အပိုင်း ၂
Viewers 45k

သူ့ကို ရှောင်အုပ်စုသို့ ဝင်ရောက်ခွင့်မပြုသည်မှာ အဘိုးဖြစ်သူ၏ ဆုံးဖြတ်ချက်ဖြစ်သော်ငြား ရှောင်ကျားရှုမှာ လက်မခံလိုဟန်လည်း ပြသ၍ မရချေ။ အကယ်၍ သူသာ မကျေနပ်သည့်အရိပ်အယောင် အနည်းငယ်ကို ပြသခဲ့မိပါလျှင် သူ့အဘိုးက ဒေါသပုန်ထကာ ဦးလေးနှင့် အဒေါ်တို့ရှေ့တွင် သူ့မိခင်ကို အမျိုးစုံ ဆူပူကြိမ်းမောင်းမည်ဖြစ်သည်။ သူက ဖျော်ဖြေရေးသမားများကို အထင်အမြင်သေးကာ လူတကာ ပြုသမျှ နုရသည့် အဆင့်အနိမ့်ဆုံး အသက်မွေးဝမ်းကြောင်းလုပ်ငန်းဟု မှတ်ထင်ထားသူဖြစ်သည်။
ရှောင်ကျားရှု၏ အတွင်းစိတ်ထဲတွင် မနာခံလိုမှုတို့ လှိုင်းတံပိုးထန်နေသော်ငြား ထိုစိတ်တို့ကို ချိုးနှိမ်ကာနာနာခံခံဖြင့် မတ်တပ်ရပ်လိုက်သည်။
"ဟုတ်ကဲ့ အခုပဲ အဆင်သင့်ပြင်ထားလိုက်ပါ့မယ် ..."
ရွှယ်မြောင်က သားဖြစ်သူ၏ ပုခုံးကို ပုတ်လိုက်သည်။ သူမ၏ အပြုံးမှာ နွေးထွေးသော်ငြား မျက်ဝန်းတို့မှာမူ စိုစွတ်နေ‌ဆဲဖြစ်သည်။
သားကို နိုင်ငံခြားကို ပို့လိုက်ရရုံတင် မကဘဲ စီးပွားရေးစီမံခန့်ခွဲမှုမေဂျာကိုပါ ပြောင်းယူခိုင်းရတာရယ် အဲဒီ့နှစ်တုန်းက ရှောင်ချီကျဲနဲ့ လက်ထပ်လိုက်တာရယ် ဒီရွေးချယ်မှုတွေက တကယ်ရော မှန်ရဲ့လား သူမလည်း မသိတော့ဘူး ဒါပေမယ့် ကျားရှုကို မွေးခဲ့မိတာက သူမဘဝအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ သူက သူမအ‌တွက်တော့ အကောင်းဆုံး လက်ဆောင်မွန်၊ အနွေးထွေးဆုံး နှစ်သိမ့်မှုလေးပဲ ...
မိသားစုလေးယောက်စလုံး အလျင်အမြန် ပြင်ဆင်‌ကာ ရှောင်မိသားစု ပင်မအိမ်တော်သို့ ထွက်လာလိုက်ကြသည်။ အကြီးအကဲရှောင်က ထိပ်ဆုံးထိုင်ခုံတွင် မြေးများ ခြံရံကာ ထိုင်နေပြီး ဝမ်းသာအားရ ရယ်မောနေသော်ငြား ရှောင်ကျားရှု ဝင်လာသည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ရုတ်ချည်း အေးစက်သွားတော့သည်။
"ဘာတွေ ဝတ်လာတာလဲ စုတ်ပြတ်ဟောင်းနွမ်းနေတာများ အဝတ်စုတ်အတိုင်းပဲ ကျက်သရေမရှိလိုက်တာ ..."
သူက လမ်းလျှောက်တုတ်ကို ကိုင်ကာ မြေးဖြစ်သူ၏ ဘောင်းဘီကို ညွှန်ပြလိုက်သည်။
သူ့ဘောင်းဘီကို ငုံ့ကြည့်လိုက်သည့် ရှောင်ကျားရှု၏ မျက်နှာတွင်လည်း နားမလည်နိုင်မှုတို့ ဖြတ်ပြေးသွားတော့သည်။
ဒါက ACNE စတူဒီယိုက ထုတ်ထားတဲ့ နောက်ဆုံးပေါ်ဒီဇိုင်းလေ ဒါကိုဝတ်လိုက်ရင် ဖက်ရှင်ကျတဲ့အပြင် သူ့ခြေထောက်တွေကိုပါ ရှည်သွယ်သွားသလို ထင်ရစေတဲ့ဟာကို ရှပ်အင်္ကျီအဖြူရောင်လေးနဲ့များ တွဲဝတ်လိုက်ရင် မျက်စိကျိန်းလောက်အောင်ကို ချောမောသွားတာလေ ဘယ်လိုဖြစ်လို့ အဝတ်စုတ် ဖြစ်သွားရတာလဲ ...
သူက ရှင်းပြမည် ပြင်နေစဉ်မှာပင် အစ်ကိုဖြစ်သူ၏ အသံကို ကြားလိုက်ရတော့သည်။
"အဘိုး ကျွန်တော့်မှာ "နေရောင်ခြည်" ဆေးလုံး ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးစရာလေးတွေ ရှိနေပါတယ် ..."
(နေရောင်ခြည်ဆေးလုံးက သူတို့ထုတ်မယ့်ဆေးလုံးရဲ့ နာမည်ကို ပြောချင်တာ ထင်ပါတယ်)
အကြီးအကဲရှောင်၏ ခက်ထန်နေသော မျက်နှာမှာ ရုတ်ချည်း နူးညံ့သွားတော့၏။ သူက လက်ကိုမြှောက်ကာ ပြောလိုက်သည်။
"ဒါဆို စာဖတ်ခန်းထဲ သွားရအောင် ဟုန်ရင် စားဖိုမှူးကို စပြီး ချက်ပြုတ်ခိုင်းထားလိုက်တော့ ..."
"ဟုတ်ကဲ့ အခုချက်ခြင်းပဲ စတင်ခိုင်းလိုက်ပါ့မယ် ..."
ဟုန်ရင်က ခပ်ပြုံးပြုံးဖြင့် သဘောတူလိုက်သည်။
သူမသည် ဒုတိယသား၏ ဇနီးဖြစ်ကာ ချမ်းသာပြီး အာဏာရှိသည့် မိသားစုမှ ဆင်းသက်လာသည့်အပြင် လုပ်ရည်ကိုင်ရည်လည်း ကောင်းမွန်လှသည့်အတွက် အကြီးအကဲရှောင်၏ သူမအပေါ် သဘောထားမှာ အလွန်ကောင်းမွန်လှပေသည်။ သူမက အိမ်၏ အရေးကိစ္စအဝဝကို စီမံခွင့် ရှိသော်ငြား သူမ၏ ကလေးများမှာမူ ရှောင်တင်းပန်နှင့် ယှဉ်ပြိုင်နိုင်သည့်အရည်အချင်း မရှိပေ။ သူမက ရှောင်တင်းပန်ကို သဘောမကျသော်ငြား သူ့ကို ကန့်လန့်တိုက်ရန်လည်း မတတ်နိုင်သည့်အတွက် မြားဦးကို ရှောင်ကျားရှုတို့ သားအမိထံသာ ဦးတည်လိုက်သည်။ သူမ၏ စကားလုံးများမှာ ဓားသွားကဲ့သို့ ချွန်ထက်ကာ အနာကျင်ရဆုံးနေရာသို့ ကွက်တိ ထိုးစိုက်နိုင်ပေသည်။
ရှောင်ကျားရှုကလည်း သူ့ဦးလေးနှစ်ယောက်နှင့် အဒေါ်နှစ်ယောက်ကို မနှစ်မြို့သော်ငြား အကယ်၍ သူသာ ရောက်မလာပါလျှင် ကျင့်ဝတ်မရှိ၊ လူရေးလူရာ မသိတတ်၊ ကျွေးမွေးပြုစုခြင်းနှင့် မထိုက်တန်သော မျက်ကန်းဖြူဝံပုလွေအဖြစ် အပြောခံရမည်ဖြစ်ရာ လိုက်လာရုံမှတစ်ပါး ရွေးစရာမရှိတော့ချေ။ သူနှင့် သူ့အမေအတွက်မူ ရှောင်မိသားစုသည် အင်မတန် ကြီးမားလှသည့် အကျဉ်းထောင်တစ်ခုပင် ဖြစ်သည်။
ညစာစားချိန်အတွင်းရှိ လေထုမှာ အလွန်အမင်း ကမောက်ကမ ဖြစ်နေလေ၏။ နိုင်ငံခြားမှ ပြန်ရောက်လာသော ရှောင်ကျားရှုကသာ စိတ်ဝင်စားမှုတို့ကို သိမ်းကျုံးယူထားသင့်သော်ငြား အကြီးအကဲရှောင်က သူ့ကို လုံးဝ လျစ်လျူရှုထားပေသည်။ အခြားမြေးများကလည်း သူ့အနား ဝိုင်းရံကာ မျက်နှာလိုမျက်နှာရဖြင့် စကားစမြည် ပြောပေးနေကြသည်။ ဦးလေးနှစ်ယောက်က ဖခင်ဖြစ်သူနှင့်အတူ စီးပွားရအကြောင်း ဆွေးနွေးနေကာ အဒေါ်နှစ်ယောက်ကမူ နှစ်ကိုယ်ကြား တီးတိုးစကားပြောရင်း ရွှယ်မြောင်ကို လုံးဝ လျစ်လျူရှုထားကြသည်။ အကြီးအကဲရှောင်၏ အရှေ့တွင် သူမအပေါ် မနှစ်မြို့မှုကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြသခြင်း မရှိသည့်တိုင် လျစ်လျူရှုမှုတို့ကိုတော့ ဖုံးကွယ်မထားပေ။ သူတို့နှစ်ယောက်လုံးမှာ ချမ်းသာကြွယ်ဝသည့် မိသားစုကြီးများမှ ဆင်းသက်လာသူများ ဖြစ်သည့်အတွက် ရွှယ်မြောင်နှင့် ကျင်လည်ခဲ့ပုံခြင်း လုံးဝ မတူညီကြပေ။
အမေနှင့်သားစုံတွဲမှာ ဤသို့သော ခွဲခြားဆက်ဆံမှုများနှင့် ကျင့်သားရနေပြီဖြစ်သည်။ သူတို့က တစ်ချက်မျှပင် မူပျက်ဟန် မပြဘဲ တိတ်တဆိတ်သာ စားသောက်နေလိုက်ကြပြီးနောက် သုံးနာရီအကြာတွင် မိသားစုလေးဦးလုံး အိမ်သို့ ပြန်လာခဲ့လိုက်ကြတော့သည်။ မှောင်မည်းနေသော သစ်ပင်တို့အကြား ကျန်ရစ်နေခဲ့သည့် အိမ်တော်ကို ကြည့်ရင်း ရွှယ်မြောင်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မျက်နှာချင်းဆိုင်ရှိ ရှောင်ကျားရှုကမူ ဗိုက်ကိုလှန်ကာ ထိုင်ခုံနောက်မှီပေါ် ပျင်းတိပျင်းရွဲဖြင့် မှီထိုင်ပြီး ထိုင်ခုံနှစ်ခုအကြား နေရာခပ်ကျဉ်းကျဉ်းထဲသို့ ခြေကို ဆန့်ထားလိုက်သည်။
အဖေရှောင်က သူ၏ ပြဲနေသော ဂျင်းဘောင်းဘီကိုကြည့်ကာ ဆူပူကြိမ်းမောင်းလိုက်သည်။
"ဘာတွေဝတ်လာတာလဲ မင်းကိုပေးတဲ့ အသုံးစရိတ်က မလုံလောက်လို့လား ဟင် လူရိုသေရှင်ရိုသေ အဝတ်အစားလေး တစ်စုံလောက်တောင် မတတ်နိုင်ဘူးလား နောက်တစ်ခါ ဒါမျိုး လုံးဝ ဝတ်မလာနဲ့ မင်းကြောင့် ငါ မျက်နှာပျက်ရပြီ ..."
ရှောင်ကျားရှုပင် ပြန်မပြောရသေးခင် ရွှယ်မြောင်က ဒေါသတကြီး ဝင်ပြောလိုက်၏။
"ရှင် ဘာသိလို့လဲ ဒါက ACNE studio ရဲ့ ဒီနှစ်ထုတ် ဒီဇိုင်းအသစ်လေ ဒီဇိုင်းဆွဲ‌တဲ့နေရာမှာ ဂျော်နီဂျွန်ဆင်ကိုယ်တိုင် ပါထားတဲ့ အဓိကထုတ်ကုန်တစ်ခုပဲ ရှောင်ရှုဝတ်လိုက်တဲ့အချိန်မှာဆို သူ့ခြေထောက်က အရင်ထက် ဖြောင့်တန်းသွယ်လျသွားပြီးတော့ တစ်ခြားကုမ္ပဏီတွေရဲ့ ထိပ်သီးမော်ဒယ်တွေထက်တောင် ပိုခန့်ညားသွားတယ်လေ ဘယ်လိုဖြစ်လို့ မြင်မကောင်းရှုမကောင်း ဖြစ်ရမှာလဲ ရှင်နဲ့ရှင့်အဖေက ဒီလောက်‌တောင် ရှေးရိုးစွဲနေရင် ဘာလို့ ချန်ဖောင်နဲ့ ကြယ်သီးတပ် တရုတ်ရိုးရာအင်္ကျီပဲ မဝတ်တာလဲ ချင်မင်းဆက်ခေတ်က ကုန်လွန်သွားတာ ကြာလှပြီ ရှင်တို့ရဲ့ ခေတ်ဟောင်းအတွေးတွေကို လှုပ်နှိုးလိုက်တော့ ရှင်က ဒီလောက်အထိ မကျေမနပ်ဖြစ်နေမှတော့ ရှေ့လျှောက် ရှင့်ကို နာမည်မခေါ်ဘဲ ချီကျဲကောလို့ပဲ ခေါ်ပေးမယ်လေ ကျေနပ်ပြီလား ဒါမှမဟုတ် ဝမ်ရယ်လို့ ခေါ်ပေးရဦးမလား ရှင်တို့က တကယ်ကို မျက်နှာပြောင်ကြတာပဲ ..."
(ချန်ဖောင် - အမျိုးသားဝတ် ရိုးရာဝတ်စုံပါ အမျိုးသားဝတ်ကို ချန်ဖောင်လို့ ခေါ်ပြီး အမျိုးသမီးဝတ်ကိုတော့ ချီဖောင်လို့ ခေါ်ပါတယ် ချင်မင်းဆက်မှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားပါ)
ရှောင်ကျားရှု၏ မျက်နှာပေါ်တွင် မည်သည့်အမူအယာမှ မရှိသော်ငြား စိတ်ထဲတွင်မူ သူ့အမေကို လက်မအကြီးကြီး ပေးနေလေသည်။
ဒီဂျင်းဘောင်းဘီ ဝတ်ထားတာ ကြည့်ကောင်းမှန်း သူ့ကိုယ်သူ သိတာပေါ့ ဟိုလူတွေနဲ့ ဘာမှမှ မဆိုင်တာ ...
အဖေရှောင်ကမူ ဒေါသထွက်လွန်း၍ ရင်ဘက်ကိုပင် လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ရတော့သည်။
"ငါ့အရှေ့မှာသာ ကျိုးကြောင်းမဆီလျော်တာတောင် နှုတ်လှန်ပြန်ထိုးရဲနေတာ အစောပိုင်း အဖေ့ရှေ့မှာကျ ရေငုံနှုတ်ပိတ် နေနေတာပါ့‌လား ဒါက ရှောင်ရှုကောင်းဖို့လုပ်တယ်ဆိုတာ မင်း နားမလည်ဘူးလား ငါ့အဖေက ရည်ရည်မွန်မွန်လေးတွေပဲ သဘောကျတာလေ ရှောင်ရှုက သူ့ရှေ့မှာ ပိုပြီး စည်းစနစ်ကျကျနဲ့ အမြင်ကောင်းရအောင် နေပေးလို့ မရလို့လား ..."
"ရည်ရည်မွန်မွန်လေး ဟုတ်လား ဘယ်သူတွေကများ ရည်မွန်လို့လဲ ရှောင်ချီကျဲ လာနောက်နေတာလား သူက ရှောင်ရှုကို လုံးဝကို မကြိုက်တာ ရှောင်ရှု ဘာပဲဝတ်ဝတ် ဘာပဲလုပ်လုပ် ရှင့်အဖေရဲ့ မျက်လုံးထဲမှာတော့ အပြစ်တွေပဲ ဖြစ်နေမှာပဲ ရှောင်ရှုဝတ်ထားတဲ့ဘောင်းဘီက ဒူးမှာ အပေါက်ဖောက်ထားရုံလေးတင် ဒါပေမယ့် ရှင့်ရဲ့ တော်လှပါချည်ရဲ့ဆိုတဲ့ တူမနှစ်ယောက်ကကျရော တစ်ယောက်က ရင်တစ်ခြမ်းပေါ်တဲ့အထိ ဝတ်ထားပြီး နောက်တစ်ယောက်ကဆို အတွင်းခံဘောင်းဘီတောင် မြင်ရတော့မယ် သူတို့ကျ ဘာလို့ မပြောတာလဲ သူတို့ဝတ်ရင် ဖက်ရှင်ကျတယ်၊ ခေတ်မီတယ်ပေါ့ ရှောင်ရှုဝတ်ရင်ကျ စုတ်ပြတ်နေတာပဲလို့ ပြောချင်တာလား ဒါက လူတွေကို အနိုင်ကျင့်ရမယ့်ကိစ္စ မဟုတ်ဘူးလေ ..."
"မတော်သေးဘူးလား မင်းက တစ်နေ့ထက်တစ်နေ့ကို ပိုပြီး ပွစိပွစိဖြစ်လာတာပဲ ..."
"မတော်နိုင်သေးဘူး ဒီနေ့တော့ ရှင့်မိသားစုတစ်ခုလုံး ဘယ်လောက်တောင် ကျိုးကြောင်းမဆီလျော်သလဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် ပြောပြရမယ် ..."
အပြန်အလှန် ဆွေးနွေးနေရာမှ စကားများရန်ဖြစ်ခြင်းသို့ ဦးတည်လာကာ ဆူပူမှုများကြောင့် ရှောင်ကျားရှုပင် ခေါင်းကိုက်လာရတော့၏။ သူက ဖျန်ဖြေရန် ကြိုးစားသေးသော်ငြား တစ်ယောက်ကမှ နားမထောင်သည့်အတွက် ဒရိုင်ဘာကို ရပ်ခိုင်းကာ ကား ပေါ်မှ ဆင်းသွားရုံမှတစ်ပါး ရွေးစရာ မရှိတော့ပေ။ ရှောင်တင်းပန်၏ ကားက ‌အနောက်မှ ကပ်လိုက်လာသော်ငြား သူ့ကို တွေ့လိုက်ချိန်တွင် အရှိန်အနည်းငယ် လျော့သွားသည့်တိုင် ကားကိုတော့ ရပ်မပေးချေ။
ရှောင်ကျားရှုက မလှုပ်မရှားဘဲ အချိန်အနည်းငယ် ရပ်တန့်နေလိုက်သည်။ သူကိုယ့်သူ လွတ်လပ်မှုကို ခံစားနေရလား အထီးကျန်ခြင်းကို ခံစားနေရလားပင် မခွဲခြားတတ်တော့ချေ။ Wharton တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့စဉ်က အဘိုးနှင့် အဖေတို့၏ အသိအမှတ်ပြုမှုကို ခံယူရလိမ့်မည်ဟု ထင်ခဲ့သော်ငြား ဖြစ်မလာခဲ့။ သူသာ ဂုဏ်ထူးဘွဲ့ထူးဖြင့် ပြန်လာပါလျှင် အသိအမှတ် ပြုလိမ့်မည်လားဟု မျှော်လင့်ခဲ့သည့်တိုင် လက်တွေ့တွင် ဖြစ်မလာခဲ့ချေ။
သူ့အမေပြောသလိုပါပဲ တစ်ချို့သူတွေအတွက် သူ ဘာပဲလုပ်လုပ် အလကားပဲ သူတို့ကို ဘယ်လိုနည်းနဲ့မှ စိတ်ကျေနပ်စေနိုင်မှာ မဟုတ်ဘူးတဲ့ ...
အဲဒီ့လိုဆိုမှတော့ ဘာလို့ သူတို့အကြိုက်ကို လိုက်နေဦးမှာလဲ ...
မခံမရပ်နိုင်ဖြစ်နေသော ရှောင်ကျားရှုက ခြေဦးတည့်ရာ လျှောက်သွားနေပြီးနောက် မိတ်ကပ်နှင့် အလှပြုပြင်ရေး စတူဒီယိုတစ်ခုကို တွေ့လိုက်ချိန်တွင် အထဲသို့ ချက်ခြင်း ဝင်သွားလိုက်တော့သည်။
"ဆံပင်ကို အရောင်ဆိုးချင်လို့ပါ မီးခိုရောင်၊ ကြက်သွန်မြိတ်စိမ်းရောင်၊ အဝါရောင်တောက်တောက် ဘယ်လိုအရောင်ပဲဖြစ်ဖြစ် အခုခေတ်မစားတဲ့အရောင် ဘယ်အရောင်မဆို ‌ဆိုးပေးပါ ဟုတ်သားပဲ တက်တူးတစ်ခုထိုးပြီး နားလည်း ဖောက်ဦးမယ်နော် ..."
ကြက်သွန်မြိတ်စိမ်းရောင်၊ အဝါရောင်တောက်တောက် ဟုတ်လား ကောင်လေးရေ မင်း ငါ့ဆိုင်ကို နာမည်ဖျက်ချင်လို့ လာတာတော့ မဟုတ်ပါဘူးနော် ...
စတိုင်လစ်က စိတ်ထဲမှ ကျိန်ဆဲလိုက်သော်ငြား အပြုံးကြီးကြီးတစ်ပွင့်နှင့်အတူ သဘောတူလိုက်ပေသည်။
ခေတ်မစားတဲ့အရောင် ဆိုးချင်တာ မဟုတ်လား သေချာပေါက် ရတာပေါ့ ဒါပေမယ့် ရုပ်ဆိုးသွားလို့တော့ မဖြစ်ဘူးလေ ...
ဆိုင်၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်အလို့ငှာ လူငယ်လေးကို စေ့စေ့ပေါက်ပေါက် ကြည့်နေသော စတိုင်လစ်၏ မျက်နှာတို့မှာ နီမြန်းလာတော့သည်။
ဒီဖောက်သည်လေးက တအား ကြည့်ကောင်းလွန်းမနေဘူးလား အခုခေတ်စားနေတဲ့ ပန်းပွင့်လို ကောင်လေးတွေလိုမျိုးလည်း နူးညံ့နေတာ မဟုတ်သလို ကြွက်သားအပြည့်နဲ့ အရိုင်းဆန်တာမျိုးလည်း မဟုတ်ပြန်ဘူး ဒီနှစ်မျိုး ရောထားသလိုမျိုး ညီညီမျှမျှနဲ့ ကြည့်ကောင်းတဲ့အပြင် မျက်နှာအချိုးအစားတွေကလည်း လုံးဝကို သိသာထင်ရှားနေတာပဲချောလွန်းလို့ အကြည့်တောင် မလွှဲရက်စရာ မျက်နှာလေးပဲ နှာတံလေးကလည်း ဖြောင့်ဆင်းနေပြီးတော့ နှုတ်ခမ်းလေးဆိုလည်း နီမြန်းပါးလျနေလိုက်တာများ နည်းနည်းလေး ကော့တက်နေတဲ့ မက်မွန်ပွင်ပုံစံ မျက်ဝန်းတွေကဆို စိတ်ဝိဉာဉ်ကိုပါ စုပ်ယူသွားတော့မယ့်အတိုင်းပဲ ..."
ဒီလို မျက်နှာလှလှလေးနဲ့ဆို တစ်ခေါင်းလုံး သက်တံ့ရောင် ဆိုးလိုက်ရင်တောင် ရုပ်ဆိုးသွားမှာ မဟုတ်ဘူး ...
စတိုင်လစ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"ဒါဆို မင်းဆံပင်ကို gradient ပုံစံ ဆိုးပေးမယ် ဆံပင်အရင်းက အနက်ရောင်ဆိုပေမယ့် တစ်ဖြေးဖြေး မီးခိုးရောင် သမ်းသွားတာမျိုးလေ မင်းဆံပင်က အရမ်းကောင်းတာပဲ ပိုးသားလို နူးညံ့ပြီး အရှည်ကလည်း အနေတော်ပဲဆိုတော့ ဆံပင်ကို သပ်တင်လိုက်ရင် အရောင်ပြောင်းသွားတာကို သေချာပေါက် မြင်နေရမှာ တကယ်ကို အရမ်းကြည့်ကောင်းမှာ ကျိန်းသေတယ် ..."
စတိုင်လစ်က ထိုသို့ပြောရင်း iPad ကို ထုတ်ကာ လက်တွေ့ ရှင်းပြလိုက်သည်။
ရှောင်ကျားရှုက ဗီဒီယိုကို တစ်ခဏမျှ ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို ဒီအတိုင်းပဲ လုပ်လိုက်မယ် ..."
စတိုင်လည်း ကျသလို လူကြားထဲမှာလည်း ထင်းထွက်နေမှာပဲ ...အရေးအကြီး‌ဆုံးအချက်ကတော့ သူ့အဖေက လုံးဝကို လက်ခံနိုင်မှာ မဟုတ်ဘူး ...
စတိုင်လစ်က အလွန် ရွှင်လန်းတက်ကြွ‌နေလွန်း၍ ဆံပင်ဆေးဆိုးရင်း သီချင်းညဉ်းနေလိုက်တော့သည်။ သူသည် လှပသည့်အရာများကို သဘောကျသူဖြစ်ကာ လှပသည်များကို ပိုပြီး လှအောင် ဖန်တီးပေးရခြင်းကိုလည်း နှစ်သက်လှပေသည်။
လေးနာရီကြာပြီးနောက် အရောင်ဖြာထွက်နေသော ဆံပင်၊ မီးတောင်ကျောက်ကဲ့သို့ တလက်လက်တောက်နေသော နားကပ်တို့ကို ပန်ဆင်ထားသော စိတ်သစ်လူသစ်ဖြင့် ရှောင်ကျားရှု ထွက်လာတော့၏။ သို့သော် တက်တူးတော့ မပါလာပေ။ စတိုင်လစ်က ကိရိယာများကို ထုတ်လာကတည်းက သူ့ကတ်ကို ထုတ်ကာ အလောတကြီး ငွေချေရင်း အလန့်တကြား ပြန်ပြေးလာခဲ့ခြင်းဖြစ်သည်။ သူအိမ်ပြန်ရောက်လာချိန်တွင် ရွှယ်မြောင်သည် မျက်နှာကို mask ကပ်နေလေ၏။ သူ့ကို မြင်လိုက်ရချိန်တွင် mask တစ်ခုလုံး မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
"အဖေရော ..."
ရှောင်ကျားရှု၏ မျက်နှာတွင် မည်သည့်အမူအရာမှ ရှိမနေသည့်တိုင် လက်ဖဝါးတို့မှာတော့ ချွေးစေးများဖြင့် ရွှဲနစ်နေပေသည်။ သူသည် လိမ္မာသော ကလေးတစ်‌ယောက်အဖြစ်သာ ကြီးပြင်းလာခဲ့သူဖြစ်ရာ ဤသည်မှာ ပထမဆုံးအကြိမ် ပုန်ကန်မိခြင်းပင်ဖြစ်သည်။
Xxxxxx