အပိုင်း ၉၅
Viewers 23k

တမင်ရည်ရွယ်လေသလား မတော်တဆလားတော့ မပြောတတ်။ အဖြူရောင်ရဲတိုက်၏ ရုပ်သံလွှင့်ရက်ကို ကြေငြာပြီးသိပ်မကြာလိုက် "ယမန်ည" ကလည်း တရက်တည်းတွင်ပင် ရုံတင်ရန် ဆုံးဖြတ်ကာ လတ်မှတ်များကို ကြိုတင်ရောင်းချတော့သည်။
ယခင်က ဆွေးနွေးခဲ့သလိုပင် အဖြူရောင်ရဲတိုက်၏ ပွဲချိန်စာရင်းမှာ သိပ်ပြီး သဘောတွေ့ဖွယ် မကောင်းလှ။ ကိုယ်ပိုင် ရုပ်ရှင်ရုံရှိသည့် ဟဲရှီဖျော်ဖြေရေးက ပွဲချိန်များကို တိုးမြှင့်ပေး၍သာ တော်သေးသည်။ ဘယ်လောက်ပဲ ရုံဝင်ကြေးကို အာရုံမစိုက်ပါဟုဆိုဆို၊ နောက်ထပ်တစ်ကားရိုက်ရန်အတွက်တော့ ငွေပြန်ရှာရဦးမည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်တော့ အဖြူရောင်ရဲတိုက်၏ ပိုစတာကို ဝေ့ပေါ်တွင် တင်ခဲ့သည်။ ပုံမှန်ဆိုဒ်ပိုစတာဖြစ်ပြီး ပြသမည့်ရက်နှင့် သရုပ်ဆောင်စာရင်းကိုသာ ရေးသားထားသည်။
အဖြူရောင်ရဲတိုက်၏ ပိုစတာမှာ concept ပိုစတာ အမျိုးအစားဖြစ်ကာ မင်းသားမင်းသမီးဟူ၍ မပါရှိ။ တစ်ဖက်က အဖြူရောင်ရဲတိုက်၊ ကျန်တစ်ဖက်က ကြယ်ရောင်လရောင်တို့ ကင်းစင်နေသည့် ညမှောင်မှောင်တွင် စုတ်ပြဲနေသောစကတ်နှင့် မိန်းကလေးက ကြည့်ရှုသူဘက်ကို မျက်နှာမူထားသည်။ သူမ၏ဝတ်စုံမှာ သွေးစရွှံစတို့ စွန်းထင်နေသော်ငြား မတိုင်ခင်က အဖြူရောင်ဝတ်စုံ ဖြစ်ခဲ့ကြောင်းကိုတော့ ဝိုးတဝါး မြင်နေရပါသေးသည်။
ဖွဲ့စည်းပုံတစ်ခုလုံးက တင်းမာကာ အဖြူအနက်တို့ကလည်း မှုန်ဝါးဝါး။ ဇာတ်ကွက်အကူးအပြောင်းကလည်း လေးလံကာ ထူးဆန်းလှသည်။ "ယမန်ည" ၏ လှပသော ရှေးခေတ်ဇာတ်ကောင်ပုံစံများနှင့် နှိုင်းစာပါလျှင် ဒီပိုစတာမှာ စိတ်ဝင်စားစရာ ကောင်းသော်ငြား တစ်ချိန်တည်းတွင်ပင် စိတ်မသက်မသာ ဖြစ်စေသည်။
ကြည့်ရှုသူများမှာ အဖြူရောင်ရဲတိုက်၏ သရုပ်ဆောင်စာရင်းကို မသိခဲ့ရပေ။ ယခု တရားဝင် စာရင်းကို တွေ့လိုက်ရချိန်တွင်တော့ တစ်ဦးချင်း ပိုက်စိတ်တိုက်ကာ လိုက်ကြည့်သော်ငြား နားဝေတိမ်တောင် ဖြစ်နေဆဲပင်။
ဇာတ်လိုက်က ဟဲမင်။ ဇာတ်လိုက်မ က ချန်းမန်...
ထိုလူနှစ်ဦးကို ကြားဖူးသူကပင်လျှင် လက်ချိုးရေ၍ ရနေရာ သူတို့အကြောင်းကို တစ်ယောက်မှ ဂဃနဏ မသိကြ။
-( ဟဲမင်က ဘယ်သူကြီးလဲ ငါထင်‌နေတဲ့သူတော့ မဟုတ်ပါဘူးနော် ဒါရိုက်တာဖုက ဘာလို့များ သက်လတ်ပိုင်းဦးလေးကြီးကို ဇာတ်လိုက်တင်ပြီး ရိုက်ရတာလဲ ပြီးတော့‌ ကောင်းထျန်းပါတဲ့ကားမှာမှ....သူမက ဒီလောကမှာ ကျင်လည်နေတာ ကြာပြီဆိုပေမယ့် ဒီတစ်ခါကတော့ သူ့အစား စိတ်ညစ်မိတာ ပထမဆုံးပဲ ဒါက အချစ်ရုပ်ရှင်လေဟယ် အခုတော့ ကြည့်ပါဦး Beauty and the Beast လား ကျနေတာပဲ ...)
မကြာမီတွင် ကောင်းထျန်းမှာ ဇာတ်လိုက် မဟုတ်၊ ဧည့်သရုပ်ဆောင်သာ ဖြစ်ကြောင်းနှင့် တကယ့်ဇာတ်လိုက်မှာ ချန်းမန်ဆိုသည့် ကောင်မလေးဖြစ်ကြောင်း ပြန်ချေပလာကြပြန်သည်။
-ချန်းမန်... သူ့ကိုတော့ ပို‌တောင် မရင်းနှီးသေး
ထိုကောင်မလေး၏ ဝေ့ပေါ်ကို သွားကြည့်ကြသူများမှာတော့ ဟင်ကနဲ ဟာကနဲပင်။ ထိုကောင်မလေးမှာ အထက်တန်း ဒုတိယနှစ်သာ ရှိသေးသည်။ မနေ့ကမှ အင်္ဂလိပ်စာဆရာ၏ လေယူလေသိမ်းမှာ အတော်ကို စိတ်ရှုပ်စရာဟု ပို့စ်တင်ထားရာ ပွဲကြည့်သူတို့မှာလည်း ဘယ်လို မှတ်ချက်ပြုရမည်မှန်း မသိတော့ပေ။
-( အခုမှ ၁၇ နှစ်ပဲ ရှိသေးတဲ့ လူသစ်... မျက်နှာသစ်လေးကို ဇာတ်လိုက်နေရာထားတယ် ဒါရိုက်တာဖုကတော့ ဟာသလုပ်နေတာပဲ ဒီကောင်မလေးက နောက်ခံ‌တောင့်လို့များလား ...)
မှန်းဆချက်များက တစ်ဖန် ထွက်လာပြန်သည်။
(နောက်ကွယ်က လက်မည်းကြီးတွေရှိနေလို့ ဒါရိုက်တာဖုက ဒီနှစ်ယောက်ကို ရွေးလိုက်ရတာလား တကယ်ကို စိတ်ပျက်စရာတွေပဲ ဒါရိုက်တာဖုရေ ၁.၆ ဘီလီယံက ကိန်းဂဏန်းတစ်ခုပဲ၊ ရုံဝင်ကြေးနဲ့ပတ်သက်လို့ သိပ်ပြီး ဂရုမစိုက်ပါဘူးလို့ ပြောခဲ့တာမှ ရက်ပိုင်းပဲ ရှိသေးတယ်လေ အခုကျ ရင်းနှီးမြှုပ်နှံသူရဲ့ စွက်ဖက်တာကို ခံနေပြီပေါ့ ပြန်ပေးဆွဲခံရတာဆိုရင် မျက်တောင်ခတ်ပြပါဦး )
လူထုကလည်း သူ လှည့်ပတ်နေသည့် ငွေတို့မှာ မရိုးဖြောင့်၍သာ ရုံဝင်ကြေးကို ဂရုမစိုက်ဘဲနေနိုင်ခြင်းဖြစ်မည်ဟု တစ်ခါ ပြန်လည်ချေပလိုက်ကြပြန်သည်။
သို့သော်ငြာ ထိုစကားရည်လုပွဲတို့က ကြာကြာမခံ။ သူတို့၏ စိတ်ဝင်စားမှုတို့က လင်းရှီယောင်နှင့် လျှိုမုန့်တို့၏ ရုပ်ရှင်ဘက်သို့ ပြောင်းသွားကြပြန်သည်။ မင်းသမီးချိုက်ဝေနေရာတွင် သရုပ်ဆောင်မည့် လင်းရှီယောင်မှာ ဘဲဥပုံမျက်နှာ၊ မိုးမခကိုင်းသဏ္ဍာန် မျက်ခုံးတို့ဖြင့် အထက်တန်းကျကျ တင့်တယ်လှသူဖြစ်သည်။ ရှေးခေတ်ဇာတ်လမ်းတွဲတို့ဖြင့် လိုက်ဖက်လှသူဖြစ်ကာ ယခုပိုစတာတွင်လည်း အကြည့်မလွှဲချင်စရာပင်။
လျှိုမုန့်ကလည်း သူမထက် မသာတောင် မညံ့ပေ။ အပြာရောင်ဝတ်စုံကို ဆင်ထားကာ စူးရဲနေသော အကြည့်တို့က ပရိသတ်များထံမှ ငွေများ သဲ့ယူနိုင်လုနီးပါးပင်။
ကောင်းထျန်းမှာ လတ်တလောတွင် အစီအစဉ်အများအပြားကို ပါဝင်ရင်း အလုပ်ရှုပ်နေရာ ဖုကျန်းကို ဆက်သွယ်ရန်ပင် အချိန်ကို မနည်းလုကာ မေးလိုက်သည်။
"ဒါရိုက်တာဖု ကျွန်မက လင်းရှီယောင်ထက် ကြည့်လို့လှမယ်လို့ ထင်လား ..."
လင်းရှီယောင်၏ ဇာတ်ကောင်မှာ အတော်ပင် လှပသည့်အတွက် သူမ အလှအပအတွက် အမြဲလိုလို ယုံကြည့်ချက်ပြည့်နေသော ကောင်းထျန်းပင်လျှင် ဘေးကျပ်နံကျပ် ဖြစ်နေသည်။
ကနဦးကတည်းကပင် ဖုကျန်းသည် သူမကို မသေမျိုးတစ်ယောက်လိုမျိုး ရင်သပ်ရှုမောဖွယ်ကောင်းစေရန် မဖန်တီးခဲ့ရာ သူက တစ်ခဏတွေးကာ သင့်တင့်ရုံ ပြန်ဖြေလိုက်သည်။
"တစ်ယောက်ချင်းစီက ကိုယ့်ကုသိုလ်နဲ့ကိုယ်ပါပဲ ..."
ကောင်းထျန်းမှာ သိပ်ပြီးတော့ ကျေနပ်ဟန်မတူ။ ဖုကျန်းနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက်တွင်‌ ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အဖြူရောင်ရဲတိုက်၏ trailer ကို ထုတ်လွှင့်ခဲ့သည်။ ၎င်းမှာ ၂ မိနစ်သာ ကြာမြင့်ကာ ဟဲမင်၊ ကောင်းထျန်း၊ ချန်းမန်နှင့် ကျိုးဝမ်လင်တို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ သို့သော် ကောင်းထျန်းကတော့ ကျောပေးလျက်သာ ပေါ်လာသည်။
trailer ထွက်လာပြီးနောက်တွင် ဟဲမင်အပေါ် လူထု၏ အဆိုးမြင်မှုမှာ ‌ကျဆင်းသွားတော့သည်။ အားလုံးက ဖုကျန်း၏အမြင်ကို ပြန်ပြီး ယုံကြည်လာကြပြန်သည်။
-( trailer က ကောင်းသားပဲ ဒါနဲ့ နေပါဦး ဇာတ်လိုက်က ဘယ်သူကြီးလဲ ရင်းနှီးနေပေမယ့် မမှတ်မိဘူး ဖြစ်နေတယ် )
( ah ah ah ah ဒီဇာတ်လိုက်က ဘယ်သူလဲဆိုတာ ငါ့ကို ပြောပြကြပါဦး ဒီ သက်လတ်ပိုင်းဦးလေး ခန့်ချောကြီးမျိုးကို မတွေ့ရ‌တာတောင် ကြာပြီ အမလေး သေတော့မှာပဲ ...)
-( ဆိုတော့ ကောင်းထျန်းကရော သူ့ကို ဘာလို့ မတွေ့မိတာလဲ )
(-hehe, trailer က ငနုံပဲဟ ပြီးခဲ့တဲ့ငါးနှစ်လောက် ရိုက်ခဲ့တဲ့ အနောက်အရပ်သို့ ခရီးသွားမှတ်တမ်းကမှ သူ့ထက် ကောင်းဦးမယ် ဒီ ရုပ်ရှင်ကတော့ အကျိုးမရှိတာတွေပဲ ထည့်ထားတယ် အရှုံးသမားပဲ )
.......
trailer မှာ အဖြူရောင်ရဲတိုက်နှင့် ဘာမှ စပ်ဆိုင်မှုမရှိဟုသာ အများစုက တွေးလိုက်ကြသည်။ ရိုက်ကူးရေးကာလမှာလည်း တို‌တောင်းရာ ရုပ်ရှင်မှာ မဆိုးလှဟု လက်ခံရန် ခဲယဉ်းလွန်းလှသည်။ ဟဲမင်၏ သရုပ်ဆောင်မှုကြောင့်သာလျှင် အနည်းဆုံးတော့ ဖုကျန်း၏အမြင်မှာ ထူးထူးဆန်းဆန်း မဖြစ်သေးဟု လက်ခံကြခြင်းဖြစ်သည်။ ဟဲမင်မှာလည်း ပရိသတ်အုပ်စုလေးတစ်ခု ရလာသော်ငြား ထိုအုပ်စုက တစ်ခြား ဖန်များလို လက်ထပ်ရန်လည်း မတောင်းဆို၊ နောက်ကလည်း တကောက်ကောက်မလိုက်ဘဲ ဝိတ်ချခဲ့သည့် နည်းလမ်းများကို မျှဝေပေးရန်သာ နားပူနားဆာ တိုက်နေကြသည်။
သူ့ဝေ့ပေါ်ရှိ လူကြိုက်အများဆုံး မှတ်ချက်အားလုံးမှာ ဒီအတိုင်းပင်။
( တစ်လအတွင်း ပေါင် ၃၀ ဆေးသောက်စရာလည်း မလိုဘူး ပြန်လည်း ဝိတ်တက်မလာဘူး )
-( အရင်တုန်းကဆို ကျွန်တော်လည်း ခင်ဗျားလိုပဲ ဒီအဆီပိတ်နေတဲ့ ခန္ဓာကိုယ်ကြီးကို အရမ်းစိတ်ညစ်ခဲ့တာ အခုတော့ လေ့ကျင့်ခန်းမလို၊ အစားမရှောင်ဘဲ ခန္ဓာကိုယ်လှလှလေး ရသွားပြီ နည်းလမ်းအပြည့်အစုံကိုတော့ ကျွန်တော့် profile မှာ ဝင်ကြည့်ပါ )
.....
"ယမန်ည" ၏ trailer ကလည်း ဖုကျန်းတို့နှင့် တစ်ရက်တည်းပင်။ ၎င်းက ၂ မိနစ်ခွဲသာ ကြာမြင့်ပြီး ‌စာသံပေသံဖြင့် ဇာတ်ကြောင်းပြောမှုအပြီးတွင် လင်းရှီယောင်သည် လိုက်ကာအနောက်မှနေ၍ နန်းဝတ်နန်းစားအပြည့်အစုံဖြင့် တစ်လှမ်းချင်း လှမ်းလာသည်။
(- ရှီယောင်ရဲ့အသံက ကောင်းလိုက်တာ သူ့ပင်ကိုယ်အသံပဲလား )
( မစ္စတာလျှိုမုန့်က အရမ်းခန့်ညားတာပဲ အမေရေ အမေ့ရဲ့သမက်လောင်းက ဒီမှာလေ )
( 3D ကို မျက်လုံးတစ်ဖက်တည်းနဲ့ ကြည့်လိုက်တာ အထူးပြုလုပ်ချက်တွေက မိုက်ချက်ပဲ သန်းခြောက်ရာ ကုန်တယ်ဆိုတာ ဖြစ်သင့်ပါတယ် )
-( ချိုက်ဝေမင်းသမီးရဲ့ အဝတ်အစားတွေက နည်းနည်း ထူးဆန်းနေသလို ခံစားရတာ ငါတစ်ယောက်ထဲလား ပိုစတာထဲကနဲ့ မတူသလိုပဲနော်)
...
"ယမန်ည"၏ trailer က အနည်းငယ် သံသယအဝင်ခံရသော်ငြား ဖုကျန်း၏ အဖြူရောင်ရဲတိုက်ထက်တော့ အပုံကြီး သာနေပါသေးသည်။
အချို့လူများကတော့ အင်တာနက်ပေါ်တွင် ဒီလိုပင် ပြောလိုက်ကြသေးသည်။
-( ယမန်ည က အဖြူရောင်ရဲတိုက်ကို ကူးတယ်လို့ ပြောတယ်မလား ဒါဆို ဇာတ်ကြောင်းက အတူတူပဲဆိုတော့ ချစ်သူများနေ့မှာ တစ်ကားပဲ ကြည့်ရင်တောင် ရတာပဲ trailer အရဆို ယမန်ညကတောင် ပိုမိုက်သေးတယ် ဇာတ်လိုက်တွေကလည်း ကြိုက်တဲ့သူတွေချည်းပဲဆို‌တော့ ယမန်ညကိုပဲ သေချာပေါက် ကြည့်တော့မယ် )
-(ပြောထားတာတွေက အရှက်မရှိလိုက်တာ မူရင်းက အကူးခံရရုံတင်မကဘူး ခြေနင်းတုံးပါ လုပ်ပေးရဦးမယ်ပေါ့ )
ဖြောင့်မတ်သည့် အင်တာနက်သုံးစွဲသူတို့က ထိုသူကို ဝိုင်းကာ ကြိမ်းမောင်းလိုက်ကြသည်။
သို့သော် ထိုသူက ပို၍ပင် မျက်နှာပြောင်တိုက်လိုက်သေးသည်။
( လောဖျင်ဖျင်ကလည်း လျော်ကြေးရပြီးသားလေ ဘယ်ရုပ်ရှင်ကြည့်ကြည့် အဲ့ဒါ ငါ့ကိစ္စပါ နင်တို့က ငါ့ကို ပြန်ပေးဆွဲပြီး စုတ်ပြတ်နေတဲ့ရုပ်ရှင်ကိုများ ကြည့်ခိုင်းချင်နေကြသေးတာလား )
အွန်လိုင်းပေါ်မှ ရန်ပွဲက သိပ်ပြီး မကြာလိုက်။ "ယမန်ည" ၏ ထုတ်လုပ်သူမှာ သူ့ကိုယ်သူလည်း ခိုးကူးကို ရိုက်ထားမှန်း သိရာ ကြက်ကို ခြောက်ချင်ရုံမျှဖြင့် ထမင်းအိုးကို အမှောက်ခံနိုင်မည် မဟုတ်ချေ။
အဖြူရောင်ရဲတိုက်၏ ဝေ့ပေါ်တွင် ရုပ်ရှင်၏ အရည်အသွေးကို trailer ဖြင့် ဆုံးဖြတ်၍ မရဟု ပြောနေကြသူများကပင်လျှင် "ယမန်ည" ၏ trailer ထွက်သည်နှင့် လက်မှတ်များကို အလုအယက် ဝယ်ယူကြရာ အကြိုရောင်းရငွေကပင်လျှင် ဆယ်သန်းနီးပါးအထိ ဖြစ်သွားတော့သည်။
ထိုအခါမှ ဖုကျန်းလည်း ဒါရိုက်တာ လျန်ချွန်းချောင်က သူ့ကို ပစ်မှတ်ထားနေမှန်း သတိပြုမိတော့သည်။ တစ်ရက်တည်းရုံတင်၊ တစ်ရက်တည်း ပိုစတာထုတ်၊ trailer ကိုပင် တစ်ရက်တည်း လွှင့်လို‌က်သေးသည်။
" နေပါဦး တကယ်တမ်းဆို ငါကတောင် လျန်ချွန်းချောင်ကို ပစ်မှတ်ထားရမယ့်ကိစ္စကို ဘာလို့ ပြောင်းပြန်တွေ ဖြစ်နေတာလဲ မူရင်းသမားကတောင် နစ်နာသူဖြစ်နေရပြီ ..."
"ယမန်ည" မှာ ပြီးခဲ့သည့်၂နှစ်ကတည်းကပင် ပရိုမိုးရှင်းဆင်းပြီးသားဖြစ်သည်။ ပါဝင်သူများမှာ နာမည်ကြီးများ ဖြစ်သည့်အပြင် ပရိသတ်များကို ချွေးသိပ်ရန်အတွက် ရိုက်ကူးနေစဉ်အတွင်းမှာလည်း အပိုင်းတိုများကို ထုတ်လွှင့်ပေးသော်ငြား ကျော်ကြားမှုကိုတော့ ထိန်းမထားနိုင်ဆဲပင်။
"ယမန်ည" မှာ မထုတ်လွှင့်မှီကပင် ကြိုတင်ရောင်းရငွေက သန်းနှစ်ရာအထိ ရှိလာခဲ့သည်။ သူတို့နှင့် နှိုင်းစာပါလျှင် အဖြူရောင်ရဲတိုက်မှာ သနားစရာပင် ကောင်းလှသည်။ ရောင်းရငွေက "ယမန်ည"၏ ခြေဖျားပင် မမှီ။ ဒါရိုက်တာကျန်းလီနှင့် လီပင်းတို့က တစ်ယောက်ပြီးတစ်ယောက် ဆက်သွယ်ကာ အကူအညီပေးရမလားဟု မေးမြန်းလာကြသည်။
လူထု၏အမြင် မကောင်းပါလျှင် ပွဲချိန်စာရင်းမှာလည်း တိုးလာမည်မဟုတ်။ ပွဲချိန်သာ နည်းပါလျှင် ရုပ်ရှင်မှာ ဘယ်လောက်ပဲ ကောင်းကောင်း လက်မှတ်တစ်စောင်ပင် ရောင်းရမည် မဟုတ်ချေ။ အထူးသဖြင့် ယခုလို အခြေအနေမျိုးမှာ ပို၍ပင် အန္တရာယ်များသေးသည်။
ဖုကျန်းက သူတို့နှစ်ဦး၏ ကြင်နာမှုအတွက် ကျေးဇူးတင်လိုက်သည်။ ဟဲရှီရုပ်ရှင်ရုံများတွင် ပထမဆုံးရက်အတွက် လူဝင်နှုန်းမှာ ၂၀% ကျော်ကြောင်း ပြောပြီးချိန်တွင်တော့ သူတို့က နောက်ထပ် တိုက်တွန်းမလာတော့။ ဟဲရှီရုပ်ရှင်ရုံများမှာ နိုင်ငံအနှံ့တွင် ရှိနေကာ ဖုကျန်းကို နောက်ကွယ်မှ ကူဘီပေးနေသည့်အတွက် ရုပ်ရှင်၏ အရည်အသွေးက ကောင်းမွန်နေသရွေ့ ကျန်ကိစ္စများက ပြဿနာမဟုတ်တော့ပေ။
ဒါရိုက်တာကျန်းလီနှင့် လီပင်းတို့က အဖြူရောင်ရဲတိုက်၏ နမူနာအပိုင်းများကို ကြည့်ပြီးဖြစ်သည့်အတွက် ရုံဝင်နှုန်းနှင့်ပတ်သက်၍ ယုံကြည်ချက်အပြည့်ပင်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တော့ ချစ်သူများနေ့သို့ တစ်ဖန် ပြန်ရောက်လာပြန်သည်။ ပြီးခဲ့သည့်နှစ်ကမူ နှစ်ဦးလုံးက ကောင်းကောင်းမပြင်ဆင်ခဲ့ရပေ။ ကျန်းဟန်ရှုက သူ့ကို ကြည်နူးဖွယ်ရာ ညစာလိုက်ကျွေးခဲ့သော်ငြား သူကတော့ ကျန်းဟန်ရှုအတွက် ဘာမှ မပြင်ဆင်ပေးခဲ့မိ။ ဒီနှစ်တွင်တော့ တမူထူးစွာပင် ချစ်သူများနေ့လက်ဆောင်ကို ပေးနိုင်တော့မည်ဖြစ်သည်။
ဖုကျန်းက သူ့ကို ရုပ်ရှင်ရုံထဲသို့ ခေါ်သွားလိုက်သည်။
xxxxxxxx