🌍Chapter 193
ထန်မော့မှာ သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို အစိုဓါတ်ပေးရန် ရေအလုတ်အနည်းငယ်ခန့် သောက်လိုက်သည်။ သူ၏ဆံပင်များမှာ ချွေးများဖြင့် စိုရွှဲလျက် နဖူးတွင် ကပ်နေခဲ့သည်။ ထန်မော့ ဆံပင်ကိုသပ်တင်လိုက်လျက် ထီးကလေးကို ပြန်သိမ်းကာ ဘေးပတ်၀န်းကျင်ကို စူးစမ်းလိုက်လေသည်။
သူဂိမ်းထဲစ၀င်လာချိန်မှ စ၍ ယခုချိန်အထိ အနက်ရောင်မျှော်စင်မှ သူ့အား မည်သည့်တာ၀န်မှ မပေးလာသေးချေ။
မီးတောက်မှာ မြက်ခင်းပြင်ကြီးတစ်ခုလုံးကို လောင်ကျွမ်းသွားလျက် နေရာတိုင်းမှာ မည်းကျွမ်းနေခဲ့သည်။ ထန်မော့သည် နေ၏တည်နေရာကိုကြည့်လျက် ထိုနေလုံးကို အားပြုကာ အရှေ့အရပ်သို့ သွားရန် ဆုံးဖြတ်လိုက်လေသည်။
ဤနည်းဖြင့်အနည်းဆုံးတော့ သူလမ်းပျောက်တော့မည်မဟုတ်ချေ။
ထန်မော့ မီးကျွမ်းနေသော မြေကြီးပေါ် နင်းလျှောက်သွားနေခဲ့သည်။
ဆယ်မိနစ်ခန့်လျှောက်ပြီးတိုင်း သူ မြေကြီးပေါ်တွင် ငါးထောင့်ကြယ်ကို အမှတ်အသားအဖြစ် ဆွဲထားခဲ့လေသည်။ သူအကြာကြီးလျှောက်လာသည့်တိုင် မည်သူ့ကိုမျှ မတွေ့ရသေးချေ။ ထန်မော့မှာ ထိုလောင်ကျွမ်းနေသော မြေပြင်ပေါ်တွင် လျှောက်လာရင်း သူ၏ခြေဖ၀ါးများ ပူလောင်လာခဲ့သည်။ သူခြေထောက်ကိုမြှောက်ကြည့်လိုက်လျှင် သူ၏ဖိနပ်များ၏ အောက်ခံပြားများမှာ အပူချိန်ကြောင့် ပျော်ကျနေသည်ကို တွေ့လိုက်ရလေသည်။ ထန်မော့ ခဏမျှတွေးလျက် ကျောပိုးအိတ်ထဲမှ ဖိနပ်တစ်ရံကို ထုတ်ယူလိုက်သည်။ သူ၏ခြေထောက်မှ ဖိနပ်ကိုချွတ်လိုက်ပြီး မြေကြီးပေါ်ပစ်လိုက်ကာ သူ၏ဘွတ်ဖိနပ်များဖြင့်အစားထိုးလိုက်လေသည်။
ဤသည်မှာ သံဖိနပ်ချုပ်သမားကြီး သူ့အတွက် ပြင်ပေးခဲ့သော ဖိနပ်ပင်ဖြစ်သည်။
ထိုဖိနပ်ကို၀တ်လျက် ပူလောင်နေသော မြေကြီးပေါ်နင်းလိုက်သော်လည်း ထိုမြေပြင်မှာ သူ၏ခြေထောက်ကို မလောင်ကျွမ်းစေနိုင်တော့ပေ။
ထန်မော့ဆက်၍ လျှောက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင်လည်း အမှတ်အသားချန်ခဲ့ရန်မမေ့ချေ။ မီးလောင်ကျွမ်းထားသော အပင်တစ်ပင်ဆီရောက်ရှိလာလျှင် ထန်မော့ ၄င်းအပေါ်၍ ၁၃၃ခုမြောက်အမှတ်အသားကို ရေးထွင်းလိုက်လေသည်။
သူ နဖူးမှ ချွေးများကို ပွတ်သုတ်လျက် ထရပ်ရန်ပြင်လိုက်စဥ် ရုတ်ချည်းအေးခဲသွားလျက် သူ၏နောက်ကျောတစ်လျှောက် ကျက်သီးမွှေးညှင်းများထလာခဲ့လေသည်။ ထန်မော့ချက်ချင်းပင် ခေါင်းကိုလှည့်လျက် ကြည့်လိုက်လေသည်။
မည်းနက်နေသောမြေကြီးပေါ်တွင် အနက်ရောင် ခပ်ကျဥ်းကျဥ်းမျက်လုံး တစ်စုံမှာ မြေကြီးပေါ်သို့ ထိုးထွက်လျက် သူ့အား စိုက်ကြည့်နေခဲ့သည်။
ထန်မော့သည် ၄င်းကို မလွှဲစတမ်းစိုက်ကြည့်ရင်း ထီးကလေး၏ လက်ကိုင်ကို တင်းကြပ်စွာဆုပ်ထားခဲ့သည်။ သို့သော် သူ၏အကြည့်တို့မှာ တစ်ဖက်သို့လျင်မြန်စွာ ရွေ့သွားခဲ့သည်။ မြေကြီးပေါ်ထိုးထွက်နေသော အနက်ရောင်မျက်လုံးများမှာ ရွေ့လျားနေပြီး တစ်ခုခုက ထိုးထွက်လာတော့မည့်နှယ်။
ထန်မော့လည်း အခြေအနေကို နားလည်စွာ ချက်ချင်းကို လှည့်ပြေးတော့သည်။
ဘုန်း...
မြေကြီးမှာ ပေါက်ကွဲထွက်သွားလျက် အနက်ရောင်ပိုးမွှားကြီးက မြေကြီးထဲမှ ထိုးထွက်လာခဲ့သည်။ သူ၏ပါးစပ်မှ စူးရှကာ နား၀င်ဆိုးလွန်းသော အသံတစ်ခုကိုပြုလုပ်နေပြီး ဦးခေါင်းနာကျင်လာစေသည်။ ၄င်းမှာ အပ်သေးသေးလေးများက သူ၏နားစည်မှ ဦးနှောက်ထဲအထိ ဖောက်၀င်လာသည့်နှယ်။ ထန်မော့ နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။ ထိုထုံကျင်သော နာကျင်မှုက သူ့ကိုအလျင်အမြန်နိုးထလာစေပြီး အသားကုန်ပြေးလွှားတော့သည်။
သူပြေးနေရင်းနှင့်ပင် မြေကြီးပေါက်ကွဲထွက်သည့်အသံများကို ဆက်တိုက်ကြားနေခဲ့ရသည်။ သေးငယ်သော အနက်ရောင်မျက်လုံးပေါင်းများစွာမှာ မြေကြီးပေါ်မှ ထိုးထွက်လာခဲ့လေသည်။ ဒါဇင်မျှသော ပိုးနက်ကောင်များ၏ စူးရှသော အော်မြည်သံများကြောင့် ထန်မော့ လက်နှစ်ဖက်ဖြင့် နားကို တင်းတင်းပိတ်လျက် အတားအဆီးများကို ခုန်ကျော်ကာပြေးလွှားနေခဲ့သည်။
သူ၏နောက်တွင်ကား ပိုးကောင် အုပ်လိုက်ကြီး လိုက်နေခဲ့သည်။
သူသည် ထိုပိုးနက်ကောင် တစ်ကောင်ကို ဖြေရှင်းနိုင်သော်လည်း ပိုးကောင်းများမှာ မမျှော်လင့်ထားစွာ များပြားနေခဲ့သည်။ ၄င်းတို့၏ ခွန်အားကိုပါထည့်တွက်လျှင် ထန်မော့ ၄င်းတို့နှင့် ထိပ်တိုက်မတွေ့ချင်ပေ။
ကြိုတင်မသိနိုင်သော အန္တရာယ်မျိုးပင်။
ဤသည်မှာ အနက်ရောင်မျှော်စင်တတိယထပ်ဖြစ်၍ မည်သည့်မွန်းစတားမျိုးကိုမှ လျှော့တွက်၍မရချေ။
ထန်မော့ သူအတတ်နိုင်ဆုံး တောင်ကုန်းများ ချိုင့်များကို ဖြတ်သန်းပြေးလွှားနေခဲ့လေသည်။ ပိုးနက်ကောင်များမှာ နားစည်ကွဲမတက်အော်မြည်ရင်း ၄င်းတို့၏ ခြေထောက်၈ချောင်းကို လှုပ်ရှားကာ ထန်မော့နောက်သို့ ပြေးလိုက်နေခဲ့လေသည်။ ရုတ်ချည်း ထန်မော့၏နောက်မှ လေထုမှာ ပြိုကွဲသွားခဲ့သည်။ ထန်မော့သည် အလိုအလျောက်ပင် ဘေးသို့စောင်းကာ ရှောင်လိုက်ပြီး မြေကြီးပေါ်တွင် လှိမ့်ချလိုက်သည်။
သူရပ်နေခဲ့သော နေရာသို့ အနက်ရောင် အရည်များ ပြိုက်ခနဲကျလာခဲ့သည်။ ထိုအရည်များ မြေကြီးကိုထိသွားသည်နှင့် ထိုနေရာတ၀ိုက်မြေကြီးမှာ တမဟုတ်ချင်း လောင်ကျွမ်းတွန့်ရှုံ့သွားခဲ့လေသည်။
ထန်မော့ ဤမြင်ကွင်းကိုကြည့်ရင်း သူ၏မျက်လုံးတို့ တဖြည်းဖြည်းပြူးကျယ်သွားလေသည်။
"သေစမ်း"
ထန်မော့နောက်ကိုလှည့်ကာ ဆက်၍ပြေးတော့သည်။
ကျယ်ပြောလှသော မှော်၀င်မြက်ခင်းပြင်ကြီးတွင် သေးငယ်သော လူသားတစ်ယောက်ကပြေးလွှားနေပြီး ပိုးနက်ကောင်များက သူ့နောက်မှ ပြေးလိုက်နေခဲ့လေသည်။
ထန်မော့၏ ခံနိုင်ည်နှင့် ခွန်အားမှာ ဤအနက်ရောင်မျှော်စင်မွန်းစတားများလောက်မကောင်းလှချေ။ သူသည်၁နာရီဆက်တိုက်ပြေးလွှားနေပြီးနောက် ပိုးနက်ကောင်များထံမှ ဖမ်းခံလိုက်ရတော့သည်။ သန်မာသော ပိုးနက်ကောင်မှာ ၄င်း၏ ချွန်ထက်သော လက်တံတစ်ချောင်းကို ထန်မော့ထံ ဝေ့ယမ်းလာခဲ့သည်။
သူ ထီးကလေးကိုဖွင့်လျက် အလျင်အမြန်ကာကွယ်လိုက်လေသည်။
ပိုးနက်ကောင်၏ သန်မာသော လက်တံမှာ ထီးကလေး၏ မျက်နှာပြင်ကိုရိုက်ခတ်လာပြီး ထန်မော့နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူ ဤသည်ကို အခွင့်ကောင်းယူလျက်ထပြေးချင်ခဲ့သော်လည်း နောက်ထပ်ပိုးကောင်ကြီး တစ်ကောင်က သူ၏ရှေ့တွင် ပေါ်လာခဲ့ပြန်သည်။ ပိုးနက်ကောင်ကြီးများမှာ ထန်မော့အား အလျင်အမြန် ၀ိုင်းလိုက်ကြပြီး ထန်မော့လည်း ထိုပိုးကောင်များကို တည်ငြိမ်စွာကြည့်နေခဲ့လေသည်။
ရုတ်ချည်း ထန်မော့သည် သူ၏ပါးစပ်ကို ဟလိုက်သည်နှင့် အတွင်းမှ မိုးသက်မုန်တိုင်းသဖွယ်လေပွေများ တိုးထွက်လာခဲ့လေသည်။
ထိုသန်မာသော မိုးသက်မုန်တိုင်းက ပိုးကောင်အချို့ကို လေနှင့်အတူ လွင့်ထွက်သွားစေလျက် ထန်မော့အတွက် လွတ်လမ်းတစ်ခုကို ဖော်ပေးလာခဲ့သည်။ သို့သော် ဤလေပြင်းမှာ ထိုပိုးကောင်များကို ခတ္တမျှသာ လွင့်သွားစေမည်ဖြစ်ပြီး မကြာခင်မှာပြန်ရောက်လာမည်ပင်။
သူ ကုန်းလျက် ပိုးကောင်တစ်ကောင်၏ ခြေထောက်ကြားမှ ပြေးထွက်လိုက်စဥ် ကျန်တစ်ကောင်က ၄င်း၏ လက်တံကိုလွှဲလျက် တိုက်ခိုက်လာခဲ့သည်။ ထန်မော့သည် ထီးကလေးကိုဖွင့်လျက် ထိုတိုက်ခိုက်မှုများကို အဆက်မပြတ် ခုခံနေခဲ့ရလေသည်။
ကျယ်လောင်သော သတ္တုချင်းထိခတ်မိသံတို့ ထွက်ပေါ်နေခဲ့သည်။
ပိုးကောင်များမှာ အလွန်များလွန်း၍ ထန်မော့အတွက် ရှောင်ဖယ်ဖို့ ခက်ခဲလွန်းနေခဲ့သည်ပင်။ သူသည် ပိုးကောင်၏ မာကျောသော အခွံကိုအားပြင်းပြင်းနှင့် ကန်လိုက်ပြီး လေထဲသို့ခုန်လိုက်သည်။ သူ၏လက်ဖ၀ါးပေါ်တွင် မီးခြစ်ဆံကြီးတစ်ခုပေါ်လာခဲ့သည်။
ထန်မော့သည် ထိုမီးခြစ်ဆံကြီးဖြင့် ပိုးကောင်ကြီး၏ အခွံကို ရိုက်ချလိုက်လေသည်။ ထန်မော့မှာ ပိုးကောင်၏ ကိုယ်ထည်ကိုအသုံးပြု၍ မီးခြစ်ဆံကြီးအား မီးမြှိုက်ရန် ကြိုးစားခြင်းပင်။
သို့သော်...
မီးခြစ်ဆံကြီး၏ ထိပ်ဖျားမှာ ပိုးကောင်ကြီး၏ ကိုယ်ထည်ကို သာထိလိုက်ရသေးချိန်တွင် ထန်မော့၏ မျက်လုံးတို့ ပြူးကျယ်လာခဲ့လေသည်။ သူသည် မီးခြစ်ဆံကြီး၏ ထိပ်ကို တုန်လှုပ်စွာ ကြည့်လိုက်မိလေသည်။
ကြီးများသော ခြေတံကြီးတစ်ချောင်းမှာ ထန်မော့အား ကန်ထည့်လိုက်ပြီး မြေကြီးပေါ် ဗိုင်းခနဲ ကျသွားစေခဲ့သည်။
...မျက်နှာပြောင်လေး၏ မီးခြစ်ဆံမှာ ပိုးကောင်၏အခွံကို မီးမမြှိုက်နိုင်ချေ။
ထန်မော့၏ ရင်ထဲတင်းကြပ်သွားမိလေသည်။
သူသည် ထိုပိုးကောင်များ၏ တိုက်ခိုက်မှုများနှင့် ၄င်းတို့၏ အက်ဆစ်တံတွေးများကို ရှောင်ရှားရင် ဤပိုးကောင်များအား မည်သို့ရှင်းမည်ကို အကြံထုတ်နေခဲ့သည်။
သူ၏စွမ်းရည်မျိုးစုံက သူ၏ခေါင်းထဲတွင် ဖြတ်ခနဲပြေးသွားခဲ့သည်။ မီးခြစ်ဆံကြီးက ထိုပိုးကောင်များကို မလောင်ကျွမ်းစေနိုင်ဟူသော အခြေအနေအရ ထန်မော့တစ်ခုကိုသာ တွေးနိုင်တော့သည်။
"နောက်ဆုံးအခြေအနေကို မရောက်သ၍ အလျင်လူသားစွမ်းရည်ကို သုံးလို့မဖြစ်ဘူး"
ထန်မော့ ကျွမ်းထိုးလျက် တိုက်ခိုက်မှုတစ်ခုကို ရှောင်ရှားလိုက်သည်။
ကျယ်ပြောသော မြက်ခင်းပြင်ကြီးတွင် ပိုးကောင်ကြီးများမှာ သေးငယ်သော လူသားတစ်ယောက်ကို ၀ိုင်း၀န်းတိုက်ခိုက်နေခဲ့ကြသည်။
ထန်မော့သည် သူ၏ပိန်ပါးသော ကိုယ်၏ အားသားချက်ကိုသုံး၍ ရှောင်ရှားနေရန်သာ တတ်နိုင်လေသည်။ ဤပိုးကောင်များမှာ သန်မာလွန်းပြီး ၄င်းတို့၏ အခွံများမှာ မာကျောလွန်းသည်။ သို့သော် ၄င်းတို့၏ အားနည်းချက်မှာလည်း သိသာလှသည်။ ဤပိုးကောင်များမှာ ကြီးလွန်းလှရာ ၄င်းတို့အတွက် သေးငယ်သောလူသားတစ်ယောက်ကို ဖမ်းဆီးရန် မလွယ်ကူခဲ့ချေ။
မီးကျွမ်းထားသော ကွင်းကျယ်ကြီးပေါ် လေပြင်းတစ်ချို့ ဖြတ်တိုက်သွားလျက် မနီးမဝေးမှ အနက်ရောင်မြေကြီးပေါ်တွင် မြေစာများ အနည်းငယ် လျော့ရဲ လာခဲ့လေသည်။
၄င်းမှာ ကြီးမားသော တီကောင်ကြီး၂ကောင်ပင်။
ထိုတီကောင်၂ကောင်က အဝေးမှ တိုက်ခိုက်ပွဲကို စိုက်ကြည့်ရင်း ခေါင်းများကို စောင်းကာ ထူးဆန်းသော အသံများကို ပြုလုပ်နေခဲ့သည်။
" အဲဒီ ပိုးကောင်တွေက မြေအောက်လူသားတစ်ယောက်ကို သတ်နေကြတာလား"
"အဲဒါ လူသားပဲ လူသား"
"အာ လူသားလား၊ အဲဒီလူသားကအတော် သနားစရာပဲ ၊ ပိုးကောင်တွေက သူ့ကို သေချာပေါက်စားပစ်မှာ"
တီကောင်ကြီး၂ကောင်မှာ တစ်ကောင်နှင့်တစ်ကောင် မြည်သံများပြုလုပ်ရင်း ကိုယ့်အပူမဟုတ်၍ မြေကြီးထဲပြန်၀င်သွားရန် ပြင်လိုက်ကြလေသည်။
သို့သော် သူတို့၏ ခေါင်းများကို မြေကြီးထဲ စိုက်ပြီးနောက် ချက်ချင်းထွက်မသွားခဲ့ကြချေ။ အတော်ကြာပြီးနောက် ၄င်းတို့မှာ မြည်သံများကိုပြုလုပ်လာပြန်သည်။
"အဲဒီလူသားကချစ်စရာလေးလို့ ဘာလို့ခံစားမိပါလိမ့် ၊ ငါသူ့ကို ကယ်ချင်တယ်ရော"
"ငါလည်း ကယ်ချင်တယ်"
"ရှူး..."
****
တဖက်တွင်တော့ ထန်မော့မှာ ပိုးကောင်များ၏ တိုက်ခိုက်မှုများကြား ရုန်းကန်နေရင်း အခြေအနေမှာ ပို၍ ပြင်းထန်လာခဲ့လေသည်။ သူ အံကိုကြိတ်လျက် အလျင်လူသားစွမ်းရည်ကို အသုံးပြုရန် ပြင်လိုက်လေသည်။ သူသည်စွမ်းရည်ကို အသုံးမပြုလိုက်ရသေးချိန်မှာပင် သူ၏ ခြေထောက်အောက်မှ မြေကြီး၏ တုန်ခါမှုကို ခံစားလိုက်ရလေသည်။
ထန်မော့ ထိုအသံကိုကြားလျှင် ဘေးသို့စောင်းကာ ရှောင်ရန်ပြင်လိုက်သည်။ သို့သော် သူမရှောင်ရသေးခင်မှာပင် မြေကြီးမှာ တဖန်ပေါက်ထွက်လာခဲ့ပြန်သည်။ ပို၍မမျှော်လင့်ထားသည်မှာ ကြီးမားသော ခေါင်းကြီးတစ်ခုက သူ့အား လေထဲသို့မြောက်တင်လိုက်ခြင်းပင်။
ထန်မော့၏ မျက်လုံးများ၀ိုင်းစက်သွားခဲ့သည်။
သူပြန်လည်သတိ၀င်လာချိန်တွင် သူ၏ကိုယ်မှာ ဧရာမတီကောင်ကြီး၏ ကျောပေါ်တွင်ခွလျက်လားရှိနေခဲ့ချေပြီ။ တီကောင်ကြီး၂ကောင်က ထန်မော့ကို သယ်ပြီးနောက် မြေကြီးကို လျင်မြန်စွာတူးကာ ထွက်ပြေးတော့သည်။ ပိုးကောင်များ မတုန့်ပြန်နိုင်ခင်မှာပင် တီကောင်များနှင့် ထန်မော့က မီတာ ဒါဇင်တချို့ခန့်ရောက်သွားနှင့်ချေပြီဖြစ်သည်။
ပိုးကောင်များမှာ ဒေါသတကြီး အော်မြည်လျက် ၄င်းတို့၏ ခြေ၈ချောင်းဖြင့် မြေကြီးကို လျင်မြန်စွာတူးလိုက်ကြလေသည်။
အတော်ကြာပြီးနောက် ထိုပိုးကောင်၈ကောင်မှာ မြက်ခင်းပြင်ပေါ်မှ ပျောက်ကွယ်သွားလျက် မြေကြီးပေါ်တွင် အပေါက်များသာကျန်ရစ်ခဲ့လေသည်။
ထန်မော့ တီကောင်ကြီး၏ ကျောကိုတင်းတင်းဖက်ထားစဥ် တီကောင်ကြီး၂ကောင်မှာလည်း တရှူးရှူးအော်မြည်ရင်း လျင်မြန်စွာပြေးနေခဲ့လေသည်။
ထန်မော့ဂရုတစိုက်နားထောင်နေပါသော်လည်း ၄င်းတို့ပြောစကားများကို နားမလည်နိုင်ချေ။ သူ မသိသည်မှာ ဤဧရာမတီကောင်ကြီး၂ကောင်က မြေကြီးကိုတူးနေရင်း ငြင်းခုံနေကြသည်ကိုပင်။
"အာ...သူကအရမ်းချစ်ဖို့ကောင်းတာပဲ၊ ငါသူ့ကို သယ်လို့မရဘူးလား"
"ရှူး...ငါပဲသူ့ကိုသယ်မှာနော် သွားစမ်းပါ"
၄င်းတို့၏ခေါင်းပေါ်တွင် ပန်းရောင်ခပ်ဖျော့ဖျော့လေး လင်းနေကြသည်။
🌍