အပိုင်း ၉၆
Viewers 23k

ဖုကျန်းက ကျန်းဟန်ရှုကို ရုပ်ရှင်ရုံသို့ ခေါ်သွားလိုက်သည်။ ရုပ်ရှင်ရုံ၌ ခြေချင်းလိမ်နေသည့် အတွဲများထဲတွင် ရှုယွမ်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ရှုယွမ်က သူ့ချစ်သူကောင်မလေးနှင့်အတူ ရုပ်ရှင်ရုံထဲ ဝင်လာပြီးနောက်တွင်တော့ "ယမန်ည"၏ လက်မှတ်မှာ ကုန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကောင်မလေး၏မျက်နှာမှာ ရုတ်ချည်းပင် မဲမှောင်သွားတော့သည်။ သူမက သူ့လက်မောင်းကိုရိုက်ကာ အပြစ်တင်လိုက်သည်။
"စောစောဝယ်ထားပါလို့ ပြောတာကို နားမှမထောင်တာ အခုကျ မကြည့်ရတော့ဘူး ..."
ရှုယွမ်က ကောင်မလေး၏ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
"ဖုကျန်းရဲ့ ဇာတ်ကားကလည်း ဒါနဲ့ ဇာတ်ကြောင်းအတူတူပဲတဲ့ အဖြူရောင်ရဲတိုက်ကိုပဲ သွားကြည့်ရအောင်လေ ..."
သူမက မတရားအနိုင်ကျင့်ခံလိုက်ရသလို နှုတ်ခမ်းကိုစူကာ ညဉ်းညူလိုက်သည်။
"လျှိုမုန့်ကို ကြည့်ချင်တာပါဆို ..."
ထိုသို့ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရှုယွမ်​က လက်မှတ်ရောင်းသူကို အမောတကော ပြောလိုက်သည်။
"အဖြူရောင်ရဲတိုက်အတွက် လက်မှတ်နှစ်စောင်ပေးပါ..."
နောက်ဆုံးတွင်တော့ သူမလည်း အင်တင်တင်ဖြင့်သာ အဖြူရောင်ရဲတိုက် ပြသရာရုံထဲသို့ ဝင်လိုက်ရသည်။ သူမက ကော်ရစ်ဒါတစ်လျှောက်တွင် သူ့ကို ခြိမ်းခြောက်နေသေးသည်။
"ရုပ်ရှင်က ဆိုးဝါးနေကြည့် ရှင့်ကို အသေကိုသတ်ပစ်မယ် ..."
ရှုယွမ်မှာ တွေးရင်းပင် ကြောက်လန့်လာတော့သည်။ အင်တာနက်ပေါ်မှ ဆန်းစစ်ချက်များက အဖြူရောင်ရဲတိုက်ကို လုံးဝမကောင်းဟု ပြောထားရာ သူ့အသက်လေးကို ဖက်နှင့်ထုပ်ထားရတော့မည်။
သူတို့က ခပ်သွက်သွက်ဝင်ကာ ထိုင်ရန်နေရာရှာလိုက်သည်။ ကြော်ငြာအချို့ပြီးနောက်တွင်တော့ ရုပ်ရှင်ကို စတင်ပြသတော့သည်။ ဦးစွာ ရင်းနှီးနေသော ရွှေနဂါးကြီး ပေါ်ထွက်လာပြီးနောက် ပိတ်ကားတစ်ခုလုံး ‌အမှောင်ကျသွားကာ စာတန်းဖြူတစ်ကြောင်းသာ တစ်ဖြေးဖြေး ထွက်ပေါ်လာသည်။
"အဖြူထဲကို ဝင်လာခဲ့ ..."
"ကိုယ့်အချစ်..."
ထိုရုပ်ရှင်မှာ ဖုကျန်းက သူ့ချစ်သူအတွက် ရည်ရွယ်ထားသည်ဟု သိထားသော်ငြား ဇာတ်လမ်းမစခင်ပင် ထွက်လာမည်ဟုတော့ မထင်မှတ်ထားပေ။ ရှုယွမ်က ခေါင်းကိုသာ အသာယမ်းလိုက်သည်။
"ဒီဒါရိုက်တာကတော့ ရုပ်ရှင်ကို ကောင်းကောင်းမရိုက်နိုင်တာနဲ့ပဲ မလိုတဲ့အမှိုက်တွေ ထည့်ပစ်လိုက်ပြီ ..."
သို့သော်ငြား သူ့ချစ်သူလေးကတော့ အမှန်တကယ် သဘောတွေ့နေဟန်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"အရမ်းကို ကြည်နူးစရာကောင်းတာပဲ ..."
မင်းကြီးတော်ကြီးပဲ ကြည်နူးစရာကောင်းနေ ပြီးခဲ့တဲ့ချစ်သူများနေ့တုန်းက မင်းနာမည်နဲ့ ညအိပ်မီးသီး လုပ်ပေးတော့ကျ မကြိုက်ဘူးဆို ....
ဟမ့် မိန်းမတွေများ နားကိုမလည်နိုင်တော့ဘူး
ရှယွမ်က တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ သူ့စိတ်ထဲတွင်သာ မကျေနပ်ကြောင်း ထုတ်ပြောရဲသည့်အတွက် သူမသာ ဇွတ်အတင်း ထွက်သွားလိုပါက ဘယ်နေရာသို့ ခေါ်သွားရမလဲဟု ဖုန်းထုတ်ကာ ရှာနေလိုက်သည်။
ပိတ်ကားပေါ်မှစာတန်းက တစ်ဖြေးဖြေး မှုန်ဝါးကာ အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းက ငါတို့တပ်ဖွဲ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ ဒီတစ်ခေါက် မင်းရှာရမယ့် ရာဇဝတ်သားက ငါတို့နဲ့ လက်ရည်တူနေတယ် သူ့လျှို့ဝှက်နာမည်က စပိုက်ဒါဆိုတာကလွဲလို့ တစ်ခြား အသက်တို့ ၊လိင်အမျိုးအစားတို့ တစ်ခုမှ မသိရဘူး ဒါပေမယ့် အခုတလောတော့ ဒီနယ်တစ်ဝိုက်မှာ ကျက်စားနေတယ်လို့ သတင်းရထားတယ် ..."
"နားလည်ပါပြီ ..."
"ဂရုစိုက်ဦး မင်းမတိုင်ခင် လူသုံးယောက်လည်း သူ့လက်ချက်နဲ့ပဲ သေသွားတာ ..."
....
ရှယွမ်က လက်ထဲမှဖုန်းကို ချလိုက်သည်။ သူသည်လည်း ဇာတ်လမ်း၏ ဆွဲဆောင်မှုကို တစ်ဖြေးဖြေး ခံလိုက်ရသည်။ ဖုကျန်းက ဒီအပိုင်းကို ဘယ်လိုနည်းလမ်းဖြင့် ရိုက်ခဲ့သည်မသိ။ အစောလေးကမှ ပွက်လောရိုက်နေသည့် ရုံတစ်ခုလုံး ငြိမ်ကျသွားတော့သည်။ လူငယ်အများစုမှာ "ယမန်ည" ကိုသာ သွားကြည့်ကြသည့်အတွက် ရုံထဲတွင် လူသိပ်မရှိ။
ပိတ်ကားထဲတွင် စုတ်ပြဲနေသော အဝတ်အစားတို့ဖြင့် မိန်းကလေးတစ်ဦးက မြေကြီးပေါ်တွင် ထိုင်နေသည်။ သူမ၏ မျက်နှာမှာ အာဟာရချို့တဲ့၍ ဖြူဖျော့သေးငယ်နေသည်။ သူမက အရှေ့ရှိ ဝူကျဲကို ပြန်ဖြေလိုက်သည်။
"ကျွန်မမှာ အိမ်မရှိဘူး ..."
"ဒါဆို ငါနဲ့လိုက်ခဲ့ ..."
သူက ပြောလိုက်သည်။
သူက မတ်တပ်ရပ်လိုက်သည်။ သူမ၏ မျက်ဝန်းတို့က တစ်ဖျပ်ဖျပ် လတ်နေကာ မျက်ဆံတို့က အသူတစ်ရာချောက်ကဲ့သို့ပင် နက်မှောင်နေသည်။ သူ့လက်မောင်းကိုဆွဲကာ ခြင်တစ်ကောင်လိုအသံဖြင့် ပြောလိုက်သည်။
"ခြေထောက်က နာနေတယ် ..."
ဝူကျဲက တစ်ခဏ တုန့်ဆိုင်းသွားသည်။ ပြီးမှ ဒူးထောက်ချကာ သူမကို ပွေ့ချီပြီး ဘဝသစ်ကို အတူတူ စတင်လိုက်တော့သည်။
ရှယွမ်သည် ဟဲမင်က ဇာတ်လိုက်ဖြစ်ကြောင်းကို သိပြီးဖြစ်သည်။ ဖန်သားပြင်ပေါ်တွင် မတွေ့ရတော့သည်မှာ အတော်ကြာနေပြီဖြစ်သော်ငြား သူ့သရုပ်ဆောင်စွမ်းရည်ကိုတော့ သံသယမရှိပေ။ သို့သော် ၁၆ နှစ်အရွယ် ချန်းမန်ကတော့ သူ့ကို မထင်မှတ်ထားလောက်အောင်ပင် အံ့အားသင့်စေခဲ့သည်။
--- ဒီကောင်မလေးက အရမ်းကို လွှမ်းမိုးနိုင်တာပဲ သူမ မျက်လုံးတွေကိုလည်း ကြည့်လိုက်ပါဦး ကြည်လင်တောက်ပနေလိုက်တာများ သရုပ်ဆောင်စွမ်းရည်ကလည်း ကောင်းချက်ပဲ
ကြည့်ရှုသူအားလုံးမှာ ပိတ်ကားပေါ်မှပင် အကြည့်ကို မလွှဲရဲတော့။ အစောပိုင်းက အလိုမကျ ဖြစ်နေသည့်ခံစားချက်အားလုံး ပျောက်ကွယ်ကာ ဇာတ်လမ်း၏ ဖမ်းညှို့မှုကို ခံလိုက်ရတော့သည်။
"မင်းအတွက် ဝယ်လာတဲ့အဝတ်တွေက ဗီရိုထဲမှာ ဘဏ်ကတ်က ငါ့အိပ်ယာဘေးက ဗီရိုထဲမှာ ရှိတယ် လျှို့ဝှက်နံပါတ်က သုည ခြောက်လုံး လိုရင် ယူသုံးလို့ရတယ် ..."
သူမက ဝူကျဲကို သနားဖွယ်ကောင်းစွာ မေးခွန်းထုတ်လိုက်သည်။
"ရှင်က ဘယ်သွားမလို့လဲ သူတို့တွေလိုပဲ ကျွန်မကို စွန့်ပစ်သွားတော့မလို့လား ..."
ဝူကျဲက အသံတိတ်နေသည့်အတွက် သူမက ဆက်ပြောလိုက်သည်။
"ကျွန်မကို စွန့်ပစ်သွားမှာဆိုရင် အသေသတ်လိုက်တာကမှ ပိုကောင်းဦးမယ် ..."
တကယ်တမ်းတော့ သူက စပိုက်ဒါကိုရှာရန် ခရီးထွက်ရမည်ဖြစ်သည်။
ထိုအခိုက်တွင် ဇာတ်ရှိန်က တစ်ဖြေးဖြေး နိမ့်ဆင်းလာ၍ ပရိသတ်များက စိတ်သက်သာရာရသွားဟန် သက်ပြင်းချကာ ပေါက်ပေါက်စား၊ ကိုလာသောက်ရင်း ဝူကျဲ၏ အပြုအမူကို ဆက်ကြည့်နေလိုက်ကြသည်။ သို့သော် ထိုပန်းရောင်ပူဖောင်းတို့ ထုံလွှမ်းနေသော အချစ်အငွေ့အသက်တို့က ကြာကြာမခံ။ မကြာမီတွင်ပင် ဇာတ်ကွက်က တစ်ဆစ်ချိုးပြောင်းလဲသွားတော့သည်။
စပိုက်ဒါကို လိုက်ရှာလေလေ သူ့ဘေးမှ ကောင်မလေးမှာ စပိုက်ဒါဖြစ်ကြောင်း ညွှန်ပြနေသည့် သက်သေများကို တွေ့ရလေဖြစ်သည်။ သို့သော် သူ လက်ဆုပ်လက်ကိုင်ပြရကာနီးတိုင်း မတော်တဆမှုတစ်ခု ဖြစ်ပွားလာသည်။
နောက်ဆုံးတွင်တော့ ဝူကျဲက သူမကိုသာ စပိုက်ဒါ ဟုတ်မဟုတ် မေးလိုက်သည်။ သူမက ဝန်လည်းမခံ ၊ ငြင်းလည်း မငြင်းဆန်ပေ။ သက်သေမှာ အဖြူရောင်ရဲတိုက်ထဲတွင် ရှိနေသည်ဟုသာ ပြောလိုက်သည်။
ဝူကျဲလည်း ရဲတိုက်သို့သွားကာ တံခါးခုနစ်ချပ်ကို တစ်ချက်ခြင်း လှပ်လိုက်သည်။
သူ ဒုတိယတံခါးကို ဖွင့်လိုက်ချိန်တွင်တော့ ရုံတစ်ခုလုံး အာမေဋိတ်သံ သောသောညံသွားသည်။ တစ်ယောက်ယောက်က တံခါးဘေး သလွန် ညောင်စောင်းပေါ်တွင် လှဲရင်း မျက်လုံးကို ပင့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်တို့က ပြုံးတော့မယောင် ရေးရေးလေး ကော့တက်နေသည်။ စိမ်းမြမြ မျက်ဝန်းတို့က တဖိတ်ဖိတ်တောက်နေကာ လက်ထဲတွင် ငှက်မွေးယပ်တောင်ကို အသာလေးခပ်နေသည်။ ထိုသူမှာ အပြင်မှ လာသူတော့မဟုတ်။ သူမ၏ ချစ်သူသာဖြစ်သည်။
ရှယွမ်သည် ပိတ်ကားပေါ်မှ ကောင်းထျန်းကိုသာ တစ်စူးတစ်စိုက် ကြည့်နေသည်။ သူမှာ မအံ့ဩဘဲပင် မနေနိုင်တော့။ အခု မြင်နေရတဲ့ ကောင်းထျန်းက မျက်စောင်းထိုးတာနဲ့ နှုတ်ခမ်းစူတာပဲ လုပ်တတ်တဲ့ ကောင်းထျန်းနဲ့ တစ်ယောက်တည်းရော ဟုတ်ရဲ့လား။
စောက်ရမ်းကို မိုက်လိုက်တာ အရမ်းလည်း လှတာပဲ လှတာမှလေ လူသားလို့ကို မထင်ရက်စရာ တောနက်ထဲမှ နတ်သူငယ်လားကျနေတာပဲ
ရဲတိုက်၏ တံခါးခုနစ်ချပ်မှာ ပညတ်တော်ခုနစ်ပါးကို ကိုယ်စားပြုနေသည်။ ရုပ်ရှင်၏ လျှို့ဝှက်ချက်အများစုမှာ ထိုနေရာတွင် မြှုပ်နှံထားသည်။ တံခါးခုနစ်ချပ်မှာ လူ့သဘောလူ့မနောကို ကိုယ်စားပြုသော်ငြား စာအုပ်ထဲတွင်တော့ နောက်ထပ်ရှင်းလင်းချက်တစ်ခု ရှိနေသေးသည်။ ထိုဟာများမှာ စပိုက်ဒါကြောင့် ထင်ယောင်ထင်မှားဖြစ်မှုများသာ ဖြစ်သည်။ စာအုပ်ထဲတွင် သူတွေ့ခဲ့သည်များမှာ ရုပ်ရှင်ထဲမှာကဲ့သို့ အမြင်မလှ။ အားလုံးက သွေးသံတရဲရဲဖြင့် နတ်ဆိုးမိစ္ဆာများသာ ဖြစ်သည်။
( ပညတ်တော် ခုနစ်ပါး - မာန၊ လောဘ၊ တဏှာ၊ ဣဿာမစ္ဆရိယ၊ ရသတဏှာလွန်ကြူးခြင်း၊ ဒေါသ၊ ပျင်းရိခြင်း)
ချစ်သူများနေ့ကြောင့် ဆရာဖုက အခြား ကဗျာဆန်ဆန် နည်းလမ်းကိုသုံးကာ ဖော်ကျူးခဲ့ခြင်း ဖြစ်သည်။
ဝူကျဲက သူမကို နောက်ဆုံးတံခါးတွင် တွေ့လိုက်ရသည်။ နံရံပေါ်တွင် သူ့ဓာတ်ပုံများ ချိတ်ဆွဲထားသည်မှလွဲ၍ အခန်းတစ်ခုလုံး ‌ဗလာကျင်းလျက်ပင်။ သူမက မြေပြင်ပေါ်တွင် ဒူးထောက်ရင်း သူ့ကို ပြောလိုက်သည်။
"ကျွန်မရဲ့ မူလပညတ်ချက်က လောဘလေ ..."
ဝူကျဲက သူမကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"ဘာလို့လဲ ..."
"ဘာလို့လဲဆိုတော့ ..."
မျက်ရည်တစ်ပေါက်က မျက်လုံးထောင့်စွန်းမှတစ်ဆင့် မြေပြင်ပေါ်သို့ သက်ဆင်းသွားတော့သည်။
"ရှင့်ကို ပိုင်ဆိုင်ချင်လို့လေ ..."
"အချစ်က ပိုင်ဆိုင်မှု မဟုတ်ဘူး ..."
သူမက ခေါင်းကိုယမ်းကာ ဝူကျဲကို ကြည့်လိုက်သည်။
"ကျွန်မက ရှင့်ကို မချစ်ဘူး ပိုင်ဆိုင်ချင်ရုံသပ်သပ်ပဲ ..."
"တကယ်လား ..."
သူက ဒူးထောက်ကာ သူမ၏ မျက်ရည်စတို့ကို သုတ်ပေးလိုက်သည်။
"ဒါပေမယ့် အဆုံးမှာတော့ မင်းက အားလုံးကို ရခဲ့တယ်လေ ..."
ထူးဆန်းဖွယ် တေးသံအချို့နှင့်အတူ သူမ၏ဇက်က ကျိုးကျသွားသည်။ မျက်လှည့်ပြသနေသည့်သဖွယ် ထောင်ပေါင်းများစွာသော နှင်းဆီပန်းတို့က သူမ၏ ဒဏ်ရာမှတစ်ဆင့် ပွင့်ဖူးလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးကို နှင်းဆီပင်လယ်ဖြင့် ဖုံးလွှမ်းပစ်လိုက်သည်။
သူ့ကောင်မလေးမှာ မျက်ရည်လည်ရွှဲနေသလို ယွရှယွမ်ကိုယ်တိုင်မှာလည်း မျက်ရည်စတို့ ရစ်သိုင်းလာသည်။ ဘေးပတ်လည်တွင်လည်း နှာခေါင်းရှုံ့သံ ခပ်တိုးတိုးက ထွက်ပေါ်လာသည်။
ဝူကျဲ ရဲတိုက်ထဲမှ ထွက်လာချိန်တွင် နှင်းလွှာတို့ အုပ်မိုးနေသော မိန်းကလေး၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ ဝူကျဲလည်း သူမ၏ကိုယ်ကို ပွေ့ကာ အဝေးသို့ တဖြေးဖြေး ထွက်သွားလိုက်သည်။ ထို့နောက် သူ့ခေါင်းဆောင်မှ စပိုက်ဒါမှာ ထိုမိန်းကလေးမဟုတ်ကြောင်း ပြောလာသည်။
သူ၏ သဲလွန်စရှာဖွေရမည့် ခရီးလမ်းမှာတော့ ဆက်ရန်ရှိသေးသည်။ ဝူကျဲက တံခါးခုနစ်ချပ်မှ သူရခဲ့သည့် သဲလွန်စများနှင့် ယခင် သဲလွန်စများကို ပေါင်းစပ်ကာ စပိုက်ဒါအစစ်ကို လက်ရဖမ်းနိုင်ခဲ့သည်။
နှင်းလွှာတို့က လောကတစ်ခွင် ဖုံးအုပ်နေကာ သေလွန်ပြီးသူတို့က သန့်စင်သည့်ဘုံတွင် ပြန်လည်မွေးဖွာလာကြသည်။
"ပြန်လာပြီလား ..."
ဝူကျဲက နှင်းထဲမှ ရုပ်ပုံလွှာကို ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမ၏ စွမ်းရည်နှင့် ပြန်လည်အသက်ရှင်နိုင်သည့်အကြောင်းကို သိရှိသွားခဲ့သည်။
သူမက သူ့အနားလျှောက်လာကာ လက်ကိုဆန့်ထုတ်ပြီး ညင်ညင်သာသာလေး မေးလိုက်သည်။
"ကျွန်မကို အိမ်ပြန်ခေါ်သွားပေးမလား ..."
.....
ဝူကျဲတို့ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြခြင်းဖြင့် ဇာတ်လမ်းကို လှပစွာ အဆုံးသတ်လိုက်သည်။ သို့သော် ရှယွမ်၏ရင်ထဲတွင်တော့ လေးလံနေဆဲဖြစ်သည်။ လွတ်သွားသော အချက်အလက်တို့ကို ပြန်ရှာရန်အတွက် ရုပ်ရှင်ကို နောက်တစ်ခေါက် ပြန်ကြည့်ရန် တေးမှတ်ထားလိုက်သည်။
"ဟဲမင်က အရမ်းကို ခန့်ညားတာပဲ ..."
ရုံထဲမှ ထွက်လာပြီး အတော်ကြာသည့်တိုင်အောင် သူ့ကောင်မလေးမှာတော့ ဇာတ်လမ်းထဲမှ ရုန်းထွက်နိုင်သေးဟန်မတူ။ ဒီစာကြောင်းတစ်ခုတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေသည်မှာ အကြိမ်သုံးဆယ်ထက် မနည်းတော့ပေ။
ဒီသက်လတ်ပိုင်းဦးလေးကြီးက ဘယ်လောက် ကြည့်လှမှာမိုလို့လဲ ကောင်းထျန်းကမှ လှသေးတယ်...
အဖြူရောင်ရဲတိုက်ကို ကြည့်ပြီးတော့ ဟဲမင်ကို တမ်းတမ်းစွဲ ဖြစ်နေတာဆိုတော့ "ယမန်ည" ကိုကြည့်ဖို့ရော ဘာလို့ ခေါ်မသွားနိုင်ရမှာလဲ
ထိုအကြောင်းကို တွေးပြီးနောက် ရှယွမ်သည် ဖုန်းကိုထုတ်ကာ "ယမန်ည" ၏ မှတ်ချက်တို့ကို ရှာကြည့်လိုက်သည်။ သူ့သူငယ်ချင်းများမှာ ထိုရုပ်ရှင်ကို ရုံမတင်ခင်ကပင် စိတ်လှုပ်ရှားနေကြသည်။ အဖြူရောင်ရဲတိုက်နှင့်လည်း ဇာတ်ကြောင်းတူသည့်အတွက် ရင်းနှီးမြှုပ်နှံထားမှုတို့က ပရိသတ်ကို စိတ်မပျက်‌စေလောက်။
သို့သော်ငြား ရလဒ်ကတော့ ရှယွမ်၏အထင်နှင့် တစ်ခြားစီပင်။ သူတွေ့သမျှ မှတ်ချက်တိုင်းမှာ ရုပ်ရှင်ကို အပြစ်ပြောထားသည်ချည်းသာဖြစ်သည်။
(စာအုပ်ရဲ့ ပရိသတ်တွေက ဒီရုပ်ရှင်ကို နားလည်ဖို့ မထိုက်တန်ဘူးလား ငါ့မှာတော့ ရုံထဲမှာ နှစ်နာရီကျော်ထိုင်ပြီး ဘေးကလူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတာကို ထိုင်‌ကြည့်နေရတယ် နောက်ဆုံးကျ ငါတစ်ယောက်ပဲ ဒီနှစ်နာရီကတော့ ကြုံဖူးသမျှထဲမှာ အခက်ခဲဆုံး နှစ်နာရီပဲ ... )
( ငါကြုံခဲ့ရတာတွေက အစစ်လို့ကို မယုံနိုင်သေးဘူး အိပ်မက်မက်နေသလိုပဲ )
-(လျှိုမုန့်က ဘာလို့ တအားကို ကြည့်ရဆိုးနေတာလဲ ပိုစတာထဲမှာလည်း ဒီလိုမျိုးပဲလား သူ့နှုတ်ခမ်းကြီး စူထွက်နေတာများလေ အမလေး နေရာမှာတင် ထခုန်မိတော့မလို့ )
(ဆိုးလိုက်တဲ့ရုပ်ရှင် စောက်ရမ်းကို ဆိုးရွားတာပဲ)
-(ဒီရုပ်ရှင်ကို သွားကြည့်မယ်လို့ တွေးထားတဲ့ သူငယ်ချင်း‌တို့ရေ trailer ကိုသာ ကြည့်ကြပါ တကယ့်အနှစ်က trailer ထဲမှာပဲ ရှိတာ ပြီးတော့ ခင်လို့ ထပ်ပြီး အကြံပေးလိုက်ဦးမယ် လျှိုမုန့်ရဲ့ဖန်တွေပါရင် ဒီရုပ်ရှင်ကို လုံးဝကို သွားမကြည့်ကြပါနဲ့ ... )
.....
တစ်ချိန်တည်းတွင်ပင် အဖြူရောင်ရဲတိုက်၏ ပုံရိပ်ကတော့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြောင်းပြန်ဖြစ်သွားသည်။ သို့သော် ကြိုတင်ရောင်းချထားသည့် လက်မှတ်မှာ သိပ်မများသည့်အတွက် လူသိနှုန်းကတော့ နည်းနေဆဲပင်။
( ဖြတ်သွားရင်း တွေ့ရင် အလွတ်မခံနဲ့နော် ယွမ်သုံးဆယ်လောက်နဲ့ အရူးလုပ်မခံရစေနဲ့ ဝေရှုနဲ့ ရှောင်းလော်ရီတို့ရဲ့ ချိုမြမြ အချစ်ဇာတ်လမ်းကို သေချာပေါက်ကို ကြည့်လိုက်ကြပါ )
( ဒါကို ဖတ်ပြီးပြီးချင်း ဒုတိယတန်းကို ချက်ခြင်းသွားပြီး မင်းတို့ လွတ်သွားခဲ့သမျှကို ပြင်ဆင်ခဲ့တယ် )
-( ကောင်းထျန်းက တအားကိုလှတာပဲ ငါတော့လေ သူဒီလောက်လှတာကို ပထမဆုံး မြင်ဖူးတာပဲ ဒီလိုမိန်းမလှလေးနဲ့ တစ်ခါလောက် အတူတူအိပ်ချင်လိုက်တာ )
( +1ငါပြန်ရောက်ရောက်ချင်း သူမရဲ့ အရင်ရုပ်ရှင်တွေကို ရှာကြည့်လိုက်သေးတယ် အဖြူရောင်ရဲတိုက်ကိုပဲ နောက်တစ်ခေါက်ပြန်ကြည့်ကြပါ )
-( ငါတော့လေ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလိုပဲ ချန်းမန်ရဲ့ သရုပ်‌ဆောင်စွမ်းရည်ကလေ အိုပညာလောကရဲ့ ပန်းပွင့်လေးတွေထက် အပုံကြီးကိုသာတယ် .)
.....
အမျိုးမျိုးသော ချီးကျူးမှုများကြောင့် လူထုမှာ ဖုကျန်းသည် ရေတပ် ငှားထားလေသလားဟုပင် သံသယဝင်လာသည်။ တစ်ချိန်တည်းမှာပင် ဒါရိုက်တာလျန်ချွန်းချောင်ကလည်း တမင်တကာ အပုတ်ချရန် ရေတပ်ငှားရန်ခြင်းကဲ့သို့သော မသမာသည့်နည်းလမ်းများကို ကန့်ကွက်ပါသည်ဟု ပို့စ်တင်လိုက်သည်။
xxxxxxx