Chapter 147
Viewers 35k

💮Chapter 147



ထိုကောင်လေးက ဝမ်ချီ၏ ဆိုးဆိုးရွားရွားတုံ့ပြန်ချက်ကြောင့် ကြောက်လန့်သွားပုံရပြီး အချိန်အတော်ကြာအောင် ကြက်သေသေနေပြီးမှ စကားပြန်ပြောလာသည်။

"ရှစ်ယဲ့သာမပါရင်... ဟွားကျစ်ချန်တစ်ယောက်တည်း ခင်ဗျားကို သူ့လောင်းရိပ်အောက်ကနေ ဆွဲထုတ်သွားနိုင်မယ်ထင်လား..."


ထိုစကားကြောင့် ဝမ်ချီဆွံ့အသွားသည်။ 


သူဘယ်သောအခါမှ ထိုအကြောင်းကို မတွေးဖူးခဲ့ပေ။ 


ပို၍ တိတိကျကျပြောရမည်ဆိုလျှင် ဟွားကျစ်ချန်၏နောက်ကွယ်တွင် ရှစ်ယဲ့ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ခြင်းပင်။ သို့သော် ကောင်လေး၏စကားကို နားထောင်ပြီးနောက် ချွန်ထက်သောဆူးတစ်ချောင်းက သူ့နှလုံးကို ထိုးဖောက်သွားသလို ရုတ်တရက်ခံစားလိုက်ရ၏။ 


သူ အနည်းငယ် နာကျင်သွားသည်။


သို့သော် ဝမ်ချီက သူ့စိတ်ထဲမှ မူမမှန်မှုကို ချုပ်တည်းလိုက်ပြီး ထိုကောင်လေးအား ပြတ်ပြတ်သားသားပြောလိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ... သူလည်းသူ့အပူနဲ့သူ သူ့အတွေးနဲ့သူရှိမှာပေါ့…"


သူ့စကားကြောင့် ကောင်လေးကအံ့ဩသွားသည်။

"ဟွားကျစ်ချန်ကို အောင်းနေတဲ့ဂူထဲက ထွက်လာအောင် ခင်ဗျားကိုငါးစာအဖြစ်သုံးပြီး မျှားခေါ်တာကို ဘာမှမခံစားရဘူးပေါ့လေ... ရှစ်ယဲ့က ခင်ဗျားကို အန္တရာယ်တွင်းထဲတွန်းချဖို့ ဝန်မလေးဘူးနော်... ပြီးတော့ ဟွားကျစ်ချန်ဆိုတာကလည်း လူကိုအချိန်မရွေးပြန်ကိုက်နိုင်တဲ့ ခွေးရူးတစ်ကောင်ဆိုတာ မမေ့နဲ့…"


"ဒါပေါ့...အဲဒါတွေကို ငါကောင်းကောင်းသိတာပေါ့… ဒါပေမဲ့ အဲဒီကိစ္စတွေကြောင့်နဲ့တော့ ငါသူ့အပေါ်မြင်တဲ့အမြင်နဲ့အတွေးကို​ ပြောင်းပစ်မှာမဟုတ်ဘူး...ဘာအကျိုးသက်ရောက်မှုမှမရှိနိုင်ဘူး…"

ဝမ်ချီ ရိုးရိုးသားသားပြန်ပြောလိုက်သည်။


ထိုစကားအဆုံး ဝမ်ချီတစ်ခဏမျှရပ်သွားကာ စကားလုံးပြောင်းလိုက်သည်။

"ငါသူ့အပေါ်ထားတဲ့အချစ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး...."


ကောင်လေး "......."


သူ့စကားအဆုံး ကောင်လေးက မဖြစ်နိုင်သည့်စကားတစ်ခွန်းကို ကြားလိုက်ရသကဲ့သို့ မျက်လုံးများပြူးကျယ်သွားကာ သူ့ကိုမယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လာသည်။ ထို့နောက် အံ့ဩတွေဝေစွာဖြင့် ပြောလာပြန်၏။

"ခင်ဗျားက ရှစ်ယဲ့ကို တကယ်ချစ်နေတဲ့ပုံပဲ..."


ဝမ်ချီလည်း ထိုကောင်လေးကိုပြန်မေးလိုက်သည်။

"လူတစ်ယောက်ကို ဟန်ဆောင်ချစ်ပြနေဖို့ ဖြစ်နိုင်လို့လား..."


ကောင်လေးက ရေခဲခေါင်းတလားထဲတွင် လှဲလျောင်းနေသည့် မိဖုရားဟွားကို ငေးကြည့်နေသည်။ မှတ်ဥာဏ်ဆိုးများက သူ့ခေါင်းထဲတွင် တရိပ်ရိပ်ပြန်ပေါ်လာ၏။ ဟွားရင်း၏ စိတ်ရူးပေါက်နေသောမျက်နှာက သူ့မျက်စိရှေ့တွင်တဖြည်းဖြည်း ရှင်းလင်းပြတ်သားလာသဖြင့် ထိုပုံဆိုးပန်းဆိုးမျက်နှာကြီး ပျောက်ကွယ်သွားစေရန် မျက်မှောင်ကြုတ်ကာ မျက်လုံးမှိတ်လိုက်မိသည်။


"ဒီလောကမှာရှိနေတဲ့ အရာတွေအကုန်လုံးက  အတုအယောင်တွေ ဖြစ်နေနိုင်တယ်... အိမ်ရှေ့စံမင်းသားရဲ့သရုပ်မှန်တောင်မှ အတုအယောင်ဖြစ်နိုင်တယ်... ဒါပေမဲ့ လူတစ်ယောက်ကို ချစ်တဲ့အချစ်ကတော့ အတုအယောင်မဖြစ်နိုင်ပါဘူး..."

ဝမ်ချီလည်း ဆက်မပြောတော့ဘဲ တစ်ဖက်သို့လှည့်ကာ အပြင်ထွက်ရန်ပြင်လိုက်သည်။


"နေဦး..."

ကောင်လေး၏အသံက သူ့နောက်ကျောဆီမှထွက်ပေါ်လာပြန်သည်။


သို့သော် ဝမ်ချီထပ်ပြီးမစောင့်ချင်တော့ပေ။ ရှစ်ယဲ့နှင့်တွေ့ရန်အတွက် သူထပ်ပြီး မစောင့်နိုင်တော့ပေ။ စိတ်မရှည်မှုက သူ့ရင်ဘတ်ထဲမှ ပေါက်ထွက်လာတော့မည့်နှယ်ဖြစ်နေသည်။ သို့သော်တစ်ခဏမျှ တုံ့ဆိုင်းတွေဝေနေပြီးနောက်  သူ့ခြေလှမ်းများကို ရပ်လိုက်သည်။


"ကျွန်တော် စကားပြောလို့မပြီးသေးဘူး..."

အနှီကောင်လေးက ဝမ်ချီအား စိတ်ရှုပ်ထွေးနေသောမျက်ဝန်းများဖြင့်စိုက်ကြည့်ပြီး ပြောလာသည်။ 

"ရှစ်ယဲ့က မာနကြီးပြီး အထက်စီးဆန်တဲ့သူ...ကိစ္စတစ်ခုကို မသေချာဘဲနဲ့ ဘယ်တော့မှလုပ်မဲ့လူစားမျိုး မဟုတ်ဘူး... ဒါပေမဲ့ အခုအခြေအနေမှာ ဟွားကျစ်ချန်နဲ့တခြားသူတွေကို တတ်နိုင်သလောက်မြန်မြန်မိဖို့ ခင်ဗျားကိုအန္တရာယ်တွင်းထဲပို့နေတာ... သူတစ်ခုခုကို အရမ်းစိုးရိမ်နေလို့ဖြစ်မယ်... သူ ဘာကိုစိုးရိမ်နေလဲဆိုတာ ခင်ဗျား ခန့်မှန်းမိပြီးသားမဟုတ်လား…"


ထိုကောင်လေး၏စကားကို ဝမ်ချီ နားလည်သယောင်ယောင်ရှိသော်လည်း အမှန်တွင် တိတိပပနားမလည်ပေ။


ကောင်လေး၏မျက်လုံးထဲတွင် သနားဂရုဏာသက်နေသည့်အရိပ်အယောင်များကို မြင်နေရသည်။

"သူ့အချိန်ကုန်တော့မယ်ဆိုတာ သူသိသင့်တယ်..."


ထိုစကားလုံးများက ဝမ်ချီကိုဖြတ်တိုက်သွားသည့် အေးစက်နေသော လေပွေကဲ့သို့ပင်။ တစ်ကိုယ်လုံး ကြက်သီးများပင်ထလာရသည်။


ဝမ်ချီ ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးအေးစက်ပြီး မလှုပ်မယှက် ရပ်နေမိသည်။ ခြေလက်များက ရေခဲတမျှအေးစက်နေသည်မှာ သူ့အားအသိစိတ်လွတ်သွားစေနိုင်သည်။


အချိန်အတော်ကြာပြီးနောက် ဝမ်ချီက အေးစက်တောင့်ခဲနေသည့် သူ့လက်ချောင်းများကို အနည်းငယ်ရွှေ့လိုက်ပြီး ထိုကောင်လေးကို တိုးလျစွာကျေးဇူးတင်ရင်း တုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်လာခဲ့သည်။ 


ဝမ်ချီဆိုသည်မှာ လမ်းနှင့်ပတ်သတ်လာလျှင် မည်သည့်လမ်းကဝင်ပြီး မည်သည့်လမ်းကထွက်ရမှန်း မသိသောလူမျိုးဖြစ်သည်။ ဤလျှို့ဝှက်အခန်းထဲတွင်တစ်နေကုန်တစ်နေခမ်း လှည့်လည်သွားလာနေလျှင်ပင် အထွက်လမ်းကို တွေ့နိုင်မည်မဟုတ်ချေ။ သို့သော် ယနေ့မူ အသက်ရှူအောင့်ရင်း တည့်တည့်သာလျှောက်လာခဲ့သည်။ 


မိနစ်သုံးဆယ်ခန့်ကြာပြီးသည့်နောက် သူ လျှို့ဝှက်ခန်းအပြင်သို့ အောင်မြင်စွာထွက်လာနိုင်ခဲ့၏။


အပြင်ဘက်တွင် ညနက်နေပြီဖြစ်သည်။


အပေါ်မော့ကြည့်လိုက်သောအခါ ညကောင်းကင်ယံက အနက်ရောင်နှင့်အပြာရောင် ရောနှောခြယ်သထားပြီး တစ်စုံတစ်ယောက်က စစ်တုရင်ခုံကို မတော်တဆမှောက်လှန်လိုက်မိသကဲ့သို့ ရေတွက်မရအောင် များပြားလှသောမျက်လုံးလေးများနှယ် ကြယ်ကလေးများက မှိတ်တုတ်မှိတ်တုတ်လင်းလက်နေ၏။


နွေဦးရာသီရောက်လာပြီဖြစ်သောကြောင့် ယနေ့ညကောင်းကင်ယံက မြှူမှုန်အားလုံးကို ရှင်းထုတ်ထားသည့်နှယ် ကြည်လင်ပြတ်သား ရှင်းလင်းနေသည်။


ဝမ်ချီ အသက်ပြင်းပြင်းရှုကာ လျှို့ဝှက်ခန်းနံရံပေါ်မှ ယူလာသည့် မီးတုတ်ကိုမြှောက်လိုက်ပြီး ခြေထောက်ကိုမြေပြင်ပေါ်သို့ ခပ်ဖွဖွနင်းလိုက်ကာ မလှမ်းမကမ်းတွင်ရှိနေသည့် နံရံထိပ်ပေါ်သို့ ပျံတက်သွားလိုက်သည်။ 


နံရံအမြင့်ပေါ်တွင် ရပ်နေသောကြောင့် သူ့အမြင်အာရုံနှင့်မြင်ကွင်းက ပိုကျယ်လာသည်။ သို့သော် လက်ယာဘက်တွင် အမှောင်ထုကိုသာတွေ့ရပြီး လက်ဝဲဘက်တွင်မူ မီးတောက်တစ်ခုကိုသာ တွေ့ရ၏။ 


ထို့ကြောင့် ထိုမီးရှိရာသို့ သူ တည့်တည့်ပြေးသွားလိုက်သည်။ 


ဤစွန့်ပစ်ထားသောအိမ်ကြီးက စက်ယန္တရားများ၊ ဥမင်လှိုဏ်ခေါင်းများဖြင့် ပြည့်နှက်နေသော်လည်း အိမ်၏အပေါ်ယံမျက်နှာပြင်မှာမူ မကျယ်ဝန်းပေ။ မျက်စိတစ်မှိတ်အတွင်း ဝမ်ချီက ကိုယ်ဖော့စွမ်းရည်ကိုအသုံးပြုပြီး မီးတောက်ဆီသို့ရောက်အောင်သွားလိုက်သည်။  


ထိုမီးတောက်ဆီသို့ ချဥ်းကပ်သွားစဉ် တပ်သားများက ခြံဝင်းတစ်ခုလုံးအား ဝန်းရံထားသည်ကို ဝမ်ချီသတိထားမိလိုက်သည်။ ၎င်းတို့၏လက်ထဲတွင် မီးတုတ်တစ်ခုစီကိုကိုင်ထားပြီး မလှမ်းမကမ်းတွင်ရှိသောအိမ်ကို စောင့်ကြည့်နေကြသည်။ 


၎င်းတို့ကြည့်နေသည့်နေရာကို ဝမ်ချီလိုက်ကြည့်မိသောအခါ ခြံဝင်းအလယ်တွင်ရှိနေသောအိမ်က မီးလောင်နေသည်ကိုတွေ့လိုက်ရသည်။


မီးဟုန်းဟုန်းတောက်လောင်နေခြင်းပင်။ 


ဖြူလွှလွှမီးတောက်က တပ်သားများ၏မျက်နှာပေါ်တွင်ရောင်ပြန်ဟပ်နေသည်။ အထက်လူကြီးများထံမှ အမိန့်မရသေးသောကြောင့် လက်အောက်ခံတပ်သားများမှာ လက်ရဲဇက်ရဲ ဝင်မလုပ်ရဲကြပေ။ သူတို့အားလုံး ကြက်သေသေနေကြသည်။ 


အိမ်တစ်ခုလုံးကိုဝါးမျိုပြီး တောက်လောင်နေသောမီးက  အစောက သူနံရံပေါ်တွင်ရပ်နေစဉ် ​လှမ်းမြင်လိုက်ရသည့်မီးတောက်ဖြစ်နေမည်ဟု ဝမ်ချီ မထင်မိပေ။ သူအပြေးလာနေခိုက် မီးက ကူးစက်ပြန့်နှံ့သွားပုံပေါ်သည်။ 


မကောင်းသောနိမိတ်လက္ခဏာတစ်ခုကဲ့သို့ စိတ်ထင့်နေမိသောကြောင့် ဝမ်ချီ အလိုအလျောက်အရှိန်မြှင့်ကာ မီးလောင်နေသောအိမ်ရှိရာသို့ ပြေးသွားမိသည်။ အိမ်အနားသို့မရောက်မီတွင် တမြေ့မြေ့တောက်လောင်နေသောမီးက အိမ်တစ်ခုလုံးကို ရစ်ပတ်ဝါးမျိုနေပြီး အမှောင်ဖုံးနေသည့်ကောင်းကင်ယံတစ်ဝက်ခန့်ကို အလင်းပေးတော့မည့်နှယ် မီးတောက်များက ညလေပြည်နှင့်အတူ ယိမ်းနွဲ့ကခုန်နေ၏။


အဲဒီအိမ်.....


ထိုအိမ်က သူနှင့်ရင်းနှီးနေသည်ဟု ဝမ်ချီခံစားမိသည်။ 


သူမျက်လုံးမှေးကျဥ်းပြီး ကြည့်လိုက်သောအခါ ထိုအိမ်က ဟွားကျစ်ချန် သူ့ကိုအကျဥ်းချခဲ့သည့် လျှို့ဝှက်ခန်းရှိနေသောအိမ်ဖြစ်နေသည်။


ထိုအိမ်မှ ကောင်လေးနှင့် ထွက်ပြေးလွတ်မြောက်လာခဲ့စဥ်က အိမ်အနီးပတ်ဝန်းကျင်ကို သူ အသေအချာအာရုံစိုက်ပြီး ကြည့်ခဲ့မိသဖြင့် အိမ်၏ညာဘက်တွင်ရှိနေသော အရိပ်ရ၍ နားခိုနိုင်သည့် စွန့်ပစ်ထားသော အဆောက်အအုံအသေးလေးတစ်ခုကိုလည်း သူသတိထားမိသည်။ 


ဝမ်ချီ၏ စိတ်ထင့်နေသောခံစားချက်က ပိုပိုပြီးပြင်းထန်လာသည်။ ထိုအိမ်ဆီသို့ သူဆက်ပြီးလျှောက်သွားရန်ပြင်နေချိန်တွင် အနက်ရောင်အရိပ်တစ်ခု​က သူ့မြင်ကွင်းအာရုံအစွန်အဖျားမှ လျှပ်တစ်ပြက်ပေါ်လာသည်။ သူဘာမှမလုပ်နိုင်မီတွင် သူ့ပခုံးကို လက်တစ်ဖက်က ရိုက်ချလိုက်သည်။ 


ထိုလူ၏ရိုက်ချက်က အားပါလွန်း၍ ဝမ်ချီ၏ခန္ဓာကိုယ်ပေါ်သို့ သူ့ကိုယ်ပါ ရုတ်တရက်ကျလာသောကြောင့် ဝမ်ချီအနောက်သို့ယိုင်သွားပြီး လဲကျတော့မလိုဖြစ်သွားသည်။ 


ကံကောင်းစွာဖြင့် သူ့ကိုယ်သူအချိန်မှီဟန်ချက်ထိန်းနိုင်လိုက်သည်။


ဝမ်ချီ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မှင်သေသေမျက်နှာဖြင့် တစ်ဖက်သို့လှည့်လိုက်သည်။ 


တစ်စုံတစ်ခုက သူ့မြင်ကွင်းကို ကွယ်ထားသောကြောင့် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သို့သော် သူ့နောက်ရှိအရိပ်ထဲတွင် ရပ်နေသူက သူနှင့်အရပ်အတူတူလောက်ဖြစ်မည်ကို ဝမ်ချီခန့်မှန်းမိသည်။


ဝမ်ချီ ထိုလူ့ကိုရှောင်ချင်သော်လည်း ထိုလူက သူ့ကိုအလွတ်ပေးမည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ဝမ်ချီ အံကြိတ်ကာပြောလိုက်သည်။

"လွှတ်ပေး..."


သို့သော် ထိုလူက သူ့စကားကိုမကြားချင်ယောင်ဆောင်နေသည်။ 


ဝမ်ချီက အရေးပေါ်အခြေအနေရောက်နေသော်လည်း ထိုလူများနှင့် ပဋိပက္ခမဖြစ်လိုပေ။ ရှစ်ယဲ့ကိုသွားရှာရန် သူစိတ်လောနေချိန်တွင် သူ့အနောက်မှလူ၏အသံကိုရုတ်တရက် ကြားလိုက်ရသည်။

"ဝမ်သခင်လေး...ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ..."




💮💮💮