Chapter 123
Viewers 35k

💮Chapter 123



ဝမ်ချီက ရှစ်ယဲ့၏သွေးတွင် ဒဏ်ရာပျောက်ကင်းနိုင်သော အစွမ်းရှိကြောင်း သိထားသော်လည်း ရှစ်ယဲ့၏သွေးကို ဆေးအဖြစ် အသုံးပြုရန် တစ်ကြိမ်တစ်ခါမျှ မတွေးဖူးပေ။ ထိုအရာမှာ သွေးဖြစ်သည်၊ ရှစ်ယဲ့၏ သွေးဖြစ်သည်။ မြေပြင်ပေါ်တွင် ပေါက်နေသောဆေးပင် မဟုတ်ချေ။


ထိုကလေးကပင် ရှစ်ယဲ့ကို လူသားဆေးပင်ဟု ပေါ်ပေါ်တင်တင် သုံးနှုန်းနေသည်။


ဟွားအိမ်တော်၏ အကြီးအကဲများက ထိုကဲ့သို့ မသင်ပေးထားဘဲ ကလေးတစ်ယောက်က ဤအသုံးအနှုန်းကို သိနိုင်မည် မဟုတ်ပေ။


ဝမ်ချီက အလွန်ဒေါသထွက်နေပြီး ထိုကောင်လေးကို ဆွဲကိုင်ထားသော လက်များပင် တုန်ရီနေသည်။ သူ သွေးအန်မတတ် ဒေါသထွက်နေပြီး ထိုကလေးကို ရိုက်နှက်ပစ်ချင်သော်လည်း သူ့အသိစိတ်က ထိုကဲ့သို့ မလုပ်ရန် သတိပေးနေသည်။


သူက မည်သို့မျှ မတုံ့ပြန်ရသေးသော်လည်း ထိုကောင်လေးက သူ့၏ တိတ်ဆိတ်မှုကို ငြင်းဆိုနေသည်ဟု ယူဆပြီး ပြောသည်။

“မင်း ငါ့ကို လိမ်လို့မရဘူး… မင်းရဲ့ အနံ့က အဲ့လူသားဆေးပင်ရဲ့ အနံ့နဲ့ အတူတူပဲ…”


ဝမ်ချီက ထိုကောင်လေးကို စိုက်ကြည့်လိုက်ပြီး မေးသည်။ 

“ဘာအနံ့လဲ…”


ကောင်လေးက နှုတ်ခမ်းကိုသပ်ပြီး ဖြေ၏။

“အမွှေးနံ့…”


ဝမ်ချီက မျက်နှာကိုငုံ့လိုက်ပြီး ထိုကောင်လေးကို လက်တစ်ဖက်ဖြင့်သယ်ကာ ဆက်လျှောက်သွားသည်။ ထိုကောင်လေးက သူနှင့် ရှစ်ယဲ့၏ ဆက်နွှယ်မှုကို သိနေ၍ ဆက်ဖုံးကွယ်ရန် အကြောင်း မရှိတော့ပေ။


ဝမ်ချီက မေးသည်။

“သူ ဘယ်မှာလဲ… သူဘယ်မှာလဲဆိုတာ ငါ့ကို ပြောပြရင် မင်းကို အသက်ချမ်းသာပေးမယ်…”


ဝမ်ချီက ထိုကောင်လေးကို ခေါင်းကြောမာလိမ့်မည်ဟု ထင်ထားသော်လည်း ထိုကောင်လေးက လက်ကိုမြှောက်၍ မြောက်ဘက်သို့ ညွှန်ပြပြီး ပြောသည်။

“သူ လိုချင်တဲ့ဟာက အဲ့မှာမို့ အဲ့ကို ဦးတည်ပြီး ထွက်သွားတယ်…”


ဝမ်ချီက ထိုကောင်လေးကိုချီပြီး သူ ညွှန်ပြသည့်ဘက်ကို လျှောက်သွားလိုက်သည်။ လမ်းလျှောက်ရင်းဖြင့် သူက အားအင် မရှိတော့သောကြောင့် ထိုကောင်လေးကို အောက်သို့ ပြန်ချလိုက်သည်။


ဝမ်ချီက ထိုကောင်လေးမှာ အလွန်ထူးဆန်းသည်ဟု ခံစားရသော်လည်း ကလေးအရွယ် ဖြစ်နေသောကြောင့် ဘာမှ မလုပ်နိုင်ပေ။ ထို့ကြောင့် သူ့ကို လွှတ်ပေးလိုက်သော်လည်း သူက အနောက်မှ ဆက်လိုက်လာသည်။


လမ်းခုလတ်တွင် ဝမ်ချီက လမ်းပျောက်နေရာ ထိုကောင်လေးက ထပ်မံ လမ်းညွှန်ပြသည်။

“ဘယ်ဘက်က လမ်းအတိုင်း ဆက်လျှောက်သွားပြီး ကြာကန်နားရောက်ရင် ရပ်လိုက်… သူ လိုချင်တဲ့ ပစ္စည်းက အဲ့ကြာကန်ရဲ့ ညာဘက်အခြမ်းက အိမ်ခန်းထဲမှာ…”


ဝမ်ချီက ထိုကောင်လေး၏စကားကို သံသယ ဝင်မိသော်လည်း ရွေးချယ်စရာ မရှိဘဲ သူ ညွှန်ပြသည့် နောက်ကိုသာ လိုက်သွားရသည်။ ထိုကောင်လေး၏ လမ်းညွှန်ကို လိုက်နာရန်သာ ရှိသည်။ မဟုတ်ပါက ခေါင်းပြတ်နေသော ယင်ကောင်ကဲ့သို့ ယောင်လည်လည် ဖြစ်နေလိမ့်မည်။


ကံစမ်းကြည့်တာပေါ့…


သူတို့ ကြာကန်အနားသို့ နီးကပ်လာသည်နှင့်အမျှ လမ်းမပေါ်တွင် လျှောက်လာသော ဒဏ်ရာရထားသည့် ဟွားအိမ်တော်က လူများနှင့် ဆုံလိုက်ရသည်။


ဝမ်ချီက အလျင်အမြန် ပုန်းခိုလိုက်သည်။ ထိုလူများက ကောင်လေးကို တွေ့သောအချိန်တွင် အလျင်လိုနေသော သူတို့၏ ခြေလှမ်းများက အရှိန်နှေးသွားကြသည်။

“ရုန်ဆစ် မင်းဘာလို့ ဒီမှာ ရှိနေတာလဲ… ဒီမှာ အရမ်း အန္တရာယ်များတယ် ကိုယ့်အခန်း ကိုယ်ပြန်ပြီး အခန်းထဲမှာပဲနေ…”


ရုန်ဆစ်ဟု အမည်ရသောကောင်လေးက ချက်ချင်းပင် ရိုးသားသောကလေးတစ်ယောက်ပုံ ပြန်ဖြစ်သွားပြီး ခေါင်းညိတ်ကာ ဟုတ်ကဲ့ဟု ထပ်ခါထပ်ခါ ပြောနေသည်။


ထိုလူများက ရုန်ဆစ်လက်မောင်းမှဒဏ်ရာကို သတိမထားမိဘဲ အခန်းထဲအမြန်ပြန်ရန်သာ ပြောပြီး အလောတကြီးဖြင့် ထွက်သွားကြသည်။


ဝမ်ချီက ထိုလူများ ရုန်ဆစ်နှင့် စကားပြောနေသည်ကို အခွင့်ကောင်းယူပြီး ကြာကန်နားသို့ ပျံသွားလိုက်သည်။


ကြာကန်နားတွင် လူအများအပြား စုဝေးနေကြသောကြောင့် ဝမ်ချီက သစ်ကိုင်းကြားတွင် ပုန်းခိုနေပြီး အောက်ဘက်ရှိ လူအုပ်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကြာကန်တစ်ဖက်၌ ရပ်နေသော ပုံရိပ်ထံသို့ အကြည့်များ ကျရောက်သွားသည်။


ထိုလူသားက အမည်းရောင် ဝတ်ဆင်ထားပြီး ခေါင်းတွင်ခမောက်ဆောင်းထားသည်။ သူက ဘေးနားက လူများကို ဂရုမစိုက်ဘဲ အသက်မဲ့သော သစ်သားတုံးကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။


ဝမ်ချီက ထိုလူ့ထံမှ မျက်လုံး မခွာနိုင်ပေ။ သူ့မျက်လုံးများက အံ့ဩမှု၊ ထိတ်လန့်မှုတို့ကြောင့် ပြူးကျယ်လာသည်။


ထိုလူသားက ခေါင်းမှခြေထောက်အထိ လုံခြုံအောင် ဖုံးထားသော်လည်း ထိုလူသားမှာ ရှစ်ယဲ့ဖြစ်ကြောင်း သူသိသည်။


ရှစ်ယဲ့ပဲ…


မျက်နှာကို ပြောင်းလိုက်လဲရင်တောင်မှ ငါက ချက်ချင်း ရှစ်ယဲ့ဆိုတာကို မှတ်မိနိုင်တယ်…


ဒါပေမဲ့ ဘာလို့ ရှစ်ယဲ့က မလှုပ်မယှက် ရပ်နေတာလဲ…


ဝမ်ချီ စဉ်းစား၍ မရနိုင်မီတွင် သစ်ပင်အောက်ရှိ လူနှစ်ယောက်၏ စကားသံကို ကြားလိုက်ရသည်။


“ငါကတော့ ဒီလူ ရှုံးသွားပြီလို့ ထင်တာပဲ… ငါတို့ စပြီး တိုက်ခိုက်ကြည့်ရအောင်၊ နိုင်နိုင်ရှုံးရှုံး သေချာသိရတာပေါ့…”


“မဖြစ်ဘူး… ဦးရီးတော်(၂)နဲ့  တော်ဝင်မင်းသမီးကြီးက နန်းတော်ကို သွားနေတာ သူတို့ ပြန်မရောက်သေးဘူး… ဒီလူက ဟွားအိမ်တော်က လူအများကြီးကို ဒဏ်ရာရစေခဲ့တာ၊ တကယ်လို့ သူလွတ်သွားရင် ဘယ်လိုလုပ်မလဲ… ဦးရီးတော်(၂)နဲ့ တော်ဝင်မင်းသမီးကြီး ပြန်မရောက်မချင်း ငါတို့ တတ်နိုင်သမျှ အချိန်ဆွဲသင့်တယ်…”


“ဒါပေမဲ့ ဒီလူက သေခါနီးပါပြီကွာ… ငါတို့သာ သူ အင်အားကုန်ခမ်းနေတာကို အခွင့်ကောင်း အမိအရ ယူလိုက်ရင် သူ့ကို အမိဖမ်းနိုင်တယ်… အဲ့လိုမှမဟုတ်ဘဲ အချိန် ဆွဲနေမယ်ဆို သူ ထွက်ပြေးဖို့ အခွင့်အရေးရသွားလိမ့်မယ်…”


ထိုလူ နှစ်ယောက်က မပြီးနိုင်မစီးနိုင် အငြင်းပွားနေကြသည်။


ဝမ်ချီက ထိုစကားများကိုကြားပြီး မျက်မှောင်ကြုတ်ကာ အဝေးက ရှစ်ယဲ့ကို လှမ်းကြည့်လိုက်သည်။ ရှစ်ယဲ့က အစမှ အဆုံးအထိ နည်းနည်းမျှပင် မလှုပ်ဘဲ ရပ်နေသည်။  သစ်ပင်အောက်မှတစ်ယောက် ပြောသည့်အတိုင်း အားအင် ကုန်ခမ်းသွားပုံ ရသည်။


ထိုလူများ ကြာကန်နားသို့ ကပ်သွားသည်ကို ကြည့်ပြီး ဝမ်ချီက ဟော့ပေါ့အိုးပေါ်က ပုရွက်ဆိတ်ကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေသည်။


သူ့ဘဝတွင် ပထမဆုံးအကြိမ် ကူကယ်ရာမဲ့သလို ခံစားနေရသည်။ ရှစ်ယဲ့က သူ လက်လှမ်းနိုင်သော နေရာတွင် ရပ်နေသော်လည်း ရှစ်ယဲ့နှင့် အလွန်ဝေးကွာနေပြီး သူတို့နှစ်ယောက် ကြားထဲတွင် လူများစွာ ရှိနေသလို ခံစားနေရသည်။


ငါ ဘာလုပ်သင့်လဲ…


သူ ဘာလုပ်ရမည်ကို မသိတော့ပေ။


ဝမ်ချီက အလျင်အမြန် ထွက်ပြီး ကူညီချင်သော်လည်း ရှစ်ယဲ့ကို ကူညီရာမရောက်ဘဲ ဒုက္ခပေးမိမည်ကို စိုးရိမ်နေသည်။


ထို့အပြင် တစ်ဖက်က လူအင်အား အလွန်များသောကြောင့် ထိုလူများ၏ မျက်စိအောက်တွင် ရှစ်ယဲ့ထံသို့ လျှောက်သွားရန် ယုံကြည်ချက်မရှိပေ။


ဝမ်ချီ တွေဝေနေသည့်အချိန်တွင် ထိုလူများက ရှစ်ယဲ့ကို ဝိုင်းလိုက်ကြသည်။ ရှစ်ယဲ့ အားနည်းနေသည်ကို မြင်ပြီး ထိုလူများက ပို၍ သတ္တိကောင်းလာကြသည်။


ထိုမြင်ကွင်းကို မြင်ပြီး ဝမ်ချီလည်း အံကြိတ်၍အရှေ့သို့ ထွက်လိုက်သည်။


သို့သော်လည်း သူ မလှုပ်ရှားရသေးမီ အနီရောင် ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှဆင်းလာပြီး ရှစ်ယဲ့ အရှေ့တွင် ရပ်နေသည်။


ပြင်းထန်စွာသတ်ဖြတ်လိုသော ပျော့ပြောင်းသည့် ဓားသွားများက မြွေတစ်ကောင်ကဲ့သို့ လေထုကို ဖြိုခွင်းသွားပြီး အတွင်းအားအပြည့်ဖြင့် နေရာအနှံ့သို့ ပြန့်သွား၍ အနီးနားတွင် ရှိသော ဟွားအိမ်တော်က လူအချို့မှာ ရှောင်ရှားချိန် မရလိုက်ဘဲ သွေးတပွက်ပွက်အန်ကာ အော်ဟစ်သံများက ထွက်လာတော့သည်။


ကျောကျစ်၏လှုပ်ရှားမှုက တည်ငြိမ်နေသော ရေကန်ထဲကို ကျောက်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး ဟွားအိမ်တော်ရှိ လူများက ဒေါသထွက်သွားကြကာ ဘာကိုမျှဂရုမစိုက်တော့ဘဲ ဓားကိုယ်စီကိုင်၍ အရှေ့သို့ တိုးလာကြသည်။


ကျောကျစ်က ဓားကို ကိုင်ထားပြီး ခေါင်းနှင့် မျက်နှာကို ဝမ်ချီကဲ့သို့ ဝတ်ရုံဖြင့်လုံခြုံအောင် ဖုံးအုပ်ထားသည်။ မျက်လုံးတစ်စုံသာ ပေါ်နေပြီး ထိုမျက်လုံးထဲတွင် အေးစက်ခြင်းများ ပြည့်နေ၏။ သူမ၏ ဓားကိုင်ထားသော လက်များက သနားညှာတာမှု ကင်းမဲ့နေပြီး ဓားသွားမှ သွေးစက်များ ကျနေသည်။


ထိုခဏတွင် ကျောကျစ်၏ အနောက်တွင် ရပ်နေသော ရှစ်ယဲ့က ပျံသန်းလိုက်ပြီး ဝမ်ချီ့အနားသို့ ရောက်လာသည်။


ထိုလူများက ကျောကျစ်၏ တိုက်ခိုက်ခြင်းကို ခံနေရ၍ သစ်ကိုင်းကြားတွင် ပုန်းနေသော အခြားတစ်ယောက်ကို ချီပိုးကာ သစ်ပင်ပေါ်မှ ပျံသန်းသွားပြီး သူတို့မြင်ကွင်းထဲမှ ပျောက်သွားသောရှစ်ယဲ့ကို ဤအတိုင်းသာ ကြည့်နေရသည်။


နှင်းမှုန်များပါသော ညလေကြောင့် သူ့မျက်နှာက အနည်းငယ် နာကျင်လာသည်။


ဝမ်ချီက မျက်လုံးများကို မှိတ်လိုက်ပြီး မျက်နှာကို ရှစ်ယဲ့ လက်မောင်းကြားတွင် ဝှက်လိုက်သည်။


သို့သော် ခဏအကြာတွင် သူက ရှစ်ယဲ့ အားအင် ကုန်ခမ်းလာသည်ကို ခံစားလိုက်ရပြီး နှစ်ယောက်စလုံး နှင်းတောထဲသို့ ပြုတ်ကျသွားသည်။


ဝမ်ချီလည်း စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားသောကြောင့် နှင်းထဲမှ အလျင်အမြန် ထလိုက်ပြီး ခေါ်လိုက်သည်။

“ရှစ်ယဲ့…”


ရှစ်ယဲ့၏ ခေါင်းမှခမောက်က နှင်းထဲသို့ ပြုတ်ကျသွားပြီး သူ၏ ဖြူဖျော့နေသောမျက်နှာကို မြင်နေရသည်။ သူက နာကျင်မှုကြောင့် နှုတ်ခမ်းထောင့်ကို ဖိကိုက်ထားပြီး လှပသော မျက်ဝန်းနက်တစ်စုံက အမြင်အာရုံ တဖြည်းဖြည်း ပျောက်ဆုံးနေပြီး ဝမ်ချီ့ မျက်နှာကို သေချာမြင်ရရန်ပင် ခက်ခဲခဲ့သည်။

“ကိုယ် အဆိပ်မိထားတာ…”


“အဆိပ်လား ဘာအဆိပ်လဲ…”

ဝမ်ချီက ရှစ်ယဲ့၏ မျက်နှာကို ထိတွေ့လိုက်ပြီး မေးသည်။ မျက်နှာက အလွန်အေးစက်နေပြီး သူ့လက် အေးစက်နေခြင်းပင်လား ရှစ်ယဲ့၏ မျက်နှာ အေးစက်နေခြင်းလား သူ မခွဲခြားနိုင်တော့ပေ။


“ကိုယ် ငယ်ငယ်တည်းက မိထားခဲ့တဲ့ အဆိပ်လေ…”

ရှစ်ယဲ့က ခက်ခက်ခဲခဲ အားတင်းပြီး ပြောသည်။ သူ့နဖူးကြောများမှာ ထင်းနေပြီး အလွန် နာကျင်နေပုံရသော်လည်း သူက ခေါင်းမာစွာဖြင့် ဝမ်ချီ့လက်ကို ဆွဲကိုင်ပြီး မေးသည်။

“မင်း ဒါကိုတောင် မမှတ်မိတော့ဘူးလား…”


ဝမ်ချီက ရှစ်ယဲ့ကို လက်ကိုင်စေလိုက်ပြီး တုန်ယင်သော အသံဖြင့် ပြောသည်။ 

“ဘာကို မှတ်မိရမှာလဲ… ငါ ဘာကို မှတ်မိသင့်တာလဲ…”


ရှစ်ယဲ့က ဆက်မပြောဘဲ ရပ်လိုက်ပြီး ဝမ်ချီ့ကို စေ့စေ့ကြည့်ကာ ဝမ်ချီ့ကိုယ်ကို ဖောက်ထွင်း၍ အခြားတစ်ယောက်ကို ကြည့်နေသကဲ့ကို စူးစိုက်ကြည့်နေသည်။


ဝမ်ချီက ပို၍ စိုးရိမ်ပူပန်လာပြီး ထပ်ပြောသည်။

“ကျွန်တော်မေးတာကို အခုထိ မဖြေရသေးဘူးနော် ဘာ အဆိပ်မျိုးလဲ… တစ်ယောက်ယောက်က အရှင့်သားကို အဆိပ်ခတ်ခဲ့တာလား…”


ရှစ်ယဲ့က မျက်လုံးများကို မှိတ်လိုက်ပြီး ဖြေသည်။

“ဟုတ်တယ်…”


ထိုစကားကို ကြားပြီး ဝမ်ချီ့ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ ထိုခဏတွင် သူက မည်သို့ အသက်ရှူမှန်းပင် မသိတော့ဘဲ မွန်းကြပ်လာသည်။


အချိန်အတန်ကြာယူပြီးမှ သူက အသံပြန်ထွက်နိုင်ခဲ့သည်။

“ဘယ်သူ အဆိပ်ခတ်ခဲ့တာလဲ….”


ရှစ်ယဲ့က သူ့အမေးကို ပြန်မဖြေဘဲ တခြားသာ ပြောသည်။

“ကိုယ် သိပ်မကြာခင် သေတော့မှာ…”


သူက ပြောရင်းနှင့် သူ့အင်္ကျီလက်ထဲမှ အဖြူရောင် ပိုးပုဝါဖြင့် ထုတ်ထားသောပစ္စည်းကို ထုတ်ယူလိုက်ပြီး ဝမ်ချီ့လက်ထဲသို့ ထည့်ပေးကာ ပြောသည်။

“ဒီပစ္စည်းကို ယူသွားပြီး ကျိုးရှန့်ကို ပေးလိုက်… ဘာဆက်လုပ်ရမလဲဆိုတာ ကျိုးရှန့် သိတယ်…”


ဝမ်ချီက မျက်လွှာချပြီး မေးသည်။

“အဲ့ဒါဆို အရှင့်သားကရော…”


ရှစ်ယဲ့က စိတ်အေးလက်အေး ဖြစ်နေပုံ ရသော်လည်း အမှန်တွင်မူ နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး တွန့်ဆုတ်နေကာ ပြောသည်။

“ကိုယ် ခဏ အနားယူလိုက်ဦးမယ်…”


ဝမ်ချီက ရှစ်ယဲ့၏ ဖြူဖျော့နေသောမျက်နှာကို စိုက်ကြည့်ရင်း သူ့မျက်လုံးများ ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။ စကားတစ်ခွန်းမျှ မပြောလိုက်ရမီတွင် မျက်လုံးမှ မျက်ရည်ပူများ စီးကျလာ၏။


ထိုမျက်ရည်များက ရှစ်ယဲ့၏ မျက်နှာပေါ်သို့ ကျဆင်းသွားသည်။


ရှစ်ယဲ့က အခုရက်ပိုင်းတွင် ပိုပို၍ ထူးဆန်းလာပြီး တစ်စုံတစ်ယောက် သူ့အနောက်မှ လိုက်နေသကဲ့သို့ အလောတကြီး ဖြစ်နေကာ ဝမ်ချီ့အား ဖိအားပေးပြီး ကိစ္စများစွာကို မရပ်မနား ဆောင်ရွက်ခိုင်းခဲ့သည်က အံ့ဩစရာ မဟုတ်တော့ပေ။ ထို့အပြင် ရှစ်ယဲ့ ဘီးတပ်ကုလားထိုင်ပေါ်တွင် နေခဲ့ရစဉ်ကပင် ယခုကဲ့သို့ အားအင်ချည့်နဲ့ မနေပေ။


တစ်စုံတစ်ခုက သူ့ ခွန်အားကို တဖြည်းဖြည်း စုပ်ယူနေသကဲ့သို့ ဖြစ်နေသည်။


ယခုတွင် ဝမ်ချီ အကြောင်းရင်းကို သိသွားတော့သည်။


၎င်းက အဆိပ်ကြောင့် ဖြစ်နေသည်။


ဝမ်ချီက စိတ်ထဲမှ ဝမ်းနည်းမှုကို မဖိနှိပ်ထားနိုင်တော့ဘဲ မျက်လုံးထဲတွင် မျက်ရည်များ အပြည့်ဖြစ်ကာ မထိန်းထားနိုင်သောကြောင့် မျက်ရည်များကို ပါးပြင်ပေါ်သို့ စီးကျလိုက်စေသည်။

“ဘာလို့ အခုလို အသက်စွန့်ပြီး ဒီကို လာရတာလဲ… နည်းလမ်းက ဒီတစ်ခုတည်း ရှိတာမှမဟုတ်တာ…”


အကယ်၍ ရှစ်ယဲ့သာ မင်းကြီးကို ကယ်တင်ချင်ပါက တခြား နည်းလမ်းများ ရှိနိုင်ပေဦးမည်။ ဥပမာအားဖြင့် ဟွားမိဖုရား သူမ၏သွေးကို သုံးပြီး မင်းကြီးကို ကယ်တင်ခဲ့သလိုမျိုး ဖြစ်သည်။


ယခုလို အသက်စွန့်ပြီး မှော်ကျောက်တုံးကို လာရောက်လုသည့် နည်းလမ်း တစ်ခုတည်းသာ ရှိသည် မဟုတ်ပေ။


ရှစ်ယဲ့က ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီး ပြောသည်။

“ကိုယ့်မှာ အချိန် မရှိတော့လို့ …”


သူက လက်မြှောက်ကာ ဝမ်ချီ့မျက်နှာကို ထိပြီး တိုက်တွန်းသည်။

“အခု သွားတော့…”


ဝမ်ချီက မျက်ရည်များကို သုတ်လိုက်ပြီးနောက် လက်များကို ရှစ်ယဲ့၏ လက်မောင်းပေါ် တင်လိုက်ပြီး ရှစ်ယဲ့ကို နောက်ကျောပေးကာ အံ့ကြိတ်၍ ကျောပိုးလိုက်သည်။


ရှစ်ယဲ့က ခွန်အားများ အားလုံးဆုံးရှုံးသွားသောကြောင့် ဝမ်ချီ ကျောပိုးသည့်အတိုင်း မလှုပ်ဘဲ လိုက်ပါသွားရသည်။


ဝမ်ချီ့ ခန္ဓာကိုယ်ထဲတွင် အင်အား မကျန်တော့ဘဲ အတွင်းအားလည်း မသုံးနိုင်သောကြောင့် ရှစ်ယဲ့ကို ကျောပိုးပြီး တောင်ပေါ်မှခြေကျင်သာ ပြန်ဆင်းနိုင်တော့သည်။


ရှစ်ယဲ့၏ မျက်နှာနှင့်လက်များက အေးစက်နေသော်လည်း အသက်ရှူထုတ်လိုက်သော အာငွေ့များက ဝမ်ချီ့နားရွက်ကို အနွေးဓာတ်ပေးပြီး ခွန်အားဖြစ်စေသည်။


တောင်ပေါ်တွင် နှင်းများကထူထဲနေပြီး ခြေတစ်လှမ်း လှမ်းတိုင်း နှင်းတောထဲ နစ်ဝင်သွားကာ ပြန်ဆွဲထုတ်ရန် ကြိုးစားယူရသည်။


ခြေလှမ်းတိုင်း အားစိုက်ထုတ်ရသောကြောင့် ခဏအတွင်းမှာပင် တောင်တက်နေရသကဲ့သို့ ခံစားနေရပြီး ခြေထောက်များ အအေးဒဏ်ကြောင့် ထုံကျဉ်လာသည်။


လေဒဏ်နှင့် နှင်းဒဏ်က ပို၍ ပြင်းထန်လာပြီး ဝမ်ချီ့ကို လမ်းလျှောက်ရန် ခက်ခဲစေသည်။


သူ အလွန်ချမ်းနေပြီး ခန္ဓာကိုယ် တစ်ခုလုံး ထုံကျဉ်နေကာ သတိလစ်မတတ် ခံစားနေရပြီး ရှစ်ယဲ့ကို သယ်ပိုးထားသော လက်များနှင့် ရွေ့လျားနေရသော ခြေထောက်များကို မထိန်းချုပ်နိုင်တော့ပေ။


သူ့ခန္ဓာကိုယ်မှာ အချိန်မရွေး ကျိုးကြေသွားနိုင်သော စက်ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်နေသည်။


အချိန်တစ်ခု ကြာသွားပြီးနောက် ဝမ်ချီ့ကျောပေါ်ရှိ ရှစ်ယဲ့မှာ သတိပြန်ရလာပြီး ဝမ်ချီ့နားထဲသို့ ခပ်တိုးတိုး ပြောသည်။

“ငါ့ကို အောက်ချပေး…”


“မချပေးဘူး…”

ဝမ်ချီက ရှစ်ယဲ့၏ တောင်းဆိုချက်ကို ယတိပြတ် ငြင်းဆိုလိုက်ပြီး ရှစ်ယဲ့ကို ပို၍ တင်းကြပ်စွာ ဖက်လိုက်သည်။ သူက သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းလား ရှစ်ယဲ့ကို ပြောနေခြင်းလား မသေချာဘဲ ရေရွတ်နေသည်။

“ခဏလေးပဲ သည်းခံပါ ကျွန်တော် မှတ်မိသလောက်တော့ အရှေ့နားဆို လမ်းမကြီးပေါ် ရောက်ပြီ… အဲ့ကျ ကျွန်တော်တို့ကို တင်ခေါ်သွားမဲ့မြင်းလှည်း ရှိရင်ရှိမှာ…”


“ဒီတောင်တစ်ခုလုံးက တော်ဝင်အမျိုးအနွယ်တွေရဲ့ ပိုင်နက်မို့ လမ်းသွားလမ်းလာ မရှိဘူး…”

ရှစ်ယဲ့၏ အသံက အားနည်းလွန်းပြီး လေနှင့်နှင်းများကြားတွင် ကွယ်ပျောက်လုနီးပါး ဖြစ်နေသည်။


ဝမ်ချီ့ စိတ်ထဲမှ တစ်ခုတည်းသော မျှော်လင့်ချက်လေးက ပျောက်ဆုံးသွားရသည်။ သို့သော်လည်း သူက အားတင်းပြီး လျင်မြန်စွာ ပြောလိုက်သည်။

“ဒါဆိုလည်း ကျွန်တော်တို့ တောင်ပေါ်က ဆင်းမယ်၊ တောင်ပေါ်ကိုတောင် ကိုယ့်ဘာသာ တက်လာနိုင်ပြီးမှတော့ အခုလည်း ပြန်ဆင်းနိုင်မှာပဲ…”


ရှစ်ယဲ့က ဝမ်ချီ့၏ ယုံကြည်မှုကို သဘောကျသွားပုံ ရသည်။ သူ့၏ တိုတောင်းသောရယ်သံက လေနှင့်နှင်း ကြားတွင် ပျောက်ကွယ်သွားသည်။

“မင်းဘာသာ တစ်ယောက်တည်းဆို တောင်ပေါ်က ဆင်းနိုင်တယ်၊ ကိုယ့်ကိုသာ မသယ်သွားရင် ပိုအဆင်ပြေမှာ…”


ဝမ်ချီက ထိုစကားကို စိတ်ဆိုးသွားသော်လည်း မောပန်းနေပြီး ရှစ်ယဲ့ကိုလည်း ဒေါသ မထွက်ရဲသောကြောင့် ညင်သာစွာ ပြောသည်။

“ကျွန်တော်က အရှင့်သားကို နှင်းတောထဲမှာ ထားခဲ့မှာကို လိုလားနေတာလား… အရှင့်သားက တိုင်းပြည်ရဲ့ အိမ်ရှေ့စံလေ... အရှင့်သားကို ထားခဲ့ပြီး နန်းတော်ကို ကျွန်တော်တစ်ယောက်တည်း ပြန်သွားရင် မိန်းမစိုးကျိုးက အိမ်ရှေ့စံကို လုပ်ကြံမှုနဲ့ ဖမ်းမှာပေါ့၊ အဲ့အခါကျ  ကျွန်တော် ဘာမှ ပြန်ချေပနိုင်မှာ မဟုတ်ဘူး…”


ရှစ်ယဲ့က လေးလေးနက်နက် ပြောသည်။

“အဲလိုမဖြစ်စေရဘူး… မင်းကို ကျိုးရှန့်ရော တခြားသူတွေရော ဒုက္ခ မပေးစေရဘူး…”


ဝမ်ချီ "….."


သူက စိတ်ဆိုး၍ ရယ်လိုက်သော်လည်း ရယ်မောခြင်းက ခွန်အားကို ပို၍ ဆုံးရှုံးစေသောကြောင့် အရယ် ရပ်လိုက်သည်။


ရှစ်ယဲ့ ပြောသည်ကို ဝမ်ချီက ကြားဖြတ် ပြောလိုက်ပြီး ရှေ့သို့ ဆက်သွားသည်။

“ပါးစပ်ပိတ်ထား ကျွန်တော့်စကားကို နားထောင်၊ ဆက်မပြောနဲ့တော့၊ တိတ်တိတ်နေ…”


သူ ထိုသို့အော်လိုက်ပြီးနောက် ရှစ်ယဲ့က အမှန်ပင် ကြောက်သွားပုံရကာ ချက်ချင်းတိတ်သွားသည်။


ဝမ်ချီက လမ်းတစ်ခုမှာ ဤမျှအထိ ရှည်လျားနေမည်ဟု မထင်ထားပေ။ သူ မည်သို့ပင် ကြိုးစား၍ ရှေ့သို့ လျှောက်လှမ်းနေကာမူ လမ်းအဆုံးကို မရောက်နိုင်တော့ပေ။ ပတ်ပတ်လည်တစ်ခွင်တွင် အဖြူရောင်နှင်းများကိုသာ မျက်စိတစ်ဆုံး မြင်နေရသည်။


ကံကောင်းစွာဖြင့် လမ်းခွဲများမရှိသောကြောင့် အရှေ့သို့ ဆက်လျှောက်နေသည်။


ဝမ်ချီက အလွန်အေးနေပြီး ပင်ပန်းနေသည်။ သူက ထူထပ်သော အဝတ်အစားများ ဝတ်ထားသော်လည်း နှင်းတောထဲတွင် အင်္ကျီမပါဘဲ လျှောက်နေရသကဲ့သို့ ခံစားနေရသည်။ လေအေးများက ဘက်ပေါင်းစုံမှ တိုက်ခတ်နေပြီး ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေသည်။


နောက်ပိုင်းတွင် သူက သတိမကပ်တော့ဘဲ အရှေ့သို့ ဆက်သွားရန် ဇောသာ ရှိတော့သည်။


အရှေ့ကို ဆက်သွားရမယ်…


အရှေ့ကို ဆက်သွားရမယ်…


သူက ရှစ်ယဲ့ကို ကယ်တင်ပေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာတွေ့ချင်ခဲ့သည်။


ကံမကောင်းစွာဖြင့် ထိုဆန္ဒက မဖြစ်လာဘဲ လျှောက်ရင်း လျှောက်ရင်းနှင့် သူ့၏ ခြေထောက်များ အားနည်းလာသည်။ ဘယ်ခြေနှင့် ညာခြေ အချင်းချင်း တိုက်မိကာ အရှေ့သို့ ကုန်းကျသွားသည်။


သူတို့နှစ်ယောက်လုံး နှင်းတောထဲသို့ လိမ့်ကျသွားသည်။


ဝမ်ချီက အမည်းရောင်ကောင်းကင်ကို ငေးကြည့်နေခဲ့သည်။ လက်နှင့် ခြေထောက်များကိုထောက်ကာ ကုန်းထချင်သော်လည်း ခြေလက်များတွင် ခွန်အားများ မရှိတော့၍ မထနိုင်ခဲ့ပေ။


သူ့အသိစိတ်ကလည်း တဖြည်းဖြည်း မှုန်ဝါးလာခဲ့သည်။


သူ ရှစ်ယဲ့ကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။ သူကိုယ်တိုင်ပင် နှင်းတောထဲ မြှုပ်နှံခံရတော့မည်။ အကြိမ်များစွာ ပတ်ချာလည်ပြီးနောက် မူလဝတ္ထုထဲတွင် ရေးထားသည့်အတိုင်း ရှစ်ယဲ့နှင့်အတူ သေရမည်ဟု မထင်မှတ်ထားပေ။


သေခြင်းတရာ ရောက်ရှိလာမှသာ သူ သေခြင်းတရားကို အလွန်မကြောက်တော့သည်ကို နားလည်သွားသည်။


ဖြစ်နိုင်သည်မှာ သူ နှစ်သက်သော ရှစ်ယဲ့နှင့်အတူ သေဆုံးရမည်ကြောင့် ဖြစ်မည်။ အဆုံးသတ်က မည်သို့ပင် ဖြစ်ပါစေ သူ အထီးမကျန်တော့ပေ။


ဝမ်ချီက မသေမီ ရှစ်ယဲ့ဘက်သို့လှည့်၍ ကြည့်ချင်ခဲ့သည်။


ကံဆိုးစွာဖြင့် သူက မလှုပ်နိုင်ဘဲ တဖြည်းဖြည်း အမြင်အာရုံ မှောင်မိုက်လာကာ ရှစ်ယဲ့ကို မမြင်လိုက်ရပေ။


ဝမ်ချီ အမှောင်ထုထဲတွင် နစ်မြောနေသည်။


သူက အသံကြားရ၊ အနံ့ခံရပြီး အပြင်ကမ္ဘာကို ထိတွေ့နိုင်သေးသော်လည်း မျက်လုံးများမှာ ဖွင့်မရဘဲ ပါးစပ်လည်း မလှုပ်နိုင်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရတော့ပေ။ 


ဒါ ဘယ်နေရာလဲ…


ငါ မသေသေးဘူးလား…


ဝမ်ချီက မည်သည့်နေရာတွင် ရောက်နေသည်ကို မသိပေ။ နူးညံ့မှုကို ခံစားနေရပြီး ခန္ဓာကိုယ်က နွေးထွေးနေသည်။ သူ့ ခန္ဓာကိုယ်ကို အမွှေးပွ စောင်တစ်ထပ်ဖြင့် ဖုံးလွှမ်းထားပြီး တစ်စုံတစ်ယောက်၏ စကားပြောသံက သူ့နားထဲသို့ ဝင်လာသည်။

“သမားတော် တကယ်ကုလို့ မရတော့ဘူးလား…”


“အပြင်မှာ အေးခဲနေတာကို သူက ကျောပိုးပြီး အချိန် အကြာကြီး သယ်လာတဲ့အပြင် သူ့ ခြေထောက်တွေကလည်း မလှုပ်တော့ဘူး… မင်းတို့ ရှာတွေ့တဲ့ အချိန်အထိ သူ အသက်ရှင်နေတာ ကံကောင််းမှုတာပဲ… ခြေထောက်တွေကတော့… ငါ မကုပေးနိုင်လောက်ဘူး…”


“ဒီသခင််လေးက အဲ့သခင်လေးရဲ့ အဖော်မို့ ဒီသခင်လေးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ…”


အိပ်ရာဘေးက လူများက အချိန်ကြာမြင့်စွာ ပြောနေကြပြီးနောက်မှ ပြန်တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် ခြေသံတိုးတိုး ထွက်ပေါ်လာသည်။


ထိုခြေသံများက အိပ်ရာအရှေ့တွင် ရပ်သွားပြီး တစ်စုံတစ်ယောက်က သူ့အိပ်ရာဘေးတွင် ထိုင်ချသည်။


ဝမ်ချီက သူ့ကို စိတ်သက်သာရာရစေသော ရင်းနှီးသည့် မွှေးရနံ့တစ်ခုကို ရလိုက်သည်။



💮💮💮