အပိုင်း ၃
Viewers 45k

Chapter 3


"ဘယ်လိုဖြစ်ပြီး ဒီလိုပုံမျိုး ဖြစ်လာတာလဲ ..." 


ရွှယ်မြောင်က မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။


"ဒီတိုင်းပဲ ပြောင်းချင်စိတ် ပေါက်လာတာနဲ့ ..." 


သူက ဆံပင်ကို သပ်တင်ရင်း ခပ်မိုက်မိုက်စတိုင်ကို ထုတ်ပြကာ မေးလိုက်သည်။ 


"ကြည့်မကောင်းဘူးလား ..." 


"သေချာပေါက်ကို ကြည့်ကောင်းတာပေါ့ နည်းနည်းတော့ နာမှာပဲနော် ..." 


သူမက နဖူးကို ဖိနှိပ်ရင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"ဆေးဆိုးတာက မနာပါဘူး ဆံပင်ဆိုးဆေးနဲ့ မတည့်တာမှ မဟုတ်တာ ..." 


ရှောင်ကျားရှုက အိမ်တွင်းစီးဖိနပ် ပြောင်းစီးရင်း ရေခဲသေတ္တာထဲမှ mask အသစ်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ 


"အမေပြောတာက နောက်ပိုင်း မင်းအဖေရိုက်တာ ခံရရင် နာမှာပဲလို့ သား အခန်းထဲ မြန်မြန် ပုန်းနေတော့ ..." 


သူမက mask ကို ယူရင်း ပြောလိုက်သည်။ 


ရှောင်ကျားရှု "..." 


တစ်နေ့လုံး တစ်ညလုံး အခန်းထဲ ပုန်းနေသည့်တိုင် ရှောင်ကျားရှုမှာ အရိုက်ခံလိုက်ရဆဲဖြစ်သည်။ ရှောင်တင်းပန်က ကုမ္ပဏီကိစ္စ ဆွေးနွေးရန် လာခေါ်သွား၍သာ မဟုတ်ပါလျှင် သူ့တင်ပါးတို့မှာ အကောင်းအတိုင်း ကျန်နိုင်တော့မည် မဟုတ်ချေ။ သိူ့သော် ဤကဲ့သို့ ကြုံတွေ့ခဲ့ရသည့်တိုင် သူဆံပင်ကိုတော့ အနက်ရောင် ပြန်မပြောင်းချေ။ ဒေါသတို့ အနည်ထိုင်သွားသော အဖေရှောင်ကလည်း သူ့ကိူ အတင်းအကြပ် မတိုက်တွန်းတော့သည့်တိုင် သူ့ကို မြင်ချိန်တိုင်း ထင်ရာစိုင်း၍ အရောင်အဝါတို့ မှိန်ဖျော့သွားသော နိုဗာကြယ်ကို တွေ့လိုက်ရသည့်နှယ် သက်ပြင်းအရှည်ကြီး ချနေလေ့ရှိသည်။ 


ရှောင်ကျားရှုမှာ ဤနိုင်ငံအတွင်း အပေါင်းအသင်းဟူ၍လည်း မည်မည်ရရမရှိ။ အသောက်အစား အပျော်အပါးလည်း မမက်သည့်အပြင် ပြိုင်ကားမောင်းခြင်းကိုလည်း ဝါသနာမပါ။ သူ၏ တစ်ခုတည်းသော ဝါသနာမှာ ဂိမ်းဆော့ခြင်းသာ ဖြစ်သည်။ နည်းပညာမြင့် ကွန်ပျူတာတစ်လုံး၊ အင်တာနက်ကွန်ယက်နှင့် အစားအစာသာ လုံလုံလောက်လောက် ရှိနေပါလျှင် တစ်လကိုးသီတင်း အခန်းအောင်းနေ‌နိုင်ရာ အဖေရှောင်၏ ပူပန်မှုများမှာ အပိုသပ်သပ်သာ ဖြစ်သည်။ 


သိူ့သော် ရွှယ်မြောင်ကမူ သားဖြစ်သူ၏ စိတ်ဝိဉာဉ်ကင်းမဲ့နေပုံအား လက်ပိုက်ကြည့်မနေနိုင်။ သားဖြစ်သူသာ ဤအတိုင်း ဆက်သွားနေပါလျှင် များမကြာမီ ကိုယ်နှင့်စိတ် မကပ်တော့မည့်အပြင် လမ်း‌လျှောက်နေသည့် အလောင်းကောင်သဖွယ် အသက်ရှင်ရုံမှတစ်ပါး ရည်မှန်းချက်ပန်းတိုင် မရှိသူအဖြစ်သို့ ကူးပြောင်းသွားတော့မည်ဖြစ်သည်။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက် သူမက အင်တာနက်ကွန်ယက်ကို ဖြတ်တောက်ကာ သူ့ကို ရေချိုး၊ အဝတ်အစား လဲခိုင်းကာ အပြင်သို့ ခေါ်လာလိုက်တော့သည်။ 


"သရဖူခေတ် entertainment အမေ ဘာလို့ ဒီကို ခေါ်လာရတာလဲ ..." 


ရှောင်ကျားရှုက မိုးမျှော်တိုက်ပေါ်ရှိ ဆိုင်းဘုတ်ကို မော့ကြည့်ကာ မေးလိုက်သည်။ သူသည် ပြီးခဲ့သည့်လများအတွင်း အလွန် ပိန်ချုံးသွားကာ မျက်လုံးအောက်ရှိ မျက်ကွင်းညိုများကြောင့် ကျန်းမာရေး မညီညွတ်မှန်း သိသာနေပေသည်။ 


"အလုပ်လုပ်ဖို့လေ ..." 


သူမက ဓာတ်လှေကားထဲဝင်ကာ ထိပ်ဆုံးထပ်သို့ သွားမည့် ခလုတ်ကို နှိပ်ရင်း တံခါးပိတ်သွားမည်ကို စောင့်ပြီး ပြောလိုက်သည်။ 


"အမေ့မှာ သရဖူခေတ် entertainment ရဲ့ ရှယ်ယာတွေ ရှိနေတယ် နောက်ပိုင်းကျ ဒါတွေအားလုံးကို မင်းနာမည်နဲ့ လွှဲပေးမှာလေ သားက ဒီကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်လို့ ပြောလို့ရ‌တော့ အနှေးနဲ့အမြန် ကိုယ့်ကုမ္ပဏီကို လာကြည့်ရမှာပဲ မဟုတ်လား..." 


"အမေ အနုပညာအသိုင်းအဝိုင်းနဲ့ ပတ်သက်နေသေးတာလား တကယ်လို့ အဖေသာ သိသွားရင် ..." 


ရှောင်ကျားရှုက မိခင်အတွက် ပူပန်လွန်းအားကြီးသွား၍ ဤနေရာတွင် အလုပ်လုပ်ရန် ရောက်လာရကြောင်းကိုပင် မေ့သွားတော့သည်။ 


"ရှာတွေ့တော့ရော သူ ဘာလုပ်နိုင်မှာတဲ့လဲ အဆိုးဆုံးမှ နောက်ထပ် ရန်ဖြစ်ရုံပေါ့ သူက သားကို ရှောင်အုပ်စုထဲ အဝင်မခံပေမယ့် အမေကလည်း ဒီတိုင်းကြီး အချိန်ဖြုန်းနေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး ဘာပဲဖြစ်ဖြစ် မင်းက Wharton တက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားပဲ မဟုတ်လား ဘွဲ့ရပြီးနောက်ပိုင်း ဂိမ်းပဲ ဆော့တတ်တော့တယ်လို့တော့ မပြောနဲ့နော် အနုပညာလောကထဲ ဝင်လိုက်ရင် အဘိုးနဲ့ အဖေက ဆူမှာကို ကြောက်နေတာလား ဒါဆိူလည်း အခုပဲ အိမ်ပြန်ခေါ်သွားပေးမယ် ..." 


"ဘာလို့ ကြောက်ရမှာလဲ သူတို့ကလည်း ဂရုစိုက်နေတာမှ မဟုတ်တာ ..." 


ရှောင်ကျားရှုမှာ စိတ်ထဲတွင် အနည်းငယ် တွန့်ဆုတ်နေသေးသည့်တိုင် အပေါ်ယံတွင်မူ အကြောက်အရွံ့ ကင်းမဲ့လေဟန် တည်ငြိမ်နေပေသည်။ 


ကလေးတစ်ယောက်ကို မိခင်ထက်ပို၍ မည်သူကမှ နားမလည်နိုင်ဟုပင် ဆိုရိုးရှိသေးပေသည်။ ရွှယ်မြောင်၏ သားဖြစ်သူအပေါ် နားလည်မှုအရ သူ့အဘိုးနှင့် အဖေတို့ တည်ဆောက်ထားသည့် လှောင်ချိုင့်အတွင်းမှ ဆွဲထုတ်ပေးရမည်ဖြစ်သည်။ သူမ ဘဝ၏ တစ်ဝက်ခန့်ကို ရှောင်ချီကျဲထဲ မြှုပ်နှံခဲ့ရသော်ငြား သူနှင့် လက်ထပ်ပြီးကတည်းက စိတ်ညစ်ညူးကာ ယုံမှားသံသယ ဖြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် သားဖြစ်သူကိုလည်း အလားတူအဖြစ်မျိုး မဖြစ်စေလိုတော့ပေ။ 


သူ့အဘိုးနဲ့ အဖေက စိတ်ဆိုးတော့ရော ဘာလုပ်ရမှာလဲ သူတို့နှစ်ယောက်ကို ဝါးစားနိုင်မှာတဲ့လား ...


အတွေးတို့ မျောလွင့်နေစဉ်မှာပင် တံခါးပွင့်သွားကာ အံ့ဩနေဟန် အပြုံးတစ်ပွင့်နှင့်အတူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူတို့ကို ကြိုဆိုနေပေသည်။ ထိုသူမှာ အရပ်ရှည်လျားရုံသာမက အလွန်အမင်း ခန့်ညားနေသေးသည်။ သူ၏ အနည်းဟန် ဆိုးယုတ်ဟန် စွက်နေသော အလေးမထားဟန် အမူအရာနှင့် ချုပ်တည်းထားခြင်း မရှိသော သွင်ပြင်တို့က သူ့ရုပ်ရည်ကို ဖျက်ဆီးရမည့်အစား ပို၍ပင် ဆွဲဆောင်မှု ရှိနေစေပေသည်။ သူက ရွှယ်မြောင့်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ အလျင်အမြန် ပြန်လွှတ်ပြီး ပြောလိုက်သည်။ 


"မြောင်မြောင် မင်း ဘယ်တော့မှ ပြန်မလာတော့ဘူးလို့တောင် ထင်ထားတာ ‌ဒီအတောအတွင်း အဆင်ပြေနေတယ် မဟုတ်လား ..." 


"အရင်အတိုင်းပါပဲ ..." 


သူမက သူငယ်ချင်းကောင်းကို နတ်သမီးပုံပြင် လှလှလေးများဖြင့် အယုံသွင်းမနေတော့။ စိတ်ပျက်နေဟန် အပြုံးတစ်ပွင့်ကို လှစ်ဟရင်း သားဖြစ်သူကို ပြောလိုက်သည်။ 


"ရှောင်ရှု ဒါက မင်းရဲ့ ဦးလေးရှို့တဲ့ သူ့ကို အမြန်နှုတ်ဆက်လိုက်လေ ..." 


ရှို့ချန်ယုသည် သရဖူခေတ် entertainment ၏ ပိုင်ရှင်ဖြစ်ကာ အနုပညာလောက၏ မိုးလေများကို ဆင့်ခေါ်နိုင်သည်အထိ လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်သည်။ ထိုနှစ်က ရှောင်ကျားရှု၏ မိခင်သည် သူ့ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကာ သူကိုယ်တိုင် အောင်မြင်အောင် ပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ ကာလရှည်ကြာ ပူးပေါင်းခဲ့သည့်အတွက် သူတို့နှစ်ဦးအကြား ကောင်းမွန်လှသည့် အလုပ်ရှင်နှင့် ဝန်ထမ်းဆက်ဆံရေးသည် ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆို၍ရသော သူငယ်ချင်းဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သို့သော် သူမက ရှောင်မိသားစုနှင့် လက်ထပ်ပြီးနောက် အနုပညာလောကရှိ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့သည့်အတွက် ဤဦးလေးရှို့မှာ ရှောင်ကျားရှုအတွက်မူ သူစိမ်းတစ်ဦးသာ ဖြစ်ပေသည်။ သို့သော် သူ့အနေဖြင့် စီးပွားရေးနှင့် အနုပညာစာစောင်များတွင် မကြာခဏ ပါဝင်လေ့ရှိသည့် ခန့်ညားသော ရုပ်သွင်ကို အသိအမှတ်မပြုဘဲ မနေနိုင်ချေ။ 


"ဦးလေးရှို့ တွေ့ရတာ ဝမ်းသာပါတယ် ..." 


သူက လေးလေးစားစား ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်။ 


ရှောင်ကျားရှုသည် ရွှယ်မြောင်၏ တုနှိုင်းမဲ့ရုပ်ရည်ကို အမွေဆက်ခံထားရပြီး ရှောင်ချီကျဲနှင့် စိုးစဉ်းမျှပင် မတူချေ။ ရွှယ်မြောင်၏ ပထမဆုံးဇာတ်ကားတွင် သူမက အဓိကမင်းသားအဖြစ် သရုပ်ဆောင်ကာ သမားရိုးကျ တင့်တယ်လှပသည့် ဇာတ်ကောင်များနှင့် ကွဲထွက်ကာ ထူးထူးခြားခြား သူရဲကောင်းဆန်နေသည့်အတွက် မိန်းကလေးပရိသတ် သန်းပေါင်းများစွာ၏ အားပေးခြင်းကို ခံရကာ နာမည်ကျော်ကြားလာပြီးသူမ၏ အမျိုးသမီး ပရိသတ်မှာ အမျိုးသားများထက်ပင် ပိုများနေပေသည်။ သူမ၏ ရုပ်ရည်ကို ၈၀ ရာခိုင်နှုန်းခန့် အမွေဆက်ခံထားသည့် ရှောင်ကျားရှုသာ အထူးရိုက်ကွင်းတစ်ခုဖြင့် ရိုက်ကူးလိုက်ပါလျှင် ထိုထက်ပင် ပိုပြီး ကျော်ကြားသွားမည်ဖြစ်သည်။ 


ရှို့ချန်ယုက ထိုသစ်ပင်ပေါက်ကလေးကို ပို၍ပင် နှစ်လိုသဘောကျလာတော့၏။ သူက မြောင်မြောင်၏ သားဖြစ်နေသည့် အချက်မှာမူ ထည့်ပြောစရာပင် မလိုတော့ချေ။ 

(T.N ရှောင်ကျားရှုရဲ့နာမည်ထဲက ရှုက သစ်ပင်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ ရှို့ချန်ယုကကျ သူ့ကို ရှောင်ရှုမြောင်လို့ ခေါ်ပြီးတော့ အဲဒီ့နာမည်ရဲ့ အဓိပ္ပါယ်ကလည်း သစ်ပင်ပေါက်ကလေးပါတဲ့ ရှောင်ရှုမြောင်ကလည်း ရှောင်ကျားရှုရဲ့ နာမည်ပြောင်တစ်ခုပါပဲ)

🎥2Saw Nandar Lwin:

How to say I love you part 3 


သူမရဲ့ ကုမ္ပဏီကို ကြည့်ဖို့ ခေါ်လာတာဆိုတဲ့ စကားက တကယ်ကြီးပဲကို ... 


ရှောင်ကျားရှုမှာ ထိုင်ပြီး မကြာမီမှာပင် မိခင်ဖြစ်သူ၏ နှင်ထုတ်ခြင်းကို ခံလိုက်ရကာ အတွင်းရေးမှူးနှင့်အတူ ကုမ္ပဏီ၏ အထပ်တိုင်းကို လိုက်ကြည့်နေရတော့သည်။ သူ ဖြတ်သွားသည့် လမ်းတစ်လျှောက်ရှိ ဝန်ထမ်းတို့က လည်ပင်းကို ဆန့်ကာ တစူးတစမ်း လိုက်ကြည့်လိုက်ကြပြီး တိတ်တခိုး မြည်တမ်းလိုက်ကြတော့သည်။ 


အကြီးအကဲဟောင်းကတော့ အရည်အချင်းအပြည့်နဲ့ လူသစ်လေးတစ်ယောက် ထပ်ရှာတွေ့သွားပြန်ပြီ ကြည့်ပါဦး ဒီရုပ်ရည်၊ ဒီလို စိတ်ရင်းလေးနဲ့ဆို ဒုံးကျည်တပ်ထားသလိုကို ချက်ခြင်းလက်ငင်း အောင်မြင်သွားမှာပဲ ... 


ရှောင်ကျားရှုမှာ ရှောင်မိသားစုဝင်တစ်ဦး ဖြစ်သည့်အပြင် အခမ်းအနားပေါင်းများစွာကို တက်ရောက်ခဲ့ဖူးသူ ဖြစ်ရာ ဤသို့သော အာရုံစိုက်ခံရမှုများမှာ သူ့အတွက် မပြောပလောက်ချေ။ အကြည့်တစ်ချက်ကို သာမန်ကာလျှံကာ ပစ်လွှတ်ရင်းသာ ရှေ့ဆက်လျှောက်လာလိုက်တော့သည်။ ထိုစဉ် ရွှယ်မြောင်က စီးကရက်တစ်ဘူးကိုထုတ်ကာ မေးလိုက်သည်။ 


"တစ်လိပ်လောက် ယူမလား ..." 


ရှို့ချန်ယုက ယူလိုက်ကာ ဆေးလိပ်သောက်ရင်း မေးလိုက်သည်။ 


"မင်း ဖြတ်ထားတာ ကြာလှပြီ မဟုတ်လား ..." 


"မပျော်မရွှင်ဖြစ်နေတဲ့သူက ဆေးလိပ်ကို မဖြတ်နိုင်ဘူးလေ ..." 


ရွှယ်မြောင်က သူမ၏ မျက်ဝန်းထဲရှိ ဒေါသအခိုးအငွေ့များကို ဖုံးကွယ်ရန် အလို့ငှာ မျက်လွှာချလိုက်သည်။ ဆေးလိပ်ကို ကိုင်ထားသည့် သွယ်လျလျ လက်တစ်စုံမှာ ရင်သပ်ဖွယ် အလှတရားကို ပေးစွမ်းနေသည့်တိုင် စိတ်ညစ်ညူးနေသည့် အရိပ်အယောင်တစ်ခုလည်း ထွက်ပေါ်နေပေသည်။ သူမ၏ နေ့ရက်တိုင်းမှာ မပျော်မရွှင် ဖြစ်ခဲ့ရကာ ထိုအချက်ကို အခြားသူများထံမှ ဖုံးကွယ်ထားနိုင်သည့်တိုင် ရှို့ချန်ယုကိုတော့ မဖုံးကွယ်နိုင်ပေ။ ထို့ကြောင့် အသာတကြည် ဝန်ခံလိုက်တော့၏။ ထို့အပြင် သူမတို့နှစ်ဦးအကြားတွင် ထုတ်မပြောနိုင်သည့် အရာဟူ၍လည်း မရှိသည့်အတွက် တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ထပ်ပြောလိုက်သည်။ 


"စောစောက ရှောင်ရှုအတွက် နေရာတစ်ခု စီစဉ်ပေးဖို့ ပြောခဲ့တဲ့စကား ... အဲဒါကို မေ့လိုက်တော့ သူ့ကိုလည်း ရှင့်လိုမျိုး မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ အလုပ်လုပ်နေရတဲ့သူမျိုး မဖြစ်စေချင်ဘူး ..." 


"မင်းလိုမျိုး ဖြစ်စေချင်တယ်ဆိုတဲ့ သဘောလား ..." 


သဘောပေါက်သွားသော ရှို့ချန်ယုမှာ ကြက်သေသေသွားတော့၏။ 


"ဟုတ်တယ် သူ့ကို သရုပ်ဆောင်ဖြစ်စေချင်တာ ..." 


ရွှယ်မြောင်က ဆေးလိပ်ငွေ့တို့ကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။ သူမ၏ နူးညံ့သော နှုတ်ခမ်းလှလှတစ်စုံကို ဆေးလိပ်ငွေ့တို့က ဖုံးကွယ်သွားတော့၏။ 


"သူ့အတွက် နေရာတစ်ခု စီစဉ်ပေးပြီး ရိုက်ကွင်းထဲမှာ သရုပ်ဆောင်တွေနဲ့ အချိန်တစ်ခုလောက် ထားထားပေးလိုက် ဒီလုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးပြီဆိုမှ သရုပ်ဆောင်ဖို့ ဇာတ်ကောင်တစ်ခု ရှာပေးလိုက်ပေါ့ ..." 


"မင်းစိတ်ကြိုက် ‌ဆုံးဖြတ်နေမိတယ်လို့ မထင်ဘူးလား ရှောင်ရှု စိတ်ပါလား မပါဘူးလား မမေးတော့ဘူးလား သူက ရှောင်မိသားစုရဲ့ သခင်ငယ်လေးလေ သူ့ကို အနုပညာလောကထဲ ဝင်ခိုင်းမလို့လား သူ့အဘိုးနဲ့ အဖေရဲ့ ဒေါသကို သွားဆွမိသလို ဖြစ်သွားရင် သူ့ရဲ့ အမွေဆက်ခံခွင့်တွေ ဆုံးရှုံးသွားမှာပေါ့ မင်း နှစ်ပေါင်းများစွာ သည်းခံလာခဲ့သမျှတွေကရော တကယ်ပဲ တန်ရဲ့လား ..." 


ရှို့ချန်ယုက အလေးအနက် ဖျောင်းဖြလိုက်သည်။ 


သို့သော် သူ၏ စေတနာကောင်းမှာ အသိအမှတ်ပြုခြင်း မခံရချေ။ သူ့ရှေ့တွင်မူ ရွှယ်မြောင်သည် မီးတောက်ကဲ့သို့ ပူပြင်းကာ ညီမျှခြင်း မရှိသည့် ပင်ကိုယ်သဘာဝကိုသာ ထုတ်ဖော်ပြသထားသည်။ 


"ကျွန်မကိုယ်တိုင်အတွက်ဆိုရင်တော့ ဆက်ပြီး သည်းခံနိုင်တယ် ဒါပေမယ့် သားအတွက်တော့ ထပ်ပြီး သည်းမခံနိုင်တော့ဘူး သူ ဘယ်လောက် ကြိုးစားခဲ့လဲ ဘယ်လောက်အထိ ထူးချွန်ခဲ့လဲဆိုတာ ရှင်သိလား ဒါပေမယ့် ဆွေမျိုးဆိုတဲ့လူတွေက သူ့ရဲ့ အရှိန်အဝါတွေကို ပိတ်ဆို့ပြီးတော့ သေဖို့ပဲစောင့်နေတဲ့ အမှိုက်တစ်စလို လေလွင့်နေစေချင်နေတယ်လေ ပြီးခဲ့တဲ့လတွေမှာ အခန်းထဲမှာပဲ ရေမချိုး၊ မစားမသောက်ဘဲ ဂိမ်းထိုင်ဆော့နေတယ်လေ ရုပ်ရည်နဲ့ ပတ်သက်ပြီး ရူးရူးမူးမူး ဘဝင်မြင့်လွန်းတဲ့ သူ့လို လူတစ်ယောက်က သရဲတစ်ကောင်နီးပါးအထိကို ပြောင်းလဲသွားတာ သူ့ရဲ့ ဒီလိုပုံကို မြင်လိုက်ရတော့ ကျွန်မနှလုံးသားတစ်ခုလုံး အပေါက်ဖြစ်သွားလုမတတ်ပဲ တစ်ခြားသူတွေရဲ့ အမြင်မှာတော့ သူက ဘာမှမလုပ်ရင်တောင် တစ်သက်လုံး ဖြုန်းတီးနေလို့ ရတဲ့အထိ ချမ်းသာတဲ့သူပေါ့ ဒါပေမယ့် သူရဲ့ ဆန္ဒအစစ်အမှန်ကိုတော့ ဘယ်သူမှ မသိကြဘူး ..." 


"သူ သရုပ်ဆောင်ချင်တယ်လို့ရော မင်းက ဘယ်လိုလုပ်သိလဲ သရုပ်ဆောင်ဆိုတာက ဖြစ်ချင်တိုင်း ဖြစ်လို့ရတာ မဟုတ်ဘူးလေ ဒီအလုပ်က ဘယ်လောက်ခက်ခဲလဲဆိုတာ ငါ့ထက် မင်းက ပိုသိသားနဲ့ ..." 


ရှို့ချန်ယုက တစ်ဖန် နားချလိုက်ပြန်သည်။ 


"သူ့ကို ကျွန်မကိုယ်တိုင် မွေးထားတာပါ ဘယ်လိုလုပ် မသိဘဲ နေမလဲ ရှင်မှတ်မိသေးလား သူသုံးနှစ်သားအရွယ်တုန်းက ရှင့်ကုမ္ပဏီက စိတ်ကူးယဉ် ကလေးရုပ်ရှင်တစ်ကား ရိုက်မလို့ ရင်းနှီးမြှုပ်နှံထားပြီး ကလေးသရုပ်ဆောင် ရှာခဲ့သေးတယ်လေ ကျွန်မက ဇာတ်ညွှန်းကို အိပ်ယာဝင်ပုံပြင်တစ်ပုဒ်လို ဖတ်ပြခဲ့တာ အဲ့လိုဖတ်ပြပြီးတာနဲ့ တစ်ပြိုင်နက် တောင်ဝှေးကိုမှီပြီး လမ်းလျှောက်နေရတဲ့ လိပ်ဘိုးဘိုးပုံစံမျိုးချက်ခြင်း လုပ်ပြခဲ့တယ်လေ..."


"ဇာတ်ညွှန်းကို ဖတ်မထားဖူးရင်တောင် သူသရုပ်ဆောင်တာကို ကြည့်ပြီး လိပ်ခွံအကြီးကြီးကို သယ်ထားရတဲ့ လိပ်တစ်ကောင်လို့ ချက်ခြင်း ခံစားမိနိုင်တယ်လေ ခဏနေတော့ကျ ကျွန်မကို အတင်းဖက်ထားပြီး "မာမီ မာမီ ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့ ..."ဆိုပြီး အော်ငိုနေတဲ့ နဂါးပေါက်စလေး ဖြစ်သွားပြန်ရော.. သူ ဘာကိုပဲ သရုပ်ဆောင်ဆောင် ခံစားချက်တွေက လုံးဝကို ကွက်တိကျခဲ့တာလေ သူက တကယ်ကို သရုပ်ဆောင်ဖြစ်ဖို့ မွေးဖွားလာခဲ့တာပဲ သူ့ကို audition ဖြေဖို့ ခေါ်သွားမယ့်အကြံကို ကျွန်တစ်ယောက်က လူအိုကြီးဆီ သွားတိုင်လိုက်လို့သာ မဟုတ်ရင် အဲဒီ့ဇာတ်ကားကြောင့် အောင်မြင်သွားမယ့် ကလေးသရုပ်ဆောင်က သေချာပေါက် ရှောင်ရှုပဲ ရှင့်ကို အဲဒီ့ဗီဒီယိုပြတော့ ရှင်တောင် ကျွန်မရဲ့သွေးတွေ ပါလာတယ်လို့ ချီးကျူးလိုက်သေးတယ်လေ ရှောင်ရှုကလည်း ပြောဖူးသေးတယ် "မာမီ သရုပ်ဆောင်တာက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ သားလည်း အသက်ကြီးလာရင် မာမီ့လိုမျိုး နာမည်ကြီးကြယ်ပွင့် ဖြစ်ချင်တယ်..."တဲ့လေ ..." 


Xxxxxxxx