💮Chapter 144
ဝမ်ချီနှင့် ဟွားကျစ်ချန်ကြားရှိ အကွာအဝေးမှာ တိုတောင်းလှသည်။ ထို့ကြောင့် ဟွားကျစ်ချန်၏ မျက်နှာထက်ရှ အမူအရာက ပို၍ပြေလျော့လာသည်ကို သူ တွေ့လိုက်ရလေသည်။ တစ်ဖက်လူက သူ့အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လာ၏။
ဟွားကျစ်ချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါက ဟွားမိသားစုအတွက်လို့ မင်းကိုဘယ်သူပြောလဲ...”
ဝမ်ချီ ထိုစကားကို ကြားချိန်၌ သူ နားကြားမှားသည်ဟု ထင်လိုက်သည်။ သို့သော် ဟွားကျစ်ချန်သည်လည်း နောက်နေသည့်ပုံ မပေါ်ချေ။
“မဟုတ်ရင် ဘာ့ကြောင့်လဲ …အချစ်ကြောင့်လား … ရည်ရွယ်ချက်ကြောင့်လား …”
ဝမ်ချီ နှာခေါင်းရှုံ့လိုက်သည်။
ဟွားကျစ်ချန်က ဝမ်ချီ၏ စကားကြောင့် ခပ်တိုးတိုး ရယ်လိုက်၏။ သို့သော် အကြောင်းရင်းအချို့ကြောင့် သူ၏ ရယ်သံက ကြက်သီးထဖွယ် ကောင်းနေသည်။
“သူ့ အဖေရင်းက ဘယ်သူလဲဆိုတာ မင်းသိလား …”
ဝမ်ချီ နားမလည်နိုင်ဖြစ်သွား၏။
ရှစ်ယဲ့ရဲ့ အဖေရင်းက နတ်ရွာစံသွားတဲ့မင်းကြီး မဟုတ်ဘူးလား... ဟွားကျစ်ချန်က ဒီကိစ္စကို ဘာလို့ထုတ်ပြောလာတာလဲ...
ဟွားကျစ်ချန်က ဝမ်ချီနားမလည်ဖြစ်နေပုံကြောင့် နှာခေါင်းရှုံ့လိုက်သည်။
“မိဖုရားဟွားမှာ မင်းကြီးနဲ့ လက်မထပ်ခင်ကတည်းက တစ်ယောက်ယောက် ရှိနှင့်နေပြီးသားပဲ… နောက်ပိုင်း သူမိဖုရားဖြစ်လာတာတောင် သူရဲ့အဆက်ဟောင်းနဲ့ ဆက်သွယ်နေခဲ့တုန်းလေ… ရှစ်ယဲ့က အရင်မင်းကြီးရဲ့ သားအရင်းလို့ မင်းထင်နေတာလား …”
ဝမ်ချီ ပြန်ပက်လိုက်၏။
“ဘာလို့မဟုတ်ရမှာလဲ …”
ဟွားကျစ်ချန် “…”
ဝမ်ချီက သူစိတ်ထင်သည်လားမသိ၊ ဟွားကျစ်ချန်၏ နှုတ်ခမ်းထောင့်များ လှုပ်စိစိဖြစ်သွားကြောင်း တွေ့လိုက်ရသည်။
ဝမ်ချီက ဟွားကျစ်ချန် ခဏတာ တိတ်ဆိတ်သွားသည်ကို တွေ့လိုက်သဖြင့် ဆက်ပြော၏။
“မိဖုရားဟွားက တခြားလူအပေါ် ငြိတွယ်နေရင်တောင် သူက မိဖုရားဖြစ်နေတုန်းပဲ… အနောက်ဆောင်မှာနေနေရင်း တခြားလူရဲ့ ကလေးကို မွေးရဲမယ်တဲ့လား …”
ထို့နောက် ဟွားကျစ်ချန်က ပို၍ပင် တိတ်ဆိတ်သွားသည်။
ဝမ်ချီက ဟွားကျစ်ချန်၏ အတွေးများကို သူ့အမူအရာပေါ်မူတည်၍ အဖြေမထုတ်တတ်ချေ။ တစ်ဖက်လူ ဘာမှပြန်မပြောသည့်အလျောက် သူသည်လည်း ပါးစပ်ပိတ်ထားလိုက်၏။
ခဏအကြာ၌ ဟွားကျစ်ချန်က ပြောလိုက်သည်။
“ရှစ်ယဲ့က တခြားလူနဲ့ သူ့မယ်တော်အကြောင်း မင်းကိုပြောပြသေးလား …”
ဝမ်ချီ ခေါင်းယမ်းလိုက်သည်။
ရှစ်ယဲ့လို မာနကြီးတဲ့လူတစ်ယောက်အတွက် ဒါက စော်ကားရာကျတယ်မဟုတ်လား… ငါ့ကို ဘယ်လိုလုပ်ပြောပြမှာလဲ …
ဟွားကျစ်ချန်က ဝမ်ချီကို ကြည့်လိုက်သည်။
“ဒါဖြင့် မင်း ဘာလို့ မအံ့ဩသွားတာလဲ…”
ဝမ်ချီက ခဏကြောင်အသွားကာ အိုးတို့အမ်းတမ်းဖြင့် ရယ်လိုက်သည်။
ရှစ်ယဲ့ သူ့မိခင်အပေါ် မနှစ်သက်ကြောင်းသာ သူ သိခဲ့သည်။ သို့သော် မိဖုရားဟွား ထိုသို့လုပ်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသာ နှစ်ဆယ့်တစ်ရာစု၌ နေထိုင်ခြင်းဖြစ်ပါက အင်တာနက်အသုံးပြုသူများ၏ တံတွေးခွက်၌ ပက်လက်မျောပေလိမ့်မည်။
ဝမ်ချီ စကားဆုံးချိန်၌ ဟွားကျစ်ချန်၏ အမူအရာက ပို၍ အကျည်းတန်သွား၏။
ဟွားကျစ်ချန်က ဝမ်ချီ၏သိချင်စိတ်ကို နှိုးဆွလိုသည့်အတွက် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချီ၏ပုံစံက သူထင်ထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေခဲ့ပြီး သူ့အား စိတ်မရှည်ဖြစ်လာစေခဲ့သည်။
“ငါ သေချာရှင်းရှင်းလင်းလင်း ပြောခဲ့တာကို … ငါဘာပြောချင်မှန်း မင်းနားမလည်ဘူးလား …”
ဟွားကျစ်ချန်က ပို၍စိတ်ဆိုးလာသည်။ သူက ဒေါသကို ဖိနှိပ်ကာ ပြော၏။
“ရှစ်ယဲ့က အိမ်ရှေ့စံမင်းသားဆိုတဲ့ ဂုဏ်ပုဒ်ကို နှစ်သက်နေရင်တောင် အဲဒါက သူနဲ့မထိုက်တန်ဘူး … သူက မင်းကြီးရဲ့ သားအရင်းမဟုတ်သလို မင်းသားလည်းမဟုတ်ဘူး .. သူက ဘယ်ကလာမှန်းမသိတဲ့ ပေါက်ပင်ရိုင်းတစ်ပင်ပဲ … သူက အစကတည်းက ဒီကမ္ဘာမှာ ရှိမနေသင့်တာ …”
ဟွားကျစ်ချန်က မနှစ်မြို့ဖွယ်မှတ်ဉာဏ်များကို အမှတ်ရသွားသဖြင့် သူ့ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်လာခဲ့သည်။ သူ၏ မျက်ဝန်းထောင့်များသည်လည်း သွေးနီရောင် ရဲဖြာလာ၏။
ဝမ်ချီက ဟွားကျစ်ချန်၏အမူအရာကြောင့် ကြောက်ရွံ့သွားခဲ့သည်။ သို့သော် ရှစ်ယဲ့အား ထိုသို့ ကျိန်ဆဲလာသည့်အခါ၌မူ ဒေါသထွက်သွားရ၏။
သူက ခဏအကြာ၌ ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
“ဘာကို ပေါက်ပင်ရိုင်းလဲ … စကားပြောတာ ကြည့်ပြောစမ်း…”
ဟွားကျစ်ချန် နှာခေါင်းရှုံ့လိုက်သည်။
“သူက မျိုးမစစ်လေးပဲ … သူ အိမ်ရှေ့စံနေရာကို ရခဲ့ရင်တောင် တောကြောင်က အိမ်ရှေ့စံဖြစ်မလာနိုင်ဘူး … ပေါက်ပင်ရိုင်းက ပေါက်ပင်ရိုင်းပဲဖြစ်နေမှာ …”
ဝမ်ချီက ဒေါသတကြီး ပြန်ပြောလိုက်သည်။
“မင်း ခွေးစကားမပြောနဲ့ … မင်းကသာ သေရမှာ … မင်းတို့ တစ်မိသားစုလုံးကသာ သေသင့်တာ …”
ဟွားကျစ်ချန် “…”
ဟွားကျစ်ချန်က ဝမ်ချီ ထိုမျှပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့၍ သူ ခဏကြောင်သွားကာ ပြင်းထန်သော လူသတ်လိုရိပ်များဖြင့် ဝမ်ချီအား ကြည့်လိုက်သည်။
ဝမ်ချီက အထိတ်တလန့်ဖြင့် ပါးစပ်အမြန်ပိတ်လိုက်၏။ ထို့နောက် ပခုံးများကိုကျုံ့ကာ ပင်ကွင်းတစ်ကောင်ကဲ့သို့ ဝမ်းဗိုက်ကို ကာလိုက်မိသည်။
ဟွားကျစ်ချန်က ဝမ်ချီ၏ အကြည့်ကြောင့် ရယ်လိုက်၏။
“မင်းက သူ့ကို ဒီလောက်ထိ ကာကွယ်ပေးနေတာပဲ …”
ဝမ်ချီက ဟွားကျစ်ချန်နှင့် ရန်မဖြစ်လိုတော့သဖြင့် မကြားချင်ယောင် ဆောင်လိုက်သည်။
ကံမကောင်းစွာဖြင့် ဟွားကျစ်ချန်က ဤအတိုင်း လျှော့မပေးလိုခဲ့ချေ။ ဝမ်ချီ ဘာမှမပြောသည်ကို တွေ့လိုက်ရသည့်နောက် သူက ထပ်ပြောလိုက်ပြန်၏။
“မင်း သူ့ကို ကာကွယ်နေပေမယ့် သူကတော့ မင်းကို ကာကွယ်မပေးဘူးပဲ… သူသာ မင်းကို အာရုံစိုက်ထားရင် မင်းငါဖမ်းတာကို ခံရမယ်တဲ့လား … မင်းကိုယ်ဝန်ရှိနေတာတောင် သူက မင်းကိုတင်မဟုတ်ဘူး မင်းရဲ့ကလေးကိုပါ ဂရုမစိုက်ဘူးပဲ…”
ဝမ်ချီက စိတ်မထိန်းနိုင်ပဲ ပြောလိုက်၏။
“သူ ငါတို့ကို ဂရုမစိုက်ရင် မင်းဘာကိစ္စပြန်ပေးဆွဲလာသေးလဲ…”
ဟွားကျစ်ချန်က ပြောစရာစကားမရှိ ဖြစ်သွားသည်။
ဝမ်ချီက ဟွားကျစ်ချန်အား ထေ့ငေါ့လိုက်၏။
”အပြောနဲ့အလုပ်က သက်သက်စီပဲ… ဟွားသခင်လေးက အတိတ်ကဖြစ်ရပ်မှာ သင်ခန်းစာမယူတတ်ဘူးပဲ …”
ဟွားကျစ်ချန်က ဝမ်ချီအား အနိုင်မပြောနိုင်ကြောင်း နားလည်သွား၍ သူက ဒေါသတကြီးပြောလိုက်၏။
“ငါက ဒီအတိုင်း ကံကိုစမ်းကြည့်လိုက်တာ …”
ဝမ်ချီက ပြောသည်။
“ဒါဆို ရှစ်ယဲ့ ငါတို့သားအဖကို နည်းနည်းတော့ ဂရုစိုက်မယ်မှန်း မင်းသိနေလို့ မဟုတ်ဘူးလား …”
ဟွားကျစ်ချန် “…”
ဟွားကျစ်ချန် သွေးအန်ချင်လာ၏။
သူက ရူးနေ၍သာ ဝမ်ချီအား ဤကိစ္စများ ပြောပြမိခြင်း ဖြစ်ပေလိမ့်မည်။
သူက ရှစ်ယဲ့၏ လူများလက်မှ လွတ်အောင်ပြေးနေရ၏။ ထို့ကြောင့် ဝမ်ချီအား တွေ့သည့်အခါ ဒေါသထွက်လာခြင်းဖြစ်သည်။ ရှစ်ယဲ့၏ ကလေးကို ဝမ်ချီလွယ်ထားကြောင်း သိလိုက်ချိန်၌ ပို၍ပင် ဒေါသထွက်သွားရခြင်းပင်။
သူက ဝမ်ချီနှင့်ရှစ်ယဲ့အကြား ဝင်၍နှောင့်ယှက်ကာ ဝမ်ချီ၏ စိတ်ထဲတွင် မလုံခြုံမှုမျိုးစေ့ကို ပျိုးပေးလိုခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချီ၏ခေါင်းက ကျောက်တုံးဖြင့်လုပ်ထားသည့်အလား မာကျောလှပြီး သူပြောစရာတစ်ခုမှ မရှိတော့သည်အထိ ပြန်လည်ချေပလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ တကယ့်ကို ရူးနေတာပဲ …
ဤလူက မကောင်းဆိုးဝါးရှစ်ယဲ့အား အကြွင်းမဲ့ယုံကြည်သည်အထိ ရူးသွပ်လှသည်။
ရှစ်ယဲ့က အလွန်ရက်စက်ပြီး သူ့လက်များ၌ မရေမတွက်နိုင်သောလူများ၏ သွေးများ စွန်းထင်းနေ၏။ သူက စိတ်မပျော်သည်နှင့် သူ့အနီးရှိလူများကို အချိန်မရွေး သတ်ပစ်လေ့ရှိသည်။ သို့သော် ဝမ်ချီက ထိုအရာများကို လျစ်လျူရှုထားပြီး ရှစ်ယဲ့အား ကလေးတစ်ဦးနှယ် ကာကွယ်နေသည်။ ရှစ်ယဲ့၏ မကောင်းကြောင်းကြားသည်နှင့် သူက ဒေါသတကြီး တုံ့ပြန်လေ၏။
ရှစ်ယဲ့က ဘာလို့ ဝမ်ချီ့ဆီက ဒီလိုဆက်ဆံခံရတာလဲ…
ဟွားကျစ်ချန်တွေးလေလေ၊ မယုံနိုင်ဖြစ်လာလေပင်။ သူက အသက်ပြင်းပြင်းရှူကာ ဝမ်ချီအားကြည့်၍ ခပ်တိုးတိုး ရေရွတ်ရင်း ကျောက်တုံးတံခါးထံသို့ ဦးတည်လိုက်၏။
ဝမ်ချီက ဟွားကျစ်ချန် ကျောက်တုံးတံခါးထံသို့ ဦးတည်သည်ကို မြင်လိုက်ရသည်နှင့် စိုးရိမ်လာသည်။ သူက ဟွားကျစ်ချန်၏ လှုပ်ရှားမှုများကို မမှိတ်မသုန် စိုက်ကြည့်လိုက်၏။
သို့သော် ဟွားကျစ်ချန်က ဘာမှမလုပ်ခဲ့ချေ။ ကျောက်တုံးတံခါးကသာ ဟွားကျစ်ချန်၏ ချဉ်းကပ်လာမှုကို အာရုံခံမိဟန်ဖြင့် ဖြည်းဖြည်းချင်းပွင့်သွား၏။
ကျောက်တုံးတံခါး သေချာပိတ်သွားမှသာ ဝမ်ချီက တံခါးထံ လျှောက်လာခဲ့သည်။
သူက ကျောက်တုံးတံခါးရှေ့တွင် နှံ့နှံ့စပ်စပ် ရှာဖွေပါသော်လည်း စက်ယန္တရားတစ်စုံတစ်ရာ မတွေ့ခဲ့ရချေ။ သူသာ အသက်ရှူမဝ ဖြစ်လာရသည်။
ဝမ်ချီက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း ကျောက်တုံးခုံရှိရာသို့ ပြန်လျှောက်လာကာ ထိုင်ချလိုက်သည်။
ကျောက်တုံးစားပွဲပေါ်၌ ဟွားကျစ်ချန် ယူလာသည့် အရာများရှိနေ၏။ ၎င်းတို့အား စက္ကူဖြင့်ထုပ်ထားသည်ဖြစ်ရာ အထဲတွင် မည်သည့်အရာရှိနေကြောင်း မသိနိုင်ချေ။
ဝမ်ချီက ခဏကြာတုံ့ဆိုင်းနေပြီး သူ့အရှေ့ရှိ စက္ကူထုပ်ကို ဖြေချလိုက်၏။ အထဲတွင် အရသာရှိဟန်ပေါ်သော ပန်ကိတ်များရှိနေလေသည်။
ထိုအခါမှသာ ဝမ်ချီက သူ အချိန်အတော်ကြာ အစားမစားရသေးကြောင်း သတိရသွားသည်။
သူက အခန်းထဲတွင် နေရောင်ကို မတွေ့ရ၍ အပြင်ဘက်တွင် နေ့လောညလော မသိရပေ။ သူ ဤအခန်းထဲသို့ ဝင်လိုက်စဉ်ကတည်းက အချိန်များ ရပ်တန့်နေသည်ဟု ထင်ရ၏။
သို့သော် ဝမ်ချီ ပန်ကိတ်များအား အဝေးသို့ တွန်းလိုက်သည်နှင့် အစာအိမ်က တဂွီဂွီ မြည်လာ၏။
ဝမ်ချီ “…”
သူက သက်ပြင်းချကာ ပန်ကိတ်တစ်ခုကို လှမ်းယူလိုက်သည်။
ပန်ကိတ်အား တစ်ကိုက်ကိုက်ပြီးသည့်နောက် အထဲတွင် အသားများ အစာသွပ်ထားကြောင်း တွေ့လိုက်ရ၏။ ပန်ကိတ်က အေးစက်နေပြီဖြစ်ပြီး အသားများသည်လည်း ထိုနည်းတူပင်။
ဝမ်ချီက အန်ချင်စိတ်ပေါက်လာသဖြင့် အသားများကို ထွေးထုတ်လိုက်သည်။ အသားပေါ်ရှိ ဆီများကို တွေ့လိုက်ရသည့်နောက် အန်ချင်စိတ်က ပို၍ပင် ပြင်းထန်လာရ၏။
သူက ပန်ကိတ်ကို အမြန်ချကာ ရေနှစ်ခွက် ဆင့်သောက်ရင်း အန်ချင်စိတ်အား ထိန်းချုပ်လိုက်ရလေသည်။
သို့သော် ခဏအကြာတွင် ဗိုက်ပြန်ဆာလာပြန်၏။ ဝမ်ချီက ပန်ကိတ်အစွန်းရှိ ဂျုံလွှာကို အသာယူကာ စားလိုက်သည်။ ၎င်းက အလွန်ခြောက်သွေ့နေပြီး မျိုချရခက်စေသည့်တိုင် သူ့အစာအိမ်အတွက် အကူအညီဖြစ်စေဆဲပင်။
ပန်ကိတ်သုံးခုအား အပေါ်ယံလွှာများ စားသောက်ပြီးသည့်နောက် ဝမ်ချီက ရပ်လိုက်သည်။
သူက ရုတ်တရက် ပင်ပန်းလာကာ အိပ်ရာပေါ်သို့ လှဲအိမ်လိုက်သည်။ သူနောက်တစ်ကြိမ် နိုးလာသည်အထိ ဟွားကျစ်ချန် ရောက်မလာခဲ့ချေ။
အခန်းတွင်း၌ ဖယောင်းတိုင်မီးများ ထွန်းညှိထားသဖြင့် ဝါကျင့်ကျင့်မီးရောင်များ လက်ဖြာနေ၏။ ဝမ်ချီက ဖယောင်းတိုင်မီးကြောင့် ပေါ်နေသည့် သူ့အရိပ်ကို ကြည့်ရင်း အထီးကျန်မှုအား ခံစားလိုက်ရသည်။
ဝမ်ချီက ကျောက်တုံးတံခါးထံ လျှောက်လာပြီး ဟိုဟိုသည်သည်ရှာကြည့်လိုက်သည်။ သို့သော် မည်သည့်အရာကိုမှ မတွေ့ခဲ့ရချေ။
ထိုလှုပ်ရှားမှုက သူ့အား အသက်ရှူမဝဖြစ်စေခဲ့သည်။ သူက ကျောက်တုံးတံခါးနား၌ ခဏကြာ အနားယူလိုက်၏။ ထိုစဉ် တစ်စုံတစ်ဦးက အပြင်ဘက်မှနေ၍ တံခါးအား ပွတ်တိုက်နေသည့် အသံကို သူကြားလိုက်ရသည်။
💮💮💮