Chapter 145
Viewers 35k

💮Chapter 145



 

ဝမ်ချီက ဟွားကျစ်ချန် ပြန်လာခြင်းဖြစ်သည်ဟု ထင်လိုက်သည်။ သူက မတ်တပ်ရပ်ကာ အခန်းဘက်သို့ ပြန်လှည့်ရန် ပြင်လိုက်၏။ ထိုစဉ် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားကာ ကျောက်တုံးတံခါးကို ထုနှက်ရင်း အော်မေးလိုက်သည်။

“လူရှိလား …”

 

ခဏအကြာ၌ ကလေးသံလေး ထွက်ပေါ်လာ၏။

“ရှိတယ်…”

 

ထို့အတူ တစ်စုံတစ်ခုအား ထိနေသံများလည်း ထွက်ပေါ်လာသည်။

 

ဟိုကောင်လေးပဲ …

 

ဝမ်ချီက အံ့အားသင့်မှုနှင့် ဝမ်းသာမှုကို တပြိုင်နက် ခံစားလိုက်ရ၏။ သူက သတိဖြင့် မေးလိုက်သည်။

“မင်းဘာလုပ်နေတာလဲ …”

 

တစ်စုံတစ်ခုအား ခေါက်နေသည့် အသံက ခဏရပ်သွားကာ ဆက်လက်ထွက်ပေါ်လာ၏။ ကောင်လေးက ပြန်ဖြေလိုက်သည်။

“တံခါးဖွင့်ဖို့ ခလုတ်ရှာနေတာ …”

 

ဝမ်ချီ ကြောင်သွားရသည်။ သူက ကောင်လေး ထိုသို့ကိစ္စမျိုး လုပ်လိမ့်မည်ဟု မထင်ခဲ့ချေ။ ထို့နောက် သူက သတိကြီးမှုအတွက် အပြစ်ရှိစိတ် ဝင်လာမိ၏။ ထို့ကြောင့် ရှက်ရှက်ဖြင့် နှာခေါင်းကို ပွတ်ကာ‌ပြောလိုက်သည်။

“ခလုတ်ဘယ်မှာလဲ မင်းသိလား …”

 

“မသိဘူး …”

 

“ဒါပေမယ့် ဒုတိယဦးလေး ဝင်လာတော့ ဘာကိုမှ မထိခဲ့ဘူး… ခလုတ်က မြေပေါ်မှာ ရှိနေမယ်ထင်တယ် …”

 

ကောင်လေး၏ သတိပေးမှုကြောင့် ဝမ်ချီက ကိုယ့်ခေါင်းကို ပြန်ရိုက်လိုက်သည်။

 

ငါ ဘာလို့ ဒါကိုမတွေးခဲ့မိပါလိမ့် …

 

ဟွားကျစ်ချန်က ကျောက်တုံးတံခါးအား မည်သည့်နေရာမှ မလှုပ်ရှားဘဲ ဖွင့်နိုင်ခဲ့ခြင်းဖြစ်၏။ ကျောက်တုံးတံခါး၏ ခလုတ်က မြေပေါ်၌ ရှိနေနိုင်သည်။

 

ဝမ်ချီက ချက်ချင်းဆိုသလို မြေပေါ်တွင် ရှာဖွေလိုက်၏။

 

သို့သော် မြေပြင်တစ်ခုလုံး ချောမွေ့နေပြီး မည်သည့်ခလုတ်ကိုမှ မတွေ့ခဲ့ရချေ။ ဝမ်ချီက မျက်မမြင်တစ်ဦးကဲ့သို့ ဒူးထောက်ကာ ဟိုစမ်းသည်စမ်း လုပ်ခဲ့သော်လည်း မည်သည့်အရာကိုမှ မတွေ့ခဲ့ပေ။ သို့သော် ကျောက်တုံးတံခါးအား ခေါက်နေသည့် အသံကမူ မရပ်သွားခဲ့ချေ။

 

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ဝမ်ချီ၏ နဖူးထက်မှ ချွေးသီးချွေးပေါက်များ ကျဆင်းလာ၏။ သူက ချွေးများကို လက်ခုံဖြင့်သုတ်ကာ ကျောက်တုံးတံခါးထံ ချဉ်းကပ်ရင်း မေးလိုက်သည်။

“မင်း တစ်ခုခုတွေ့မိလား…”

 

ကောင်လေးက ပြောလိုက်၏။

“မတွေ့ဘူး…”

 

ဝမ်ချီ သက်ပြင်းချလိုက်သည်။

“ငါလည်း ဒီမြေကြီးတစ်ခုလုံး လိုက်ထိကြည့်ပြီးပြီ … ဘာမှမတွေ့သေးဘူး…”

 

ထိုအရာကို ကြားသည်နှင့် ကောင်လေးက ဒေါသတကြီး ဆိုလာသည်။

“ဒါက ခင်ဗျားအပြစ်မဟုတ်ပါဘူး … ဟွားကျစ်ချန်က အရမ်းတတ်နိုင်လွန်းလို့သာ ခင်ဗျား သူဖမ်းတာခံခဲ့ရတာ… ခင်ဗျားက ဟွားကျစ်ချန်လောက်တောင် မတော်ဘူးလေ …”

 

ဝမ်ချီ “…”

 

ကောင်လေးက ထပ်ပြောလိုက်သည်။

“အရူး …”

 

ဝမ်ချီက ဒေါသထွက်လာသလို ရယ်လည်းရယ်ချင်လာမိ၏။

“မင်း ငါ့ကိုအရူးလို့ခေါ်နိုင်တယ် … ဒါပေမယ့် ဟွားကျစ်ချန်နဲ့ နှိုင်းတာကတော့ ငါ့ကိုယ်ကျင့်သိက္ခာကို စော်ကားတာပဲ…”

 

ကောင်လေးက ခဏတိတ်သွားကာ ခပ်တိုးတိုးရယ်လျက် တောင်းပန်လိုက်၏။

“စိတ်မရှိပါနဲ့ … ကျွန်တော် ခင်ဗျားကို ဟွားကျစ်ချန်နဲ့ မနှိုင်းခဲ့သင့်ဘူး …”

 

ဝမ်ချီက ရယ်လိုက်မိသည်။

 

သူ့ရယ်သံ ထွက်ပေါ်လာသည်နှင့် ကျောက်တုံးတံခါးက ပွတ်တိုက်သံများ ထုတ်လွှတ်လာ၏။ ထို့နောက် ညာဘက်သို့ရွှေ့ကာ ပွင့်သွားခဲ့လေသည်။

 

ဝမ်ချီ၏အပြုံးက ချက်ချင်း တောင့်တင်းသွားကာ အံ့အားသင့်မှုဖြင့် အစားထိုးလာ၏။ သူက မြေပေါ်တွင် လှဲနေသည့် ကောင်လေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုကောင်လေးကလည်း သူ့အား မယုံနိုင်ဟန်ဖြင့် ကြည့်လာ၏။

 

ကောင်လေးက လက်ထဲတွင် ကျောက်တုံးတစ်တုံးကို ကိုင်လျှက်ရှိနေသည်။ သူက ဝမ်ချီ့ထက်ပို၍ လျင်မြန်စွာ တုံ့ပြန်လာပြီး ကျောက်တုံးကို လွှင့်ပစ်ကာ အမြန်ထလိုက်၏။

 

“မြန်မြန် … မြန်မြန် သွားရအောင် …ကျွန်တော်တို့ အခုမသွားရင် သူပြန်လာလိမ့်မယ် …”

 á€€á€ąá€Źá€„á€şá€œá€ąá€¸á€€ စိုးရိမ်စွာ ပြောသည်။


ဝမ်ချီက မနှောင့်နှေးဝံ့ဘဲ မြေပေါ်မှအမြန်ထလိုက်သည်။

 

လတ်ဆတ်သောလေညှင်းက သူ့ထံသို့ တိုးဝင်လာပြီး စိတ်ဓာတ်ကျမှုတို့ကို ပြယ်လွင့်စေခဲ့သည်။ သူက အသက်ပြင်းပြင်းရှိုက်ရင်း ကောင်လေး၏ အနောက်မှတစ်ဆင့် စာကြည့်ခန်းနှင့် တူသည့်နေရာသို့ လိုက်ပါလာခဲ့၏။

 

အပြင်ဘက်ကောင်းကင်က နှင်းဆီရောင်သမ်းနေသည်။ ပန်းချီဆရာက စုတ်ချက်ပြင်းပြင်းဖြင့် ခြယ်သထားသကဲ့သို့ တိမ်ထူထူများသည်လည်း ကောင်းကင်တစ်ခွင် ပြန့်ကျဲနေကြ၏။

 

ဝမ်ချီက မည်သည့်နေရာသွားရမည်မှန်း မသိသော်လည်း ကောင်လေး၏ အနောက်မှ ဤအတိုင်း မလိုက်သွားဝံ့ချေ။ သူက လာလမ်းကို မမှတ်မိတော့ပြီဖြစ်ရာ သူ၏ အသိစိတ်ကိုသာ ယုံကြည်လျက် ကြုံသလို ဦးတည်ချက်ပြောင်းနေရ၏။

 

သို့သော် အတန်ကြာလှမ်းပြီးသည့်နောက် သူတို့ထံသို့ တစ်စုံတစ်ဦး ဦးတည်လာသည့်အသံကို ကြားလိုက်ရသည်။ ထိုသူက အလျင်လိုနေဟန်ဖြင့် သစ်ကိုင်းခြောက်များကို နင်းလျက် သူတို့ရှိနေသည့်နေရာသို့ ဦးတည်လာ၏။

 

ဝမ်ချီ ထိတ်လန့်သွားသည်။ သူက အနောက်သို့ အမြန်ဆုတ်လိုက်မိသဖြင့် သူ့အနောက်မှလိုက်လာသော ကောင်လေးကိုပင် တိုက်မိသွားခဲ့၏။  

 

သူလှည့်ကြည့်လိုက်ချိန်တွင် ကောင်လေး၏ ထိတ်လန့်သော အကြည့်ကို တွေ့လိုက်ရသည်။

“သူပြန်လာပြီ …”


ဝမ်ချီ ပါးစပ်မဟရသေးမ္ ကောင်လေးက ဆက်ပြော၏။ 

“ဒီတောထဲမှာ ကျွန်တော်ကလွဲလို့ ခင်ဗျား ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး … ပြီးတော့ ခင်ဗျားက ဒီနေရာနဲ့လည်း မရင်းနှီးလို့ ဟွားကျစ်ချန် ခင်ဗျားကို ပြန်ဖမ်းချင်ရင် အလွယ်လေးဖမ်းနိုင်မှာပဲ …”

 

ဝမ်ချီက မျက်ဝန်းထဲရှိ ထိတ်လန့်မှုကိုပင် မဖုံးကွယ်နိုင်တော့ပေ။

“ဒါဆို ငါ…”

 

ကောင်လေးက မျက်နှာတည်ဖြင့် ပြောလိုက်သည်။

“ခင်ဗျား အဖမ်းမခံချင်ရင် ကျွန်တော့်နောက် လိုက်ခဲ့ပါ…”

 

ထိုသို့ပြောပြီးသည့်နောက် ကောင်လေးက ပြန်လှည့်ကာ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်လိုက်တော့သည်။

 

ဝမ်ချီက မူလနေရာ၌ ခဏကြာ ရပ်နေမိ၏။ ထို့နောက် အံကြိတ်ကာ ကောင်လေးနောက်သို့ လိုက်သွားရတော့သည်။

 

ကောင်လေးက လျင်မြန်စွာ လမ်းလျှောက်သွား၏။ သူက မကြာမီမှာပင် ဝမ်ချီ့အား လမ်းကျဉ်းလေးတစ်ခုထံသို့ ခေါ်ဆောင်သွားခဲ့သည်။ အိမ်အရှေ့ဘက်ရှိ မြေကွက်လပ်၌မူ ပေါင်းပင်များ ရှိနေပြီး အရည်ပျော်မကျသေးသည့် နှင်းခဲများသည်လည်း ထိုအပင်များပေါ်၌ နေရာယူလျက်ရှိ၏။

 

ကောင်လေးက အိမ်တစ်လုံးထံသို့ ဦးတည်သွားသည်။ သို့သော် ဝမ်ချီ လိုက်မလာကြောင်း သတိပြုလိုက်မိသည့်အခါ သူက အိမ်ရှေ့တွင်ရပ်လျက် နောက်ပြန်လှည့်ကြည့်လာ၏။

 

ဝမ်ချီက ကောင်လေးကို နားမလည်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းဒီမှာရှိနေမှန်း ဟွားကျစ်ချန် မသိဘူးမလား …”

 

ကောင်လေး၏ မျက်နှာက တစ်ချက်ပျက်သွားသည်။ သို့သော် သူက အမြန်ပြန်ပြင်လိုက်၏။ ထို့နောက် ပခုံးတွန့်ကာ ပြန်ဖြေလာသည်။

“ခင်ဗျား မြန်မြန်မှန်းနိုင်ခဲ့တာပဲ …”

 

ထိုစကားများကြောင့် ဝမ်ချီ ထိတ်လန့်သွားရလေသည်။

 

သူက ထိုကောင်လေး ချက်ချင်းဝန်ခံလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

 

အမှန်စင်စစ် ကောင်လေးက ဟွားကျစ်ချန်နှင့် တွေ့မည်ကို ဝမ်ချီ့ထက်ပင် ပို၍စိုးရိမ်နေခြင်းကြောင့် ဝမ်ချီ ထိုအချက်အား သတိပြုမိလိုက်ခြင်းသာ။

 

သူက အတည်ပြုရန်သာ မေးလိုက်ခြင်းဖြစ်၏။

 

“မင်းဒီမှာ တစ်ယောက်ထဲနေတာလား… မဟုတ်လောက်ပါဘူး… ဒီအိမ်က လူနေတဲ့ပုံလည်း မပေါ်ပါဘူး … ဟွားမိသားစုဝင်တွေရော … သူတို့က မင်းကို အရမ်းတန်ဖိုးထားတာလေ … သူတို့ဘာလို့ မင်းကို ဒီမှာတစ်ယောက်ထဲ နေခိုင်းခဲ့တာလဲ …”

 

ကောင်လေးက ဝမ်ချီအား မရှင်းပြတတ်ဖြစ်သွား၏။ ထို့ကြောင့် ဝမ်ချီ စကားဆုံးသည်နှင့် သူက လက်ယပ်ခေါ်လိုက်သည်။

“ခင်ဗျား အထဲဝင်လိုက်ရင် သိရလိမ့်မယ် ….”

 

ဝမ်ချီက မလှုပ်ခဲ့ပေ။

 

သူ့အား အဆိုပါ အခန်းထဲတွင် မည်သည့်အရာ စောင့်ဆိုင်းနေကြောင်း မသိချေ။

 

သို့သော် ယခုအခါ ကောင်းကင်မှာ မှောင်ရိပ်သမ်းနေပြီး တိမ်တိုက်များမှာလည်း ကောင်းကင်တစ်ခုလုံး ကြီးစိုးစပြုလာပြီဖြစ်၏။ ကြယ်ကလေးများပင်လျှင် မှိတ်တုတ်မှိတ်တုတ် ထွက်ပြူနေကြသည်။

 

ဝမ်ချီက ဤကဲ့သို့ မတိုးသာမဆုတ်သာ အခြေအနေမျိုးကို မရွေးချယ်သင့်ကြောင်း သိ၏။ စပ်စုသော ကြောင်သည် သေရတတ်သည်။ သူက သူနှင့်ကလေး၏ အသက်ကို စွန့်စားကာ ကောင်လေး ခေါ်ဆောင်သည့်အတိုင်း အိမ်ထဲသို့ ဝင်မသွားလိုချေ။

 

ထိုသို့တွေးပြီးနောက် ဝမ်ချီက ခေါင်းယမ်းလျက် နောက်ထပ်နည်းလမ်းရှာရန် ကြိုးစားလိုက်၏။

 

“ဝမ်ချီ… ခင်ဗျား ရှစ်ယဲ့အကြောင်း တကယ်ပဲ မသိချင်ဘူးလား…”

ကောင်လေး၏အသံက ဝမ်ချီ၏ ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်။ ကောင်လေး၏ ချစ်စဖွယ်ကောင်းကာ ပြစ်ချက်ကင်းသော မျက်နှာက ကောင်းကင်ရှိ အလင်းရောင်ဖျော့ဖျော့ တစ်ဝက်၊ မှောင်ရိပ်တစ်ဝက် စွန်းထင်းနေ၏။ သူက ဝမ်ချီအား မော့ကြည့်ကာ သွေးဆောင်လိုက်သည်။

“ရှစ်ယဲ့ရဲ့ အတွေ့အကြုံတွေ၊ ရှစ်ယဲ့ မိဘတွေ၊ ရှစ်ယဲ့ခန္ဓာကိုယ်ထဲက အဆိပ် … သူအဆိပ်မိနေတယ်ဆိုတာ ခင်ဗျားကို ပြောပြရဲ့လား … အဆိပ်က ဖြေဆေးမရှိဘူးလေ … သူက သေတော့မှာကို စောင့်နေရတာ …”

 

ဝမ်ချီက ထိတ်လန့်သွားကာ ကောင်လေးအား ကြည့်လိုက်သည်။

“မင်းဘာတွေသိထားလဲ...”

 

ကောင်‌လေးက ပြုံးလိုက်၏။

“ခင်ဗျား အထဲကို ရောက်ရင် သိလိမ့်မယ် …”

 

ဝမ်ချီက ရပ်မြဲရပ်နေခဲ့သည်။ သို့သော် ရှစ်ယဲ့အမည်အား ကြားချိန်၌ သူဆက်လက်၍ တွေးနိုင်စွမ်းမရှိတော့ပေ။ သူက သူပိုင်သည့် အိမ်တစ်လုံးကဲ့သို့ အိမ်ဟောင်းထံ အမြန်ဦးတည်လိုက်လေသည်။

 

အခန်းက မှောင်မဲနေပြီး အပျက်အစီးများ ပြည့်နှက်နေ၏။

 

သို့သော် ကောင်လေးက အခန်းတည်ဆောက်ပုံနှင့် အသားကျနေပြီးဖြစ်ရာ အမှောင်ထဲ၌ပင် အလွယ်တကူ လမ်းလျှောက်ဝင်နိုင်လေသည်။ သူက ဝမ်ချီအား အခန်းတစ်ခုပြီးတစ်ခု ဦးဆောင်ခေါ်သွားကာ ဖုန်ထူနေသည့် စာအုပ်စင်အရှေ့၌ ရပ်လိုက်၏။

 

ကောင်‌လေးက ဝမ်ချီအား ခဏရပ်စောင့်လိုက်သည်။ ထို့နောက် ဝမ်ချီ၏ အံ့အားသင့်နေသော အကြည့်အောက်၌ပင် စာအုပ်စင်၏ ငါးတန်းမြောက်အတန်းရှိ ညာဘက်အစွန်းမှ စာအုပ်ကို ယူလိုက်သည်။ အဆိုပါစာအုပ်ကို စာအုပ်ထူထူနှစ်အုပ်ဖြင့် ဖုံးကွယ်ခံထားရပြီး အခြားလူများဆိုပါက အလွယ်တကူ ရှာတွေ့နိုင်မည်မဟုတ်ပေ။

 

ကောင်လေး လက်ချလိုက်ချိန်၌ သူတို့အရှေ့ရှိ စာအုပ်စင်က ရုတ်တရက် အလယ်မှကွဲသွားခဲ့သည်။

 

စာအုပ်စင်အနောက်ဘက်တွင် လျှို့ဝှက်ခန်းတစ်ခု ရှိနေခဲ့သည်။

 

ဝမ်ချီက ကောင်လေးကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။

 

ကောင်လေးက ဝမ်ချီအား မေးတစ်ချက်ပင့်ပြပြီးနောက် အမှောင်ခန်းအတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့၏။

 

ဝမ်ချီသည်လည်း အနောက်မှ တွန့်ဆုတ်စွာ လိုက်ပါလာခဲ့လေသည်။



💮💮💮