💮Chapter 135
စာလိပ်ပေါ်၌ ပိန်ပါး၍သွယ်လျသော လူငယ်တစ်ဦး၏ ပုံရှိနေ၏။ သူက ဘေးတိုက်ရပ်နေပြီး မျက်လွှာချထားသည်။ ဝမ်ချီက ထိုသူ မည်သည့်အရာကို ကြည့်နေကြောင်းမသိချေ။ သို့သော် ထိုသူ၏ မျက်နှာမှာ သူ့မျက်နှာသာ ဖြစ်တော့၏။
ပန်းချီထဲရှိ လူက ရှောင်ရွှမ်ကျီပြောခဲ့သည့်အတိုင်း သူနှင့်တူနေသည်။ မျက်နှာသာမက ထိုသူ၏ ပုံပန်းသွင်ပြင်နှင့် ဝတ်စားပုံတို့သည်ပင် သူနှင့်အတူတူဖြစ်၏။
မဖြစ်နိုင်တာ ...
ဝမ်ချီ ထိတ်လန့်သွားသည်။ သူက ပန်းချီကားထဲရှိ အမျိုးသားကိုကြည့်ရင်း စိတ်တစ်ခုလုံး ဗလာဖြစ်သွားရသည်။
ကြည့်ရတာ မူလကိုယ်နဲ့ ဆင်တူတဲ့လူ ရှိနေခဲ့ပုံပဲ… ဒါပေမယ့် အဲဒီ့လိုဆိုရင် ဘာလို့ မူလဇာတ်ကြောင်းထဲမှာ အဲဒီ့လူက တစ်ခါမှပေါ်မလာရတာလဲ …
ဒါမှမဟုတ် ရှစ်ယဲ့ ဆွဲထားတဲ့လူက ဝမ်ချီများဖြစ်နေမလား…
မည်သို့ပင်ဖြစ်စေ၊ ထိုအတွေးက ပို၍ပင် လန့်စရာကောင်း၏။ ရှစ်ယဲ့က သူတို့လက်မထပ်မီအထိ သူ့အား တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ထို့အပြင် ပန်းချီကားထဲရှိ လူ၏ ပုံပန်းသွင်ပြင်နှင့် ဝတ်စားပုံက လက်ရှိသူသာ ဖြစ်သည်။
ဝမ်ချီ၏ ခေါင်းတစ်ခုလုံး ရှုပ်ထွေးလာ၏။ မရေမတွက်နိုင်သည့် ဖြစ်နိုင်ချေများက သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။
သူက မြူထုထဲတွင် ပိတ်မိနေပြီး ထွက်လမ်းမတွေ့တော့သလို ခံစားလိုက်ရသည်။
ထိုအချိန်၌ ဝမ်ချီက အားကူ၏ အီသံကြောင့် သတိပြန်ဝင်လာသည်။ ထိုအခါမှသာ မနီးမဝေးမှ ခြေသံအချို့ကို သူသတိပြုမိလိုက်၏။
တစ်ယောက်ယောက်လာနေပြီ …
ဝမ်ချီက စာလိပ်အား ပြန်သိမ်းလိုက်သည်။ စာလိပ်အားလုံးက ရှုပ်ပွနေသော်လည်း ဝမ်ချီ အရေးမစိုက်အားချေ။ သူက အားကူကိုချီလျက် ညောင်စောင်းပေါ် ပြန်ထိုင်လိုက်၏။
သူ လှည့်ကြည့်လိုက်ချိန်တွင် သတိကြီးစွာ ချဉ်းကပ်လာသည့် ရှောင်ရွှမ်ကျီအား တွေ့လိုက်ရ၏။
ရှောင်ရွှမ်ကျီက ခေါင်းငုံ့ထားသည်ဖြစ်ရာ ဝမ်ချီ၏ ထူးဆန်းသော အမူအရာကို သတိမပြုမိချေ။ သူက တလေးတစား ပြောလိုက်သည်။
“ဝမ်သခင်လေး … အရှင့်သားက နောက်ထပ်နှစ်ရက်သုံးရက်ကြာမှ နန်းတော်ကို ပြန်ရောက်လာမှာပါ …. ဒီတော့ သခင်လေး အရှင့်သားကို မစောင့်ဘဲ ညစာသုံးဆောင်နှင့်မလား …”
ဝမ်ချီက စာလိပ်အကြောင်း တွေးနေဆဲဖြစ်ပြီး ရှောင်ရွှမ်ကျီ၏ စကားများကို အရေးမစိုက်အားခဲ့ပေ။ ရှောင်ရွှမ်ကျီ စကားဆုံးချိန်၌ သူက အားကူကိုပွေ့ချီရင်း ရှောင်ရွှမ်ကျီနှင့်အတူ စာကြည့်ခန်းအတွင်းမှ ထွက်လာခဲ့သည်။
ထိုညက ဝမ်ချီ အိပ်ရာပေါ်၌ တစ်ဦးထဲရှိနေ၏။
အိပ်ဆောင်တစ်ခုလုံး ဖယောင်းတိုင်များ ထွန်းညှိထားလျက်ရှိသည်။ ခမ်းနားသော အပြင်အဆင်များပေါ်သို့ ရွှေဝါရောင်အလင်းဖျော့ဖျော့က ဖြာကျနေကာ နေရာတစ်ခုလုံး လင်းထိန်လျက်ရှိ၏။
ဝမ်ချီအတွက်မူ ရှစ်ယဲ့မရှိခြင်းကြောင့် လှပခမ်းနားသော အိပ်ခန်းပင်လျှင် လှစ်ဟာနေသယောင် ထင်ရလေသည်။
ဝမ်ချီက အားကူအား သူနှင့်အတူ အိပ်ခွင့်မပေးခဲ့သည်အား နောက်တရလာသည်။ သူက ဟိုလှည့်သည်လှည့်ဖြင့် စာလိပ်အကြောင်း စဉ်းစားရင်း အိပ်မပျော်နိုင် ဖြစ်နေ၏။ သူက အဆုံးမရှိသည့် တွင်းထဲသို့ ပြုတ်ကျသွားသကဲ့သို့ အဖြေမထုတ်နိုင် ဖြစ်နေခဲ့သည်။
ထိုအချိန်၌ ရှောင်ရွှမ်ကျီ၏ အသံ ထွက်ပေါ်လာ၏။
“ဝမ်သခင်လေး … မီးဖိုဆောင်ကို ဌာပနာမုန့်တချို့ ဆက်သခိုင်းလိုက်ရမလား ...”
ဝမ်ချီက ပြောလိုက်သည်။
“မလိုဘူး …”
ရှောင်ရွှမ်ကျီက ခဏကြာ တိတ်ဆိတ်သွားကာ မေးလိုက်၏။
“သခင်လေး … ဘာများဖြစ်လို့လဲ …”
ထိုအခါမှသာ ဝမ်ချီက သူ၏ လှုပ်ရှားနေခြင်းအားလုံးကို ရှောင်ရွှမ်ကျီ ကြားနိုင်ကြောင်း နားလည်သွား၏။ ထို့ကြောင့် သူက လှုပ်ရှားနေခြင်းကိုရပ်ကာ တိတ်တဆိတ် လှဲလျောင်းနေလိုက်တော့သည်။
….
သုံးရက်အကြာ၌ ရှစ်ယဲ့က အရှေ့နန်းတော်သို့ ပြန်ရောက်လာလေသည်။
ရှစ်ယဲ့ နန်းတော်သို့ ပြန်ရောက်လာသည့်နေ့က ကိုယ်လုပ်တော်ရုန် ပွဲကျင်းပမည့် ရက်ပင်ဖြစ်တော့၏။
ဝမ်ချီက သုံးရက်ကြာ သည်းခံရင်း ရှစ်ယဲ့သူ့အား ပန်းချီထဲမှလူ၏ဇစ်မြစ်ကို ပြောပြလိမ့်မည်ဟု အိပ်မက်များ မက်နေခဲ့သည်။
သို့သော် သူ စာကြည့်ဆောင်သို့သွား၍ ရှစ်ယဲ့အား တွေ့ဆုံသည့်အခါ ထိုနေရာ၌ ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ထိုသူက စစ်သူကြီးလင်းဖြစ်သည်။
ဝမ်ချီ ရောက်လာသည်ကို တွေ့သည်နှင့် စစ်သူကြီးလင်းက အမြန်စကားရပ်လိုက်၏။
“ဝမ်သခင်လေး …”
“စစ်သူကြီးလင်းလည်း ရှိနေတာပဲ …”
ဝမ်ချီက အံ့အားသင့်မှုကိုချုပ်တီးကာ ပြုံးလိုက်သည်။
ဒါပေမယ့် လင်းကျယ်က ရှစ်ကျင်းဘက်ကလေ … ဘာလို့ ရှစ်ယဲ့ စာကြည့်ဆောင်ကို ရောက်လာရတာလဲ …
ဝမ်ချီ အံ့အားသင့်နေချိန်မှာပင် ရှစ်ယဲ့က မေးလာ၏။
“ဘာဖြစ်လို့လဲ…”
ဝမ်ချီက အသိပြန်ဝင်လာကာ ခေါင်းညိတ်လိုက်သည်။ သူက မသိစိတ်ဖြင့် ပန်းချီစာလိပ်ကို ဖုံးကွယ်ထားသည့် စာလိပ်များထံ အကြည့်ရောက်သွား၏။ စာလိပ်များက သပ်သပ်ရပ်ရပ် ရှိနေသည်။ ထိုအရာများကို စီရီထားသူက အစေခံများလော၊ သို့မဟုတ် ရှစ်ယဲ့လော ဝမ်ချီမသိပေ။
ပန်းချီအကြောင်း တွေးလိုက်သည်နှင့် ဝမ်ချီ စိတ်ရှုပ်လာ၏။ သူက ရှစ်ယဲ့အား ပြောလိုက်သည်။
“ကျွန်တော် မေးစရာရှိတယ် …”
ရှစ်ယဲ့က ဝမ်ချီ၏ ထူးဆန်းမှုကို သတိမပြုမိဟန်ဖြင့် ပြုံးလိုက်သည်။
“ဒါပေမယ့် ကိုယ်အခု စစ်သူကြီးလင်းနဲ့ ဆွေးနွေးစရာရှိနေတယ်… ဒါတွေပြီးသွားရင် မင်းဆီ လာခဲ့မယ်လေ …”
သို့သော် ဝမ်ချီက မတည်ငြိမ်နိုင်တော့ပေ။ သူက ခဏတွေးကာ ထိုင်နေကျညောင်စောင်းထံသို့ သွားထိုင်လိုက်သည်။ ထို့နောက် ရှစ်ယဲ့အား တည်ငြိမ်စွာ ကြည့်လိုက်၏။
“ဒီမှာထိုင်ပြီး စောင့်နေလို့ရမလား …”
ရှစ်ယဲ့က မည်သို့မှမပြောဘဲ မိန်းမစိုးကျိုးကိုသာ အဆာပြေမုန့်များ ပြင်ဆင်ခိုင်းလိုက်သည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် စစ်သူကြီးလင်းက ထိတ်လန့်သွားခဲ့၏။
စစ်သူကြီးလင်းနှင့် အိမ်ရှေ့စံတို့က အတူတူ ကြီးပြင်းလာကြသည်။ သူနှင့် အိမ်ရှေ့စံတို့က မရင်းနှီးကြသော်လည်း အိမ်ရှေ့စံ၏စရိုက်ကိုမူ သူ ကောင်းစွာ သိရှိထား၏။
အိမ်ရှေ့စံက အမြဲလိုလို စိတ်ဆတ်လေ့ရှိသည်။ သူက အဘယ့်ကြောင့် လူတစ်ယောက်အပေါ် အလွန်သည်းခံလာသည်ကို မတွေးတတ်ဖြစ်သွားရသည်။ ထို့အပြင် အစောက ဝမ်ချီ၏ အပြုအမူမှာ မသင့်လျော်လှချေ။
စစ်သူကြီးလင်းက ရှစ်ယဲ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
ရှစ်ယဲ့က စစ်သူကြီးလင်း၏ တုံ့ပြန်မှုကို ဂရုမစိုက်အားချေ။ သူက လက်တွင်းရှိ စာရွက်ကိုသာ ပစ်ပေးလိုက်၏။
“မင်းသိချင်တာအားလုံး ဒီမှာရှိတယ် … အချိန်ကျလာရင် ဘာလုပ်ရမလဲ မောင်မင်းသိမှာပါ …”
စစ်သူကြီးလင်းက အတွေးများကို ဖယ်ရှားကာ စာရွက်အား အမြန်ကြည့်လိုက်၏။ ထို့နောက် အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော်မျိုး အားလုံး စီစဉ်ပြီးပါပြီ … စိတ်ချလက်ချ အနားယူပါ အရှင့်သား …”
ညောင်စောင်းထက်၌ ထိုင်နေသည့် ဝမ်ချီက လုပ်စရာထွေထွေထူးထူး မရှိသဖြင့် ရှစ်ယဲ့နှင့် စစ်သူကြီးလင်းတို့၏ စကားဝိုင်းကိုသာ အာရုံစိုက်မိနေ၏။ သူက ခေါင်းလေးစောင်းကာ စစ်သူကြီးလင်း၏လက်ထဲရှိ စာရွက်ကို ခိုးကြည့်လိုက်သည်။
ထိုစာရွက်ပေါ်၌ မြေပုံနှင့်တူသည့် တစ်စုံတစ်ခုအား ရေးဆွဲထားသည်ကို သူ ခပ်ရေးရေး တွေ့လိုက်ရ၏။
ဝမ်ချီ မတ်တပ်ထကာ စာရွက်ကို အနီးကပ်ကြည့်ရန် ပြင်လိုက်သည်။ သို့သော် သူ့အကြည့်ကို သတိပြုမိပုံပေါ်သည့် စစ်သူကြီးလင်းက ထိုစာရွက်အား အမြန်လိပ်ပစ်လိုက်၏။
ဝမ်ချီ “…”
ဒီလောက်ကြာတာတောင် စစ်သူကြီးလင်းက ငါ့ကို သူခိုးလို သတိထားနေတုန်းပဲ …
သတိထားသင့်တဲ့လူက ငါပါနော် လင်းကျယ်ရေ …
လွန်ခဲ့တဲ့ တစ်မိနစ်က ရှစ်ကျင်းနဲ့တူတူရှိနေတယ် … နောက်တစ်မိနစ်ကျ ရှစ်ယဲ့နဲ့အတူတူ ရှိနေတယ် … သူက ထောက်လှမ်းရေးသမား ဟုတ်မဟုတ် ဘယ်သူသိမှာလဲ …
ဝမ်ချီက ပြောစရာစကား မရှိတော့ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့်သာ အကြည့်လွှဲပစ်လိုက်၏။
စစ်သူကြီးလင်း ထွက်သွားသည်အထိ စောင့်ပြီးသည့်နောက် ဝမ်ချီက ရှစ်ယဲ့အား မေးရန်ပြင်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလို လျိုတဲ၊ လျိုရှန်နှင့် အခြားလူယုံတော်များ ဆက်တိုက်ဝင်လာပြန်၏။
ဝမ်ချီက ညောင်စောင်းပေါ်တွင် ဆက်၍သာ ထိုင်စောင့်နေလိုက်ရသည်။
ဝမ်ချီက ရှစ်ယဲ့နှင့် လူယုံတော်များအကြား စကားဝိုင်းကို ပထမဆုံးအကြိမ် နားထောင်ဖူးခြင်း မဟုတ်ပေ။ သို့သော် သူတို့ တစ်စုံတစ်ခုအား ဖုံးကွယ်ရန် ကြိုးစားနေသည်ကို ပထမဆုံး ကြုံဖူးခြင်းဖြစ်၏။ သူစိတ်ထင်နေခြင်းပေလော မသိသော်လည်း အဆိုပါ လူယုံတော်များက သူနားမလည်နိုင်သည့်အရာများကို ပြောဆိုနေကြကြောင်း သူသိလေသည်။
သူတို့၏ စကားဝိုင်းက အတော်ကြာခဲ့သည်။ ဝမ်ချီက စောင့်ရင်း အိပ်ငိုက်လာကာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲအိပ်ပျော်သွား၏။
အတန်ကြာသည့်နောက် ဝမ်ချီအား ရှောင်ရွှမ်ကျီက လာနှိုးခဲ့လေသည်။
ဝမ်ချီ မျက်လုံးဖွင့်လိုက်ချိန်၌ ရှောင်ရွှမ်ကျီ၏ မျက်နှာကို ဦးဆုံးတွေ့လိုက်ရသည်။ သူက ချက်ချင်းနိုးသွားကာ ညောင်စောင်းပေါ်မှ ထထိုင်လိုက်၏။ သူ့ကိုယ်ပေါ်ရှိ ခြုံစောင်က အောက်သို့လျှောကျသွားခဲ့သည်။
ရှောင်ရွှမ်ကျီက ပြော၏။
“သခင်လေး … အချိန်လင့်နေပြီဖြစ်တာကြောင့် ဒီမှာအေးလာပါပြီ… အကြာကြီးအိပ်နေရင် အအေးမိပါလိမ့်မယ်…”
ဝမ်ချီက ရှောင်ရွှမ်ကျီ၏ စကားကို ကြားပုံမပေါ်ချေ။
“ရှစ်ယဲ့ ဘယ်မှာလဲ ...”
ရှောင်ရွှမ်ကျီက ဝမ်ချီ အိမ်ရှေ့စံ၏ အမည်ကို တိုက်ရိုက်ခေါ်ဆိုသည်နှင့် အသားကျနေပြီဖြစ်သည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။
“သခင်လေး မေ့သွားပြီလား .. တော်ဝင်မိသားစုစုံညီပွဲတော်က ဒီညကျင်းပမှာပါ … သခင်လေး မနိုးသေးတာကြောင့် အရှင့်သားက အရင်သွားနှင့်ပါတယ် …”
အာ … ဟုတ်သားပဲ … တော်ဝင်မိသားစုစုံညီပွဲတော် …
ဝမ်ချီ မေ့ပင်မေ့နေခဲ့သည်။
သို့သော် ရှစ်ယဲ့ပြန်လာမှ သူမေးနိုင်မည့်အကြောင်းအား တွေးလိုက်မိချိန်၌ ဝမ်ချီက နင်သွားသလို ခံစားလိုက်ရ၏။
ထို့နောက် သူ့နှလုံးသားအား အေးစက်စက် မြွေပွေးတစ်ကောင် ရစ်ခွေထားသကဲ့သို့ မကောင်းသည့် ခံစားချက်များ စတင်ခံစားလာရသည်။ သို့သော် အဘယ့်ကြောင့် ထိုသို့ခံစားနေရသည်ကို သူ မသိချေ။
ဝမ်ချီက ရှောင်ရွှမ်ကျီ၏ စကားအတိုင်း အိပ်ဆောင်သို့ ပြန်လာခဲ့သည်။ သို့သော် စားပွဲအပြည့်စားစရာများကို မြင်ရသည့်တိုင် သူ စားချင်စိတ်မရှိခဲ့ပေ။
ပန်းချီသာမက လျိုတဲ၊ လျိုရှန်နှင့် အခြားလူများ၏ အမူအရာက သူ့အား မလွယ်ကူမှုကို ခံစားရစေခဲ့သည်။
စစ်သူကြီးလင်းက ဘာလို့ ရှစ်ယဲ့ဆီ ရုတ်တရက် ရောက်လာတာလဲ ...
လျိုတဲ၊ လျိုရှန်နဲ့ တခြားလူတွေကလည်း တစ်ခုခုကို ဖုံးကွယ်ထားကြပုံပဲ …
ဝမ်ချီတွေးလေလေ၊ တစ်ခုခုမှားနေကြောင်း ခံစားရလေလေပင်။ သူက မူလဇာတ်ကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ဇာတ်ကြောင်းက သွေဖယ်နေပြီဖြစ်သည့်တိုင် အချို့အရာများက အသုံးဝင်နေနိုင်သေး၏။
သူက ဇာတ်ကြောင်းကို သေချာအသေးစိတ် မမှတ်မိသော်လည်း ဖြစ်လတ္တံ့သော အဖြစ်အပျက်ကြီးကြီးမားမားများကို မှတ်မိနေသေး၏။ ဥပမာအားဖြင့် တော်ဝင်မိသားစုစုံညီပွဲတော် ပြီးဆုံးပြီး လဝက်အကြာ၌ မင်းကြီး နတ်ရွာစံသွားမည်ဖြစ်သည်။
မင်းကြီး နတ်ရွာစံသည့်နေ့တွင် နန်းတော်ထဲ၌ အုတ်အော်သောင်းနင်း ဖြစ်ခဲ့၏။
အမှန်စင်စစ်တွင် ရှစ်ယဲ့ ထီးနန်းဆက်ခံရခြင်းက ချောချောမွေ့မွေ့ မရှိခဲ့ချေ။ သူ၏ မသန်စွမ်းမှုနှင့် ရက်စက်မှုတို့က သူ့အား အန္တရာယ်များစွာ ယူဆောင်လာပေးခဲ့သည်။ လူအမြောက်အများက သူ့ထံမှထီးနန်းကို လုယူလိုကြသည်။
မည်သို့ပင်ဖြစ်စေ ရှစ်ယဲ့က မူလဇာတ်ကြောင်း၏ သူရဲကောင်းမဟုတ်ရာ စာရေးသူက ရှစ်ယဲ့၏ အောင်မြင်မှုကို စကားလုံးအနည်းငယ်နှင့်သာ ဖော်ပြထားခဲ့သည်။ ရှစ်ယဲ့က အဝိုင်းခံရပြီး အသက်ဆုံးရှုံးခါနီးဖြစ်ချိန်၌ ရှစ်ကျင်းက သူ့အား ကူညီခဲ့ခြင်းကိုသာ ရေးသားထား၏။
အမှန်စင်စစ်တွင် ရှစ်ကျင်း၏ အကူအညီကြောင့် ရှစ်ယဲ့ ထီးနန်းဆက်ခံပြီး ရှစ်ကျင်းနှင့်ဝမ်လျန်တို့အား လက်စားချေရန် ကြိုးစားသောအခါ စာဖတ်သူအမြောက်အများက သူ့အား ဆူပူကြိမ်းမောင်းခဲ့ကြသည်။ အဆုံးသတ်တွင် ရှစ်ယဲ့က အရက်စက်ဆုံးနည်းလမ်းဖြင့် သေဆုံးခဲ့ရသည်။ သို့သော် စာဖတ်သူများကမူ ရှစ်ယဲ့ လွယ်လွယ်ကူကူ သေဆုံးသွားသည်ဟု မှတ်ချက်ရေးနေကြဆဲပင်။
တော်ဝင်မိသားစုစုံညီပွဲတော်ကို ယနေ့ည ကျင်းပသည်ဖြစ်ရာ ရှစ်ယဲ့ အသက်အန္တရာယ်ကျရောက်မည့်အချိန်မှာ လဝက်ခန့် လိုနေသေး၏။
ရှစ်ကျင်းက ရှစ်ယဲ့အား ကယ်တင်နိုင်ခဲ့သော်လည်း လက်ရှိရှစ်ကျင်းက မူလဇာတ်ကြောင်းထဲမှ ရှစ်ကျင်းအတိုင်း ရှိနေမည်ဟု ဝမ်ချီ သေချာမသိပေ။ ထို့အတူ ကိုယ်လုပ်တော်ရုန်သည်လည်း ရှိနေသည်ဖြစ်ရာ သူက မျှော်လင့်ချက်အားလုံး ရှစ်ကျင်းထံ စုပုံထား၍မဖြစ်ချေ။
ဝမ်ချီက ထိုကိစ္စများကြောင့် ပန်းချီကားကိုပင် မေ့သွား၏။ ပထမဦးဆုံး သူက ရှစ်ယဲ့၏ အသက်ကို ကယ်တင်ရပေလိမ့်မည်။ သူက ထီးနန်းကို မရလျှင်ပင် အသက်ရှင်နေသင့်၏။
ကံကောင်းစွာဖြင့် သူ့၌ လဝက်ကြာ အချိန်ရှိနေသေးသည်။ သူက မူလဇာတ်ကြောင်းကို ပို၍ဂရုတစိုက် တွေးတောရပေမည်။
ဝမ်ချီက သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။ ထို့နောက် ချွေးစေးများ ပြည့်နှက်နေသည့် လက်သီးဆုပ်များကို ဖြေလျှော့လိုက်၏။
လက်ကိုင်ပုဝါဖြင့် အဆိုပါ ချွေးစေးများကို သုတ်ပစ်လိုက်ပြီး အပြင်ဘက်ရှိ မိန်းမစိုးလေးကိုခေါ်ကာ ချိုးရေပြင်ဆင်ပေးစေရန် ကြံစည်လိုက်၏။ ထိုအချိန်မှာပင် ရှောင်ရွှမ်ကျီက အလျင်စလို ပြေးလာခဲ့သည်။
“ဝမ်သခင်လေး …”
ရှောင်ရွှမ်ကျီ၏မျက်နှာမှာ ဖြူလျော်နေပြီး အသံမြှင့်၍ အော်လိုက်၏။
“ကြီးကြီးမားမား ကိစ္စတစ်ခု ဖြစ်သွားပါတယ် … သခင်လေး…”
ဝမ်ချီက ရှောင်ရွှမ်ကျီ၏ အမူအရာကြောင့် ထိတ်လန့်သွားကာ အမြန်သူ့ဆီ ပြေးသွားလိုက်သည်။
“ဘာဖြစ်လို့လဲ …”
“မင်းကြီး ...”
ရှောင်ရွှမ်ကျီက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“မင်းကြီး နတ်ရွာစံသွားပါပြီ …”
ဝမ်ချီ ထိုစကားများကို ကြားချိန်၌ စိတ်အစဉ်က ဗလာဖြစ်သွားရလေသည်။
…
မကြာသေးမီအချ်ိန်က နန်းဥယျာဉ်၌ …
မိန်းစိုးများနှင့် နန်းတွင်းသူများက မြေပြင်ပေါ်တွင် ဒူးထောက်လျက် တုန်ရီနေကြသည်။ တော်ဝင်မိသားစုစုံညီပွဲတော်အတွက် ပြင်ဆင်ထားသည့် စားပွဲ၊ ကုလားထိုင်များက ကန်ကျောက်ခံရပြီး ပန်းကန်များမှာလည်း တစ်စစီကွဲကြေကုန်ကြ၏။
ကိုယ်လုပ်တော်ရုန်က အမြင့်ဆုံးနေရာ၌ ရှိနေပြီး သူမနံဘေးတွင် အစောင့်များ အများအပြား ရှိနေ၏။ သူမ၏ အမူအရာမှာ အေးစက်နေပြီး တည်ငြိမ်သောမျက်ဝန်းများကမူ ရှေ့သို့သာ ကြည့်နေသည်။
သူမအရှေ့တွင် မိန်းမစိုးကျိုးနှင့် အခြားလူများ ဝန်းရံထားသည့် ရှစ်ယဲ့ ရှိနေ၏။
“ကောင်းတယ် ရှစ်ယဲ့ … မင်းမှာ ဟွားမိသားစုရဲ့ သွေးပါလို့ ဒီလိုကိစ္စမျိုး လုပ်နိုင်တာပေါ့ … မင်းက ဟွားမိသားစုဖြစ်ဖို့ ထိုက်တန်ရဲ့လား … ဆုံးပါးသွားတဲ့ မိခင်ရဲ့ သားဖြစ်ဖို့ ထိုက်တန်ရဲ့လား …”
ကိုယ်လုပ်တော်ရုန်အရှေ့ရှိ မင်းသမီးကြီး၏ မျက်နှာက ရှုံ့မဲ့နေပြီး ခက်ထန်နေ၏။ သူမက ရှစ်ယဲ့အား ဓားဖြင့် ညွှန်ထားသည်။
“ငါသာ မင်း ဒီလောက်ရည်ရွယ်ချက် ကြီးတဲ့လူမှန်း သိခဲ့ရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက အသက်ရှင်ရက် လွှတ်ပေးခဲ့မှာမဟုတ်ဘူး …”
ရှစ်ယဲ့က မင်းသမီးကြီး ဓားဖြင့် ရွယ်ထားသည့်အပေါ် မည်သို့မှ မနေဘဲ ပြုံးလိုက်၏။ သို့သော် ထိုအပြုံးက သူ့မျက်ဝန်းများထဲအထိ မရောက်ခဲ့ပေ။
“မယ်မယ်က ဟွားမိသားစုဝင်ဖြစ်နေတာကို ဘာ့ကြောင့် တော်ဝင်မိသားစုစုံညီပွဲတော်ကို တက်ရောက်ရတာလဲ ….”
“မင်း …”
မင်းသမီးကြီးက ရှစ်ယဲ့စကားကြောင့် နင်သွားပြီး သူမ မျက်နှာက စိမ်းရာမှ ဖြူလျော်သွားသည်။ ထို့နောက် သူမက အလိုမကျမှုကို ဒေါသဖြင့် ဖုံးဖိလိုက်၏။
“ငါက လက်ထပ်ပြီးပေမယ့် တော်ဝင်မျိုးနွယ် ဖြစ်နေတုန်းပဲ… ငါက မင်းလို မရက်စက်ဘူး … မင်းလိုမျိုး မျိုးနွယ်တူ လူတွေကို သတ်ဖြတ်ရလောက်တဲ့အထိ မရက်စက်ဘူး …”
ရှစ်ယဲ့က ပြောလိုက်သည်။
“မယ်မယ် … သက်သေရှိမှ စကားထုတ်ပြောသင့်တယ်…”
“ဟွားမိသားစုဝင်တွေရဲ့ မျက်လုံးတွေက သက်သေပဲ … ငါတို့ မျိုးနွယ်ရဲ့ အလောင်းတွေကသက်သေပဲ... သူတို့အားလုံး မင်းလက်ထဲမှာ သေဆုံးသွားကြတာ … ငါတို့ဟွားမိသားစုဝင်အားလုံးကိုယ်တိုင် တွေ့လိုက်ကြတယ် … ဒါက အတုဖြစ်နိုင်ဦးမလား …”
မင်းသမီးကြီး၏ မျက်ဝန်းများက နီရဲလာသည်။
သူမက နောက်တစ်နေ့သို့ရောက်သည်အထိ ထိုမြင်ကွင်းအား ပြန်တွေးမကြည့်ဝံ့ခဲ့ပေ။ မြေကွက်လပ်၌ ဘေးချင်းယှဉ်လျှက် လှဲကျနေသည့် အလောင်းများစွာ ရှိနေပြီး မြေပေါ်ရှိ သွေးများကမူ ခြောက်သွေ့နေကြ၏။
ထိုမြင်ကွင်းက သူမ၏ မျက်ဝန်းများကို အပ်များဖြင့် ထိုးစိုက်လိုက်သကဲ့သို့ပင်။
ရှစ်ယဲ့အဘယ့်ကြောင့် ထိုသူအားလုံးကို သတ်ရက်ခြင်းဖြစ်ကြောင်း သူမ တွေးကြည့်၍ပင် မရခဲ့ချေ။ သူတို့အားလုံးမှာ ဟွားမိသားစုဝင်များဖြစ်ကြသည်။
💮💮💮