အပိုင်း ၅
Viewers 44k

Chapter 5


 


အနုပညာရှင်တို့၏ လက်ထောက်များကို အကြမ်းအားဖြင့် သုံးမျိုး ခွဲခြားနိုင်ပေသည်။ 


နံပါတ် ၁။ အတွင်းရေးမှူးလိုမျိုး အချိန်ဇယားကိုပဲ စီစဉ်ပေးရတဲ့ သာမန်လက်ထောက် 


နံပါတ် ၂။ ပရိုမိုးရှင်းဆင်းဖို့၊ ကြေငြာဖို့၊ လူထုဆက်ဆံရေးနဲ့ တစ်ခြားကိစ္စတွေအတွက် မားကတ်တင်းဆင်းပေးဖို့အပြင် မန်နေဂျာအဖြစ်ပါ တာဝန်ယူပေးရမယ့် လက်ထောက် 


နံပါတ် ၃။ အစားအသောက်၊ အဝတ်အစား စတဲ့ နေ့စဉ်ဘဝတွေကိုပါ လိုက်ပြီး ဂရုစိုက်ပေးရမယ့် နာနီပုံစံ လက်ထောက် ... 


စီမံကိန်း‌ ရေးဆွဲခြင်းနှင့် မားကတ်တင်း‌ဆင်းပေးရမည့် လက်ထောက်အတွက် လိုအပ်ချက်မှာ ပိုမိုများပြားလှသော်ငြား တစ်ချိန်တည်းတွင်ပင် ၎င်းကသာ နောင်ရေးအတွက် အကောင်းဆုံးအလုပ်ဖြစ်သည်။ ထိုအလုပ်မှတစ်ဆင့် များစွာ လေ့လာသင်ယူနိုင်ကာ ရှောင်ကျားရှုကိုယ်တိုင်ကလည်း စီမံခြင်းနှင့် မားကတ်တင်းဆင်းခြင်းကို ပိုမိုစိတ်ဝင်စားလှသော်ငြား လိုအပ်ချက်များကို ဖတ်လိုက်ရချိန်တွင်မူ အနည်းငယ် တုန့်ဆိုင်းသွားမိတော့သည်။ 


စီမံကိန်းနှင့် မားကတ်တင်းဆင်းခြင်းဆိုင်ရာ လက်ထောက်တစ်ဦး ဖြစ်လိုပါလျှင် ဦးစွာပထမ ပွဲစဉ်ပွဲရပ်များနှင့် အထိအတွေ့ ရှိနေရမည့်အပြင် ပရောဂျက်ရေးဆွဲရေးနှင့် လူထုစည်းရုံးရေးတို့လည်း အရည်အချင်း ပြည့်ဝရမည်ဖြစ်သည်။ ထို့အပြင် ပုံနှိပ်ထုတ်ဝေသော မီဒီယာများနှင့် အင်တာနက်အရင်းအမြစ်များစွာကိုလည်း ထိန်းချုပ်နိုင်ရမည့်အပြင် ထက်မြက်သန်မာကာ ယုတ္တိကျသည့် အတွေးအခေါ်ကိုလည်း ပိုင်ဆိုင်ထားရန် လိုအပ်သေးသည်။ ထိုမျှသာမက လူမှုဆက်ဆံရေးအရည်အချင်း ကောင်းမွန်ရန် လိုအပ်ကာ လုပ်ငန်းခွင်သုံး ဆော့ဖ်ဝဲလ်အမျိုးမျိုးနှင့် အင်တာနက်ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ရမည့်အပြင် တရုတ်စာအရေးအသားတွင်လည်း အခြေခံ ခိုင်မာကာ သတင်းဆောင်းပါးနှင့် မှတ်တမ်းမှတ်ရာများ ရေးသားရာ၌လည်း အလွန်အားကောင်းသည့် အရည်အချင်းကို ပိုင်ဆိုင်ထားရဦးမည်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် သတင်းတစ်ပုဒ် ဖြစ်လာစေရန် စီမံခြင်းနှင့် စီးပွားရေးနှင့် ပတ်သက်ပြီး ဆက်ဆံပြောဆိုရမည့် ကိစ္စရပ်တို့တွက်လည်း ထူးထူးကဲကဲ ညှိုနှိုင်းတတ်သူ ဖြစ်ရဦးမည်ဖြစ်သည်။ 


အကျဉ်းချုပ်ရပါလျှင် စီမံရေးနှင့် မားကတ်တင်းဆင်းခြင်းဆိုင်ရာ လက်ထောက်အလုပ်မှာ မလွယ်ကူလှချေ။ အခြားသူများအကြား ထင်းထွက်နေစေရန် နယ်ပယ်တိုင်း၌ ထူးချွန်ပြောင်မြောက်နေရမည်ဖြစ်သည်။ သူ့အခြေအနေနှင့် လိုအပ်ချက်များကို တိုက်ကြည့်နေသော ရှောင်ကျားရှုမှာလည်း စိတ်ဓာတ်များပင် ကျဆင်းလာတော့၏။ 


လိုအပ်တဲ့အတွေ့အကြုံ : မရှိ။ 


သတင်းအရင်းအမြစ် : တစ်ခုမှမရှိ။ 


တရုတ်စာ အရေးအသား အခြေခံလိုအပ်ချက် : အစောကြီးကတည်းက နိုင်ငံခြားကို ထွက်လာခဲ့ရတော့ ဒါလည်း မရှိ။ 


သူ့မှာ ရှိတာဆိုလို့ ညှိုနှိုင်းဆွေးနွေးနိုင်စွမ်းနဲ့ စည်းရုံးနိုင်စွမ်းပဲ ရှိတယ် ဒါပေမယ့် ဒီနှစ်ခုကိုလည်း သိပ်ပြီး ယုံကြည်ချက် မရှိဘူး ...


သူသည် ဤနယ်ပယ်တွင် တစ်ခါမှ အလုပ်လုပ်ကိုင်ဖူးသူ မဟုတ်သည့်အတွက် ထိုအရည်အချင်းများ တိုးတက်လာနိုင်စွမ်း ရှိမရှိကိုလည်း မခန့်မှန်းတတ်သေးချေ။ 


ဆိုတော့ လက်ထောက်အလုပ်ကလေးကတောင် ဒီလိုမျိုး စိန်ခေါ်မှုတွေ များပြားတာ‌လား ဒီလိုအပ်ချက်တွေပေါ် အခြေခံပြီး စဉ်းစားကြည့်လိုက်မှ ဘွဲ့ရပြီးပြီးချင်း ရှောင်အုပ်စုထဲကို အရေးပါတဲ့ ရာထူးတစ်ခုနဲ့ ဝင်နိုင်လိမ့်မယ်လို့ ဘယ်လိုများ တွေးခဲ့မိပါလိမ့် သူက အဲဒီ့ ရာထူးအတွက် အရည်အချင်းရော ရှိလို့လား လုပ်နိုင်စွမ်းရော ရှိပါ့မလား ... 


ကွန်ပျုတာစခရင်ကို ငေးကြည့်နေရင်း ကုန်လွန်ခဲ့သော အချိန်ကောင်းတို့တွင်သာ နစ်မြှုပ်နေသည့် ရှောင်ကျားရှု၏ အတွေးစအားလုံး ပျောက်ကွယ်သွားတော့သည်။ "အောင်ပွဲခံပြီး အိမ်ကိုပြန်လာ၊ အံ့ဩလောက်စရာ အရည်အချင်းတွေ၊ ပါရမီတွေကို ထုတ်ပြပြီးတော့ အဖေ၊ အစ်ကိုကြီးနဲ့ အဘိုးတို့ကို ဂုဏ်ယူစေရမယ်" ဟူသည့် ရည်မှန်းချက်မှာလည်း လှောင်ရယ်သံတစ်ချက်နှင့်အတူ လွင့်မျောပျောက်ကွယ်သွားတော့သည်။ 


လူတစ်ယောက်က အလွန်အကျူး ရည်မှန်းချက်ကြီးနေလို့ မရဘူး လက်တွေ့ကျလေလေ ပိုပြီး ကောင်းလေပဲတဲ့ ... 


သက်ပြင်းခိုးချကာ ခေါင်းကို ခါယမ်းရင်း "သစ်ပင်ပေါက်‌ကလေး" အမည်ဖြင့် ဝေ့ပေါ်အကောင့်တစ်ခု ဖွင့်ကာ ကျိမြန်ကို follow လုပ်လိုက်သည်။ ထို့နောက် ကွန်ပျူတာကို ပိတ်ကာ ပူပန်စိတ်လှုပ်ရှားမှုများစွာဖြင့် အိပ်မောကျသွားတော့၏။ နောက်နေ့မနက်တွင် ၇နာရီခွဲကတည်းက အိပ်ယာထကာ မနက်စာစား၊ အသစ်စက်စက် အနောက်တိုင်းဝတ်စုံကို လဲပြီး မှန်ရှေ့တွင် ခေါင်းဖြီးနေလိုက်တော့သည်။ 


"အမေ လက်ထောက်တစ်ယောက်က ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ရမယ်ဆိုပေမယ့် ကိုယ့်အနုအညာရှင်ထက်လည်း ကြည့်ကောင်းနေလို့ မရဘူးဆို ဟုတ်လား ကျွန်တော့်ဆံပင်အရောင်က အရမ်းများ ထင်းထွက်နေမလား မသိဘူးနော် အမည်းပြန်ဆိုးလိုက်သင့်လား ..." 


သူက ဆံပင်ကို ဂျယ်လ်လိမ်းရင်း ခပ်ကြွားကြွား ပြောလိုက်သည်။ 


"အမေ ကျွန်တော်ကလေ ကျိမြန်ရဲ့ ကျော်ကြားမှုကို လုယူသလိုများ ဖြစ်သွားမလားပဲ သူနဲ့အတူတူ လျှောက်လာရင် သတင်းထောက်တွေအကုန်လုံးက သူ့ကိုကျော်ပြီး ကျွန်တော့်ကိုပဲ ဓာတ်ပုံဝိုင်းရိုက်နေကြရင် ဘယ့်နှယ့်လုပ်မလဲ ..." 


ထိုသို့ ပြောပြီးနောက် အင်မတန် သဘောတွေ့သွားသည့်အတွက် နှမ်းဆီအနည်းငယ်ကို ခိုးတော့မည့် ကြွက်တစ်ကောင်နှယ် မျက်လုံးများ ပိတ်ကျသွားသည်အထိ အားရပါးရ ပြုံးလိုက်တော့သည်။ 


အပြင်လူများ၏အရှေ့တွင် သူမ၏သားသည် ဤကဲ့သို့ ရွှတ်နောက်နောက် ပြောဆိုရန်ဝေးစွ၊ အမြဲလိုလို အထက်စီးဆန်ကာ မောက်မာဟန်သာ ဖမ်းထားလေ့ရှိသည်။ ဤကဲ့သို့ ကလေးဆန်ကာ အရှက်မရှိလောက်အောင်ပင် ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်သည့် အခြမ်းများကို သူမတစ်ဦးတည်း၏ အရှေ့တွင်သာ လှစ်ဟပြတတ်ပေသည်။သားဖြစ်သူ၏ ဝင်းလက်တောက်ပနေသော မျက်နှာကို ငေးကြည့်ရင်း ရွှယ်မြောင်၏ စိတ်ထဲရှိ လေးလံနေမှုအားလုံး လွင့်စင်သွားတော့သည်။ 


ဒီပုံစံအတိုင်းဆိုရင်တော့ သူ့အတွက် အလုပ်ရှာပေးလိုက်တာက တကယ်ကိုကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်မယ်နဲ့ တူပါတယ် ... 


"ဆံပင်ကို အမည်းရောင် ပြန်ဆိုးလိုက်ရင်လည်း အ‌မေ့သားရဲ့ ချောမောခန့်ညားမှုတွေကတော့ ဖုံးမနိုင် ဖိမနိုင်လောက်အောင်ကို ထွက်နေဦးမှာပဲ ..." 


သူမက ပြောလိုက်သည်။ ပို၍ပင် ဘဝင်မြှောက်လာဟန်ရှိသည့် သားဖြစ်သူ၏ အမူအယာကို တွေ့လိုက်ရချိန်တွင်တော့ ဟန်မဆောင်နိုင်လောက်အောင်ပင် ရယ်ချလိုက်တော့၏။ တစ်ခဏအကြာတွင်မှ ရယ်မောခြင်းကို လက်စသတ်ကာ မေးလိုက်သည်။ 


"သား တစ်ခြားတစ်ယောက်ရဲ့ လက်ထောက်လုပ်ရတာ ခံပြင်းစရာကောင်းတယ်လို့ မထင်ဘူးလား ကုမ္ပဏီတစ်ခုထောင်ဖို့ အမေ အရင်းအနှီး ထုတ်ပေးရမလား ..." 


အဖေရှောင်ထံမှ ရင်းနှီးငွေတောင်းခံရန်ကိုမူ စိတ်ပင် မကူးဖူးချေ။ 


ပြီးခဲ့သည့်နှစ်အနည်းငယ်ခန့်က ရှောင်ချီကျဲ၏ ဒုတိယအစ်ကိုမှ မွေးထားသော တရားမဝင်သားတစ်ဦးသည် ပြင်ပတွင် ကုမ္ပဏီတစ်ခု တည်ထောင်ကာ အမြတ်အစွန်း များစွာ ရရှိခဲ့ဖူးသည်။ သို့သော် မိသားစုဝင်များက "ရှောင်မိသားစုက ရင်းနှီးပေးထားသည်" ဟူသည့် အကြောင်းပြချက်ဖြင့် ကုမ္ပဏီ၏ ရှယ်ယာများကို ခွဲဝေယူခဲ့ရုံသာမက သူ့လက်ထဲရှိ အုပ်ချုပ်ခွင့်ကိုပင် လုယူခဲ့ကြသည်။ "ဘိုးဘေးများနှင့် ပျိုးထောင်ပေးခဲ့သူများကို ကျေးဇူးဆပ်သည်" ဟူသည့် ဂုဏ်ပုဒ်မှအပ ထိုတရားမဝင်သားမှာ မည်သည့်အကျိုးအမြတ်မှ မခံစားနိုင်‌ခဲ့ချေ။ 


ဒီလိုအခြေအနေမျိုးနဲ့ ကြုံထားရမှတော့ ရွှယ်မြောင်က ဘယ်လိုစိတ်ကူးနဲ့ အဖေရှောင်ဆီကနေ အရင်းတောင်းရဲတော့မှာလဲ သူမရဲ့သားက ဘယ်လောက် နှလုံးသားနူးညံ့သလဲဆိုတာ သူမအသိဆုံးလေ လူအိုကြီးကသာ သူ့ကို အသိအမှတ်ပြုပေးရင်၊ အဖေရှောင် ဒါမှမဟုတ် ရှောင်တင်းပန်ကသာ သူ့ကို တစ်ချက်လောက် နွေးနွေးထွေးထွေး ဆက်ဆံခဲ့ဖူးရင် သူက အဲဒီ့လူတွေအတွက် ဘာမဆို လုပ်ပေးမယ့်လူမျိူးလေ ... သီးသန့်ကုမ္ပဏီ ထောင်တာကလား ... သူမရဲ့သား သေလုနီးပါး ကြိုးစားရင်တောင် နောက်ဆုံးမှာတော့ ဘယ်သူ့လက်ထဲ ရောက်လာမှာ မိုလို့လဲ ... 


ထို့ကြောင့် ရွှယ်မြောင်သည် သားဖြစ်သူကို ကုမ္ပဏီ ထောင်ပေးရန် တစ်ခါမှပင် စိတ်မကူးတော့ချေ။ သို့သော် သူ့အတွက် တစ်ခုတစ်လေမျှပင် ကြိုးစားအားထုတ်ပေးခြင်းမရှိဟု အပြစ်တင်ခြင်း ခံရမည်ကို စိုးရိမ်မိ၍သာ ဤကဲ့သို့ မေးရခြင်းဖြစ်သည်။


ရှောင်ကျားရှုက အနည်းငယ် တွေးပြီးနောက် လက်ကိုယမ်းကာ ငြင်းပယ်လိုက်သည်။ 


"မဟုတ်တာ ကျွန်တော်သာ အပြင်မှာ ကုမ္ပဏီထောင်လိုက်ရင် အဘိုးတစ်ယောက် ပိုပြီးတောင် မသက်မသာ ဖြစ်လာမှာပေါ့ ..." 


ထို့နောက် ရွှယ်မြောင်၏ ပုခုံးကြား ခေါင်းတိုးဝှေ့ကာ ပြောလိုက်သည်။ 


"အမေ ကျေးဇူးတင်ပါတယ် ကျွန်တော်က တကယ်ကို စိတ်ပါလို့ အလုပ်လုပ်တာပါ ပြောရရင် အနုပညာရှင်တစ်ယောက်ရဲ့ လက်ထောက်ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းတာပဲလေ ညက အဲဒါနဲ့ပတ်သက်ပြီး အများကြီး ရှာကြည့်ထားတာ ဒီအလုပ်က တကယ်ကို စိန်ခေါ်မှုတွေ အပြည့်ပဲ ..." 


သူ့တွင် အမှန်တကယ်လည်း ရည်မှန်းချက် ကြီးကြီးမားမား မရှိချေ။ ရာထူးကြီး အလုပ်အမှုဆောင် ဖြစ်လာရန်ကသာလျှင် အမြင့်ဆုံး ရည်မှန်းချက် ဖြစ်သည့်အပြင် သူ့အဘိုးနှင့် အစ်ကိုက ကုမ္ပဏီ၏ ဘော့စ်များ ဖြစ်သည့်အတွက် သူ့အနေဖြင့် ထိုရာထူးအထိသာ ရောက်နိုင်မည်ဖြစ်သည်။ 


‌ရွှယ်မြောင်က သူ၏ ဂျယ်လ်လိမ်းထား၍ တောင့်ခဲနေသော ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ သူမအနေဖြင့်လည်း သူ၏ ရိုးစင်းသော အတွေးတို့ကို ဝမ်းသာရမည်လား ဝမ်းနည်းရမည်လားပင် မသိတော့ချေ။ 


ဒီလို လိမ္မာပြီး နာခံတတ်တဲ့ ကလေးလေးကို ဘာလို့များ ရှောင်မိသားစုက မမြင်နိုင်ကြတာလဲ ဒါပေမယ့် ဒါက အဆိုးကြီးလည်း မဟုတ်ပါဘူး တကယ်လို့သာ အဆင်ပြေနေခဲ့ရင် လူအိုကြီးရှောင်ရဲ့ အရင်းရှင်ဆန်ပုံမျိုးနဲ့ဆို သူမရဲ့သား အနုပညာလောကကနေ ရှာထားသမျှ တစ်ပဲတစ်ပြားတောင် မကျန်အောင် ညှစ်ထုတ်ခံရမှာပဲ ... အခု သူ အနုပညာလောကထဲ ဝင်မှသာ အပြည့်အဝ လွတ်လပ်ပြီးတော့ သူရသင့်ရထိုက်တာတွေ အားလုံးကိုလည်း ပိုင်ဆိုင်ပြီး ဟိုနှစ်ယောက် နည်းနည်းလေးတောင် မယုတ်လျော့တဲ့ အောင်မြင်တဲ့သူ ဖြစ်လာနိုင်မှာပဲ ... 


ငါ ရွှယ်မြောင်ရဲ့သားက မိသားစုရဲ့ တန်ဖိုးထားတာကို မခံရရင်တောင် အရှုံးသမားတော့ ဖြစ်မလာစေရဘူး ... 


"အရမ်းကြီး မြန်မြန် မမောင်းနဲ့ အလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ် အမေ အိမ်မှာ ညစာစားဖို့ စောင့်နေမယ် ..." 


သားဖြစ်သူ၏ကား အဝေးသို့ ရောက်သွားမှသာ သူမလည်း သက်မ ချနိုင်တော့သည်။ 


ရှောင်တင်းပန်နှင့် ရှောင်ချီကျဲတို့သည် မိုးလင်းမှမိုးချုပ်အထိ အလုပ်သွားနေရသူများ ဖြစ်သည့်အတွက် ရှောင်သခင်လေးမှာ တရားဝင် ဝန်ထမ်း ဖြစ်နေပြီဖြစ်ကြောင်း သတိမပြုမိကြသေး။ အိမ်ထဲတွင် တစ်နေကုန် ဂိမ်းဆော့နေသည်ဟုသာ ထင်နေကြပေသည်။ 


ရှောင်ကျားရှုက အဆုံးမရှိလောက်အောင် ပြင်းပျသည့် ဆန္ဒတို့နှင့်အတူ ကတ်ကိုဖြတ်ကာ ရည်မွန်သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ အကူအညီဖြင့် ရုံးခန်းထဲသို့ ရောက်လာခဲ့တော့သည်။ "သရဖူခေတ်" ၏ စီနီယာအကျဆုံး အနုပညာရှင်တစ်ဦးနေဖြင့် ကျိမြန်တွင် ကုမ္ပဏီလက်အောက်ခံ စတူဒီယိုတစ်ခု ပိုင်ဆိုင်ထားကာ "သရဖူခေတ်" ၏ တစ်ထပ်လုံးကို အပိုင်ယူထားသည်။ ရှို့ချန်ယုက ရှောင်ကျားရှုကို လုပ်ဖော်ကိုင်ဖက်များဖြင့် ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပေးလိုသော်ငြား ထိုအကြံကို ငြင်းပယ်ခံလိုက်ရသည့်အတွက် အကောင်းဆုံး ဂရုစိုက်ပေးရန် ဖန်ခွင်းကို မှာကြားရုံသာ ရှိပေတော့သည်။ သို့သော် ဥက္ကဌ၏ ဆိုလိုရင်းကို အဓိပ္ပါယ်ကောက် လွဲသွားရှာသည့် ဖန်ခွင်းကမူ ရှောင်ကျားရှုကို အလုပ်ကို အပျော်သဘောမျှသာ လာလုပ်သည့် "ဖူးဖူးမှူတ်ခံထားရသော သခင်လေး" အဖြစ်သာ မှတ်ယူကာ အစစ်အမှန် အလုပ်သင်ဝန်ထမ်းအဖြစ် မဆက်ဆံတော့ချေ။ 


ထို့သို့ဖြင့် ရှောင်ကျားရှုတွင် တစ်မနက်လုံး လုပ်စရာအလုပ် မရှိတော့။ စားပွဲတွင်သာ မအီမသာဟန်ဖြင့် ထိုင်နေရတော့သည်။ သူ့ကို စာရွက်စာတမ်းများ ကူးပေးရန် တောင်းဆိုလာ၍ မတ်တပ်ပင် မရပ်ရသေး အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ဦးက ထိုစာရွက်ကို ဆွဲယူသွားကာ မျက်နှာလိုမျက်နှာရလုပ်ဟန်ဖြင့် ပြုံးပြလာသည်။ ကြေငြာချက် အရေးခိုင်း၍ ရေးတော့မည် ပြင်လိုက်ချိန်တွင်လည်း ထိုကြေငြာချက်မှာ ရေးထားပြီးဖြစ်ကြောင်း ကျန်တစ်ယောက် ဝင်ပြောလာပြန်၏။ ထိုကဲ့သို့ဖြစ်ရပ်မျိုး ထပ်ကာထပ်ကာ ကြုံလာရသည့်အတွက် ရှောင်ကျားရှုလည်း အခြေအနေကို သဘောပေါက်သွားတော့သည်။ 


ဒီလူတွေက သူ့ကို အလှပန်းအိုးလို သဘောထားနေကြတာပဲ ... 


ဒေါသတို့ လျှံထွက်လာသဖြင့် မူလက ချောမောခန့်ညားနေသော ရုပ်သွင်မှာ အေးစက်လာရာ မည်သူမှ သူ့အနား မကပ်ရဲကြတော့ချေ။ 


ဖန်ခွင်းက သူ့ရုံးခန်းထဲတွင် ပုန်းနေကာ ပြတင်းပေါက်ကို အနည်းငယ်ဟ၍ ချောင်းကြည့်လိုက်သည်။ 


"ဒီသခင်လေးရှောင်က တကယ်ကို ဒေါသကြီးတာပဲ သူ့ကို တစ်မနက်လုံး ဘာမှ မလုပ်ခိုင်းတာတောင် တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့ ပုံစံကြီး လုပ်နေသေးတယ် ဘာလို့များ အိမ်မှာပဲ အေးအေးဆေးဆေး မနေဘဲ အလုပ်လာလုပ်နေတာလဲ ဒါက သူတို့ကို ဒုက္ခလာပေးနေတာနဲ့ အတူတူပဲနော် ..." 


"ကြည့်ရတာ သူ့လူကြီးတွေက ဇွတ်အတင်း လာခိုင်းတာ ထင်တယ် ..." 


ဇာတ်ညွှန်းထဲတွင်သာ စိတ်နှစ်ထားသည့် ကျိမြန်ကမူ လက်ထောက်အသစ်လေးကို အာရုံပင် မရှိချေ။ 


"သူ ဒီမှာ ကြာကြာ မနေနိုင်လောက်ဘူး ကြည့်ပါလား ပထမတစ်ရက်ပဲ ရှိသေးတယ် ပေါက်ကွဲထွက်တော့မလို့ ဖြစ်နေပြီ ..." 


ဖန်ခွင်းက သခင်လေးရှောင်၏ စိတ်တိုနေသော မျက်နှာကို စေ့စေ့စပ်စပ် အကဲခတ်ရင်း အနည်းငယ် စိတ်ဓာတ်ကျလာတော့သည်။


"ဥက္ကဌရှို့ကလည်း ဘာတွေများ တွေးနေလဲ မသိပါဘူး ရှောင်ကျားရှုရဲ့ မျက်နှာနဲ့ဆို လက်ထောက်လာလုပ်နေတာက ဖြုန်းတီးမှုတစ်ခုပဲ သူက အနုပညာရှင် ဖြစ်သင့်တာ အဲဒါဆို သေချာပေါက် နာမည်ကြီးမှာပဲ သူ့မိသားစုနောက်ခံကသာ နည်းနည်းလေး သာမန်ဖြစ်မယ်ဆိုရင် ငါ သေချာပေါက် သူနဲ့ စာချုပ်ချုပ်လိုက်ပြီ ..." 


သခင်လေးရှောင်ရဲ့ မိသားစုက သာမန်မဟုတ်ဘူးလို့ ဘာလို့ ပြောတာလဲ ဟုတ်လား ဒါက မေးနေစရာတောင် မလိုဘူးလေ ဘယ်‌လက်ထောက်ကများ အော်ဒါမှာပြီး ချုပ်‌ထားတဲ့ အဆင့်မြင့်အနောက်တိုင်းဝတ်စုံကို ဝတ်တာ တွေ့ဖူးလို့လဲ ဒီတစ်စုံတည်းကတောင် ယွမ်ထောင်ပေါင်းများစွာ တန်တာလေ ... 


"မပူနဲ့ မင်းမှာ အခွင့်အရေး ရလာမှာပါ ဥက္ကဌရှို့က ဇာတ်ညွှန်းကောင်းတစ်ပုဒ် ရှာနေတယ် ..." 


ကျိမြန်က ပြောလိုက်သည်။ 


ရှို့ချန်ယုကို ဇာတ်ညွှန်းကောင်းတစ်ပုဒ် ရှာစေနိုင်လောက်သူမှာ သာမန်တော့ မဟုတ်နိုင်ချေ။ သူ့အနေဖြင့် ရှောင်ကျားရှုမှတစ်ပါး ဖြစ်နိုင်ချေရှိသူကို မစဉ်းစားမိတော့ပေ။ 


"ကောင်းတယ် သူသာ မင်းလက်ထောက် မဟုတ်ရင် ပြီးရော သူက မင်းထက်ကို ပိုပြီး အထက်စီးဆန်နေသေးတယ် ဝတ်တာစားတာကလည်း မင်းထက် သာတဲ့အပြင် ရုပ်ရ

ည်ကလည်း မင်းနဲ့ ရင်ဘောင်တန်းနိုင်တယ်လေ ဒီလိုလူမျိုးကို လက်ထောက်ခန့်ထားရတာ တကယ်ကို ခေါင်းကိုက်စရာပဲ ..." 


Xxxxx