Chapter 136
Viewers 35k

💮Chapter 136


 

မင်းသမီးကြီးက ထိုအဖြစ်အပျက်ကို မည်သို့ ဖြတ်သန်းခဲ့ကြောင်းပင် မမှတ်မိခဲ့ပေ။ သူမ ထိုစဉ်က ရှစ်ယဲ့အား နန်းတွင်းသို့ ပို့ဆောင်ပေးခဲ့သည့် ဆုံးဖြတ်ချက်အပေါ် အလွန်နောင်တရခဲ့မိသည်။

 

သူမ၏ ကိုယ်တွင်းအင်္ဂါများပင် စိမ်းသွားသည်အထိ သူမ နောင်တရနေမိသည်။

 

သူမက ရှစ်ယဲ့အား ကာကွယ်ပေးကာ နန်းတွင်းသို့ ပို့ဆောင်ပေးခဲ့သည့် အတိတ်က သူမထံသို့ ပြန်သွားချင်မိသည်။

 

ရှစ်ယဲ့က နှစ်နှင့်ချီ၍ နှယ်နှင်ဒဏ်သင့်ခဲ့သည်ဖြစ်ရာ ဟွားမိသားစုအား သူ၏ မိသားစုရင်းခြာအဖြစ် မှတ်ယူမည်မဟုတ်ကြောင်း တွေးခဲ့သင့်သည်။ ရှစ်ယဲ့က ဟွားရန်ရုန်၏ သားဖြစ်၏။ ဟွားရန်ရုန်က သူမ၏မိသားစုကို သစ္စာဖောက်ခဲ့သော မျက်လုံးဖြူဝံပုလွေဖြစ်သည်။

 

မင်းသမီးကြီးက တွေးလေလေ၊ သူမ၏ ရင်ဘတ်တစ်ခုလုံး ပူလောင်လာလေလေပင်။

 

သူမက ရင်တွင်းမှ အသံတစ်ခုကို ကြားနေရသည်။ ထိုအသံက သူမအား ဟွားမိသားစုဝင်များ၏ သေဆုံးမှုအတွက် ရှစ်ယဲ့အပေါ် လက်စားချေရန် ပြောနေ၏။

 

မင်းသမီးကြီးက ထိုစိတ်ကို အကောင်းဆုံး ကြိုးစားဖိနှိပ်နေရသည်။ သူမက ယနေ့ထိ စောင့်ဆိုင်းလာခဲ့ပြီဖြစ်ရာ စိတ်ရှည်ရှည်နှင့် ဆက်လက်စောင့်ဆိုင်းရပေမည်။

 

“ရှစ်ယဲ့ … ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ် …” 

မင်းသမီးကြီးက တုန်တုန်ယင်ယင်ဖြင့် ဓားကို ကိုင်ထား၏။ သူမက ရှစ်ယဲ့ကို ကြည့်ကာ အံကြိတ်လိုက်သည်။

“မင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံပါ … မင်းရဲ့ ဦးလေးနဲ့ ငါက မင်းကို မင်းမိခင်မျက်နှာထောက်ပြီး အသက်ချမ်းသာပေးမယ် …”

 

ရှစ်ယဲ့၏ မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူက မင်းသမီးကြီးကို ကြည့်ကာ ပြောလိုက်၏။

“ဒါက ခင်ဗျားအပေါ် မူတည်တယ် …”

 

မင်းသမီးကြီး၏ မျက်ဝန်းများက ဒေါသကြောင့် နီရဲလာသည်။

“မင်း …”

 

“အတင့်ရဲလိုက်တာ …”

မိန်းမစိုးကျိုး၏ အမူအရာက ဆိုးဝါးလာသည်။ သူက မင်းသမီးကြီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ 

“အတင့်ရဲလိုက်တာ … ဘယ်ကတည်းက မင်းမှာ အရှင့်သားကို မေးခွန်းထုတ်နိုင်စွမ်း ရှိသွားရတာလဲ … မင်းက ခေါင်းကို မလိုချင်တော့ဘူးလား …”

 

မင်းသမီးကြီးက နှာခေါင်းရှုံ့လိုက်သည်။

“သူက နောက်ဆို အိမ်ရှေ့စံဖြစ်တော့မှာ မဟုတ်ဘူး …”

 

မိန်းမစိုးကျိုးက ပြောလိုက်သည်။ 

“မင်း ဘာပြောချင်တာလဲ …”

 

မင်းသမီးကြီး၏ အမုန်းများပြည့်နှက်နေသော အကြည့်က ဒေါသနှင့်အံ့အားသင့်မှုများ ပြည့်နှက်နေသည့် မိန်းမစိုးကျိုး၏ မျက်နှာထက်သို့ ကျရောက်သွား၏။ ထို့နောက် သူမက ရှစ်ယဲ့၏ ပြစ်ချက်ကင်းသောမျက်နှာအား စိုက်ကြည့်လိုက်၏။

 

သူမက နှစ်ပေါင်းများစွာကြာအောင် ရှစ်ယဲ့၏ ရောဂါကို ကုသရန် အပူတပြင်းဖြစ်ခဲ့ရသည်။ သို့သော် ရှစ်ယဲ့ အယောင်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူမ အိပ်မက်ပင်မမက်ဖူးခဲ့ချေ။ ရှစ်ယဲ့၏ ကုသနိုင်စွမ်းက ယခင်အတိုင်းရှိနေပြီး သူတို့အားလုံး အညာခံခဲ့ရခြင်းသာ ဖြစ်၏။

 

ထိုစဉ်က သူမ ရှစ်ယဲ့အား ရုပ်သေးအဖြစ် အသုံးချလိုခဲ့ပြီး စွမ်းအားကြီးလိုခဲ့၏။ သူမ၏ အဆင့်အတန်းပင်လျှင် ရှစ်ယဲ့နှင့် ရင်းနှီးမှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ သို့‌သော် သူမ၏ မျှော်လင့်ချက်များ ဤနည်းအားဖြင့် ဖျက်ဆီးခံလိုက်ရမည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

 

သူမက စွမ်းအားကြီးလာခဲ့သော်လည်း ထိုအရာအားလုံးက ရှစ်ယဲ့၏ အလိမ်အညာများသာ ဖြစ်နေခဲ့သည်။

 

ရှစ်ယဲ့က သူမ၏ဘဝကို ဖျက်ဆီးပစ်ခဲ့၏။

 

“လာခဲ့စမ်း …သူ့ကို ဖမ်းကြစမ်း …”

 á€™á€„်းသမဎးကဟဎးက သူမ၏ မုန်းတီးမှုကို ဖုံးကွယ်မထားတော့ပဲ အော်လိုက်သည်။


“မှန်လှပါ …”

ခြေဆုံးခေါင်းဆုံး သံချပ်ကာအပြည့် တပ်ဆင်ထားသည့် လက်နက်ကိုင် စစ်သည်တော်များက ချက်ချင်းဆိုသလို ရှစ်ယဲ့နှင့် အခြားလူများအား ဝိုင်းလိုက်ကြရင်း ဓားများဖြင့် ချိန်လိုက်ကြသည်။ လေးသည်တော်များကမူ လေးကြိုးများကို အသင့်ပြင်ထားကြ၏။

 

ထိုအခိုက်အတန့်တွင် လေထုတစ်ခုလုံး တောင့်တင်းသွားလေသည်။

 

တော်ဝင်မိသားစု စုံညီပွဲတော်သို့ တက်ရောက်လာသည့် ဆွေတော်မျိုးတော်များက အစေခံများအနောက်၌ ပုန်းနေကြ၏။ သူတို့က အသက်ပင်မရှူဝံ့ဘဲ ဖြူလျော်‌သော မျက်နှာများဖြင့် မြင်ကွင်းကို ကြည့်နေကြသည်။

 

ကိုယ်ရံတော်များ မင်းသမီးကြီး၏ အမိန့်ကို နာခံနေသည်ကို တွေ့လိုက်ချိန်၌ သူတို့အားလုံး၏ ရင်ထဲတွင် သံသယများ ကိန်းအောင်းလာကြ၏။

 

မင်းကြီး နာမကျန်းဖြစ်သည့်နောက် ကိုယ်လုပ်တော်ရုန်က မင်းကြီး၏ စိုးရိမ်မှုများကို လျှော့ချပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် စစ်တပ်အင်အား တစ်စိတ်တစ်ပိုင်းကို ရယူသွားခဲ့သည်။ သို့သော် မင်းသမီးကြီးက အဘယ့်ကြောင့် ထိုစစ်အင်အားတစ်စိတ်တစ်ပိုင်းအား ထိန်းချုပ်နိုင်နေရသည်ကို သူတို့မသိပေ။

 

သို့မဟုတ် ကိုယ်လုပ်တော်ရုန်က …

 

ထိုသို့တွေးမိသည့်နောက် သူတို့အားလုံး ဆက်၍ မတွေးဝံ့ကြတော့ပေ။

 

ရှစ်ကျင်းက ကိုယ်လုပ်တော်ရုန်၏ အနောက်တွင် ထိုင်လျက် အားလုံးကို ကြည့်နေသည်။ သူက စုံညီပွဲတော်၌ ကိစ္စများထိုသို့ပြောင်းလဲသွားမည်ဟု ကြိုမသိထားခဲချေ။ သူက မင်းသမီးကြီး ထွက်ပေါ်လာချိန်၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း နားလည်လိုက်သည်။ သို့သော် ဤအခြေအနေအား မမျှော်လင့်ထားခဲ့ပေ။

 

မင်းသမီးကြီးနဲ့ အိမ်ရှေ့စံမင်းသားက တူဝရီးတွေမဟုတ်လား… ဘာလို့ မင်းသမီးကြီးက ဘက်ပြောင်းလာရတာလဲ…

 

ပြီးတော့ ဟွားမိသားစု သွေးချောင်းစီးခဲ့တာက …

 

တကယ်ပဲ အိမ်ရှေ့စံရဲ့အမှားလား ..


ရှစ်ကျင်းက မြူထူထူထဲသို့ လမ်းလျှောက်ဝင်မိသလို ခံစားလိုက်ရသည်။

 

သူ့မိခင်၏ အမိန့်အောက်ရှိ အစောင့်များ မင်းသမီးကြီး၏ အမိန့်ကို နာခံနေသည့် အခါမှသာ သူက မိခင်အား တစ်ချက်ကြည့်လိုက်မိသည်။

 

ရှစ်ကျင်းက အရှေ့ရှိမြင်ကွင်းကို စိတ်ခံစားချက်ကင်းမဲ့စွာ ကြည့်နေသည့် မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။ သို့သော် သူမ၏ နှုတ်ခမ်းထောင့်ရှိ အကွေးလေးက သူမအား သစ္စာဖောက်နေခဲ့၏။

 

ရှစ်ကျင်းက မိခင်အား ကောင်းစွာသိရှိပြီး မိခင်၏ အတွေးများကိုလည်း နားလည်လေသည်။

 

ရုတ်တရက် သူ့ခေါင်းထဲ၌ တစ်စုံတစ်ခု ကျိုးပဲ့သွားသကဲ့သို့ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။

 

ရှစ်ကျင်းက မိခင်ဖြစ်သူကို ဥယျာဉ်ထောင့်သို့ ဆွဲခေါ်လာခဲ့သည်။ ထိုနေရာ၌ မည်သူမှ မရှိသလို အင်းဆက်များ၏ တစီစီမည်သံကိုပင် မကြားရချေ။

 

သူက ကိုယ်လုပ်တော်ရုန်၏ ပခုံးထက်သို့ တုန်ယင်နေသော လက်အစုံကို တင်လိုက်သည်။ သူက မိခင်နှင့်သားသာ ကြားနိုင်မည့် အသံဖြင့် မေးလိုက်၏။

“မယ်တော် ဒီမှာရှိတုန်းက အရီးတော်ကို ဝင်ခွင့်ပေးခဲ့တာလား …”

 

အခြားမိသားစုများနှင့် လက်ဆက်ပြီးသည့် မင်းသမီးများက တော်ဝင်မိသားစု စုံညီပွဲတော်သို့ တက်ရောက်ခွင့်မရှိချေ။ ထို့ကြောင့် သူမက ဤနေရာ၌ ပေါ်လာခွင့်မရှိပေ။

 

သို့သော် မင်းသမီးကြီးက ဤနေရာသို့ လာရောက်ခဲ့သည့်အပြင် အရှုပ်အထွေးများကိုလည်း ဖြစ်ပေါ်လာစေခဲ့သည်။

 

ကိုယ်လုပ်တော်ရုန်က သားဖြစ်သူ၏ မယုံကြည်သော အကြည့်ကြောင့် ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်။ ထို့နောက် ရှစ်ကျင်း၏ မျက်နှာကို အသာအယာထိကာ ဆို၏။

“သူကိုယ်တိုင် အဆိုပြုလာခဲ့တာ … မယ်တော် သူ့ကိုတွန်းအားမပေးခဲ့ဘူး …”

 

ရှစ်ကျင်း၏ စိတ်အစဉ်မှာ ဗလာဖြစ်သွားခဲ့သည်။

“ဒါပေမယ့် သူဘာလို့လာမှန်း မယ်တော်သိတယ်လေ …”

 

ကိုယ်လုပ်တော်ရုန်က ပြောသည်။

“မယ်တော်သိတယ် …”

 

“ဒါဆိုဘာလို့သိရက်နဲ့ ကူညီရတာလဲ … မယ်တော်ရူးနေပြီလား …”

ရှစ်ကျင်း၏ မျက်ဝန်းများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူက မယုံချင်သည့်တိုင် ယုံရပေတော့မည်။ 

“မယ်တော် ...”

 

ကိုယ်လုပ်တော်ရုန်က ရှစ်ကျင်း၏ ပါးပြင်အား သူမ၏ နွေးထွေးသော လက်ဖဝါးဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် ရှစ်ကျင်း၏ ခိုင်မာသောမျက်ဝန်းများကို ရင်ဆိုင်လိုက်၏။

 

ရှစ်ကျင်းက ဗလုံးဗထွေး ရေရွတ်လိုက်သည်။

“မယ်တော် အိမ်ရှေ့စံမင်းသားကို ရှင်းပစ်ဖို့ အရီးတော်ကို အသုံးချချင်တာလား …”

 

“သားလေး … ဒါက အသုံးချတာမဟုတ်ဘူး … မယ်တော်နဲ့ အရီးတော်တို့က ကိုယ့်အကျိုးကိုယ်ရှာရုံပဲ …”

ကိုယ်လုပ်တော်ရုန်က သစ်ပင်များကိုကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းရဲ့ခမည်းတော်က နတ်ရွာစံတော့်မှာ … အခုက တို့သားအမိ အာဏာကိုသိမ်းပိုက်ဖို့ အချိန်ကောင်းပဲ … ဒီအခွင့်အရေးကိုသာ လွတ်သွားခဲ့ရင် တို့အနာဂတ်က ဘယ်လိုများ ဖြစ်နေလိမ့်မလဲ …”

 

“မယ်တော် အတွေးလွန်နေပြီ … အိမ်ရှေ့စံမင်းသားက အဲဒီ့လိုလူမျိုး မဟုတ်ပါဘူး …”

 

“ဒီလောက် နှစ်တွေကြာတာတောင် မင်းက သူ့ကို သေချာမမြင်နိုင်သေးဘူးပဲ …”

ကိုယ်လုပ်တော်ရုန်က ရှစ်ကျင်းကို ဖြတ်ပြောလိုက်သည်။

 

ရှစ်ကျင်း၏ စကားများ ရပ်တန့်သွား၏။

 

ကိုယ်လုပ်တော်ရုန်က သားဖြစ်သူကို ပြန်ကြည့်လိုက်သည်။ သူမမျက်ဝန်းထဲတွင် နူးညံ့မှုအစား စိတ်ပျက်မှုသာ ကြီးစိုးနေ၏။

“မင်း ငယ်ငယ်ကတည်းက မင်းခမည်းတော်က သူ့ကိုမင်းထက်ပို အလိုလိုက်ခဲ့တယ် … မင်းနဲ့သူနဲ့ တစ်ခုခုကို အတူတူ လိုချင်လာတဲ့အခါ မင်းရဲ့ခမည်းတော်က မင်းအစ်ကိုက အိမ်ရှေ့စံဖြစ်တာကြောင့် သူ့ကိုဦးစားပေးရမယ်ဆိုပြီး မင်းကို ဆုံးမခဲ့တယ်လေ … မင်းဒါနဲ့ပတ်သတ်ပြီး နည်းနည်းလေးမှ မခံစားရဘူးလား …”

 

ဥယျာဉ်ထောင့်၌ မည်သည့်မီးရောင်မှ ထွန်းလင်းခြင်းမရှိ၍ လရောင်ပျပျသာ ကိုယ်လုပ်တော်ရုန်၏ မျက်နှာထက်၌ ဖြာကျနေ၏။

 

ရှစ်ကျင်းက မိခင်၏မျက်နှာကိုကြည့်ရင်း လရောင်အောက်တွင် မိခင်၏မျက်နှာက ပို၍ခက်ထန်လာသည်ဟု တွေးလိုက်မိသည်။ သူ အစောက မြင်ခဲ့သည့် အရီး‌တော်၏ အမူအရာထက်ပင် ပို၍ ကြောက်စရာကောင်းနေသေး၏။

 

မင်းသမီးကြီးက ဒေါသတကြီးဖြစ်နေခဲ့ပြီး သူ့မိခင်ကမူ အလိုဆန္ဒများဖြင့် ပြည့်နှက်နေ၏။

 

ပထမဆုံးအနေဖြင့် ရှစ်ကျင်းက မိခင်ဖြစ်သူအား မသိတော့သကဲ့သို့ ခံစားလိုက်ရသည်။

 

“ဒီသားက ငယ်ငယ်ကတည်းက အိမ်ရှေ့စံရဲ့ အဆင့်အတန်းက ဒီသားထက် မြင့်မားတယ်လို့ လက်ခံခဲ့ပါတယ် …. ဒါ့ကြောင့် သူ့ကို မတိုက်ခိုက်ချင်ခဲ့ပါဘူး … အရှင့်သားနဲ့လည်း ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ခဲ့ပါဘူး …” 

ရှစ်ကျင်းက အံ့အားသင့်သွားပုံပေါ်သည့် ကြင်ယာတော်ရုန်ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

“အိမ်ရှေ့စံက ဘယ်လိုလူစားမျိုးဖြစ်မှန်း ဒီသားသိပေမယ့် မယ်တော့်ကိုတော့ ဒီသား မသိတော့ပါဘူး …”

 

ကိုယ်လုပ်တော်ရုန်က သူမနှင့်ပိုဝေးကွာသွားသည့် ရှစ်ကျင်းကို ကြည့်ရင်း အံ့အားသင့်မှုတို့က ဒေါသအသွင်ပြောင်းသွား၏။

“မင်းဘာလုပ်မလို့လဲ …”

 

“ကျွန်တော် အရီးတော်ကို တားမလို့ …ကျွန်တော်က အိမ်ရှေ့စံနဲ့ မနှိုင်းယှဉ်ချင်သလို အိမ်ရှေ့စံကိုလည်း အနိုင်မယူလိုပါဘူး … ထီးနန်းက သူနဲ့သက်ဆိုင်ပါတယ် .. ကျွန်တော့်မှာ ထီးနန်းကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး … မယ်တော်လည်း ဒီစိတ်ကူးယဉ်မှုတွေကို ရပ်တန့်ဖို့ မျှော်လင့်ပါတယ် …”

ရှစ်ကျင်းက အခိုင်အမာဆိုပြီး သူလာခဲ့သည့်အတိုင်း ပြန်လှည့်ထွက်ခဲ့သည်။

 

“ရပ်စမ်း…ရပ်လိုက်စမ်း …”

ကိုယ်လုပ်တော်ရုန်၏ ဒေါသတကြီးအော်သံက ထွက်ပေါ်လာ၏။


ရှစ်ကျင်းက ခြေလှမ်းများကို ရပ်လိုက်သော်လည်း ပြန်လှည့်မကြည့်ခဲ့ပေ။ ထို့နောက် သူက ခပ်တိုးတိုး တောင်းပန်ကာ ရှေ့ဆက်ရန် ပြင်လိုက်သည်။

 

သို့သော် ကိုယ်လုပ်တော်ရုန်၏ လှုပ်ရှားမှုများက သူ့ထက်ပို၍ မြန်ဆန်နေ၏။ သူ ခြေတစ်လှမ်းသာ လှမ်းလိုက်ရသည်။ သူမက သူ့နံဘေးသို့ ချက်ချင်းရောက်လာ၏။

 

ကိုယ်လုပ်တော်ရုန်က ရှစ်ကျင်း၏လက်မောင်းကို ဆွဲကာ သူမဘက်သို့ လှည့်စေသည်။ ထို့နောက် ရှစ်ကျင်း မည်သို့မှ မတုံ့ပြန်နိုင်မီ သူ့ပါးကို ရိုက်လိုက်၏။

 

ထိုရိုက်သံက တိတ်ဆိတ်သော ညအလယ်၌ ပဲ့တင်ထပ်သွားခဲ့၏။

 

ရှစ်ကျင်းသည်လည်း ထိတ်လန့်သွားရသည်။ သူက အတန်ကြာမှ ကိုယ်လုပ်တော်ရုန်အား လှည့်ကြည့်လိုက်နိုင်၏။ သူက မတော်တဆ နှုတ်ခမ်းကို ကိုက်မိသွားသဖြင့် သွေးအချို့ စီးကျလာခဲ့သည်။

 

ကိုယ်လုပ်တော်ရုန်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက နီရဲနေပြီး တစ်ကိုယ်လုံး ဒေါသကြောင့် တုန်ယင်နေ၏။ သူမက လက်ကိုမြှောက်ကာ ရှစ်ကျင်း၏ မျက်နှာကို ထပ်မံရိုက်ချလိုက်သည်။

 

ရှစ်ကျင်းက ထပ်အရိုက်ခံလိုက်ရ၏။ ဤတစ်ကြိမ်၌ သူက နှင်းဖုံးလွှမ်းသောမြေပြင်ကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။

 

သို့သော် ကိုယ်လုပ်တော်ရုန်က သူမ၏ ခံစားချက်များကို ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ပေ။ သူမက မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ နာနာကျင်ကျင် ငိုကြွေးလာခဲ့သည်။

“မယ်တော့်မှာ ဒီသားတစ်ဦးပဲရှိတာ… ဒါပေမယ့် မင်းက မယ်တော့်မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့တယ် …”


ကိုယ်လုပ်တော်ရုန်က အမြဲလိုလို ယဉ်ကျေးသိမ်မွေ့ပြီး ညှင်သာစွာ ပြုမူတတ်သည်။ သူမ၏ သားဖြစ်သူရှေ့၌လည်း တစ်ခါမှ မငိုခဲ့ဖူးပေ။ ယခုက သူမ၏ပထမဆုံးအကြိမ် ငိုကြွေးခြင်းဖြစ်ပြီး သူမ၏ ငိုကြွေးခြင်းက ဝမ်းနည်းဖွယ်အတိပြီးနေ၏။

“မင်းက မတိုက်ခိုက်ချင်ဘူးပေါ့ … မင်း မယ်တော့်ရဲ့ ခံစားချက်ကိုရော ထည့်တွက်ရဲ့လား … ရှစ်ယဲ့သာ ထီးနန်းဆက်ခံပြီးရင် သူ မယ်တော့်ကို လွှတ်ပေးမယ်လို့ မင်းထင်သလား …”

 

ရှစ်ကျင်းက ကိုယ်လုပ်တော်ရုန်၏ တားမြစ်မှုကြောင့် အသက်ရှူသံပင် ပြင်းထန်လာခဲ့သည်။ သူက ကိုယ်လုပ်တော်ရုန်အား ကြည့်လိုက်၏။

“မယ်တော် … ကျွန်တော်တို့ သူ့ကို မကောင်းကြံစည်တာ မလုပ်ရင် သူက ကျွန်တော်တို့ကို ဘာမှမလုပ်လောက်ပါဘူး…”

 

“မကောင်းကြံစည်တာ မလုပ်ရင်တဲ့လား … ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ …”

ကိုယ်လုပ်တော်ရုန်က မျက်ရည်များဖြင့် စိုစွတ်နေသည့် မျက်ဝန်းလှလှများဖြင့် ရှစ်ကျင်းအား ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက်ရယ်လိုက်၏။

“သား …မင်းက သိပ်အတာပဲ …”

 

ရှစ်ကျင်း ကြောင်အသွား၏။

“ကျွန်တော် မယ်တော်ပြောတာ နားမလည်ဘူး …”

 

“သူ့မှာ ငါတို့အတွက် ဘာအတွေးမှမရှိဘူးလို့ မင်းတကယ်ပဲထင်သလား … မင်းက အရမ်းမှားတယ် …”

ကိုယ်လုပ်တော်ရုန်က မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူမက နှလုံးသားအောက်ခြေရှိ အမုန်းတရားများကို ဖုံးကွယ်မထားတော့ပေ။

“သူသာ အဲဒီ့လိုဆိုရင် မင်းအဖေကို အဆိပ်ခတ်ပါ့မလား…”

 

“ဘာ …”

ရှစ်ကျင်း ထိတ်လန့်သွားပြီး သူ့ခေါင်းပေါ်သို့ ကောင်းကင်မှ ခေါင်းလောင်းကြီး ကျဆင်းလာသလို ခံစားလိုက်ရ၏။ သူ့စိတ်တွင်း၌ ကိစ္စများစွာက ပြန်လည်ပေါ်ပေါက်လာကာ ကိုယ်လုပ်တော်ရုန်၏ လက်မောင်းများကို ဆုပ်ကိုင်လိုက်မိသည်။

“မယ်တော် … ဘာပြောလိုက်တာလဲ …”

 

ကိုယ်လုပ်တော်ရုန်က ရှစ်ကျင်းကို အေးစက်စက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ရှစ်ယဲ့က မင်းအဖေကို အဆိပ်ခတ်ခဲ့တယ် …”

 

ရှစ်ကျင်း နားမလည်ဖြစ်သွားသည်။

“သက်သေရော …”

 

ကိုယ်လုပ်တော်ရုန်က စိတ်ပျက်မှုကို ပြသလာ၏။

“သား …မင်းက မယ်တော့်ကိုယုံရမယ်လေ … မယ်တော်မင်းကို ညာဖူးလို့လား …”

 

ရှစ်ကျင်းက ကိုယ်လုပ်တော်ရုန်၏ စကားများကို နားမထောင်ခဲ့ပေ။

“ဒီသားက သက်သေကိုပဲ ကြည့်လိုပါတယ် …”

 

“ကောင်းပြီ …မင်း သက်သေလိုချင်ရင် ငါမင်းကို သက်သေပြပေးမယ် …”

ကိုယ်လုပ်တော်ရုန်က အေးစက်စက် ပြောသည်။


ထို့နောက် သူမက ရှောင်ရွှမ်းကျစ်ကို ခေါ်လိုက်သည်။

 

သူမ၏ စကားသံ ထွက်ပေါ်လာသည့်နောက် သူမအနောက်ဘက်ရှိ ခြုံပုတ်များက စတင်လှုပ်ရွလာ၏။ မကြာမီ မိန်းမစိုးတစ်ဦးထွက်လာကာ သူမအား ဂရုတစိုက်ဦးညွှတ်လိုက်သည်။

 

မိန်းမစိုးက ကိုယ်လုပ်တော်ရုန်အား ခစားသည့် မိန်းမစိုးဖြစ်ပြီး သူ့အမည်မှာ ရှောင်ရွှမ်းကျစ်ဖြစ်၏။ သူက မီးအိမ်နှင့်အတူ အဘယ့်ကြောင့်ရောက်လာမှန်း ရှစ်ယဲ့မသိခဲ့ပေ။

 

ကိုယ်လုပ်တော်ရုန်က ရှောင်ရွှမ်းကျစ်ကိုပင် မကြည့်ဘဲ သားဖြစ်သူကိုကြည့်ကာ ပြောလိုက်သည်။

“ရှောင်ရွှမ်းကျစ် … မင်းသားရွှမ်ကို အဲဒီ့စာပြလိုက်ပါ …”

 

ရှောင်ရွှမ်းကျစ်က မှန်လှပါဟု အမြန်ပြောရင်း သူ့ရင်ဘတ်ထဲမှ စာကိုထုတ်ကာ ရှစ်ကျင်းထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

 

ရှစ်ကျင်းက စာကို အမှတ်တမဲ့ယူလိုက်ရင်း ရှောင်ရွှမ်းကျစ် သယ်ဆောင်လာသည့် မီးအိမ်၏အလင်းဖြင့် ဖတ်လိုက်၏။

 

စာရွက်ပေါ်၌ ရင်းနှီးသည့်စာလုံးများဖြင့် စာနှစ်ကြောင်း ရှိနေသည်။


ရှစ်ကျင်းနှင့် မင်းကြီး၏ ဆက်ဆံရေးမှာ အထူးတလည် နီးစပ်ခြင်း မရှိသည့်တိုင် သူက ကလေးဘဝကတည်းက မင်းကြီး၏ စာကြည့်ဆောင်အတွင်း၌ ပြေးလွှားဆော့ကစားခဲ့၏။ သူက မင်းကြီးနှင့်နီးစပ်သည့် အရာတော်တော်များများနှင့် ရင်းနှီးလေသည်။ ထိုအရာများထဲတွင် မင်းကြီးကိုခစားရသော မိန်းမစိုး၏ လက်ရေးလည်း ပါဝင်၏။

 


💮💮💮