အပိုင်း ၄
Viewers 44k

Chapter 4


ထိုစကားများကို ပြောနေစဉ်က ရွှယ်မြောင်၏ မျက်နှာထက်တွင် ပျော်ရွှင်ရိပ်တို့ ဖုံးလွှမ်းနေသော်ငြား စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။ 


"ဒါပေမယ့် သခင်ကြီးရှောင်က ကျွန်မကိုရော ရှောင်ရှုကိုပါ အထင်အမြင်သေးခဲ့တာလေ ရှောင်ရှုရဲ့ စကားတွေကို ကြားတာနဲ့တစ်ပြိုင်နက် သူကိုင်ထားတဲ့ တုတ်ကောက်နဲ့ ရိုက်တဲ့အပြင် ဘယ်နေရာမှာမှ အသုံးမကျဘူးဆိုပြီးပါ ဆက်တိုက် ပြောဆိုကြိမ်းမောင်းတော့တာပဲ အဲဒီ့အချိန်ကနေစပြီး ရှောင်ရှုက အေးစက်စက် ဖြစ်သွားတဲ့အပြင် တိရစ္ဆာန်ပုံလေးတွေ၊ အဘိုးကြီး၊အဘွားကြီးပုံတွေ သရုပ်‌ဆောင်တာမျိုးကို ရပ်တန့်လိုက်ပြီးတော့ ... တီဗီကိုပါ မကြည့်တော့ဘူး တစ်ဖြည်းဖြည်း ကြီးပြင်းလာတဲ့အချိန်မှာ သူ့ကိုယ်သူတောင် မေ့သွားတော့တဲ့အထိပဲ ... အဲဒီ့လူတွေက ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုကို ဖျက်ဆီးပစ်ခဲ့ကြတာလေ အတင်းအဓမ္မကြီး ဖျက်ဆီးပစ်ခဲ့ကြတာ အခုလည်း သူ့ရဲ့ အနာဂတ်လမ်းကြောင်းကို ဖြတ်တောက်ချင်ပြန်ပြီ ..." 


သူမက ဆေးလိပ်ကို မီးငြှိမ်းရင်း ရဲရဲနီနေသော မျက်ဝန်းတို့ဖြင့် စိတ်လိုက်မာန်ပါ ပြောလိုက်သည်။ 


"ချန်ယု..ကျွန်မက စိတ်လိုက်မာန်ပါ ဆုံးဖြတ်နေတာလည်း မဟုတ်သလို ကျိုးကြောင်းဆီလျော်မှု မရှိတာလည်း မဟုတ်ဘူး ကျွန်မက ကိုယ့်သားအတွက် လမ်းဖောက်ပေးချင်ရုံလေးတင် သူက တောက်ပရမယ့် ကံကြမ္မာနဲ့ မွေးဖွားလာတဲ့သူ မိသားစုရဲ့ အပယ်ခံ မဟုတ်ဘူး ဟိုလူတွေက သူ့ကို ဒုက္ခိ‌တ ဖြစ်စေချင်နေကြမှတော့ ကျွန်မတစ်ယောက်ပဲ သူ့ကို ကယ်တင်ပေးနိုင်တော့မှာ ..." 


"ကလေးဘဝတုန်းက ရည်မှန်းချက်မျိုးစုံ ရှိဖူးတာ ပုံမှန်ပဲလေ ဒါပေမယ့် ဘယ်သူတွေကရော ငယ်ငယ်က အိပ်မက်ကို အကောင်အထည် ဖော်နိုင်ကြလို့လဲ မြော‌င်မြောင် မင်းခံစားချက်ကို နားလည်ပေးနိုင်ပေမယ့် ရှောင်ရှုကို ရွေးချယ်ခွင့် ပေးရမယ်လေ ..." 


တစ်ခြားသူကသာ သူ့ကို တောင်းဆိုလာပါလျှင် ရှို့ချန်ယုသည် မုချ သဘောတူမိမည်ဖြစ်သည်။ 


လူသစ်လေးကို ပွဲဦးထုတ်ပေးရုံပဲ မဟုတ်လား ရှောင်ရှုရဲ့ ရုပ်ရည်နဲ့ဆို ဒီ့ထက်လွယ်ကူတာတောင် မရှိနိုင်တော့ဘူး ဒါပေမယ့် သူသာ သဘောတူလိုက်ရင် မြောင်မြောင်နဲ့ ရှောင်ရှုအကြားမှာ အဖုအထစ် ဖြစ်သွားမှာ သူ့အနေနဲ့ ဒီလိုဖြစ်ရပ်မျိုးကို လုံးဝ ဖြစ်ခွင့်မပေးနိုင်ဘူး ရှောင်ရှုသာ အနုပညာလောကထဲ ခြေချပြီးမှ စွန့်လွှတ်လိုက်ရမယ်ဆို သူက မြောင်မြောင်ကို သေလောက်အောင် မုန်းသွားမှာလေ ပြီးတော့ ဒီလို နှလုံးသားမဲ့တဲ့ လုပ်ရပ်မျိုးက သခင်ကြီးရှောင် လုပ်လာနိုင်တဲ့ လုပ်ရပ်တွေပဲလေ ... 


"ရှင် ဘာတွေ တွေးနေသလဲဆိုတာ သိပါတယ် ဒါပေမယ့် မပူပါနဲ့ ရှောင်ရှုကို ကျွန်မ မွေးထားတော့ သူ ဘယ်လို အတွေးရှိလဲဆိုတာ ကျွန်မ အသိဆုံးပါ ဘယ်လိုလူတွေ ဘယ်လိုအရာတွေကမှ ကျွန်မတို့သားအမိရဲ့ ချစ်ခြင်းကို ဟန့်တားနိုင်မှာ မဟုတ်ဘူး ..." 


သူမက အသာအယာ ပြောလိုက်သည်။ 


"ဒီလိုဆိုရင်ရော သူ့အတွက် သင့်တော်မယ့် ဇာတ်ကောင်တစ်ခုလောက် ရှာပြီး သရုပ်ဆောင်ခိုင်းကြည့်လိုက်လေ သူ့မှာသာ အဲဒီ့ဗီဇတွေ ပါမလာဘူး သရုပ်ဆောင်ရတာကို စိတ်မဝင်စားဘူးဆိုရင် ကျွန်မ နောက်ထပ်နည်းလမ်းတစ်ခုကို ‌ရွေးလိုက်မယ် ..." 


ရှို့ချန်ယုက အနည်းငယ် တုန့်ဆိုင်းနေသေးသည့်တိုင် အဆုံးတွင်တော့ သဘောတူလိုက်တော့သည်။ 


"ကောင်းပြီလေ ..." 


"ဒါဆိုလည်း ရှောင်ရှုကို ကျွန်မကိုယ်စား စောင့်ရှောက်ပေးပါဦး ..." 


သူမက သက်ပြင်းအရှည်ကြီးချကာ ပြောလိုက်သည်။ 


"သူက မင်းရဲ့သားလေ ငါ့ရဲ့ ... တူလေးလို့လည်း ပြောလို့ရနေတာဆိုတော့ သေချာပေါက် ဂရုစိုက်ပေးရမှာပေါ့ ..." 


ရှိူ့ချန်ယုက တစ်ခဏ တွေးကာ ပြောလိုက်သည်။ 


"သူ့ကို ခဏလောက် ကျိမြန်ရဲ့ လက်ထောက် လုပ်ခိုင်းလိုက်ရင်ရော နောက်ပိုင်း သူ့အတွက် သင့်တော်မယ့်ဇာတ်ကောင် ရှာတွေ့မှ သရုပ်ဆောင်ခိုင်းမယ်လေ ..." 


"ကျိမြန်လား ..." 


ရွှယ်မြောင်သည်လည်း ထိုဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးထားသည့် ‌ရုပ်ရှင်ဧကရာဇ်နှင့် မစိမ်းသက်လှချေ။ ထိုလူမှာ အကျင့်စာရိတ္တကောင်းကာ လိုက်လျောညီထွေရှိပြီး ဖော်ရွေတတ်သည့်အတွက် သူမလည်း သဘောတူလိုက်၏။


"ကောင်းသားပဲ ကျိမြန်ရဲ့ လက်အောက်မှာ အလုပ်လုပ်တာ သူ့ရဲ့ အမြင်တွေကို ကျယ်ပြောလာစေမယ့် အခွင့်ကောင်းတစ်ခုပဲ ဒါပေမယ့် ကျွန်မ ကြားမိတာတော့ ကျိမြန်က သရုပ်ဆောင်လောကကနေ အနားယူတော့မလို့ဆို ..." 


"အနားယူတယ်လို့တော့ ပြောလို့ မရပါဘူး သူက ဇာတ်ကောင်တွေ အများကြီး လက်မခံတော့ရုံလေးတင်ပါ ပြီးတော့ သူက "သရဖူခေတ်" ရဲ့ အဓိကရှယ်ယာရှင်တစ်ယောက်လေ သူ့မှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေနဲ့ ဝင်ငွေကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေမှ အများကြီး င့ါရဲ့ ဘုရားကျောင်းသေးသေးလေးက ကြည်ညိုသူများတဲ့ ဗုဒ္ဓကို ဆွဲမထားနိုင်‌ဘူးလေ ဟိုးနှစ်တွေတုန်းက သူ့ကို တရုတ်ပြန်လာနိုင်အောင် ကူညီပေးခဲ့ဖူးလို့သာ မဟုတ်ရင် "သရဖူခေတ်" မှာ ဒီလောက်အကြာကြီး နေနေမှာတောင် မဟုတ်ဘူး သူက သစ္စာရှိပြီး ရဲဘော်ရဲဘက်စိတ်လည်း အပြည့်ပဲ ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာကိုလည်း ကောင်းကောင်းကြီး သဘောပေါက်တဲ့ လူကောင်းတစ်ယောက်ဆိုတော့ ရှောင်ရှုသာ သူ့လက်အောက်မှာ လုပ်ရရင် ဘာမှ စိတ်ပူစရာ မရှိဘူး ..." 


ရှို့ချန်ယုက ဖုန်းကိုထုတ်ကာ ပြောလိုက်သည်။ 


"မင်းနဲ့ စကားနည်းနည်းလောက် ပြောရအောင် ခေါ်လိုက်ရမလား ..." 


"မလိုပါဘူး ဒီလိုကိစ္စမျိုးတွေမှာ ရှောင်ရှုကို တစ်ယောက်တည်းပဲ လွှတ်ထားလိုက်ပါ သူ့အတွက် လမ်းလည်း‌ ရွေးပေးပြီးပြီ လမ်းလည်း ဖောက်ပေးပြီးပြီ ဘယ်လိုလျှောက်ရမလဲဆိုတာကိုတော့ ဘေးကနေ လက်ထပ်သင်မပေးနိုင်တော့ဘူး ..." 


ရွှယ်မြောင်က သတ္ထုစီးကရက်ဘူးကို ဘေးနားချကာ နေကာမျက်မှန်ကို တပ်လျက် ပြန်ထွက်သွားတော့သည်။ ရှို့ချန်ယုက သူမကို မြေအောက်ကားပါကင်အထိ လိုက်ပို့ပေးပြီး သူမ၏ကား ထွက်သွားမှသာ ရုံးခန်းသို့ ပြန်လာလိုက်၏။ 


ကုမ္ပဏီကို တစ်ပတ်ပတ်ကြည့်လာသော ရှောင်ကျားရှုမှာလည်း သူ့အမေက ချန်ထားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် စိတ်လက်ကြည်သာမနေတော့ချေ။ အေးစက်စက် မျက်နှာထားနှင့်အတူ ‌ဓာတ်လှေကားထဲသို့ ဝင်လာလိုက်တော့၏။ ဓာတ်လှေကားထဲတွင် အခြားသူများ ရှိနေသေးကြောင်း သတိပြုမိလိုက်သောအခါ သူတို့ကို ဖျတ်ခနဲ ကြည့်ကာ ချက်ခြင်း အကြည့်လွှဲလိုက်သော်ငြား စိတ်ထဲတွင်တော့ တိတ်တခိုး ကျိန်ဆဲလိုက်မိတော့သည်။ 


"Sh*t ဒီမှာ တကယ်ကြီး ငါ့ထက်ချောတဲ့သူ ရှိနေသေးတယ်ဟ ..." 


သခင်ငယ်လေးရှောင်အဖို့ သူ့ထက် ချောမောသူနှင့် ဆုံတွေ့ခြင်းမှာ အလွန်ရှားပါးလှပေသည်။ တစ်ဖြည်းဖြည်း စိတ်မသက်မသာ ဖြစ်လာသည့်အတွက် ဂျင်းဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ဘေးနားသို့ တိုးသွားလိုက်ရာ သူ့ပုံစံမှာ အလွန် အထက်စီးဆန် မောက်မာနေဟန် ပေါက်သွားတော့သည်။ သူနှင့် တိုက်မိသူကလည်း သူ့ကို ကြည့်ကာ ပြုံးပြလာတော့၏။ ထိုသူမှာ အရပ် ၁၉၀ စင်တီမီတာနီးပါး ရှိကာ ၁၈၀ စင်တီမီတာသာရှိသည့် သခင်လေးရှောင်ထက်ပင် ခေါင်းတစ်လုံးခန့် မြင့်မားနေသေးသည်။ နက်မှောင်ကာ အကဲခတ်ရန် ခဲယဉ်းလွန်းလှသည့် မျက်ဝန်းတစ်စုံနှင့်အတူ နားထင်အစပ်ထိတိုင် သွယ်တန်းနေသည့် မျက်ခုံးနက်နက် တစ်စုံနှင့် မြင့်မားဖြောင့်တန်းသော နှာတံတို့ကို ပိုင်ဆိုင်ထားပြီး ပင်ကိုယ်စရိုက်ကို ပိုပြီး ထင်းထွက်နေစေသည်။ အရပ်ရှည်လျား ဖြောင့်တန်းကာ အားမာန်အပြည့်နှင့် ခန္ဓာကိုယ်တွင် ဈေးကြီးသည့် အနောက်တိုင်းဝတ်စုံ ဆင်မြန်းထားကာ တွေ့သမျှလူတိုင်းကို ဖိနှိပ်ထားသည့် အရှိန်အဝါမျိုး ပေးစွမ်းနေပေသည်။ သူ့ဘေးနားရှိ လူငယ်လေးမှာမူ သာမန်ရုပ်ရည်၊ သာမန်ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ထားသည့်တိုင် မျက်ဝန်းတို့မှာ စူးရှတောက်ပနေကာ ဉာဏ်များသည့်အသွင်ကို ပေးစွမ်းနေပေသည်။ 


ဓာတ်လှေကားထဲတွင် လူသုံးယောက်သာ ရှိသည့်အတွက် နေရာလွတ်များစွာ ကျန်နေသည့်တိုင် ရှောင်ကျားရှုမှာ အလွန်စိတ်ကျဉ်းကြပ်နေကာ အလိုမကျမှုတို့ကို သူ့မျက်နှာတွင် အတိုင်းသား မြင်နေရပေသည်။ လူငယ်လေးက သူ့ကို တစ်ချက်စိုက်ကြည့်ကာ ဘေးနားရှိလူထံ စာပို့လိုက်၏။ 


"ဒါ ဘယ်မိသားစုရဲ့ ဆိုးသွမ်းပျက်စီးနေတဲ့ သခင်ငယ်လေးလည်း မသိဘူးနော် ညိုမည်းနေတဲ့ မျက်ကွင်းနဲ့ ချူချာနေတဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်လိုက်ပါဦး ကျွန်တော်ပြောရဲ‌တယ် သူက တစ်နေကုန်တစ်နေခမ်း မိန်းကလေးတွေနဲ့ ကစားလို့ ကျောက်ကပ်ပြဿနာ ပြင်းပြင်းထန်ထန် ရှိနေမှာ ..." 


ချမ်းသာပြီး အင်အားကြီးတဲ့ မိသားစုက သခင်လေးမိုလို့သာ ကျိမြန်ရဲ့ရှေ့မှာ ဒီလိုပုံစံမျိုး လုပ်ရဲတာပေါ့ ... 


ကျိမြန်က ဖုန်းကို အသာငုံကြည့်လိုက်သော်ငြား စာပြန်မပို့။ ဓာတ်လှေကား ပွင့်လာပြီးနောက် သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ လက်ကို ဆန့်ထုတ်ရင်း "အရင်သွားပါ" ဟု လက်ဟန်ခြေဟန် လုပ်ပြလိုက်သည်။ သူသည် အင်္ဂလန်တွင် ကြီးပြင်းခဲ့သူဖြစ်ရာ အသွေးထဲ အသားထဲတွင်ပင် လူကြီးလူကောင်းဆန်မှုများ စိမ့်ဝင်နေပြီဖြစ်သည်။ 


ရှောင်ကျားရှုမှာလည်း စိတ်သက်သာရာ ရသွားတော့၏။ သူက ခေါင်းအသာငြိမ့်ပြကာ ဓာတ်လှေကားထဲမှ ထွက်လာလိုက်သည်။ 


ဒီလူက ချောရုံတင် မကဘူး ကိုယ်နှုတ်အမူအယာကလည်း သိမ်မွေ့လိုက်တာ ... 


သူ့ရုံးခန်းထဲသိူ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာသူသုံးဦးကို ကြည့်ကာ ရှို့ချန်ယုမှာ အနည်းငယ် အံ့ဩသွားတော့သည်။


"မင်းတို့တွေက တွေ့တောင် တွေ့ပြီကြပြီလား ကောင်းတယ် ကောင်းတယ် လာ လာ မိတ်ဆက်ပေးမယ် ရှောင်ရှု ဒါက ကျိမြန်တဲ့ အခုကနေစပြီး မင်းက သူ့လက်ထောက် လုပ်ရတော့မှာ သူက "သရဖူခေတ်"ရဲ့ အစ်ကိုကြီး၊ ဒီနိုင်ငံရဲ့ ပြိုင်ဘက်ကင်း ရုပ်ရှင်ဧကရာဇ်ပဲ သူ့ဆီကနေ အများကြီး သင်ယူထား ကြားလား ဒါက သူ့ရဲ့မန်နေဂျာ ဖန်ခွင်းတဲ့ နှစ်ယောက် မရှိနိုင်တော့တဲ့ ရွှေအဆင့် မန်နေဂျာလေ ကျိမြန် ဖန်ခွင်း သူက ငါ့မိတ်ဆွေတစ်ဦးရဲ့သား ရှေုင်ကျားရှုတဲ့ သူက နိုင်ငံခြားမှာ စာသွားသင်နေပြီး ပြန်ရောက်လာတာ မကြာသေးဘူး သူ့ကို ဂရုစိုက်ပေးဖို့ မင်းတို့ကို ဒုက္ခပေးရတော့မှာပဲ ..." 


အိုး သူက တကယ်ကြီး ငါ့ သူဌေးပေါ့ ... 


ရှောင်ကျားရှု၏ အမူအယာမှာ အနည်းငယ် တောင့်တင်းသွားတော့၏။ သူက တစ်ဖက်သူကို ဖျတ်ခနဲကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရာထူး နိမ့်ခြင်းမြင့်ခြင်းနှင့် ပတ်သက်၍ ဂရုမစိုက်၊ အလုပ်ရှိနေလျှင်ပင် အဆင်ပြေနေပြီဖြစ်သည်။ သူ့တွင် အတွေ့အကြုံ လုံလုံလောက်လောက်ရှိကာ အနုပညာလောကအကြောင်း နက်နက်နဲနဲ နားလည်လာကာမှ တစ်ဖြည်းဖြည်း အဆင့်တက်သွားရန် မျှော်မှန်းထားပေသည်။ သူသည် ရည်မှန်းချက်ကြီးသူတစ်ယောက် မဟုတ်သည့်အပြင် ပင်ပန်းမှုကို မခံနိုင်သည့် လူချမ်းသာမျိုးဆက်လည်း မဟုတ်ချေ။ 


ကျိမြန်က ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ 


"ရှို့ကော မပူပါနဲ့ ရှောင်ရှုကို သေချာ ဂရုစိုက်ပေးလိုက်ပါ့မယ်..." 


သူက လူငယ်လေးထံ လက်ဆန့်ပေးရင်း ညင်ညင်သာသာ ပြောလိုက်သည်။ 


"မင်းမှာ ပြဿနာတစ်ခုခု ရှိလာရင် ကိုယ့်ကို လာရှာလို့ ရတယ်နော် တကယ်လို့ ကိုယ်မအားရင် ရှောင်ဖန်ကို သွားရှာ အနှောင့်အယှက် ဖြစ်သွားမလားလို့ မပူနဲ့ ..." 


"ကျေးဇူးတင်ပါတယ် ရှေ့လျှောက်လည်း စောင့်ရှောက်ပေးပါဦးဗျ ကျိကော ဖန်ကော ..." 


ရှောင်ကျားရှုက ချက်ခြင်း လက်ကို လှုပ်ယမ်းလိုက်သည်။ သူ့မျက်နှာမှာ အမှုမထားဟန် ပေါ်နေသော်ငြား စိတ်ထဲတွင်မူ အံ့ဩလွန်း၍ ပင့်သက်ရှိုက်နေပြီဖြစ်သည်။ 


ဆိုတော့ သူက ပြိုင်ဘက်ကင်း ရုပ်ရှင်ဧကရာဇ်ပေါ့ အရမ်းကို အားကောင်းတဲ့ ရုပ်ရည်မျိုး ရှိနေတာ မထူးဆန်းတော့ပါဘူး ... 


ရှောင်ကျားရှုသည် နိုင်ငံခြားတွင်သာ နှစ်ရှည်လများ နေထိုင်ခဲ့သည့်အပြင် ပြည်မကြီးရှိ ဇာတ်လမ်းတွဲများကိုလည်း မကြည့်ဖူးသည့်အတွက် ကျိမြန်ကို သတိမပြုမိခြင်း ဖြစ်ပေသည်။ 


တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ပြီးနောက် စားသောက်ရန် အသီးသီး ထွက်လာလိုက်ကြတော့သည်။ သူ့ကလေးအရင်းကို ခေါ်လာသည့်နှယ် အလွန်အလေးအနက် ဖြစ်နေသည့် ရှို့ချန်ယုကို ကြည့်ရင်း ကျိမြန်၏ မန်နေဂျာ ဖန်ခွင်းက တွေးတွေးဆဆ ပြောလိုက်သည်။ 


"သူက ဘယ်သူများလဲ ရှို့ချန်ယုရဲ့ တရားမဝင်သားတော့ မဟုတ်လောက်ပါဘူးနော် ..."


ကျိမြန်၏ လက်ထောက် ဖြစ်လာတော့မည့် ရှောင်ကျားရှုလည်း အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ကျိမြန်၏ အချက်အလက်တို့ကို ရှာဖွေလိုက်ကာ အံ့ဩသွားရတော့သည်။ 


ကျိမြန်သည် ရွှေမြင်းဆု၊ ရွှေစင်ရုပ်ထုဆု၊ ရွှေကြက်ဖဆုနှင့် ရာပေါင်းများစွာသော ပန်းနှင့် မဏ္ဍိုင်ဆုတို့ကို တစ်ပြိုင်တည်း ရရှိထားသည့် တစ်ဦးတည်းသော ရုပ်ရှင်ဧကရာဇ်ဖြစ်သည်။ နိုင်ငံရပ်ခြားမှလည်း ဆုပေါင်းများစွာ ပိုင်ဆိုင်ထားသည့်အပြင် အကောင်းဆုံးသရုပ်ဆောင်ဆုအတွက်လည်း ကြိမ်ဖန်များစွာ ဆန်ကာတင်စာရင်း ဝင်ထားသူဖြစ်သည်။ သူ၏ အောင်မြင်မှုများမှာ ယှဉ်ပြိုင်သူ မရှိလောက်အောင်ပင် အံ့ဩဖွယ်ကောင်းနေသည့်အပြင် စာရိတ္တပိုင်းဆိုင်ရာတွင်လည်း အပြစ်ဆိုဖွယ် မရှိချေ။ သူက ဂျူနီယာများကို ကူညီပေးတတ်ကာ စီနီယာများကိုလည်း အထူးတလည် လေးစားသည့်အပြင် အကူအညီလိုအပ်နေသူတိုင်းကိုလည်း လိုလိုလားလား ကူညီပေးတတ်သူဖြစ်သည်။ အဆက်အသွယ်များမှာလည်း များပြားလွန်းသည့်အပြင် ဝေ့ပေါ်ပိုစ့်တစ်ခု‌၏အောက်ရှိ မှတ်ချက်တစ်ခုကပင်လျှင် အနုပညာလောကကို ကိုင်လှုပ်နိုင်ကာ သူ့စကားသံတစ်ချက်ဖြင့်ပင် လူထောင်သောင်းများစွာကို စုရုံးနိုင်သည်ဟုပင် ဆိုစမှတ်ပြုကြသည်။ သသ့လက်ထဲရှိ အရင်းအမြစ်များမှာလည်း ထိပ်တန်းစာရင်းဝင်ဖြစ်ကာ ပါဝင်ရိုက်ကူးသမျှ ရုပ်ရှင်များမှာလည်း ဂန္တဝင်လက်ရာမွန်များသာ ဖြစ်သည့်အတွက် သူ့ကို ဖိနှိပ်ထားနိုင်သူဟူ၍ တစ်ဦး‌တစ်ယောက်မျှ ပေါ်ထွက်မလာသေးချေ။ 


ဘော့စ်အသစ်၏ အချက်အလက်များကို တိတ်တဆိတ် ဖတ်ရှုနေပြီးနောက် ရှောင်ကျားရှုက လေးစားမှုအပြည့်ဖြင့် ရေရွတ်လိုက်သည်။ 


"သူက အရမ်းကို cool ဖြစ်တာပဲ ..."

(ဒီမှာ သူက cool ကို အင်္ဂလိပ်လို သုံးသွားတာပါ) 


သူက ဘော့စ်အသစ်၏ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲအားလုံးကိုပါ ကြည့်လိုသော်ငြား တစ်ညတာကာလမှာ အလွန်တိုတောင်းလွန်းသည့်အတွက် အားလပ်ချိန်တွင်မှ တစ်ဖြည်းဖြည်း ပြန်ကြည့်ရန် ဇာတ်လမ်းတွဲနာမည်အားလုံးကို ချရေးထားလိုက်တော့သည်။ ထို့နောက် အနုပညာရှင်၏ လက်ထောက်တစ်ဦး လုပ်ဆောင်ရမည့် တာဝန်များအကြောင်း စူးစမ်းရှာဖွေလိုက်တော့၏။ သူသည် ကျိမြန်၏ ပရိသတ်တစ်ဦး မဟုတ်ရာ သူ့ဇာတ်လမ်းများကို နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းမှာ များစွာ အရေးမပါလှ။ အလုပ်ကို ကောင်းကောင်း ဆောင်ရွက်နိုင်ရန်ကသာ ပိုပြီး အရေးပါပေသည်။


Xxxxxxc