုမှာ သနားစရာပင် ကောင်းလှသည်။ ရုပ်ရှင်မိတ်ဆက်ကို စိတ်ဝင်တစား လာကြည့်သူမှာလည်း လက်ချိုးရေ၍ပင် ရနိုင်လောက်သည့် အနေအထားပင်။ ရုပ်ရှင်၏ အမျိုးအစားမှာ : " အချစ်၊ စိတ်ကူးယဉ်၊ သည်းထိတ်ရင်ဖို စွန့်စားခန်း
အားလုံးက သက်ပြင်းတစ်ချက်ချလိုက်သည်။ မတူတဲ့အမျိုးအစားတွေ ပေါင်းထားပြီးတော့ ကောင်းထျန်းကလည်း ပါသေးတယ်။ ဒီရုပ်ရှင်က အရမ်းတော့ မဆိုးလောက်ပါဘူးနော် !!!
ချွန်းဟွာ‌တောင်ကဲ့သို့သော ရုပ်ရှင်မျိုးမှာ ရှားပါးလှရာ ဝါရင့်ဆရာတစ်ဦး၏ ညွှန်ကြားချက်မပါဘဲ ဖုကျန်းတစ်ဦးတည်း ရိုက်ခဲ့ခြင်းဟုတ်မဟုတ် အကဲဖြတ်ရန် ခဲယဉ်းလှသည်။ ဖုကျန်းမှာ ရုပ်ရှင်လောက၏ အကျော်အမော် မဟုတ်သည့်အပြင် သူ့ဆရာမှာလည်း ကွယ်လွန်သွားပြီဖြစ်ရာ ဘယ်သူကမှ သူ့ကို ညွှန်ကြားချက်ပေးနိုင်တော့မည်မထင်။ ဒီ အဖြူရောင်ရဲတိုက်က သူ့အရည်အချင်း အစစ်အမှန် ဖြစ်နိုင်လောက်သည်။
နွေဦးပွဲတော်မှာ မကြာမီ ရောက်လာတော့မည်ဖြစ်သည်။ ရုပ်ရှင်ကြီးများ၏ ထုတ်လုပ်သူများက ရုံမတင်ခင် နာမည်ကြိုရထားစေရန် အားသွန်ခွန်စိုက် လုံးပမ်းလာကြရာ အဖြူရောင်ရဲတိုက်သည် ထိုရုပ်ရှင်များအကြားတွင် တိမ်မြုပ်နေတော့သည်။ Shazhou Chronicle၏ ပရိသတ်အချို့ကသာ ဒါရိုက်တာဖုကို အားပေးနေမည်ဖြစ်ကြောင်း ထုတ်ပြောလာကြသည်။
"ဣတ္ထိယ" မှာ ရုံတင်နေဆဲပင် ဖြစ်သော်ငြား ကျော်ကြားမှုကတော့ ပထမဆုံးရက်နှင့် တစ်ခြားစီပင်။ ဖေဖော်ဝါရီလလောက်တွင် ထုတ်လွှင့်နိုင်မည်ဟု ခန့်မှန်းထားသော်ငြား ထန်ဝမ်ဝမ်ကတော့ ထိုရုပ်ရှင်မှ အကျိုးအမြတ် မရခဲ့လိုက်ပေ။
ထိုအချိန်တွင် ထန်ဝမ်ဝမ်မှာလည်း သူမကိုယ်သူမ ရာသီစက်ဝန်း မမှန်သည်မှာ အတော်ကြာနေပြီဖြစ်ကြောင်း သတိရလိုက်သည်။ ဆီးစစ်တံကိုဝယ်ကာ စစ်လိုက်ချိန်တွင်တော့ ကိုယ်ဝန်ရနေလေပြီ။
သူမမှာ အတော်ကြာ ကြက်သေသေသွားတော့သည်။ အတူနေချိန်တိုင်း အကာအကွယ်သုံးပါလျက်နှင့် ဘာကြောင့် ကိုယ်ဝန်ရလာမှန်း မတွေးတတ်တော့ချေ။
အခြားသူများနှင့်လည်း အတူနေဖူးခြင်း မရှိရာ သူမသည် ဆီးစစ်တံကိုကိုင်ကာ အချိန်အကြာကြီး ထိုင်စဉ်းစားနေခဲ့သည်။ နောက်ဆုံးမှ ချင်ကျောက်ကိုရှာကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
"ကိုယ် လုပ်ခဲ့တာ ..."
ချင်ကျောက်က မငြင်းဆန်၊ အတိအလင်း ဝန်ခံလိုက်သည်။
"ဘာလို့ ဒီလို လုပ်ခဲ့တာလဲ ရှင်သိလား ကျွန်မသာ ကိုယ်ဝန်ရသွားရင် တော်တော်နဲ့ ရုပ်ရှင်ပြန်ရိုက်လို့ ရတော့မှာ မဟုတ်ဘူး ရှင်က ကျွန်မရဲ့တက်လမ်းကို ဖျက်ဆီးပစ်ချင်နေတာပဲ ..."
ချင်ကျောက်က သူမကို ထွေးထွေးပွေ့ပွေ့ နှစ်သိမ့်ပေးလိုက်သည်။
"အခုလည်း ဘယ်သူကမှ မကမ်းလှမ်းထားဘူးလေကွာ လတ်တလော ရိုက်စရာရုပ်ရှင်ရယ်လို့မှ မရှိတာ ..."
ချင်ကျောက်၏စကားမှာ တကယ်ကို စိတ်ထိခိုက်စရာပင်။ သူက ခပ်သွက်သွက် စကားကို ထပ်ဖြည့်ကာ ပြောလိုက်သည်။
"ကလေးမွေးပြီးတဲ့အချိန်လောက်ဆို လူတွေရဲ့အမြင်ကလည်း ပြောင်းကုန်လောက်ပြီလေ အဲ့ကျမှ ရုပ်ရှင်ပြန်ရိုက်ပေါ့ ကိုယ်လည်း စတူဒီယိုတစ်ခု ထောင်ပေးမယ်လေ အခုတောင် စပြီး ပြင်ဆင်နေပြီ ..."
ထန်ဝမ်ဝမ်၏လေသံက အနည်းငယ် ပြေလျော့လာသည်။ သူမက သူ့ကို မေးလိုက်သည်။
"အကြာကြီးပျောက်နေရင် ပရိသတ်တွေက ကျွန်မကို မေ့သွားကြမှာပေါ့ ..."
ချင်ကျောက်က သူမကို ပွေ့ဖက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မဟုတ်တာ ကိုယ် မင်းအတွက် ဝေ့ပေါ်မှာ နာမည်ကြီးအောင် hot search ဝယ်ပေးမယ်လေ ..."
သူ့စကားကို သက်သေပြရန်နှင့် သူမအား စိတ်အေးချမ်းသာစွာဖြင့် ကလေးမွေးနိုင်စေရန် ချင်ကျောက်က နေ့တွင်းချင်းပင် hot search ကို ဝယ်လိုက်သည်။
သို့သော်ငြား လူထု၏ စိတ်ဝင်စားမှုက ထူးဆန်းဖွယ်ရာပင်။ ပြန်လည်ဆန်းစစ်သည့်ကာလပြီး‌နောက် ထန်ဝမ်ဝမ်နှင့် သက်ဆိုင်သည့် အကြောင်းအရာကို တွေ့လိုက်ရသူတိုင်း၏ တုန့်ပြန်မှုက အတူတူပင်။ "အိုး အိုး ဟုတ်လား တွေ့ပြီးသားလေ " ထိုထက်ပိုကာ စိတ်ဝင်စားဟန်မပြ။ ရေတပ်က ဘယ်လောက်ပဲ ချဲ့ကားပြောနေပါစေ သူတို့၏စကားများက သိသာထင်ရှားလွန်းနေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သရုပ်မှန်ကို ဖော်ခံလိုက်ရသည်။
(ရေတပ်က သတင်းဖြန့်တဲ့နောက်ကို ဘယ်သူမှ လိုက်မပြောကြတော့ ရေတပ်မှန်း ချက်ခြင်းသိကြတယ်လို့ ဆိုလိုတာပါ )
ထန်ဝမ်ဝမ်မှာလည်း ကိစ္စများမှာ ယခင်နှင့် မတူတော့ဟု တွေးစပြုလာသည်။ အားလုံး၏ အရင်းခံမှာ သူမ၏ လက်ထပ်ပွဲနေ့တွင် စတင်ခဲ့ခြင်း ဖြစ်ရမည်။ ထို့နေ့တွင် system နှင့်လည်း ရုတ်တရက် အဆက်အသွယ်ပျက်ကာ သူမကို ရူးရူးမူးမူး စွဲလမ်းကြသူတိုင်းကလည်း နံရံအသစ်ကို တွယ်တက်သွားကြတော့သည်။
(နံရံအသစ်တက် = အကြိုက်ပြောင်းသွားတာပါ)
system က သူမ၏ ရမှတ်များကို ဘာလို့ယူသွားရသလဲဆိုတာကို သိချင်သော်ငြား အဖြေမရခဲ့။
ရံဖန်ရံခါတွင် သူမသည် ချင်ကျောက်ကိုပင် မကျေမချမ်း ဖြစ်မိတော့သည်။ သူနှင့်သာ လက်မထပ်ခဲ့ပါလျှင် သူမက ယခင်အတိုင်းပင် မိန်းမလှလေး ထန်ဝမ်ဝမ်ဖြစ်နေဦးမည်ဖြစ်သည်။ သို့သော် သူ့ကိုချစ်သည့် အချစ်တို့က တိုးသည်ထက်တိုးလာရာ ချင်ကျောက်ကို အပြစ်တင်ရန်ကလည်း ခဲယဉ်းလွန်းလှသည်။ သူမ၏ ကောင်းကျိုးအတွက် လုပ်ပေးနေသည်ဟု ကြားလိုက်ရချိန်တွင်တော့ သူ့ထံသာ လုံးလုံးလျားလျား မှီခိုလိုက်တော့သည်။
သူမ၏ ကိုယ်ဝန်သတင်းကို ကြားလိုက်ရသော်ငြာ ချင်မိဘနှစ်ပါးမှာ သိပ်ပြီး ပျော်ကြဟန်မတူပေ။ ချင်ကျောက်က ဒီလိုမိန်းမမျိုးကို ဘာလို့ ရှာလာရတာလဲဟု အမြဲ ငြိုငြင်နေကြရာ အခု ထန်ဝမ်ဝမ်နှင့် တစ်ဘဝလုံး လက်တွဲသွားရတော့မည့်အကြောင်း ကြားလိုက်ရချိန်တွင်တော့ မြေးဦးသတင်းကပင် သူတို့ကို ပျော်အောင် မစွမ်းဆောင်နိုင်တော့‌ချေ။
System မှာ အတော်ကြာ ပျောက်နေသည့်အပြင် နောက်ဆုံးတစ်ခေါက် ပြန်ပေါ်လာချိန်ကလည်း တစ်စုံတစ်ခု၏ နောက်ယောင်ခံခြင်းကို ခံနေရသလိုမျိုး ဟန်ပျက်နေသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့မှာ သူမတို့၏ မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်သည့်အတွက် ထန်ဝမ်ဝမ်က စားသောက်ပွဲကြီး ပြင်ဆင်ကာ နေ့ထုးနေ့မြတ်ကို အတူဖြတ်သန်းရန် ကြံရွယ်ထားသည်။ သို့သော် အလုပ်က ပြန်လာသော ချင်ကျောက်က သူမကို အေးစက်ခက်ထန်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
"ထန်ဝမ်ဝမ် မင်းရဲ့ မိဘအရင်းတွေကို ရှာတွေ့ပြီ ..."
ကြားလိုက်ရသည့်သတင်းမှာ မထိတ်သာမလန့်သာ ဖြစ်နေသည့်အတွက် သူမသည် ဝမ်ဝမ်ဟု ပုံမှန်ခေါ်နေကျလေသံအစား ထန်ဝမ်ဝမ်ဟု အခေါ်ခံလိုက်ရခြင်းကိုပင် သတိမပြုမိတော့ချေ။
သူမမှာ အချိန်ကြာသည်အထိ ပြန်မတုန့်ပြန်နိုင်သေး။ ချင်ကျောက်၏ စကားတို့မှာ သူမအတွက် သတင်းကောင်းမဖြစ်တန်ရာ။ ထိုမိဘအရင်းကပင်လျှင် သူမကို ဆွဲချသွားနိုင်သည်။
သို့သော်ငြား သူမက အံ့ဩဟန်တော့ ပြရဦးမည် ဖြစ်သည်။ သူမက မေးလိုက်သည်။
"တကယ်ကြီး... အခု သူတို့က ဘယ်မှာတဲ့လဲ ..."
သူမ၏ စကားသံများကို ကြားလိုက်ရချိန်တွင်တော့ ချင်ကျောက်၏ အမူအယာတို့မှာ ပို၍ပင် အရုပ်ဆိုးလာတော့သည်။ သူက တရစပ် ပြစ်တင်ပြောဆိုလိုက်တော့သည်။
"ထန်ဝမ်ဝမ် မင်း မိန်းမယုတ် ..."
ထန်ဝမ်ဝမ်မှာ နားဝေတိမ်တောင်ဖြင့်။ သူဘာ‌ကိုဆိုလိုသည်မှန်း နားမလည်နိုင်သောကြောင့် မျက်မှောင်တို့ကို တွန့်ချိုးလျက် မေးလိုက်သည်။
"ချင်ကျောက် ရှင် ဘာတွေပြောနေတာလဲ ..."
သူက လက်ထဲမှ ကုတ်အင်္ကျီကို လွှင့်ပစ်လိုက်ကာ သွားကြားထဲမှ လေသံဖြင့် ပြောလိုက်သည်။
"ငယ်ငယ်က ငါ့ကိုကယ်ခဲ့တဲ့တစ်ယောက်က မင်း မဟုတ်ဘူးမလား ငါ့ကို အကြာကြီး လိမ်ထားခဲ့တာလေ ..."
ထန်ဝမ်ဝမ်မှာ ငယ်စဉ်က သူ့ကို ကယ်တင်ခဲ့သည့်မိန်းကလေးဟု ထင်ခဲ့၍သာ သူမကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်ကာ ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ယနေ့မှ သူ၏ စိတ်ရင်းအမှန်တို့ကို လူမှားကာ ပေးခဲ့မိကြောင်း သိလိုက်ရသည်။
သူမက မုသားများစွာ ဆိုခဲ့ဖူးသော်ငြား ထိုကိစ္စနှင့် ပတ်သက်၍ တစ်ခါမှ မလှည့်ဖျားဖူးချေ။ ချင်ကျောက်ကို အမှန်တကယ် အိမ်လိုက်ပို့သူမှာ သူမပင်ဖြစ်ရာ ခေါင်းကိုမော့လျက် မေးလိုက်သည်။
"ကျွန်မ မဟုတ်လို့ ဘယ်သူဖြစ်မှာလဲ ..."
"မင်းညီမလေ ထန်ဝမ်ဝမ် မင်းက အခုအချိန်အထိကို ညာရဲသေးတယ်ပေါ့ ..."
"ငါ့ညီမ..."
ထန်ဝမ်ဝမ်လည်း သူမ၏ မှတ်ဉာဏ်ထဲသို့ အတော်ကြာ လှန်လှောရှာဖွေပြီးကာမှ ဝေဝါးဝါး ပုံရိပ်တစ်ခုနှင့် သူမမိဘတို့၏ ရုပ်သွင်လွှာတို့က တစ်ဖြေးဖြေး ပြန်ပေါ်လာတော့သည်။
ချင်ကျောက်က သူမကို အေးစက်စက်ပြောလိုက်သည်။
"ကွာရှင်းရအောင် ..."
ထန်ဝမ်ဝမ်မှာ အတော်ပင် ထိတ်လန့်သွားဟန်ရှိသည်။ သူ့အင်္ကျီကို ဖမ်းဆုတ်ရင်း တောင်းပန်တိုးလျှိုးတော့သည်။
" မဟုတ်ဘူး မဟုတ်ဘူးလို့ ဘယ်တော့မှ ကွာရှင်းဖို့ လက်ခံမှာ မဟုတ်ဘူး ..."
"မင်းလို မိန်းမယုတ် လူလိမ်မကို သေချာပေါက်ကို ကွာရှင်းမှာ ..."
ချင်ကျောက်က သူ့ကို အတင်းဆွဲထားသူအား တွန်းပစ်လိုက်သည်။ ထန်ဝမ်ဝမ်က ကြမ်းပေါ်တွင် လဲကျနေရင်း အညှာတာမဲစွာ ကျောခိုင်းသွားသော ချင်ကျောက်ကို နှာတစ်ရှုံ့ရှုံ့ဖြင့် ငေးကြည့်နေလိုက်သည်။
ကောင်းချီးပေးခံရသူများသည် ထိုကောင်းချီးကို မထိန်းသိမ်းနိုင်သည့် ‌တစ်နေ့တွင် သေချာပေါက် အကျနာတော့မည်ဖြစ်သည်။
.......
ကျန်းဟန်ရှု၏အကူအညီဖြင့်အဖြူရောင်ရဲတိုက်၏ အကဲဖြတ်မှုက ခပ်မြန်မြန်ပင် ပြီးစီးသွားခဲ့သည်။ လုပ်ငန်းစဉ်အားလုံးကို ဇန်နဝါရီလထဲတွင် အပြီးသတ်နိုင်ရာ ဖုကျန်းမျှော်လင့်ထားသလို ချစ်သူများနေ့တွင် ပြသနိုင်လောက်မည်ဖြစ်သည်။
xxxxxxxx