Chapter 120
Viewers 35k

💮Chapter 120



ဝမ်ချီက ခဏအတွင်း ပြန်လည် သက်သာလာလိမ့်မည်ဟု တွေးထားခဲ့သော်လည်း လက်တွေ့တွင်မူ နေ့တိုင်း ဆေးများစွာ သောက်သုံးရပြီး အိပ်ရာထဲတွင်လည်း ၃/၄ရက်နီးပါး လဲနေခဲ့ရကာ မထနိုင်ခဲ့ပေ။


သူ ပြန်လည်မသက်သာမီတွင် ကိုယ်လုပ်တော်ရုန်က နန်းတော်သို့ပြန်ရန် ပြင်ဆင်နေခဲ့သည်။


ယောဖန်းနှင့် ယောထောင်က ဝမ်ချီ အနားယူရန်အတွက် အိမ်တော်တွင် ရက်အနည်းငယ်ကြာ ပေးနေပြီး သက်သာသွားသောအချိန်မှသာ ထွက်ခွာရန် ကိုယ်လုပ်တော်ရုန် ထံသို့ သွားရောက် တောင်းဆိုချင်သော်လည်း ဝမ်ချီက သူတို့ကို တားမြစ်ခဲ့သည်။


ဤနေရာတွင် လူများစွာရှိကာ သူတစ်ယောက်တည်းကသာ ထ၍ တောင်းဆိုပါက တမူထူးခြားနေပြီး အများ၏ အာရုံစိုက်စရာ ဖြစ်နေပေလိမ့်မည်။


ပို၍ အရေးကြီးသည်မှာ သူ့၏လျှိုဝှက်ချက် ပေါက်ကြားသွားနိုင်ခြေ ဖြစ်သည်။


ကိုယ်လုပ်တော်ရုန်နှင့် ဟွားကျစ်ချန်က ယမန်ညက ဆွေးနွေးမှုကို ခိုးနားထောင်ခဲ့သူအား တစ်တောင်လုံးအနှံ့ လိုက်လံရှာဖွေနေ၏။ အကယ်၍ သူကသာ နာမကျန်းမှုကို ထုတ်ပြလိုက်လျှင် ကျားရှေ့မှောက်လျက်လဲသကဲ့သို့ ဖြစ်နေပေလိမ့်မည်။


ဝမ်ချီက ထိုအကြောင်းကို တွေးမိ၍ မည်မျှပင် နေမကောင်းဖြစ်နေပါစေ အိပ်ရာပေါ်မှရအောင်ထပြီး ပစ္စည်းများသိမ်းကာ အများနည်းတူလိုက်မီရန် ကြိုးစားသည်။


သူ မထားခဲ့နိုင်သည့် တစ်ခုတည်းသော အရာက အားကူဆိုသည့် မြေခွေးလေးပင် ဖြစ်သည်။ အားကူက အိပ်ရာပေါ်တွင် ခုန်ပေါက်မြူးတူးကာ သူ့အနားယူမှုကို ရက်ပေါင်းများစွာ အနှောင့်အယှက် ပေးခဲ့သော်လည်း နက်မှောင်သော မျက်ဆံတောက်တောက်များဖြင့် စိုက်ကြည့်ခံရသော အချိန်တွင် သူ့ခန္ဓာကိုယ် တစ်ခုလုံး ရေမှုန်ရေမွှားများဖြင့် အပက်ခံရသကဲ့သို့ ခံစားရသည်။


ထွက်ခွာခါနီး အချိန်တွင် အားကူက တစ်စုံတစ်ရာကို ခံစားမိပုံရပြီး ဝမ်ချီ၏ ဘောင်းဘီစကိုဆွဲကိုက်ကာ လွှတ်မပေးတော့ပေ။


အားကူကို စောင့်ရှောက်ရသော မိန်းမစိုးလေးက အားကူ၏ ထိုအပြုအမူနှင့် ရင်းနှီးနေပုံရပြီး မည်သည့်စကားမျှ မပြောဘဲ ဘေးတွင်သာ ဦးညွှတ်၍ ရပ်နေသည်။


ဝမ်ချီလည်း မြေပြင်ပေါ်က အားကူလေးကို ကုန်းချီလိုက်ပြီး အားကူ၏အမွေးဖွားဖွားများကို ပွတ်သပ်ကာ နှုတ်ဆက်စကား ဆိုသည်။

“လိမ္မာတဲ့ကောင်လေး… အခွင့်ကြုံရင် မင်းကို နောက်တစ်ခေါက် လာတွေ့မယ်နော်…”


အားကူက သူ့ခေါင်းဖြင့် ဝမ်ချီ၏လက်ဖဝါးကို ပွတ်နေပြီး သနားစဖွယ် အော်နေသည်။


ဝမ်ချီလည်း အားကူကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။ အားကူကို ဤအိမ်တော်မှ ခေါ်ထုတ်ရန် နေနေသာသာ အနာဂတ်တွင် အားကူကို လာရောက်တွေ့နိုင်မည်လားဆိုသည်ကိုပင် ကတိမပေးနိုင်ပေ။ 


သို့သော်လည်း ရှစ်ယဲ့ အမိန့်ပေးထားခြင်း ဖြစ်သောကြောင့် ထိုမိန်းမစိုးလေးက အားကူလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိမ့်မည်။ သူနှင့် ဒုက္ခလိုက်ခံရမည် ထက်စာပါက ဤနေရာတွင် လွတ်လွတ်လပ်လပ် နေရမည်က ပို၍ ကောင်းလိမ့်မည်။


ဝမ်ချီက အားကူကိုပွေ့ချီထားပြီး အပြင်မှ တစ်စုံတစ်ယောက်က ထွက်ခွာချိန် ရောက်ပြီဖြစ်ကြောင်း သူ့ထံသို့ လာရောက်အ​ကြောင်းကြားမှသာ အားကူကို အောက်သို့ ပြန်ချပေးလိုက်သည်။ 


အပြန်လမ်းတွင် ဝမ်ချီနှင့် ရွယ်ကွေ့က လှည်းတစ်စီးထဲတွင် အတူလိုက်ပါစီးနှင်းလာကြသည်။ သူတို့အဖွဲ့က လူများသောကြောင့် ယခုအချိန်အထိ ကိုယ်လုပ်တော်ရုန်နှင့် ဟွားကျစ်ချန်ကို မတွေ့ရသေးပေ။


တစ်နေ့တာလုံး ခရီးဆက်ခဲ့ကြသည်။


ညနေစောင်းတွင် ကောင်းကင်က မှိုင်းပြာနေပြီး အလင်းရောင် တဖြည်းဖြည်းလျော့နည်းလာသည်။ နောက်ဆုံးတွင် သူတို့ အရှေ့နန်းတော်သို့ ပြန်လည် ရောက်ရှိသွားသည်။


ဝမ်ချီက ဝါးပုလွေအိမ်တော်သို့ ပြန်သောလမ်းတွင် ကိုယ်လုပ်တော်ရုန်နှင့် ဟွားကျစ်ချန် အကြောင်းကိုသာ တွေးနေခဲ့သည်။ ထိုညက သူ ရှစ်ယဲ့၏ အခြေအနေကြောင့် ကြောက်လန့်နေသောကြောင့် သူ ကြားခဲ့သော ကိစ္စများကို ရှစ်ယဲ့ကိုပြောရန် မေ့နေခဲ့သည်။


သူ အကြိမ်များစွာ တွေးတောပြီးနောက် ထိုအကြောင်းကို ရှစ်ယဲ့အားပြောပြရန် ဆုံးဖြတ်လိုက်သည်။


ဝမ်ချီက စိတ်ထဲတွင် အစီအစဉ်ဆွဲထားသော်လည်း လက်တွေ့ အခြေအနေက ခွင့်မပြုခဲ့ပေ။ သူ့၏ ဖျားနာမှုက ပြန်၍ အခြေအနေဆိုးလာပြီး အိပ်ရာထဲတွင် ရက်ပေါင်းများစွာ လဲနေခဲ့ရသည်။


ယောဖန်းနှင့်ယောထောင်က အလွန်စိတ်ပူပြီး သမားတော်ပေါင်း များစွာကို တစ်ယောက်ပြီးတစ်ယောက် ဖိတ်ခေါ်ကာ ဝမ်ချီ့ကို ဆေးများစွာ ကြိုတိုက်ခဲ့ကြသည်။ အဆုံးသတ်တွင် သူတို့၏ ကြိုးစားမှုကြောင့် ဝမ်ချီလည်း ပြန်လည် နလန်ထူလာခဲ့သည်။


ဝမ်ချီက ညသန်းခေါင်တွင် ပြန်လည်နိုးလာခဲ့ပြီး အခန်းထဲတွင် ဖယောင်းတိုင်မီးအလင်းရောင် ဖျော့ဖျော့သာ ရှိသည်။


ဝမ်ချီ့ လည်ပင်းက အလွန်ခြောက်သွေ့နေသောကြောင့် ပါးစပ်ကို အနည်းငယ်ဟကာ ယောထောင်နာမည်ကို ကြိုးစား ခေါ်ယူလိုက်သည်။

“ယောထောင်…”


သူ့စကား ဆုံးသွားသော အချိန်အတွင် နှင်းဖြူရောင် မျက်နှာတစ်ခုက သူ့အမြင်အာရုံတွင် ရုတ်တရက် နေရာယူသွားသည်။


ဝမ်ချီက ထိုမျက်နှာကို သေချာစွာမမြင်လိုက်ရမီတွင် ရင်းနှီးကျွမ်းဝင်နေသောအသံကို ကြားလိုက်ရပြီး သူ့မျက်နှာ စိုစွတ်လာသည်ကို ခံစားလိုက်ရသည်။ ထိုသေးငယ်သော အရာလေးက သူ့မျက်နှာကို ကျွမ်းကျင်စွာ လျက်နေသည်။


ဝမ်ချီက သူ့ပါးစပ်ကို လျင်မြန်စွာပိတ်လိုက်ပြီး လက်မြှောက်ကာ ထိုသေးငယ်သောအရာကို အဝေးသို့ တွန်းလိုက်သောအချိန်တွင် တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။

“အားကူ…”


ထိုအသံက စူးရှနေပြီး ဝမ်ချီကို ထိတ်လန့်စေရုံသာမက သူ့အပေါ်တွင် ခုန်ပေါက်နေသော ထိုသေးငယ်သော အရာကိုပင် ကြောက်လန့်သွားစေသည်။ ထိုအရာလေးက အလွန် ကြောက်ရွံ့သွားပြီး ဝမ်ချီကိုယ်ပေါ်တွင် မလှုပ်မယှက် လှဲနေသည်။ သူ့လက်နှစ်ဖက်ဖြင့် ဝမ်ချီ့လည်ပင်းကို သိုင်းဖက်ထားကာ နားရွက်များကို အနောက်သို့ ပိို့ထားသည်။


ခဏအကြာတွင် လက်တစ်ဖက်က ဝမ်ချီ့ကိုယ်ပေါ်တွင် လှဲနေသော ထိုအရာလေးကို ချီမသွားသည်။


ဝမ်ချီ့ရင်ဘတ်ပေါ်ကို ဖိထားသော အလေးချိန် မရှိတော့သောကြောင့် ကောင်းမွန်စွာ အသက်ရှူနိုင်သွားသည်။ ဝမ်ချီ ခေါင်းလှည့်ပြီး ကြည့်လိုက်သောအချိန်တွင် အဖြူရောင်မြေခွေးလေးကို လက်မောင်းထဲတွင်ပိုက်ကာ အိပ်ရာနားသို့ လျှောက်လှမ်းလာသောရှစ်ယဲ့ကို မြင်လိုက်ရသည်။


မြေခွေးဖြူလေးက ခေါင်းထောင်ပြီး ဝမ်ချီကို လှမ်းကြည့်နေသည်။ မကြာမီအချိန်က ကြောက်လန့်နေခဲ့သော မြေခွေးဖြူလေးက ယခုတွင်မူ အားအင် ပြန်ပြည့်ဝနေပြီး အမြီးဖွားဖွားကို လှုပ်ယမ်းကာ ဝမ်ချီကို အနက်ရောင်မျက်ဆံတောက်တောက်များဖြင့် လှမ်းကြည့်နေပြီး ပါးစပ်မှ မျိုးစုံအော်နေသည်။


ဝမ်ချီ့ နှလုံးသားလေး ချက်ချင်းနူးညံ့သွားပြီး ရင်ဘတ်ထဲမှ ခံစားနေရခဲ့ရသော ဖိအားများကို ဖယ်ထုတ်လိုက်ကာ ညင်သာစွာ မေးမြန်းသည်။

“ အားကူလေးက ဘာလို့ ဒီကို ရောက်နေတာလဲ…”


အားကူက သူ့နာမည်ကို ကြားသောအချိန်တွင် သူ့ကို လှမ်းခေါ်သည်ဟုထင်ပြီး ရှစ်ယဲ့ လက်မောင်းကြားမှ ရုန်းကန်ကာ ဝမ်ချီ့ထံသို့သွားရန် ကြိုးစားသည်။


ရှစ်ယဲ့က မတုန်မလှုပ်ဖြင့် အားကူကို ဖက်ထားပြီး တခြား လက်တစ်ဖက်ဖြင့် အားကူ၏ ခေါင်းကို ညင်ညင်သာသာ ခေါက်ကာ ပြောသည်။

“ငြိမ်ငြိမ်နေ…”


အားကူက ရှစ်ယဲ့ကို အနည်းငယ်ကြောက်ပုံရသည်။ ရှစ်ယဲ့၏ ခေါင်းခေါက်ခြင်းခံရပြီးနောက် သူ ယခင်ကထက် ပို၍ ငြိမ်သက်သွားပြီး လှုပ်ခါနေသောအမြီးပင် ပျော့ခွေကျသွားသည်။


ထိုမြင်ကွင်းကို မြင်ပြီး ဝမ်ချီက ရယ်ချင်သွားသည်။


ရှစ်ယဲ့က အားကူ ငြိမ်သွားသည်ကိုမြင်မှသာ သူ့ကို ဝမ်ချီ့အိပ်ရာဘေးတွင် ချပေးလိုက်ပြီး ပြောသည်။

“အားကူက မင်းနဲ့ မခွဲနိုင်ဖြစ်နေတယ်လို့ ပြောတာ ကြားလို့ တစ်ယောက်ယောက်ကို အိမ်တော်ကနေ သွားယူခိုင်းလိုက်တာ… မင်း ဆန္ဒရှိတယ်ဆိုရင် သူ့ကို မင်းဘေးနားမှာ ထားလို့ရတယ်…”


ဝမ်ချီလည်း အံ့အားသင့်ပြီး ပျော်ရွှင်သွားကာ ပြောသည်။

“တကယ်လား…”


ရှစ်ယဲ့က ရယ်လိုက်ပြီး မေးသည်။

“ကိုယ် မင်းကို လိမ်ဖူးလို့လား…”


ဝမ်ချီက အလွန်ပျော်ရွှင်နေပြီး သူ့ကြည်နူးမှုများက အားကူထံသို့ ကူးစက်သွားကာ အားကူက သူ့ခေါင်းဖြင့် ဝမ်ချီ့လက်ကို ပွတ်သပ်နေသည်။ ရှစ်ယဲ့ထံမှ သင်ခန်းစာ ပေးခံရပြီးနောက် အားကူက သူ့ကိုယ်သူ ထိန်းချုပ်တတ်သွားပြီး ယခင်ကဲ့သို့ ဆူညံသံများ ထွက်မနေတော့ပေ။


ဝမ်ချီက အားကူ၏ အမွေးပွပွခေါင်းကို ပုတ်နေပြီးနောက် ခဏအကြာတွင် ရေခွက်သယ်လာသောရှစ်ယဲ့ကို မြင်လိုက်ရသည်။


ယခင်က အတွေ့အကြုံများကြောင့်ပင်လား မသိပေ ရှစ်ယဲ့က ယခုတွင် လူများကို ပြုစု စောင့်ရှောက်တတ်လာသည်။ သူက ဝမ်ချီကို အိပ်ရာခေါင်းရင်းတွင် ထိုင်စေပြီး ဝမ်ချီ့နှုတ်ခမ်းနားသို့ ရေခွက်ကိုတေ့ပေးသည်။


ဝမ်ချီက ရေအလွန်ဆာနေပြီ ဖြစ်သောကြောင့် ရှစ်ယဲ့တိုက်သော ရေကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူက အလောတကြီး သောက်သုံးလိုက်သောကြောင့် နောက်ဆုံးတစ်ငုံတွင်ရေသီးပြီး ချောင်းဆိုးသွားတော့သည်။


ထိုအရာကိုမြင်ပြီး ရှစ်ယဲ့က လျင်မြန်စွာဖြင့် ဝမ်ချီ့ကျောကို လက်ဖြင့်ပုတ်ပေးသည်။ အခြားသူများကို ဤကဲ့သို့ ဆက်ဆံခဲသောကြောင့် ထိုအပြုအမူနှင့် ရင်းနှီးကျွမ်းကျင်မှုမရှိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။


ဝမ်ချီ့မျက်နှာက ချောင်းဆိုးခြင်းကြောင့် နီရဲနေသည်။ သူက လက်ခါပြပြီး အဆင်ပြေကြောင်း ပြောသည်။ သူ ခေါင်းမော့လိုက်သော အချိန်တွင် မျက်ဝန်းထောင့်များမှာ အနီရောင်သန်းနေပြီး နှာခေါင်းထိပ်လေးမှာလည်း နီရဲနေသည်။ မျက်ဆံနက်နက်များတွင် အရိပ်ညှို့ညှို့ဖြင့် ဖုံးလွှမ်းနေသည်။


ရှစ်ယဲ့က ထိုမျက်နှာလေးကို မြင်ပြီး ရုတ်တရက် ကြောင်အသွားသည်။


ဝမ်ချီက ရှစ်ယဲ့၏ပြောင်းလဲမှုကို သတိမထားမိပေ။ သူက မျက်လုံးများကို ပွတ်သပ်လိုက်ကာ ရှက်ရွံ့နေပြီး ရှစ်ယဲ့ကို တောင်းပန်စကား ဆိုလိုက်သည်။


သူ့ပါးစပ်မှ တောင်းပန်စကား ထွက်သွားသည်နှင့် လက်တစ်ဖက်က သူ့ထံသို့ ရုတ်တရက်ရောက်ရှိလာသည်။


အေးစက်သောလက်ချောင်းများက ဝမ်ချီ့ နှုတ်ခမ်းကို လာရောက် ထိတွေ့သည်။ ထိုအေးစက်သော ထိတွေ့မှုကြောင့် ဝမ်ချီက ခေတ္တကြောင်အသွားကာ ၎င်းမှာ ရှစ်ယဲ့၏ လက်ဖြစ်ကြောင်း သဘောပေါက်သွားသည်။


ဝမ်ချီက ပြောသည်။

“ရှစ်ယဲ့…”


ရှစ်ယဲ့၏ မျက်နှာအမူအရာတွင် အပြစ်ရှိသကဲ့သို့ ခံစားနေရကြောင်း ပြသနေသည်။ သူက ဝမ်ချီ့ နှုတ်ခမ်းထောင့်တွင် ရှိနေသော ရေစက်များကို လက်မဖြင့် သုတ်လိုက်ပြီး ဝမ်ချီ့ကိုပြကာ ပြောသည်။

“ဒီနားမှာ… ရေတွေ ကျန်နေလို့…”


ဝမ်ချီ "..…"


ရှစ်ယဲ့၏ လေးနက်နေသောအမူအရာကိုကြည့်ပြီး ဝမ်ချီက ဘာပြောရမည်မသိဖြစ်ကာ စိတ်ထဲတွင် ပေါ်ပေါက်လာသော သံသယများလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။


ထားလိုက်ပါတော့…


ဝမ်ချီက အရေးကြီးသော ကိစ္စတစ်ခုကို မှတ်မိသွားပြီး ရှစ်ယဲ့ကို သူ ယမန်နေ့ညက တွေ့မြင်ကြားသိခဲ့သော အကြောင်းအရာများကို ပြောပြလိုက်သည်။


ရှစ်ယဲ့က နားထောင်ပြီးနောက် လုံးဝအံ့ဩသွားခြင်း မရှိပေ။ သူက တည်ငြိမ်စွာ ပြောသည်။

“ကိုယ်လုပ်တော်ရုန်က ရည်မှန်းချက် ကြီးမားတဲ့သူမို့ ဟွားမိသားစုနဲ့ ပူးပေါင်းတာ အံ့ဩစရာတော့ မဟုတ်ပါဘူး…”


ဝမ်ချီက စိုးရိမ်တကြီးဖြင့် မေးမြန်းသည်။

“အရှင့်သား ဘယ်လိုစီစဉ်ထားလဲ…”


ကိုယ်လုပ်တော်ရုန်နှင့် ဟွားကျစ်ချန်က မူလဝတ္ထုထဲတွင် အရံဇာတ်ကောင်သာ ဖြစ်သော်လည်း သူတို့ ထောက်ခံသော ရှစ်ကျင်းကမူ အဓိကဇာတ်လိုက်ဖြစ်သည်။ ယခု ဇာတ်လမ်းက အစအဆုံး ပြောင်းလဲနေသောကြောင့် ရှစ်ကျင်း၏ ဇာတ်လိုက်အရှိန်အဝါအောက်တွင် ရှစ်ယဲ့ ရှုံးနိမ့်မည်လားက မသေချာပင်။


နှမြောစရာကောင်းသည်မှာ ဝမ်ချီက နည်းဗျူဟာများကို နားမလည်ရုံသာမက အုပ်ချုပ်ရေးတွင်လည်း အာဏာ မရှိသောကြောင့် ရှစ်ယဲ့ကို အကူအညီ မပေးနိုင်ပေ။


ရှစ်ယဲ့က ဝမ်ချီကို ခဏတာ တိတ်တဆိတ် စိုက်ကြည့်နေပြီးနောက် သူ့အကြည့်များက လေးနက်လာသည်။ သူက ဝမ်ချီကို ပြောနေခြင်းလား သူ့ကိုယ်သူ ရေရွတ်နေခြင်းလား မကွဲပြားသော လေသံဖြင့် ပြောသည်။

“ကိုယ် အဲဒီကျောက်တုံးကို ရမှ ဖြစ်မယ်…”


ထို့နေ့နောက်ပိုင်းတွင် ရှစ်ယဲ့က ထပ်ပြီးပေါ်မလာတော့ချေ။


ဆောင်းတွင်းအလယ်ဖြစ်သောကြောင့် နေ့တိုင်းနီးပါး ကောင်းကင်က နှင်းများဖြင့် ဖုံးလွှမ်းနေပြီး သိုးမွှေးဖြူများဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။ ဝါးပုလွေအိမ်တော်ရှိ အစေခံများက အိမ်တော်ကို နေ့တိုင်း သန့်ရှင်းရေး ပြုလုပ်နေသော်လည်း ခြံဝင်းထဲရှိ နှင်းများကိုမူ ပြောင်ရှင်းအောင် မဖယ်ထုတ်နိုင်ကြပေ။


ဝမ်ချီနှင့် အားကူက အိမ်ထဲတွင် အတူရှိနေကြပြီး ယောဖန်းနှင့် ယောထောင်က အမြဲမပြတ် မီးဖို ဖိုပေးထားသောကြောင့် အိမ်ထဲတွင် ဝမ်ချီက ခပ်ပါးပါးသာ ဝတ်ဆင်ထားသော်လည်း အေးစက်မှုကို မခံစားရပေ။


ရက်များစွာကုန်ဆုံးပြီးနောက် ဝမ်ချီက လူကြီးမင်းရင်းထံမှ ဖိတ်ခေါ်စာကို ရရှိလိုက်သည်။ ကျင်းကျိုးရှိ ကျိုင်းကောင်ကပ်ဘေးထိန်းချုပ်မှုအောင်မြင်ပြီး မြို့တော်က ထိုသတင်းကို ကြားသော အချိန်တွင် ကျင်းကျိုးကို သွားရောက်ခဲ့သော ပညာရှင်အမှုထမ်းများကို ဖိတ်ကြားကာ ဂုဏ်ပြုပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောသည်။ ဤအခမ်းအနားကို မြို့တော်တွင် ကျင်းပမည်ဖြစ်ပြီး နာမကျန်း ဖြစ်နေသော မင်းကြီးအတွက် ဆုတောင်းရန် ရည်ရွယ်ချက်လည်း ပါဝင်သည်။


ဝမ်ချီက ပွဲတော်တွင် ရှစ်ယဲ့ကိုတွေ့ရရန် မျှော်လင့်ထားသော်လည်း ရှစ်ယဲ့အစား ဒဏ္ဍာရီလာဟွားရင်းနှင့် ဆုံလိုက်ရသည်။


ဟွားရင်း၏ ပုံပန်းသွင်ပြင်က ဝမ်ချီ ပုံဖော်ထားသည်နှင့် ကွာခြားနေသည်။ သူက ပို၍ပိန်ပါးကာ ငယ်ရွယ်ပြီး ရှစ်ယဲ့နှင့် အလွန်ဆင်၏။ ဟွားရင်းနှင့် မိဖုရားခေါင်ဟွားက အမြွှာဖြစ်သောကြောင့် ဖြစ်ပေမည်။ တစ်ချက် ကြည့်ရုံနှင့် ဟွားရင်းနှင့် ရှစ်ယဲ့က ၈၀ရာခိုင်နှုန်းခန့် တူညီနေသည်ကို တွေ့ရှိရသည်။


ဝမ်ချီက ဟွားရင်းဘေးတွင် လူများစွာ ဝိုင်းအုံနေသည်ကို မြင်ပြီး အနောက်မှ တစ်စုံတစ်ယောက် မနှုတ်ဆက်မီ အထိ အဝေးမှနေ၍သာ ကြည့်နေသည်။

“ဝမ်သခင်လေး…”


ဝမ်ချီက နာမည်ခေါ်သံ ကြားပြီး သတိပြန်ဝင်ကာ အကြည့်လားရာသို့ ပြန်အာရုံစိုက်လိုက်သောအချိန်တွင် မနီးမဝေး တစ်နေရာမှ စိုက်ကြည့်နေသော ဟွားရင်းကို မြင်လိုက်ရသည်။


ဟွားရင်းနှင့် ရှစ်ယဲ့၏ အကြီးမားဆုံးကွာခြားချက်မှာ ဟွားရင်းက ပြုံးရသည်ကို နှစ်ခြိုက်သည်။ သူ့ အမူအရာက အေးစက်နေသော်ငြား နှုတ်ခမ်းထောင့်တွင်မူ အပြုံးတစ်စုံကို ဆင်ယင်ထားဆဲ ဖြစ်သည်။


သို့သော်လည်း ဟွားရင်း၏အပြုံးက အမြဲပြုံးရယ်နေသော လူကြီးမင်းရင်းနှင့် ကွဲပြားသည်။ လူကြီးမင်းရင်း၏ အပြုံးက နှစ်လိုဖွယ်ရှိကာ လူအများကို ရင်းနှီးကျွမ်းဝင်စေသည်။ ဟွားရင်း၏အပြုံးကမူ အတုအယောင်ဆန်ပြီး စတိုးဆိုင်၏ အပေါက်ဝတွင် ထောင်ထားလေ့ရှိသော ရုပ်ပုံကားချပ်ကဲ့သို့ အစစ်နှင့် မတူဘဲ ခံစားချက်ဗလာ ဖြစ်နေကာ သူ့၏ အတွေးအစစ်မှန်ကို ခန့်မှန်း မရပေ။ ထို့ကြောင့် လူများက သူနှင့် နီးနီးကပ်ကပ် မနေရဲကြချေ။


ဤခဏတွင် ဟွားရင်းက မျက်နှာပေါ်တွင် ထိုအတုအယောင် အပြုံးများဆင်မြန်းပြီး ဝမ်ချီကို ကြည့်လာသည်။


ဟွားရင်း၏ မျက်နှာတွင် မည်မျှပင် ကြင်နာသော အပြုံးကို ဆင်မြန်းထားစေကာမူ သူ့မျက်လုံးများထဲရှိ အေးစက်မှုများကို ဝမ်ချီက ခံစားနေရသည်။


ဝမ်ချီ သတိမထားမိလိုက်သော အချိန်တွင် ချွေးစေးများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။



💮💮💮