💮Chapter 122
ဝမ်ချီ ရှေ့ဆက်တိုးမည့် အချိန်တွင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး ဝမ်ချီ့ကို တားဆီးခဲ့သည်။ သူ အနီးကပ် ကြည့်လိုက်သောအချိန်တွင် သူ့အရှေ့ရှိ လူမှာ ကျောကျစ်ဖြစ်နေ၏။
ကျောကျစ်၏ အမူအရာက အလွန်မနှစ်မြို့ဖွယ် ဖြစ်နေသည်။ သူမက ဝမ်ချီ့ကို ရန်လိုနေခြင်းမဟုတ်ဘဲ သူမ၏ မျက်နှာက မူလတည်းကပင် ဖြူဆွတ်ပြီး ရုပ်တည်နေခြင်း ဖြစ်သည်။ သူမ၏ လည်ပင်းတွင်လည်း အမာရွတ် အချို့ ရှိနေ၏။
သူမကို မမြင်တွေ့ရသည်က ကြာပြီဖြစ်သော်လည်း သူမ၏ပုံစံက ယခင်ကထက်ပင် ပို၍ စိတ်လောပူပန်နေပုံ ရသည်။ ရှစ်ယဲ့ကိုကူ၍ မှော်ကျောက်တုံးကို ရှာဖွေပေးနေရသောကြောင့် ဖြစ်ပေမည်။
ကျောကျစ်က ဝမ်ချီ ရောက်လာမည်ကို ကြိုသိနေပုံ ရသည်။ သူမ၏ အမူအရာတွင် အံ့အားသင့်မှု ရှိမနေဘဲ ဖျောင်းဖျလိုသော လေသံဖြင့် ညင်ညင်သာသာ ပြောသည်။
“ဝမ်သခင်လေး… အိမ်ရှေ့စံက အရမ်း နေထိုင်မကောင်း ဖြစ်နေလို့ ဒီလို ညအချိန်မတော် ရောက်လာတာ မသင့်တော်ပါဘူး… ကျေးဇူးပြုပြီး အရင်ပြန်လိုက်ပါ…”
ဝမ်ချီက အိမ်ရှေ့စံ၏ အိပ်ဆောင်တော်အထိ ကျူးကျော် ဝင်ရောက်လာပြီးပြီဖြစ်၍ အလွယ်တကူ ပြန်နောက်ဆုတ်ရန် စိတ်ကူးမရှိပေ။ သူက ပြောသည်။
“ငါအိမ်ရှေ့စံကို တွေ့ရမှ ဖြစ်မယ်…”
ကျောကျစ်က ခေါင်းခါပြီး ငြင်းဆို၏။
“အိမ်ရှေ့စံက ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးလို့ ပြောထားပါတယ်…”
ဝမ်ချီက ခေတ္တငြိမ်သက်သွားပြီးနောက် စကား အသုံးအနှုန်း ပြောင်း၍ ပြောသည်။
“ဒါဆိုလည်း ငါ သူ့ကို ခဏပဲ ချောင်းကြည့်မယ်… သူ မတွေ့သွားစေရဘူးလို့ အာမခံတယ်…”
ကျောကျစ် "..…"
သူမက အိမ်ရှေ့စံအနား ကပ်ချင်ကြသော လူများနှင့် မကြာခဏ ဆုံဖူးသော်လည်း ဝမ်ချီ့ကဲ့သို့ အပြောင်းအလဲ မြန်သောသူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သို့သော်လည်း ဘယ်လိုပင်ဖြစ်စေ သူမက ဝမ်ချီ့ တောင်းဆိုချက်ကို မလိုက်လျောခဲ့ပေ။ အိမ်ရှေ့စံ အလွန် နာမကျန်း ဖြစ်နေသောကြောင့် အနားယူရန် လိုအပ်ကြောင်းနှင့် မည်သူမျှ အနှောင့်အယှက် မပြုသင့်ကြောင်းသာ ပြောသည်။
ဝမ်ချီ အကြိမ်များစွာ တောင်းဆိုနေခဲ့သော်လည်း ကျောကျစ်က အထဲပေးဝင်မည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ဝမ်ချီလည်း မတတ်နိုင်ဘဲ လက်လျှော့လိုက်ရ၏။
ကျောကျစ် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်ကာ သူမ၏ အမူအရာမှာလည်း စိတ်အေးလက်အေး ဖြစ်သွားပြီး ပြောသည်။
“ကျွန်တော်မျိုးမ သခင်လေးကို ပြန်လိုက်ပို့ပါ့မယ်…”
ဝမ်ချီက ပြောသည်။
“ကျေးဇူးပါ…”
ကျောကျစ် အပြင်ထွက်ရန်ပြင်ရာ ဝမ်ချီက အခွင့်ကောင်း ယူ၍ အထဲသို့ပြေးဝင်လိုက်သည်။
ဝမ်ချီ့ အရှိန်က အလွန် မြန်ဆန်သဖြင့် ကျောကျစ်အတွက် အရိပ်ကို ဖမ်းဆွဲရန်သာ အချိန်ခဏ ရလိုက်သော်လည်း ကျောကျစ်၏ သိုင်းပညာက ဝမ်ချီထက် ပို၍အဆင့်မြင့်သောကြောင့် သူမက ခဏတာ ကြောင်အသွားသော်လည်း ချက်ချင်း တုံ့ပြန်လိုက်နိုင်ပြီး ဝမ်ချီ့ကို လှမ်းတားလိုက်သည်။
ဝမ်ချီကလည်း သတိရှိရှိဖြင့် ရှောင်လိုက်နိုင်သည်။
နှစ်ယောက်သား သိုင်းကွက် အချို့ချလိုက်ပြီးနောက် လက်ရည်က ညီတူညီမျှ ဖြစ်နေသည်။ ထိုအချိန်တွင် ဝမ်ချီက သူ့စွမ်းအား အကုန်နီးပါး ထုတ်သုံးထားရသော်လည်း ကျောကျစ်ကမူ ၅၀-၆၀ ရာခိုင်နှုန်းခန့်သာ အသုံးပြုထား၏။
အခုလိုသာ ဆက်ချနေပါက သူ့အတွက် နိုင်နိုင်ခြေ မရှိပေ။
ဝမ်ချီက အလွန် စိတ်လောနေပြီး ကျောကျစ်နှင့် ဆက်တိုက်ခိုက်ရန် ဆန္ဒ မရှိပေ။ သူက တည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
“မင်း ငါ့ကို ညာတယ်… ရှစ်ယဲ့က ဒီမှာမှမရှိတာ…”
ကျောကျစ်က အနောက်ဆုတ်လိုက်ပြီး ဝမ်ချီ့စကားများ အပေါ် အာရုံမထားဘဲ ဝမ်ချီကိုသာ အပြင်သို့ အတင်း နှင်ထုတ်နေသည်။
ဝမ်ချီက ကျောကျစ်၏ တိုက်ကွက်များကို ဆက်၍မခုခံနိုင်တော့ဘဲ မောပန်းလာ၏။
အိမ်ထဲတွင် ထင်းများ မီးလောင်ကျွမ်းကာ ဝမ်ချီနှင့် အကွာအဝေး တစ်ခု အကွာတွင် ရှိသည်။ ဝမ်ချီက မီးအပူကို မခံစားရသော်လည်း သူ့မျက်နှာနှင့် ကျောဘက်တွင် ချွေးများ စီးကျနေ၏။ သူ့ရင်ဘက်ထဲတွင် ယုန်တစ်ကောင် ခုန်ပေါက်နေသကဲ့သို့ အလွန် နှလုံးခုန်မြန်နေပြီး ရင်ဘက်ထဲမှ ထွက်လုမတတ် ဖြစ်နေသည်။
ထိုအချိန်တွင် ကျောကျစ်က သတိထားမိသွားပြီး အားလျှော့၍ ဝမ်ချီ့လက်မောင်းကို ဆုပ်ကိုင်ကာ ပြောသည်။
“ဝမ်သခင်လေး စိတ်လျှော့ပါ…”
ဝမ်ချီက ကျောကျစ်ကို လှောင်အိမ်ထဲမှ လွတ်လာသော သားရိုင်း၏ အကြည့်များကဲ့သို့ စူးရှသောအကြည့်များနှင့် ကြည့်နေပြီး သူ့မျက်လုံးများက နီရဲနေသည်။
“ရှစ်ယဲ့ ဘယ်မှာလဲ…”
ကျောကျစ်က ဝမ်ချီ့အမူအရာကြောင့် ကြောက်ရွံ့သွားပြီး ထစ်ထစ်အအဖြင့် ပြောသည်။
“အိမ်ရှေ့စံက… အိမ်ရှေ့စံက တကယ် နာမကျန်း ဖြစ်နေတာပါ…”
ဝမ်ချီက ကျောကျစ်၏လက်ကို ဆွဲဖြုတ်လိုက်ပြီး အထဲသို့ ဆက်ဝင်သွားကာ ပြောသည်။
“ငါ သူ့ကို တွေ့ချင်တယ်…”
ကျောကျစ်က ဝမ်ချီ၏ ကြောက်စရာ ကောင်းသော အကြည့်များကြောင့် အနောက်ဆုတ်ခဲ့သော်လည်း ယခုတွင် အရှေ့သို့ ပြန်တိုး၍ ဝမ်ချီကို တားမြစ်သည်။ ဝမ်ချီက အိပ်ရာနားသို့ ရောက်သွားပြီ ဖြစ်သည်။
ဝမ်ချီက လိုက်ကာကို ဖယ်ပြီး ကြည့်လိုက်သော အချိန်တွင် အိပ်ရာပေါ်၌ ဘာမှ ရှိမနေပေ။
ရှစ်ယဲ့လည်း မရှိပေ။
အိပ်ရာက အလွတ်ကြီး ဖြစ်နေ၏။
ဝမ်ချီ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေပြီး ကျောကျစ်ဘက်သို့ ဖြည်းညှင်းစွာ လှည့်၍ မချိပြုံးပြုံးပြီး ပြောသည်။
“သူ တကယ် ဒီမှာ မရှိဘူးပဲ…”
ကျောကျစ်၏အမူအရာက မကြည်မလင် ဖြစ်ပြီး သူမ့ မျက်လုံးထဲရှိ အကြည့်များက စိတ်ရှုပ်ထွေးနေသည်။ သူမက ဆက်ပြီး မလိမ်ညာနိုင်တော့ဘဲ ခြောက်ခြောက်ကပ်ကပ် ပြောသည်။
“အိမ်ရှေ့စံ မရှိတာကို ဝမ်သခင်လေး မြင်ပြီးသွားမှတော့ ပြန်အနားယူသင့်ပါတယ်…”
ဝမ်ချီက သူကိုင်ထားသော ခြုံစောင်ကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်ပြီး ကျောကျစ်ထံသို့ လျှောက်သွားသည်။
ကျောကျစ်က ဝမ်ချီ ယခင်ကကဲ့သို့ စိတ်လွတ်သွားသည်ဟု ထင်ပြီး အနောက်သို့ ခပ်မြန်မြန်ဆုတ်လိုက်သည်။ ဝမ်ချီ့ လှုပ်ရှားမှုက ပို၍မြန်ဆန်နေပြီး ကျောကျစ် မခုခံနိုင်မီ ကျောကျစ်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
ဝမ်ချီက မျက်လုံးကို အောက်သို့ ငုံ့၍ ကျောကျစ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှ နီရဲမှုများက မျက်စိတစ်ခုလုံး ဖုံးလွှမ်းနေသည်။
“မိန်းကလေးကျောကျစ် ငါ့ကို အမှန်အတိုင်း ပြော… ရှစ်ယဲ့ ဟွားအိမ်တော်ကို သွားတာလား…”
ထိုစကားကို ကြာပြီး ကျောကျစ်က အနည်းငယ် တုန်လှုပ်သွားကာ ပြောသည်။
“ဝမ်သခင်လေး ဘာပြောနေလဲ ဆိုတာကို ကျွန်တော်မျိုးမ နားမလည်ပါဘူး…”
ဝမ်ချီက ကျောကျစ်ကို တည့်တည့်စိုက်ကြည့်လိုက်ပြီး နှလုံးသားထဲ ထိုးဖောက်ဝင်လုမတတ် ကြည့်နေသည်။
ဝမ်ချီက စိတ်ကိုတည်ငြိမ်အောင် ပြန်စုစည်းလိုက်ပြီး ပြောသည်။
“မင်း မသိဘူး ဆိုမှတော့ ငါ ပြန်ပြောပြရမှာပေါ့၊ ဂုဏ်ပြုပွဲလို့ နာမည်ခံထားတဲ့ပွဲကို လူကြီးမင်းရင်းနဲ့ တခြားအရာရှိတွေ ကျင်းပတာမဟုတ်ဘဲ ရှစ်ယဲ့က အခုလို ကျင်းပဖို့ အမိန့်ပေးခဲ့တာ… ဂူအောင်းနေတဲ့ ကျားကို အပြင် ခေါ်ထုတ်ဖို့အတွက်ပေါ့… ဟွားအိမ်တော်ထဲ ခိုးဝင်ပြီး မှော်ကျောက်တုံးကို ပြန်ယူဖို့ အတွက် ဟွားအိမ်တော်ရဲ့ အကြီးအကဲတွေကို ပထုတ်ဖို့ လုပ်တာ…”
ဝမ်ချီက အဘယ့်ကြောင့် ယခုကဲ့သို့ တွေးမိသွားသည်ကို မသိသော်လည်း ယခုအချိန်တွင်မူ သူ့ယူဆချက်က အလွန်သေချာနေသည်ဟု ခံစားရသည်။
သူက ကျောကျစ်၏အမူအရာကို မြင်ပြီး သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သိရှိသွားခဲ့၏။
ဝမ်ချီက သေချာသွားသည်နှင့် ကျောကျစ်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး ထွက်သွားရန် ပြင်သည်။
ဝမ်ချီ ထွက်သွားမည်ကို မြင်ပြီး ကျောကျစ်က အလျင်အမြန် အရှေ့သို့ထွက်ကာ ဝမ်ချီကို တားဆီးလိုက်သည်။
“သခင်လေး ဘယ်သွားမလို့လဲ…”
ဝမ်ချီက အေးစက်သော အမူအရာဖြင့် ပြောသည်။
“ငါ ဟွားအိမ်တော်ကို သွားမလို့…”
ကျောကျစ်က ဝမ်ချီ့အဖြေကြောင့် ထိတ်လန့်သွားပြီး လေသံပင် ပြောင်းလဲသွားကာ မေးမြန်သည်။
“ဘာလို့ ဟွားအိမ်တော်ကို သွားမှာလဲ…”
သူမက ဆက်လက် မတည်ငြိမ်နိုင်တော့ဘဲ မျက်လုံးထဲတွင် ရိုင်းစိုင်းမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။
“ဘယ်မှ သွားလို့မရဘူး… ဒီမှာပဲနေ…”
ကျောကျစ်က ဝမ်ချီ့ကို သိုင်းသင်ပေးခဲ့သော ဆရာထဲမှ တစ်ယောက် ဖြစ်သောကြောင့် သူတို့နှစ်ယောက်သာ အချင်းချင်း တိုက်ခိုက်ရပါက ဝမ်ချီက ကျောကျစ်ကို နိုင်နိုင်ခြေ လုံးဝမရှိပေ။
ဝမ်ချီက ကျောကျစ်ကို အနိုင်တိုက်ခိုက်နိုင်မည် မဟုတ်ကြောင်းကို သိသောကြောင့် သူမနှင့် ဆက်၍ အငြင်းမပွါးလိုပေ။
သူက ဒေါသထွက်နေဆဲ ဖြစ်သော ကျောကျစ်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“မိန်းကလေးကျောကျစ် ဒါမှမဟုတ် ငါတို့ ဟွားအိမ်တော်ကို အတူ သွားကြတာပေါ့…”
ကျောကျစ်လည်း ခဏတာ တုံ့ဆိုင်းသွားသည်။
ဝမ်ချီက သူမကို အနည်းငယ် ပြုံးပြလိုက်ပြီး ပြောသည်။
“မင်းလည်း ရှစ်ယဲ့ကို စိတ်ပူနေတာပဲမလား…တကယ်လို့ မင်းသာ သူ ဟွားအိမ်တော် သွားတာကို စိတ်မပူဘူးဆိုရင် အခုလိုမျိုး စိတ်လောပြီး ငါ့စကား ၂ခွန်း၃ခွန်းလောက်နဲ့ ဒေါသထွက်လာမှာ မဟုတ်ဘူးလေ…”
ကျောကျစ် "..…."
သူမက သူမကိုယ်သူမ ဖုံးကွယ်ထားနိုင်သည်ဟု ထင်ထားခဲ့သော်လည်း ဝမ်ချီက ရိပ်မိသွားခဲ့၏။
ဝမ်ချီက မူလက ဟွားအိမ်တော်ကို မြို့တော်ထဲတွင် ရှိမည်ဟု ထင်ထားခဲ့သော်ငြား ကျောကျစ်က သူ့အား မြို့ပြင်သို့ ခေါ်သွားခဲ့သည်။
ရက်ပေါင်းများစွာ နှင်းများ သည်းထန်စွာကျဆင်းထားသောကြောင့် လမ်းမထက်တွင် နှင်းခဲများဖြင့် ပြည့်နှက်နေပြီး အိမ်ခေါင်းမိုးများထက်တွင်လည်း နှင်းများနှင့်သာ ဖုံးလွှမ်းနေ၏။ မည်သည့်နေရာကို ကြည့်ကြည့် အဖြူရောင်ကိုသာ မြင်နေရသည်။
ယခု ဆောင်းတွင်းက အလွန် အေးသောကြောင့် လမ်းတောက်လျှောက်တွင် လမ်းလျှောက်နေသူများကို မတွေ့ရပေ။
မြို့တော်မှ ထွက်လာပြီးနောက် ကျောကျစ်က နားခိုရန် နေရာတစ်ခု ရှာဖွေပြီး လေဒဏ်ကြောင့် မညီမညာဖြစ်နေသော အဝတ်အစားများကို ပြန်သပ်ကာပြောသည်။
“ဟွားမိသားစုက အရမ်းကြီးပြီး သူတို့နာမည်နဲ့ အိမ်ပေါင်းများစွာ ရှိတယ်… မြို့တော်က အိမ်တော်ဆိုတာက လူတွေကို အယောင်ပြဖို့ သက်သက်ပဲ တကယ့် အိမ်တော်အစစ်က ရွှယ်ကျင်းတောင်ပေါ်မှာ…”
ဝမ်ချီက ခေါင်းကုတ်လိုက်ပြီး မေးမြန်းသည်။
“ရွှယ်ကျင်းတောင်လား… ကြားဖူးနေသလိုပဲ…”
ကျောကျစ်က မျက်ခုံးများကို တွန့်လိုက်ပြီး ပြောသည်။
“သခင်လေးကို အခုလိုမျိုး လွယ်လွယ်နဲ့ မေ့တတ်တဲ့သူလို့ မထင်ထားဘူး၊ မကြာခင်ကပဲ ကိုယ်လုပ်တော်ရုန်နဲ့ သွားခဲ့တဲ့ တောင်က ရွှယ်ကျင်းတောင်လေ…”
ကျောကျစ် ထိုသို့ ပြောလိုက်မှသာ ဝမ်ချီက မှတ်မိသွားခဲ့သည်။
ဒါပေမဲ့ ရွှယ်ကျင်းတောင်ပေါ်မှာက တော်ဝင် အိမ်တော်တွေ သိပ်မရှိဘူး မဟုတ်ဘူးလား… ငါ့ကို ရှစ်ယဲ့ ပေးခဲ့တဲ့ အိမ်တော်ကလည်း ရွှယ်ကျင်းတောင်ပေါ်မှာပဲနဲ့တူတယ်… ဟွားမိသားစုက ရွှယ်ကျင်းတောင်ပေါ်မှာတောင် အိမ်တော်ထားရဲတဲ့ သတ္တိရှိတာပဲ…
ဝမ်ချီက စိတ်ထဲတွင် တွေးနေသော်လည်း ပါးစပ်ကပါ ထုတ်ပြောမိသွား၏။
သူပြောသည့် စကားများကို ကြာပြီး ကျောကျစ်က အေးစက်စွာ ပြောသည်။
“အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံးဆိုတဲ့ ဆိုရိုးရှိတာပဲ၊ အဲ့လူတွေက ဒီဆိုရိုးကို ကောင်းကောင်း နားလည်ကြတယ်…”
၁၅မိနစ်နီးပါး အနားယူပြီးနောက် အရှေ့သို့ ခရီးဆက်ကြသည်။
ထိုနေရာက အလွန်ဝေးပြီး မြင်းပေါ်တွင် ကျော့ကျော့မော့မော့ ထိုင်လိုက်သွားရန် အဆင်မပြေဘဲ ကိုယ့်ခြေထောက် ကိုယ်အားကိုးပြီး တောင်တက်ရမည်ဖြစ်ကြောင်း ကျောကျစ်က ပြော၏။
လမ်းတောက်လျှောက် ထူထပ်သော နှင်းများဖြင့် ဖုံးလွှမ်းနေသောကြောင့် လမ်းလျှောက်ရခက်ခဲနေပြီး ခရီးမတွင်ပေ။
ဝမ်ချီက သူ့ခြေထောက်များ အအေးဒဏ်ကြောင့် တောင့်ခဲကာ အားမရှိတော့သည်ကို ခံစားရပြီး မရပ်တန့်ရဲဘဲ သွားလက်စ အရှိန်ဖြင့် အရှေ့သို့ ဆက်သွားနေရသည်။
လမ်းခုလတ်တွင် ကောင်းကင်ပေါ်မှ နှင်းများ ထပ်မံ သည်းထန်စွာ ကျဆင်းလာပြီး မှောင်မိုက်နေသော ကောင်းကင် တစ်ခွင်လုံးကို ဖုံးအုပ်ထားသည်။
သူတို့က ဟွားအိမ်တော်ကို အမြန် ရောက်နိုင်မည့် ဖြတ်လမ်းကို အသုံးပြု၍သွားရာ မတ်စောက်သော တောင်စောင်များကို ကျော်ဖြတ်နေရသည်။ သိုင်းပညာ မတတ်ကျွမ်းသော သာမန်လူသာဆိုလျှင် ပြုတ်ကျသွားနိုင်၏။
အချိန် အတန်ကြာအောင် သွားပြီးနောက် ကျောကျစ်က အရှိန်ထပ်တင်လိုက်သည်။
ဝမ်ချီက အံကြိတ်ပြီး အနောက်မှ အမီလိုက်နေရ၏။
ကျောကျစ်က ခွေးတစ်ကောင်ကဲ့သို့ အနံ့လိုက်ရှူလိုက်ပြီး ဝမ်ချီ့ဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်ပြီး လေးနက်သော အမူအရာဖြင့် ပြော၏။
“သွေးနံ့ ရတယ်…”
ဝမ်ချီလည်း ကျောကျစ်အတိုင်း လိုက်အနံ့ခံကြည့်သော်လည်း ရေခဲရိုက် လေထုအနံ့မှလွဲ၍ အခြားမည်သည့် အနံ့မျှ မရပေ။
ကျောကျစ်၏ စွမ်းရည်က ဝမ်ချီထက် သာလွန်သည် ဖြစ်ပြီး သူမ တခုခုကို သတိပြုမိသောကြောင့် သူတို့ နှောင့်နေးမနေရဲတော့ဘဲ ဦးတည်ရာသို့ အရှိန်မြှင့် ဆက်သွားကြ၏။
ခဏအကြာတွင် ဝမ်ချီ ဟွားအိမ်တော်ကို လှမ်းမြင်နေရသည်။ နှင်းတောကြားထဲတွင် အမည်းရောင် အအောက်အဦးများက ထီးထီးမားမား ရှိနေသည်။
အဝေးမှ လှမ်းကြည့်ပါက ဆေးပန်းချီကားချပ်ကဲ့သို့ ဖြစ်နေကာ အဖြူနှင့် အမည်းရောင်သာ ပေါ်လွင်နေသောကြောင့် မှောင်မိုက်နေသော ကောင်းကင်ရံအောက်တွင် အလွန် တခမ်းတနားတည်ရှိနေသည်။
မမြင်နိုင်သော သေခြင်းတရား အငွေ့အသက်များက ထိုနေရာမှ ပျံ့လွင့်နေ၏။
ဝမ်ချီက မျက်နှာနှင့်ခေါင်းကို ဝတ်ရုံဖြင့် အုပ်ပြီး အိမ်တော် အနီးသို့ ဆက်သွားရာ နောက်ဆုံးတွင် သွေးနံ့သင်းသင်းကို ရလိုက်သည်။
သူတို့ အနီးကပ်လာသည်နှင့်အမျှ သွေးနံ့က ပို၍ပြင်းထန်လာ၏။
အိမ်တော်ဂိတ်ဝသို့ ရောက်သော အချိန်တွင် သွေးနံ့ အလုံးလိုက်အရင်းလိုက် ဝမ်ချီ့ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
သူက ထိုအနံ့ကို မခံနိုင်သောကြောင့် အလျင်အမြန် ပါးစပ်ကို ဝတ်ရုံဖြင့် အုပ်လိုက်သည်။
ကျောကျစ့်မျက်လုံးထဲ စိုးရိမ်မှုအရိပ်အယောင်များက ပို၍ တိုးပွါးလာပြီး လျှံကျမတတ် ဖြစ်နေသည်။ သူမက ရှစ်ယဲ့ကို ရှာဖွေရန် စိတ်လောနေသော်လည်း ဝမ်ချီ မသက်မသာ ဖြစ်နေသည်ကို မြင်ပြီး ရပ်တန့်လိုက်ကာ ပြောသည်။
“ဝမ်သခင်လေး အပြင်မှာ စောင့်နေခဲ့မလား…”
ဝမ်ချီက လည်ချောင်းထဲမှ ပျို့တက်လာမှုကို မနည်းသည်းခံကာ လက်ခါပြီး ပြောသည်။
“ငါတို့ ခွဲရှာကြတာပေါ့…”
ကျောကျစ်က ခဏတာ စဉ်းစားပြီး ဝမ်ချီ့စကားကို သဘောတူလိုက်သည်။
“ဂရုစိုက်ပါ…”
သူတို့ အထဲကို ဝင်လိုက်သည်နှင့် သွေးနံ့က ပိုပို ပြင်းထန်လာပြီး ရေမွန်းသကဲ့သို့ နှာခေါင်းထဲ အလုံးလိုက် အရင်းလိုက် တိုးဝင်လာ၏။
ဝမ်ချီက နှာခေါင်းကို လက်ဖြင့်ပိတ်လိုက်ပြီး ဘယ်ဘက်ကွေ့သွားသော ကျောကျစ်ကိုကြည့်ကာ ညာဘက်သို့ သွားလိုက်သည်။
ဝမ်ချီက ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသောကြောင့် ခေါင်းမပါသော ယင်ကောင်ကဲ့သို့ ကံကောင်းထောက်မပြီး ရှစ်ယဲ့နှင့် တွေ့နိုင်မလားဟု ဟိုပြေးသည်ပြေး လုပ်နေသည်။
ဟွားအိမ်တော်ကလူများနှင့် လမ်းတွင် တွေ့ရလိမ့်မည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ လမ်းတောက်လျှောက်တွင် မရေမတွက်နိုင်သော အလောင်းများကိုသာ တွေ့ခဲ့ရသည်။ လမ်းမတောက်လျှောက် သွေးများ စီးဆင်းနေပြီး လမ်းဘေးရှိ နှင်းများပင် သွေးများဖြင့် စွန်းနေသည်။
ဝမ်ချီ့ နှလုံးခုန်နှုန်း ပို၍ မြန်ဆန်လာပြီး ရင်ဘတ်ထဲ တင်းကြပ်၍ နေသည်။
မူလတွင် သူက ပုန်းလျှိုးပြီး သွားသော်လည်း နောက်ပိုင်းတွင် ပေါ်တင်သာ လိုက်ရှာနေတော့သည်။ အခန်းထောင့်ချိုးကို ဖြတ်သောအချိန်တွင် ရုတ်တရက် လက်နက်ပုန်းတစ်ခု မျက်နှာရှေ့သို့ ဖြတ်သွားသည်။
၎င်းလက်နက်ပုန်းက ဟွားကျစ်ချန် ထိုညက အသုံးပြုခဲ့သော လက်နက်ပုန်းနှင့် တူညီပြီး ပစ်ပုံပစ်နည်းပင် ဆင်နေသည်။ သို့သော်လည်း လက်နက်ပုန်းပစ်လိုက်သူက စွမ်းရည် ညံ့ဖျင်းပုံရသည်။
ဝမ်ချီ အလွယ်တကူ ရှောင်လိုက်နိုင်ရုံသာမက လက်ညှိုးနှင့် လက်ခလယ်ကိုသုံးကာ ၎င်းလက်နက်ပုန်းကို ဖမ်းယူလိုက်နိုင်သည်။
သူက ရပ်လိုက်ပြီး အနောက်သို့ လှည့်လိုက်သည်။
ရုတ်တရက် လှုပ်ရှားသံတစ်သံကို ကြားလိုက်ရသည်။
ဝမ်ချီက သက်ညှာမှု မရှိဘဲ ထိုလက်နက်ပုန်းကို ပြန်ပစ်လိုက်ရာ ခြုံပုတ်ထဲမှ ကလေးတစ်ယောက်၏ အော်သံ ထွက်လာ၍ အံ့အားသင့်သွားတော့သည်။
ခြုံပုတ်အနောက်တွင် ပုန်းနေသူမှာ ကလေးတစ်ယောက် ဖြစ်လိမ့်မည်ဟု ဝမ်ချီ မတွေးခဲ့ဖူးပေ။ သူက ထိတ်လန့်သွားပြီး စင်္ကြန်အစွန်ရှိ လက်ရန်းကိုကိုင်ကာ ခုန်ချလိုက်သည်။
ခြုံပုတ်ကို ဖယ်လိုက်သော အချိန်တွင် မြက်ခင်းပြင်နားတွင် သွေးထွက်နေသော လက်မောင်းကိုအုပ်၍ ထိုင်နေသောကောင်လေးကို တွေ့လိုက်ရသည်။
ထိုကောင်လေးက ခမ်းနားစွာဝတ်ဆင်ထားပြီး ခါးပတ်ပေါ်တွင် တန်ဖိုးရှိသော ရတနာများကို ချိတ်ဆွဲထားသည်။ သူ့ပုံစံက ၇/၈နှစ် အရွယ်လောက်သာ ရှိသော်လည်း ဝမ်ချီကို အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။
ထိုအကြည့်များက ကလေးတစ်ယောက်၏အကြည့်နှင့် လုံးဝမတူပေ။
ဝမ်ချီ ပြန်ပစ်ခွင်းလိုက်သော လက်နက်ပုန်းက သူ့၏ လက်မောင်းကို စိုက်သွားပုံရကာ သွေးများထွက်နေသည်။ သို့သော်လည်း သူက နာကျင်ပုံ မရပေ။ လက်တစ်ဖက်ဖြင့် လက်မောင်းကိုအုပ်ပြီး အေးအေးလူလူ ဖြစ်နေ၏။
ဝမ်ချီက စိတ်မာကြောသူ မဟုတ်သည့်အပြင် ကောင်လေး၏ လက်မောင်းကို လက်နက်ပုန်းဖြင့် ထိခိုက်မိစေသွား၍ ခဏတာတုံ့ဆိုင်းနေပြီးနောက် ကောင်လေး၏ အနာကိုကြည့်ပေးရန် သူ့အနားသို့ သွားလိုက်သည်။
သူထိုင်ချလိုက်သည်နှင့် ကောင်လေး၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး အနာကို အုပ်ထားသော လက်တစ်ဖက်မှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ ဝမ်ချီ့၏ မျက်ခုံးအလယ်ကို ထိုးစိုက်လိုက်သည်။
ကံကောင်းစွာဖြင့် ဝမ်ချီက သတိရှိရှိပြီး ကောင်လေး၏ လှုပ်ရှားမှုကို ကြည့်နေသောကြောင့် သူ့လက်ရွေ့သွားသည်ကို မြင်ပြီး လျင်မြန်စွာဖြင့် ဓားမြှောင်ကိုင်ထားသည့် လက်ကို ပုတ်ချလိုက်သည်။
ကောင်လေးက သူ့ပထမအကွက် မအောင်မြင်သောကြောင့် ချက်ချင်း ဒုတိယအကွက်ကို ထုတ်သုံးကာ လက်ပြန်ဖြင့် ဝမ်ချီ့ရင်ဘတ်ကို ထိုးစိုက်သည်။
ဝမ်ချီက ရှောင်လိုက်ပြီး ဓားမြှောင်ထက်တွင် အဝါရောင် အရည်များ သုတ်လိမ်းထားပြီး အမှုန့်များ ဖြူးထားသည်ကို မြင်လိုက်ရသည်။ ခန့်မှန်းရပါက ထိုအရည်များမှာ အဆိပ်များ ဖြစ်နိုင်သည်။
ဝမ်ချီလည်း တုန်လှုပ်သွားတော့သည်။
၇နှစ်၈နှစ်အရွယ် ကလေးတစ်ယောက်တွင် ထိုကဲ့သို့ ရက်စက်သော အကြံဥာဏ်များ ရှိနေလိမ့်မည်ဟု သူ မတွေးထားခဲ့ပေ။ ထိုကောင်လေး၏ သိုင်းကွက်များက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် မဟုတ်ဘဲ တစ်ပါးသူကို သတ်ဖြတ်ရန် ရည်ရွယ်သည့် သိုင်းကွက်များ ဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီး ဝမ်ချီ့အမူအရာ ပျက်ယွင်းသွားကာ ချက်ချင်းထထိုင်၍ ကောင်လေးလက်ထဲမှ ဓားမြှောင်ကို ခြေထောက်ဖြင့် ကန်လိုက်သည်။
ထိုကောင်လေး လက်ထဲတွင် တိုက်ခိုက်စရာ လက်နက် မရှိတော့သော်လည်း သူက တွေဝေမှုမရှိဘဲ ဝမ်ချီ့ကို ကိုယ်ဖြင့် ဝင်လုံးသည်။
ဝမ်ချီက ကောင်လေး၏ရင်ဘတ်ကို လှမ်းကန်လိုက်သည်။
ကောင်လေးက နာကျင်မှုကြောင့် အော်ညည်းလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏၊
ဝမ်ချီ့ ကန်ချက်က အားအလွန် မပြင်းပေ။ ခွန်အား ၂ပုံ၃ပုံခန့်သာ ထုတ်သုံးထားသော်လည်း ကန်ချက်က ကောင်လေး၏ ချက်ကောင်းထိသွား၍ ဖြစ်မည်။ ထိုကောင်လေးမှာ ထမလာနိုင်တော့ပေ။
ဝမ်ချီက အရှေ့သို့ တိုးသွားလိုက်ပြီး ကောင်လေး၏ လည်ပင်းကော်လံမှ ဆွဲ၍ထူလိုက်သည်။ သူက အသံကိုနှိမ့်၍ ပြောသည်။
“မင်းက ဟွားမိသားစုရဲ့ ကလေးလား…”
ကောင်လေးက ရုန်းကန်ခြင်း မပြုတော့ဘဲ ဝမ်ချီ့ကို သံသယမျက်လုံးများဖြင့် ကြည့်သည်။ သူ့မျက်လုံးများက လူကို စိတ်မချမ်းမသာ ဖြစ်စေ၏။
ဝမ်ချီက ကောင်လေးထံမှ အဖြေမရသောကြောင့် ကောင်လေး၏ ခေါင်းကိုခေါက်လိုက်ပြီး ထပ်ပြောသည်။
“ဖြေလေ…”
ထိုကောင်လေးက ချစ်စရာ ကောင်းသော်လည်း အမူအရာက အလွန်အေးစက်နေ၏။ ထိုကဲ့သို့ အမူအရာနှင့် ကလေးမျိုး ဝမ်ချီ တစ်ကြိမ်မျှ မတွေ့ခဲ့ဖူးပေ။
ဝမ်ချီ ထိုကောင်လေးကို လွှတ်ပေးရန် တွေဝေနေသော အချိန်တွင် ထိုကောင်လေးက ရုတ်တရက် ပြောလာသည်။
“မင်းလည်း လူသားဆေးပင်(Panacea)ထဲက တစ်ယောက်လား…”
(Panacea - ရောဂါအားလုံးကို ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိပြီး အသက်ရှည်စေသော နတ်ဘုရား မျိုးနွယ်)
ဝမ်ချီက မေးသည်။
“လူသားဆေးပင်ဆိုတာ ဘာလဲ…”
ထိုကောင်လေးက ထူးဆန်းသော စကားကို ဆိုသည်။
“ရှစ်မျိုးနွယ် လူသားဆေးပင်လေ…”
ထိုကောင်လေး ဆ်ိုလိုချင်သော အဓိပ္ပာယ်က ရှစ်ယဲ့က ဆေးပင်ဖြစ်ပြီး တိတိကျကျ ပြောရမည်ဆိုပါက လူသားဆေးပင် ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုခဏတွင် မကြုံစဖူး ဒေါသအလိပ်လိုက်များ ဝမ်ချီ့၏ ရင်ဘတ်ထဲကို မီးမြွေတစ်ကောင်ကဲ့သို့ ဖြတ်ဝင်လာသည်။
💮💮💮