Chapter 143
Viewers 35k

💮Chapter 143



ဝမ်ချီက ဟွားကျစ်ချန်နှင့် မျက်နှာချင်းဆိုင်ရှိ ကျောက်တုံးခုံသို့ သွားလိုက်သည်။ သူ ထိုင်ချတော့မည့်ဆဲဆဲတွင် ခက်ထန်သော အသံတစ်ခု ထွက်လာပြန်၏။

“မင်းသေချင်ရင် ထိုင်ချလိုက် ….”

 

ဝမ်ချီက တောင့်တင်းသွားကာ မထိုင်ဝံ့တော့ပေ။ သူက ကျောက်ခုံရှေ့တွင် ရပ်ရင်း ဟွားကျစ်ချန်ကို ကြည့်လိုက်သည်။

“ငါ့ကိုသတ်မယ်သတ်မယ်နဲ့ ပြောနေတာ … ငါ့ကိုသတ်လိုက်ရင် ရှစ်ယဲ့ကို ဘာနဲ့ခြိမ်းခြောက်တော့မှာလဲ…”

 

ဟွားကျစ်ချန်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ပြန်မဖြေဘဲနေ၏။

 

ဝမ်ချီက ချက်ချင်း အားတက်လာကာ ရေကိုစမ်းရန် ကြိုးစားလိုက်သည်။

“ရှစ်ယဲ့က ငါ့ကို အသက်ရှင်ရက်ပဲမြင်ချင်မှာ … အလောင်းကို မြင်ချင်မှာမဟုတ်ဘူး…”

 

ဟွားကျစ်ချန်က စိတ်မရှည်ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူက မျက်လုံးကို ဖွင့်မကြည့်ဘဲ အေးစက်စက်ပြော၏။

“သူမင်းကို အသက်ရှင်ရက်ရရင် ရပြီမလား … ငါ့မှာ မင်းအသက်ရှင်အောင်ထားဖို့ နည်းလမ်းရှိပါတယ် …”

 

ထို့နောက် ဟွားကျစ်ချန်က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူက ဝမ်ချီအား ရက်စက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြုံးလိုက်၏။

“မင်း အဲဒီ့လိုအသက်ရှင်ချင်ရင်လည်း ငါစိတ်မရှိပါဘူး…”

 

ဝမ်ချီ တိတ်ဆိတ်သွားသည်။

 

ဟွားကျစ်ချန် သူ့ကို မသတ်ကြောင်း သူသိသော်လည်း တစ်ဖက်လူ၏ အောက်စည်းကို သူ သွားမထိဝံ့ချေ။ ချောင်ပိတ်ခံရပါက ယုန်များပင် ပြန်ကိုက်နိုင်၏။ ဟွားကျစ်ချန်ကဲ့သို့ စိတ်တိုနေသူဆိုပါက ပြောနေစရာပင် မလိုအပ်ချေ။

 

သို့သော် ရှစ်ယဲ့၏အခြေအနေက သူမျှော်လင့်ထားသည်ထက် ပိုကောင်းနေပုံရ၏။

 

ထိုသို့မဟုတ်လျှင် ဟွားကျစ်ချန်က ရှစ်ယဲ့အား သူနှင့် ခြိမ်းခြောက်မည်မဟုတ်ပေ။ အကယ်၍ ရှစ်ယဲ့ကသာ ဟွားကျစ်ချန်၏ စကားကို အရေးမစိုက်နိုင်ပါက ဟွားကျစ်ချန်လုပ်သမျှ အရာရာက အလဟဿ ဖြစ်သွားပေလိမ့်မည်။

 

သူက ဟွားကျစ်ချန်၏ နောက်ဆုံးအသက်ကယ် ကောက်ရိုးမျှင်ဖြစ်၏။ သို့သော် ဟွားကျစ်ချန်က သူ အသုံးဝင်ခြင်းရှိမရှိ သေချာမသိချေ။

 

အဆုံးသတ်၌ ရှစ်ယဲ့အား ဆွဲချသူသည် သူဖြစ်နေလိမ့်မည်ဟု ဝမ်ချီက မထင်ထားခဲ့ပေ။ သူက အခန်းကို လှည့်ကြည့်လိုက်သည်။ သို့သော် သူတို့ဝင်လာခဲ့သည့် တံခါးမှအပ အခြားမည်သည့်ထွက်ပေါက်မှ ရှိမနေခဲ့ချေ။

 

ကျောက်တုံးတံခါးက သူတို့ဝင်ပြီးသည်နှင့် တင်းတင်းစေ့ပိတ်သွားခဲ့သည်။

 

ဝမ်ချီက ကျောက်တုံးတံခါးထံ လျှောက်သွားကာ အနီးကပ် စူးစမ်းချင်ခဲ့သည်။ သို့သော် သူ ခြေလှမ်းလှမ်းလိုက်သည်နှင့် ဟွားကျစ်ချန်က တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ မျက်လုံးဖွင့်လာ၏။

 

ဟွားကျစ်ချန်က မျက်မှောင်ကြုတ်ကာ ဝမ်ချီအား ကြည့်လာသည်။

 

ဝမ်ချီက သူနှင့် ဟွားကျစ်ချန်၏ အင်အားကို နှိုင်းယှဉ်ကြည့်ပြီးနောက် ဟွားကျစ်ချန်အား အနည်းငယ် ကြောက်နေပြီဖြစ်သည်။ သူက တစ်ဖက်လူ၏ အကြည့်ကြောင့် မူလပုံစံအတိုင်းသာ ပြန်နေလိုက်၏။

 

ဟွားကျစ်ချန်က မျက်လုံးများကို ပြန်မှိတ်လိုက်လေသည်။

 

ဝမ်ချီ နှုတ်ခမ်းစူလိုက်သည်။ သူက ကျောက်တုံးတံခါးကို ကြည့်လိုက်ပြီးနောက် သူ့အင်အားဖြင့် ရွှေ့နိုင်မည့် အရာမဟုတ်ကြောင်း နားလည်သွား၏။ သူ ချက်ချင်း စိတ်ဓာတ်ကျသွားခဲ့သည်။

 

သို့သော် မကြာမီ သူ ပြန်လည်ဝမ်းသာလာ၏။ ဟွားကျစ်ချန် ထိုစဉ်က ခလုတ်တစ်ခုအား နှိပ်လိုက်သည်ကို သူကြားလိုက်ရသည်။ တံခါးကိုဖွင့်ရန် ခလုတ်ရှိနေနိုင်၏။

 

သူက ဟွားကျစ်ချန်အား ပြန်ကြည့်လိုက်သည်။

 

သူသည် ဟွားကျစ်ချန်နှင့် ရွှယ်ကျင်းတောင်ပေါ်၌ တိုက်ခိုက်ခဲ့ဖူး၏။ ထိုသူ၏ သိုင်းပညာမှာ အဆင့်မမြင့်သည့်တိုင် လက်နက်ကိုင်ဆောင်ရာ၌ ကျွမ်းကျင်လှသည်။ သူသာ ဟွားကျစ်ချန်နှင့် တိုက်ခိုက်ပါက လေးကွက်ပြည့်အောင်ပင် ခုခံနိုင်မည်မဟုတ်ပေ။

 

သို့သော် သူက ဟွားကျစ်ချန်အား အနိုင်တိုက်ရန် မလိုအပ်ဘဲ ကျောက်တုံးတံခါးမှ ထွက်ပြေးရန်သာ လိုအပ်၏။

 

ဝမ်ချီ၏ စိတ်တွင်း၌ အတွေးမျိုးစုံ ထွက်ပေါ်လာသည်။ သို့သော် အဆုံးသတ်၌ သူက လက်သီးဆုပ်များကိုပါ ဖြေလျှော့လိုက်ရတော့၏။

 

သူက ဝမ်းဗိုက်အား လက်ဖြင့်အုပ်ကိုင်လိုက်သည်။

 

ထိုနေရာ၌ သူ့အား နှစ်ကြိမ်တွေးစေသည့် အသက်တစ်ချောင်း ရှိနေ၏။

 

အဆုံးသတ်တွင် ဝမ်ချီက ကြိုးစားလိုစိတ်ကို လျှော့ကာ ထောင့်တစ်ထောင့်ရှာ၍ နံရံကိုမှီလျက် ထိုင်ချလိုက်သည်။ သူ အနည်းငယ် စိတ်လျှော့လိုက်သည်နှင့် ပင်ပန်းမှုအဟုန်က သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားတော့၏။

 

သူက ခေါင်းကိုစောင်းကာ သတိလစ်သွားခဲ့လေသည်။

 

….

 

အချိန်မည်မျှ ကြာသွားသည်မသိ၊ ဝမ်ချီက မွန်းကျပ်သော ခံစားချက်နှင့်အတူ နိုးလာ၏။ တစ်စုံတစ်ဦးက သူ့မျက်နှာအား ရေစိုတစ်ရှူးစနှင့် ပွတ်တိုက်နေသကဲ့သို့ သူခံစားနေရသည်။ သူက ပါးစပ်ဟကာ အသက်ရှူရန်ကြိုးစားရင်း လန့်နိုးလာ၏။

 

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် သူက အခန်းထဲတွင်သာ ပိတ်မိနေဆဲဖြစ်ကြောင်း သတိပြုမိသွားသည်။ သူက ဖယောင်းတိုင်မီးရောင် မရှိသည့် ထောင့်တစ်နေရာ၌ ထိုင်နေဆဲဖြစ်၏။

 

သို့သော် အခန်းထဲ၌ ဟွားကျစ်ချန် မရှိနေခဲ့ပေ။

 

ဝမ်ချီက နံရံကိုအားပြုလျက် ထရပ်လိုက်သည်။ မွန်းကျပ်သည့်ခံစားချက်မှာလည်း ယခုထက်တိုင် ပျောက်ကွယ်မသွားခဲ့ပေ။

 

သူက ပျို့အန်ချင်စိတ်ပင် ပေါက်လာ၏။

 

ဝမ်ချီက သူ့အား ဟွားကျစ်ချန် ဆေးခတ်ထားသည်ဟု ထင်လိုက်သည်။ သို့သော် နံရံအား အမှီပြု၍ နှစ်လှမ်းခန့် လှမ်းပြီးနောက် လေမရ၍သာဖြစ်ကြောင်း နားလည်သွား၏။ ထို့ကြောင့် သူက ကျောက်တုံးတံခါးထံ ဦးတည်လိုက်သည်။

 

ကျောက်တုံးတံခါးကို စေ့ပိတ်ထားသည့်တိုင် တံခါးအဟကြားမှ လေအနည်းငယ် တိုးလာသေး၏။ ဝမ်ချီက ရှက်မနေတော့ဘဲ မြေပေါ်ဝပ်ကာ အပြင်ဘက်ရှိလေကို တစ်ဝကြီး ရှူရှိုက်လိုက်သည်။

 

ထိုအချိန်မှာပင် အပြင်ဘက်မှခြေသံများ ထွက်ပေါ်လာ၏။

 

ခြေသံများမှာ အလွန်ပေါ့ပါးလှသည်။ ဝမ်ချီသာ မြေပေါ်ဝပ်မနေပါက ထိုခြေသံများကို ကြားရလိမ့်မည် မဟုတ်ပေ။

 

ဝမ်ချီက မြေပေါ်မှထလျက် ဟွားကျစ်ချန် တံခါးကို မည်သို့ပိတ်ကြောင်း ချောင်းကြည့်နိုင်ရန်အတွက် အသင့်ပြင်လိုက်သည်။ သို့သော် အဆုံးသတ်တွင် ကလေးဆန်သည့် အသံတစ်ခုကိုသာ သူကြားလိုက်ရ၏။

“အထဲမှာ ဘယ်သူလဲ …”

 

ဝမ်ချီ တောင့်တင်းသွားသည်။ သူက နားကြားမှားသည်ဟုပင် ထင်လိုက်၏။

 

ကောင်လေးလား …

 

ဘယ်လိုလုပ်ပြီး ဒီနားမှာ ကလေးရှိနေမှာလဲ …

 

ဝမ်ချီ ထိုသို့တွေးနေစဉ် ကလေးသံလေး ထပ်မံထွက်ပေါ်လာ၏။

“အထဲမှာ ဘယ်သူရှိလဲ …”

 

သူ နားကြားမမှားခဲ့ချေ။

 

ဝမ်ချီက ဤသို့သော နေရာမျိုး၌ ဟွားကျစ်ချန်မှတစ်ပါး အခြားတစ်ဦးကိုပါ တွေ့ရမည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် တစ်ဖက်လူက ကလေးတစ်ဦး ဖြစ်နေသေးသည်။

 

သူက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။

 

ထို့နောက် ဆောင့်ကြောင့်ထိုင်ကာ ကျောက်တုံးတံခါး၏ အဟနားမှ အော်လိုက်သည်။

“မင်းက ဘယ်သူလဲ …”

 

မကြာမီတွင် ကလေးက သံယောင်လိုက်ပြော၏။

“ခင်ဗျားကရော ဘယ်သူလဲ …”

 

ဝမ်ချီက မေးလိုက်သည်။

“ငါမင်းကို မေးနေတာ …”

 

ကလေးက ပြန်ပြော၏။

“ကျွန်တော်လည်း ခင်ဗျားကို မေးနေတာ …”

 

ဝမ်ချီက ကောင်လေးကိုသာမက ကောင်လေးနှင့် ဟွားကျစ်ချန်တို့က တစ်ဖွဲ့တည်းဟုတ်မဟုတ်ကိုပါ မသိချေ။ ထို့ကြောင့် သူက သူ့ကိုယ်သူ ထုတ်မပြရဲခဲ့ပေ။ သို့သော် ဤ‌ကောင်လေးက အလွန်ထက်မြက်ပြီး သူနှင့်ပင် စနောက်နေဝံ့၏။

 

ထို့ကြောင့် ဝမ်ချီက စကားလွှဲလိုက်သည်။

“မင်းဘာလို့ ဒီရောက်နေတတာလဲ … မင်းရဲ့မိဘတွေကရော … အိမ်မပြန်ဘူးလား …”

 

ကောင်လေးက အတန်ကြာတိတ်ဆိတ်သွားကာ ပြောလိုက်သည်။

“ကျွန်တော့်မှာ အိမ်မရှိဘူး …”

 

ဝမ်ချီက ကောင်လေး၏အသံကို ရင်းနှီးသည်ဟု ခံစားလိုက်ရ၏။ သူက ဤကောင်လေးကို တစ်နေရာရာ၌ မြင်ဖူးခဲ့ခြင်း ဖြစ်ရပေမည်။

 

“မင်း ဘယ်လိုအပြင်ထွက်ရမှန်းသိလား …”

ဝမ်ချီက ကောင်လေးကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ချက်မရှိသော်လည်း ကြိုးစားကြည့်လိုက်၏။

“မင်းငါ့ကို အပြင်ထုတ်ပေးရင် ငါ အိမ်ရှေ့စံမင်းသားရှေ့မှာ မင်းအတွက် ပြောပေးမယ် …”

 

သူ့စကားကို ကြားသည့်နောက် ကောင်လေးက စတင်ရယ်မောလိုက်သည်။

“အဲဒီလူသားဆေးပင်က ဟွားမိသားစုဝင်တွေကို သေစေချင်နေတာ… ခင်ဗျား ကျွန်တော့်အတွက် ဘယ်လိုလုပ်ပြောပေးမှာလဲ …”

 

လူသားဆေးပင်တဲ့ …

 

ဒီရင်းနှီးနေတဲ့နာမည်က …

 

ထိုကောင်လေးက သူ ဟွားအိမ်တော်၌ တွေ့ခဲ့သည့် ကောင်လေးဖြစ်သည်။

 

သို့သော် ဟွားကျစ်ချန်ကိုယ်တိုင်ပင် ခက်ခဲနေခြင်းဖြစ်၏။ သူက ထိုကောင်လေးကို မည်ကဲ့သို့ ခေါ်ထုတ်လာခဲ့သည်ကို ဝမ်ချီ မတွေးတတ်တော့ပေ။


ဝမ်ချီက ဇဝေဇဝါဖြစ်သွားသော်လည်း လက်ရှိအချိန်၌ တွေးချိန်မရခဲ့ပေ။ သူက ကျောက်တုံးတံခါးကိုကိုင်ပြီး ပြောလိုက်သည်။

“မင်းငါ့ကို လွှတ်ပေးတာနဲ့ … မင်းရဲ့အသက်ကိုတင်မကဘူး နောက်ပိုင်း ရှစ်ယဲ့ မင်းအနာဂတ်အတွက် စီစဉ်ပေးအောင် ငါလုပ်ပေးမယ်လို့ မင်းကိုကတိပေးတယ် …”

 

ကောင်လေးက စကားမဆိုတော့ပေ။ ဝမ်ချီက ၎င်းကို အသုံးချကာ ဆက်လက်သွေးဆောင်လိုက်သည်။

“ငါ့ကိုပိတ်ထားရုံနဲ့ မင်းလိုချင်တာ ရမယ်ထင်လား… မင်းရဲ့ နေရာက တစ်ရက်ကျပေါ်သွားမှာပဲ … အဲဒီ့ကျရင် မင်းရှစ်ယဲ့ကို ခြိမ်းခြောက်ဖို့ ငါ့ကို လိုအပ်လာလိမ့်မယ် … ငါသာသေသွားရင် မင်းက စဉ့်တီတုံးပေါ်က ငါးလိုမျိုး အသတ်ခံရမှာကို စောင့်နေဖို့အပြင် ဘာမှတတ်နိုင်တော့မယ် မထင်ဘူး…”

 

ဝမ်ချီက လျှို့ဝှက်ခန်းထဲရှိ လေပြတ်လပ်မှုကြောင့် အခက်တွေ့နေ၏။ သူ၏ အသက်ရှူနှုန်းက ပို၍လေးလံလာပြီး နဖူးတစ်ခုလုံး ချွေးများရွှဲလာသည်။

 

ကံမကောင်းစွာဖြင့် ကောင်လေးက တိတ်ဆိတ်နေဆဲပင်။

 

ဝမ်ချီက ကျောက်တုံးတံခါးကို ထိလိုက်၏။ ကောင်လေးက ရုတ်တရက် ပြောလိုက်သည်။

“ဒါပေမယ့် တံခါးက ဘယ်မှာရှိမှန်း ကျွန်တော်မသိဘူး…”

 

ဝမ်ချီ ကြောင်အသွား၏။ ဟွားကျစ်ချန်က ထိုကောင်လေးအား သူနှင့်အတူ ခေါ်ခဲ့သော်လည်း လျှို့ဝှက်ခန်း၏ အဖွင့်အပိတ်ခလုတ်ကိုပင် ပြမထားခဲ့ချေ။

 

သူက တစ်စုံတစ်ခုကို ပြောချင်သော်လည်း ကောင်လေးက “သူပြန်လာပြီ” ဟု ပြောလာ၏။ ပြေးထွက်သွားသည့် ခြေသံများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွားလေသည်။

 

ဝမ်ချီက ပုန်းစရာနေရာအား အမြန်ရှာလိုက်သည်။

 

မကြာမီမှာပင် ကျောက်တုံးတံခါး ပွင့်သွားကာ ဟွားကျစ်ချန်က အေးစက်စက်မျက်နှာဖြင့် ဝင်လာ၏။

 

ဝမ်ချီက ကျောက်တုံးတံခါးကို ကြည့်နေမိသည့်တိုင် ပြေးထွက်နိုင်သည့် သတ္တိမရှိခဲ့ပေ။ သူက ဝမ်းဗိုက်ကိုထိကာ သက်ပြင်းချလိုက်သည်။

 

ဟွားကျစ်ချန် အထဲသို့ဝင်ပြီးသည့်နောက် တံခါးက အလိုအလျောက် ဖြည်းညှင်းစွာ ပိတ်သွားလေသည်။

 

ဝမ်ချီက ပုန်းနေသည့်နေရာမှပင် သွေးနံ့ဖျော့ဖျော့ကို ရလိုက်၏ သူက မျက်မှောင်ကြုတ်လိုက်ကာ ပျို့အန်ချင်လာသဖြင့် ပါးစပ်ကို အမြန်အုပ်လိုက်ရသည်။

 

ဟွားကျစ်ချန်က အခန်းကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဝမ်ချီအား မတွေ့ချေ။ သူ့မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားကာ အခန်းထဲသို့ မြန်မြန်လျှောက်ဝင်လာ၏။ ခဏအကြာတွင် သူက စင်တစ်ခု၏ ထောင့်ကွယ်၌ သစ်သားရုပ်သဖွယ် မလှုပ်မယှက်ရပ်နေသော ဝမ်ချီအား တွေ့လိုက်ရသည်။

 

ဝမ်ချီက ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လျက်ရှိနေ၏။ သူတို့က တစ်ဦးနှင့်တစ်ဦး အတန်ကြာ စိုက်ကြည့်နေခဲ့ကြသည်။ အဆုံးသတ်တွင် ဝမ်ချီက စင်အကွယ်မှ ဖြည်းဖြည်းချင်း ထွက်လာလိုက်၏။

 

ဟွားကျစ်ချန်၏ မျက်ခုံးများက ဖုံးကွယ်မရသော ဒေါသနှင့် ပူပန်မှုတို့ကို ဖော်ပြလျှက်ရှိသည်။ သူက ဝမ်ချီအား အေးစက်စက်ကြည့်လိုက်၏။ ထို့နောက် ဝမ်ချီ၏ တူတူပုန်းတမ်း ကစားခြင်းကိုပင် အရေးမစိုက်နိုင်တော့ဘဲ လက်တွင်းရှိ ပစ္စည်းများကိုသာ ကျောက်တုံးစားပွဲပေါ် တင်လိုက်လေသည်။

 

ဝမ်ချီက တိတ်ဆိတ်နေပြီး ခေါင်းကို ငုံ့ထား၏။

 

ဟွားကျစ်ချန်က အချိန်အတော်ကြာသည့်တိုင် ဝမ်ချီ၏ လှုပ်ရှားသံကို မကြားခဲ့ရချေ။ သူလှည့်ကြည့်လိုက်ချိန်၌ သူ့အား သူခိုးသဖွယ် ကြည့်နေသည့် ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများကို တွေ့လိုက်ရသည်။ ဒေါသလှိုင်းများက သူ့နှလုံးသား၌ ရုတ်တရက် နေရာယူလာ၏။

 

သူက ဝမ်ချီ့အပေါ် အာရုံစိုက်ခဲ့မိ၍ ရုတ်ချည်းနောင်တရလာသည်။ သူက ဝမ်ချီအား အောင်အောင်မြင်မြင် ပြန်ပေးဆွဲနိုင်ခဲ့သော်လည်း တစ်ချိန်ထဲမှာပင် အရာများစွာ ဆုံးရှုံးခဲ့ရပြီး ထိုသူနှင့်လည်း မဆက်သွယ်နိုင်ခဲ့ချေ။

 

သူက ကိစ္စအားလုံး အခြေအနေမဟန်တော့ကြောင်း ခံစားမိနေသည်။ ဝမ်ချီအား ပြန်ပေးဆွဲခြင်းသာ ချောချောမွေ့မွေ့ ပြီးဆုံးသွားခြင်းဖြစ်၏။

 

သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားချက်ရနေ၏။

 

သို့သော် မည်သည့်အရာ မှားယွင်းနေခြင်းဖြစ်ကြောင်း သေချာမခွဲခြားနိုင်ခဲ့ပေ။

 

ဟွားကျစ်ချန်၏ ဆံပင်များက ရှုပ်ပွနေပြီး ထိုကိစ္စအားတွေးလိုက်ရုံဖြင့် ခေါင်းတစ်ခုလုံး နာကျင်လာ၏။ သူက ခေါင်းကိုယမ်းလိုက်သည်။ သူ သတိပြန်ဝင်လာချိန်၌ သူ့အား အကွာအဝေးတစ်ခုမှ ကြည့်နေသည့် ဝမ်ချီကို တွေ့လိုက်ရ၏။

“ဒီကိုလာ …”

 

ဝမ်ချီ၏ မျက်နှာတစ်ခုလုံး မလိုလားခြင်းများဖြင့် ပြည့်နှက်သွားသည်။ သို့သော် ကျောက်တုံးစားပွဲနားသို့ တရွေ့ရွေ့ ချဉ်းကပ်လာခဲ့၏။

 

ဟွားကျစ်ချန်၏ ဝမ်ချီ၏ မျက်နှာကိုတစ်လှည့် ဝမ်ချီ ကာကွယ်နေပုံရသည့် ဝမ်းဗိုက်နေရာကို တစ်လှည့်ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွရယ်လိုက်၏။ သူ့မျက်ဝန်း၌မူ အထင်သေးခြင်းများက နေရာယူထားသည်။

“အဲဒီ့လူမှာ ကလေးရှိလာမယ်လို့ ငါ မထင်ထားခဲ့ဘူးပဲ …”

 

ဝမ်ချီ၏ မျက်ဝန်းများက ပို၍တုန်လှုပ်သွားသည်။

 

ဟွားကျစ်ချန်က ဝမ်ချီ၏ အကြည့်ကို ဂရုမစိုက်ဘဲ ကျောက်ခုံပေါ်၌ ထိုင်ချလိုက်၏။ ထို့နောက် လက်ဖက်ရည်အိုးကို လက်လှမ်းကာ ရေအေးအေးတစ်ခွက် ငှဲ့ယူလိုက်သည်။


“စိတ်မပူပါနဲ့ … ငါ မင်းကို ရှစ်ယဲ့အပေါ် ခြိမ်းခြောက်ဖို့ပဲ အသုံးချချင်တာပါ … ဒီတော့ အချိန်တစ်ခုအထိ မင်းအပေါ် ဘာမှမလုပ်သေးပါဘူး …”

ဟွားကျစ်ချန်က ခွက်ထဲရှိရေကို သောက်လိုက်သည်။ သူ့အသံက ရုတ်တရက် တိမ်ဝင်သွား၏။

“မင်းကလေးရဲ့ အနာဂတ်ကိုတော့ ဘာဖြစ်မယ်မှန်း ငါအာမ မခံနိုင်ဘူး …”

 

ဟွားကျစ်ချန်၏ စကားက ဝမ်ချီ၏ တစ်ကိုယ်လုံးကို ရေအေးအေးတစ်ပုံးဖြင့် လောင်းချလိုက်သကဲ့သို့ အေးစက်သွားစေသည်။ သူက စကားပြောရန် မနည်းအားယူလိုက်ရ၏။

“မင်း ဘာလိုချင်တာလဲ …”

 

ဟွားကျစ်ချန်က ဝမ်ချီ၏ ဝမ်းဗိုက်ကိုကြည့်ကာ ရယ်လိုက်သည်။ သူက အမြဲလိုလို ကြော့ရှင်းကာ ကြည့်ကောင်းလေ့ရှိ၏။ သို့သော် ယခုမူ ကိုယ်အလေးချိန်ကျဆင်းသွားပြီး ပင်ပန်းနွမ်းနယ်ပုံ ပေါ်နေခဲ့သည်။ သူ့မျက်ဝန်းအောက်ခြေများ၌ အေးစက်မှု၊ အမှောင်ထုတို့ဖြင့် ပြည့်နှက်နေ၏။ ၎င်းက တိတ်ဆိတ်သောညတွင် ကျီးမဲများ သစ်ကိုင်းပေါ်နားနေသည်ကို မြင်ရသည်နှင့်တူသည်။ သူ၏ရယ်သံက ဝမ်ချီအား အလွန်မသက်မသာဖြစ်စေ၏။

 

ဝမ်ချီက ဟွားကျစ်ချန်၏ အကြည့် သူ့ဝမ်းဗိုက်ပေါ် ကျရောက်နေသည်ကို သတိပြုမိသွားကာ မသိစိတ်ဖြင့် ကိုယ်ကိုလှည့်လိုက်မိသည်။

 

သူ ပြန်လှည့်ကြည့်မိချိန်၌ ဟွားကျစ်ချန်က ကျောက်တုံးခုံမှ ထရပ်နေပြီဖြစ်၏။ သူက ဝမ်ချီ့အနီးသို့ ချဉ်းကပ်လာကာ ပြောသည်။

“ငါက သူ့ကိုသေစေချင်ရုံတင်မဟုတ်ဘူး… မင်းရဲ့ကလေးကိုလည်း သေစေချင်တယ် … အဲဒီလိုမကောင်းဆိုးဝါးက ကမ္ဘာပေါ်မှာ ရှိမနေသင့်ဘူး ….”

 

ဝမ်ချီက တစ်လှမ်းချင်း နောက်ဆုတ်ရန် တွန်းအားပေးခံခဲ့ရသည်။ သူက ဝမ်းဗိုက်ကို လက်နှစ်ဖက်ဖြင့်ကာလျက် သူ့ထက်အရပ်ရှည်သော ဟွားကျစ်ချန်အား မော့ကြည့်လိုက်သည်။

“မင်းရဲ့ ဟွားမိသားစုက သူ့ကို လူတစ်ယောက်အနေနဲ့ မဆက်ဆံခဲ့ကြဘူးလေ… ဘာလို့ မင်းက သူ ဟွားမိသားစုအပေါ်ကောင်းပေးမယ် ထင်ရတာလဲ … ပြီးတော့ မင်းတို့က သူ့ကို အဆိပ်ခတ်ခဲ့သေးတယ်… သူ ဆယ်ကျော်သက်အရွယ်မှာတည်းက ဆယ်နှစ်ကျော် လျှောက်သွားနေခဲ့ရတာ… မင်းတို့ သူ့ကိုပြန်တွေ့တော့ အဆိပ်ခတ်ပြီး နန်းတော်ထဲကို ရုပ်သေးအဖြစ် ပို့ခဲ့ကြတယ်လေ… မြစ်ဘေးမှာ အကြိမ်ကြိမ်လမ်းလျှောက်နေမှတော့ ဖိနပ်တွေ မစိုဘဲနေပါဦးမလား … မင်းတို့ ဟွားမိသားစုက ညစ်ပတ်တဲ့ကိစ္စတွေ အများကြီးလုပ်ခဲ့တာ… တစ်ရက်မှာ ပြန်ပေးဆပ်ရမယ်လို့ မတွေးခဲ့ဘူးလား …”

 

ဝမ်ချီ စကားများစွာ ပြောပြီးသည့်နောက် အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော်လာ၏။ သူ့ရင်ဘတ်တစ်ခုလုံး မီးတောက်နေသကဲ့သို့ ခံစားနေရကာ သူ့ခန္ဓာကိုယ်လေးသည်လည်း ဒေါသဖြင့် တုန်ယင်နေခဲ့သည်။



💮💮💮