Chapter 149
Viewers 35k

💮Chapter 149



"အင်း...ကိုယ်ကြားထားတယ်..."

ရှစ်ယဲ့က ပြန်ပြောသည်။


ရှစ်ယဲ့၏လက်ဖဝါးမှ တစ်စက်စက်ကျနေသော ချွေးစေးများကြောင့်သာမဟုတ်လျှင် ယခုအခိုက်အတန့်တွင် ရှစ်ယဲ့တစ်ယောက် ယခင်အတိုင်း တည်ငြိမ်အေးဆေးနေသည်ဟု ဝမ်ချီထင်မိနိုင်သည်။


သို့သော် ယခုထိ တည်ငြိမ်အေးဆေးချင်ယောင်ဆောင်နေသော ရှစ်ယဲ့​ကြောင့် ဝမ်ချီရယ်ချင်စိတ်ဖြစ်သွားကာ ရှစ်ယဲ့၏လက်ကို တင်းတင်းကျပ်ကျပ် ဖျစ်ညှစ်လိုက်မိသည်။

"ခင်ဗျားရဲ့တုံ့ပြန်ချက်က အေးအေးစက်စက်ကြီးပါလား..."


ရှစ်ယဲ့က သူ့အမေးကို မည်သို့မည်ပုံပြန်ဖြေရမည်မှန်းသိပုံမရပေ။ သူ့ဘက်လှည့်လာပြီး သူ့ကိုတစ်ချက်ကြည့်၍ "အင်း" ဟုသာပြန်ဖြေပြန်သည်။


ဝမ်ချီ မျှော်လင့်တကြီးစောင့်ဆိုင်းနေခဲ့သော်လည်း ရှစ်ယဲ့ထံမှ "အင်း" ဟူသောစကားတစ်ခွန်းကိုသာကြားလိုက်ရသောကြောင့် ရှစ်ယဲ့၏ လက်ဖဝါးကို မချင့်မရဲကုတ်ခြစ်လိုက်သည်။


နောက်ဆုံးတွင် ရှစ်ယဲ့က သူ၏ဂနာမငြိမ်ဖြစ်နေသော လက်ကို ဆွဲယူလိုက်သည်။ 


"အဲဒီသတင်းကို ကြားတဲ့အချိန်တည်းက ကိုယ်တစ်ညလုံးအိပ်မရခဲ့ဘူး...ပြီးတော့အနာဂတ်မှာ ကလေးလေးအတွက်ဘယ်လမ်းကြောင်းရွေးရမလဲဆိုတာပါ စဥ်းစားနေတာ..."


ရှစ်ယဲ့၏စကားကို ကြားလိုက်ရသောအခါ ဝမ်ချီ ကြက်သေသေသွားသည်။ ထို့နောက် ကွေးတက်သွားသော နှုတ်ခမ်းစွန်းတို့နှင့်အတူ ကျောက်တုံးတစ်တုံးက သူ့ရင်ဘတ်ထဲမှလျှောကျသွားသကဲ့သို့ သက်ပြင်းချလိုက်မိသည်။ 


ရုတ်တရက် စိတ်အေးသွားခြင်းက သူ့ကိုမသက်မသာဖြစ်စေသည်။


ဝမ်ချီမေးလိုက်သည်။

"တကယ်ကြီးလား...ဘယ်လိုလမ်းကြောင်းမျိုးကိုစဥ်းစားထားတာလဲ..."


သူ့စကားအဆုံး ရှစ်ယဲ့က မျက်မှောင်ကြုတ်ကာ တစ်ခဏမျှစဥ်းစားနေပြီးမှ ပြန်ပြောလာသည်။

"ယောကျာ်းလေးဆိုရင်တော့ ကိုယ်တို့တွေ သူ့အတွက် အရမ်းလွယ်ကူတဲ့လမ်းကြောင်း ရွေးပေးလို့မဖြစ်ဘူး..."


ဝမ်ချီထပ်မေးလိုက်သည်။

"ဒါဆိုရင်...မိန်းကလေးဆိုရင်ရော..."


ဤတစ်ကြိမ်တွင် ရှစ်ယဲ့က သူ့ကိုနူးနူးညံ့ညံ့ငုံ့ကြည့်လာသည်။

"သူလိုချင်တာ အကုန်လုပ်ပေးမှာပေါ့..."


ဝမ်ချီ ဝမ်းသာအားရပြန်ပြောလိုက်သည်။

"တခြားသူတွေက သမီးမိန်းကလေးထက် သားယောကျာ်းလေးကိုပိုပြီးမျက်နှာသာပေးကြတာ...ခင်ဗျားကျတော့ ဘယ်လိုဖြစ်ပြီး သမီးမိန်းကလေးကို ပိုပြီးမျက်နှာသာပေးရတာလဲ..."


ရှစ်ယဲ့က ခေါင်းခါသည်။

" တကယ်တော့ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်...ကိုယ်ဂရုမစိုက်ပါဘူး…"


ဝမ်ချီ မေးလိုက်သည်။

"အဲဒါဆိုရင် ဘယ်သူ့ကိုဂရုစိုက်တာလဲ..."


ရှစ်ယဲ့က တစ်ခဏမျှတန့်သွားသည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ့လက်ကိုလွှတ်ကာ သူ့အားပွေ့ဖက်လာ၏။ ထို့နောက် အားအနည်းငယ်သုံးကာ ဝမ်ချီကိုသူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ 


ဝမ်ချီကလည်း မတ်မတ်မရပ်နေဘဲ သူ့ခန္ဓာကိုယ်ကို ရှစ်ယဲ့ရင်ခွင်ထဲ ပစ်ဝင်လိုက်၏။ သူ မတ်မတ်ရပ်ရန်ပြင်လိုက်ချိန်တွင် ရှစ်ယဲ့၏လေငွေ့နွေးနွေးကို ခံစားလိုက်ရသည်။ 


"ကိုယ်ဂရုအစိုက်ဆုံးလူက...သေချာပေါက် မင်းပဲပေါ့..."

ရှစ်ယဲ့က သူ့နားအနားတိုးကပ်ကာ ပြောလာသည်။


ဝမ်ချီ: "......."


ရှစ်ယဲ့ အသက်ရှူလိုက်သည့်လေငွေ့က အံ့အားသင့်စရာကောင်းလောက်အောင် အပူချိန်မြှင့်နေ၍ ဝမ်ချီ၏နားရွက်များပင် ချက်ချင်းဆိုသလိုပူနွေးလာရသည်။


ဝမ်ချီ သူ့မျက်နှာသူမမြင်ရသော်လည်း မျက်နှာတစ်ခုလုံးနှင့်နားရွက်ဖျားများမှာ နီရဲပူထူနေမည်ကိုသူခန့်မှန်းမိသည်။ 


သူဘာမှမပြောနိုင်မီ ဘေးဘက်မှ ရှက်ကိုးရှက်ကန်း ချောင်းဟန့်နေသည့် အသံတစ်သံကို ဝမ်ချီကြားလိုက်ရသည်။


စစ်သူကြီးလင်းက ဘေးတွင်စောင့်ကြည့်နေသေးသည်ကို သိလိုက်ရသောအခါ ဝမ်ချီ အနည်းငယ်လန့်သွားသည်။


နီမြန်းနေသောမျက်နှာနှင့် ဝမ်ချီ တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ စစ်သူကြီးလင်း၏ အနေရခက်ပြီး ကို့ရို့ကားယားဖြစ်နေသော မျက်လုံးတို့နှင့် အကြည့်ချင်းဆုံလေသည်။


"အရှင့်သား..."

စစ်သူကြီးလင်းက အရိုအသေပေးပြီးပြောလာသည်။ 



"အင်း..."

ရှစ်ယဲ့က ဝမ်ချီထက်ပိုပြီး အရှက်အကြောက်ကင်းကာ  အရေထူသည့်လူစားမျိုး ဖြစ်သည်။ ယခုလည်း ဘာမှမဖြစ်သည့်ဟန်ဖြင့် စစ်သူကြီးလင်းအား အမိန့်ပေးနေပြန်သည်။

"သူအထဲမှာရှိသေးတယ်...သွားရှာခဲ့..."


"ဟုတ်ကဲ့ပါ..."

စစ်သူကြီးလင်းက အတော်လေး ထွက်သွားချင်နေသည့်နှယ် ရှစ်ယဲ့ကို အရိုအသေပေးပြီး မြင်ကွင်းမှ အမြန်ပျောက်ကွယ်သွားတော့သည်။


စစ်သူကြီးလင်းထွက်သွားသည်နှင့် ဝမ်ချီလည်း သူနှင့်ကောင်လေးတို့ လျှို့ဝှက်ခန်းထဲတွင် မြင်တွေ့ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာအကုန်အစင်ကို ရှစ်ယဲ့အား ပြန်ပြောပြလိုက်သည်။ 


ရှစ်ယဲ့၏မျက်နှာအမူအရာမှာ သုန်မှုန်နေပြီး ကိစ္စအားလုံးကို ဝမ်ချီပြောပြလိုက်သောအခါ မျက်နှာထားမှာ ယခင်ကထက်ပင် ပို၍ဆိုးရွားသွားတော့သည်။ 


မအီမသာခံစားချက်တို့က ဝမ်ချီ၏စိတ်ထဲတွင် တစ်ဖန်ဝင်ရောက် နေရာယူလာပြန်သည်။ ဟွားရင်း အဆိပ်ခတ်လိုက်သည့်ကိစ္စနှင့်ပတ်သတ်ပြီး ရှစ်ယဲ့အား မေးကြည့်ချင်မိသော်လည်း ယခုအချိန်က ထိုကိစ္စကိုမေးရန် အချိန်ကောင်းမဟုတ်ကြောင်း သူသိလိုက်သည်။ စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကြောင့် ဝမ်ချီက ရှစ်ယဲ့၏ခါးကို မသိစိတ်ဖြင့် အလိုလို တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်မိသည်။


ရှစ်ယဲ့က သူ့လက်ဖဝါးထဲတွင် အချိန်မရွေးမျောလွင့်သွားနိုင်သည့် စွန်လေးတစ်ခုပမာ ဝမ်ချီ မလွတ်စတမ်း တင်းကျပ်စွာဖက်ထားလိုက်၏။


ရှစ်ယဲ့က သူ့စိတ်ကိုသိပုံရ၍ သူ့ဆံနွယ်လေးကို ပွတ်သပ်ပေးရင်းပြောလာ၏။

"လမ်းမှတ်မိသေးလား..."


ဝမ်ချီ ခေါင်းညိတ်လိုက်သည်။

"အင်း...မှတ်မိပါတယ်..."


မကြာသေးမီက လျှို့ဝှက်အခန်းထဲမှ ထွက်လာခဲ့ရာ နောက်တစ်ခေါက်ထပ်လာရနိုင်ခြေရှိသောကြောင့် လမ်းကြောင်းများကိုမှတ်သားထားခဲ့သည်။ သို့သော် နောက်တစ်ကြိမ်ပြန်ဝင်ရန် ပြင်သောအခါ သူလမ်းပျောက်သွားပြန်သည်။ 


ထိုအခါမှ စွန့်ပစ်ထားသောထိုအိမ်ကြီးက အလွန်တရာကြီးမားကျယ်ဝန်းပြီး ခြံဝန်းတစ်ခုလုံးရှိ လမ်းကြောင်းများကတူညီနေကာ အပြင်ဘက်မှ ပန်းပင်များ၊ သီးပင်စားပင်များနှင့် သစ်ပင်များမှာလည်း အားလုံးနီးပါးသဏ္ဍာန်တူနေ၏။ 


သဏ္ဍာန်တူနေသည့် လမ်းကြောင်းများကြားတွင် ဝမ်ချီ တဖြည်းဖြည်းလမ်းပျောက်သွားခဲ့ပြီး နောက်ဆုံးတွင် မတတ်သာသည့်အဆုံး ဆက်မသွားတော့ဘဲ ရပ်လိုက်ရသည်။


ညအမှောင်ထုက ပတ်ဝန်းကျင်တစ်ခွင်ကို စိုးမိုးထားပြီး လရောင်ကလည်း ဝိုးတဝါးထွန်းလင်းနေ၏။


မီးတုတ်ထံမှအလင်းရောင်က အမှောင်ထုကို အစွမ်းကုန်ဖြိုခွင်းနေသော်လည်း လမ်းကြောင်းတစ်ခုနှင့်တစ်ခုအကြား  သူ မခွဲခြားနိုင်သေးချေ။ 


အနှီကောင်လေးအား အပြင်မခေါ်ထုတ်မိခြင်းကို သူအတော်လေးနောင်တရနေမိသည်။


ဤသို့ဖြစ်မည်ကို ရှစ်ယဲ့က ကြိုတင်မျှော်လင့်ထားပုံရပြီး စိတ်ပျက်လက်ပျက်ဖြစ်ပုံမပေါ်ချေ။ ရှေ့ထွက်လာပြီး သူ့ခေါင်းကို စိတ်အေးလက်အေး ပွတ်သပ်ပေးနေသည်။ 


ဝမ်ချီမှာလည်း ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ခေါင်းလေးညွှတ်ကျသွားသည်။

"တောင်းပန်ပါတယ်... ကျွန်တော် မကူညီနိုင်ပြန်ဘူး…"


"မင်း ကိုယ့်ကိုအများကြီးကူညီခဲ့ပြီးပါပြီ...အဲဒီနေရာက ဒီမှာတကယ်ရှိနေတယ် ဆိုတာကို မင်းကြောင့်ကိုယ်သိခဲ့ရတာ..."

ရှစ်ယဲ့က ပြောလာသည်။


ရှစ်ယဲ့၏စကားကိုနားထောင်ပြီးနောက် ဝမ်ချီ၏ခေါင်းထဲတွင် ကောင်ငယ်လေး၏စကားကို ထူးထူးဆန်းဆန်းပြန်ကြားယောင်လာသည်။


ဤလောကတွင်တိုက်ဆိုင်မှုများက များများစားစားမရှိဟု ထိုကောင်လေးက ပြောခဲ့ဖူးသည်။ ထို့အပြင် ဟွားကျစ်ချန်က ရှစ်ယဲ့နှင့်သူ့လူများ၏လောင်းရိပ်အောက်မှ ဝမ်ချီအားခေါ်ထုတ်သွားနိုင်လောက်သည်အထိ အရည်အချင်းရှိသူမဟုတ်ချေ။ 


ကိစ္စအားလုံးက ရှစ်ယဲ့၏ အကွက်ကျကျစီစဥ်ထားမှုများပင် ဖြစ်သည်။


ထိုသို့တွေးမိသောအခါ ဝမ်ချီ၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။


ဝမ်ချီ ရှစ်ယဲ့ကိုမရည်ရွယ်ဘဲကြည့်လိုက်မိသည်။


ရှစ်ယဲ့၏အကြည့်တို့က မူလတည်းက ဝမ်ချီထံတွင်သာရှိနေသောကြောင့် ဝမ်ချီ၏ ရုတ်ချည်းပြောင်းလဲသွားသော မျက်နှာအမူအရာကို သေချာပေါက်သတိထားမိလိုက်သည်။ သို့သော် ဘာမှမမြင်လိုက်သည့်နှယ် ဝမ်ချီအား မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."


ဝမ်ချီစကားပြောရန်ပြင်လိုက်သော်လည်း လျှာဖျားမှထွက်ကျလာတော့မည့် စကားလုံးများကို တိတ်တဆိတ်ပြန်လည်မျိုသိပ်ထားမိသည်။ 

"ဘာမှမဖြစ်ပါဘူး...."


ဝမ်ချီက စိတ်မကြည်မသာဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

"ဒါနဲ့...အိမ်မီးလောင်တာက ဘယ်လိုဖြစ်တာလဲ…"


ဝမ်ချီ၏အမေးကို ရှစ်ယဲ့ပြန်ဖြေလုဆဲဆဲအချိန်တွင် တပ်သားတစ်ဦးက အလောတကြီးပြေးလာပြီး အဆောတလျင်အစီရင်ခံသည်။

"အရှင့်သား...အဲဒီလူကို ရှာတွေ့ပါပြီ…"


အိမ်ကြီးဆီသို့ ရှစ်ယဲ့နှင့်ဝမ်ချီတို့ အပြေးရောက်သွားရာ တဟုန်းဟုန်းလောင်နေသည့် မီးတောက်ကြီးမှာ အရှိန်သေ၍ ငြှိမ်းလုနီးပါးဖြစ်နေပြီဖြစ်သည်။ တပ်သားများကလည်း မီးလောင်ဒဏ်ရာများရထားသည့်လူတစ်ယောက်ကို အိမ်ထဲမှဆွဲထုတ်လာသည်။ 


ထို့နောက် ထိုလူကိုမြေကြီးပေါ်သို့ ပစ်ချလိုက်ကြသည်။


ထိုလူမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပုံပေါ်ပြီး မြေပြင်ပေါ်မှ အကြိမ်ကြိမ်အခါအခါ ကုန်းရုန်းထကြည့်သော်လည်း အချည်းနှီးသက်သက်သာဖြစ်၍ လက်မှိုင်ချကာ မြေကြီးပေါ်သို့ ပြန်ပြန်လဲကျသွားသည်။ 


ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများဖြင့်ပြည့်နေသော်လည်း ထိုလူကို ဝမ်ချီ ချက်ချင်းတန်းမှတ်မိသည်။ ထိုလူက ဟွားကျစ်ချန်ပင်။


ဟွားကျစ်ချန် တစ်ဖက်သို့လှည့်လာသောအခါ သူ့မျက်လုံးအကြည့်တို့က ရှစ်ယဲ့ထံသို့ရောက်သွားသည်။


တစ်ခဏမျှကြာပြီးနောက် အက်ကွဲနေသည့်လေသံဖြင့်ခပ်ဖွဖွရယ်သည်။ သဲမှုန်နှင့် ကျောက်တုံးကျောက်ခဲများ ပါးစပ်ထဲဝင်ကုန်၍ သူ့အသံက မပီပြင်ဝိုးတဝါးဖြစ်နေပြီး နဂိုမူလအသံကိုပင် မကြားရတော့ချေ။

"မင်း သိသွားတာပဲ..."


ရှစ်ယဲ့က အေးစက်စက်ပြန်ပြောသည်။

"ငါက အထဲမှာပဲပုန်းနေပြီး သေဖို့စောင့်နေတဲ့မင်းလို တုံးအတဲ့ကောင်မဟုတ်ဘူး...."


ဟွားကျစ်ချန်က တစ်ခဏမျှတိတ်ဆိတ်သွားကာ ရုတ်တရက် စည်းလွတ်ဝါးလွတ်ရယ်နေပြန်သည်။ အချိန်အတော်ကြာအောင် တရစပ်ရယ်နေပြီးနောက် အသက်ကိုမနည်းလုရှူကာ တဖြည်းဖြည်းရပ်သွားသည်။ ထို့နောက် ရှစ်ယဲ့အား လှောင်ပြောင်သရော်သည့်အကြည့်ဖြင့် ကြည့်လာသည်။ 

"မင်းက မင်းရဲ့ကိုယ်ပိုင်ဘဝကို ပိုပြီးဂရုစိုက်တဲ့ပုံပဲနော်..."


မီးခိုးမှိုင်းများဖြင့် ပေပွနေသည့် ဟွားကျစ်ချန်၏မျက်နှာကို ရှစ်ယဲ့က ဘာမထီဟန်ဖြင့် ပြန်စိုက်ကြည့်သည်။ မီးရောင်က သူ့မျက်နှာတွင် ရောင်ပြန်ဟပ်ကာ ကူးလူးနေသဖြင့် ခံစားချက်အစစ်အမှန်ကို ခွဲခြားမသိနိုင်ချေ။


"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်...အဲဒီကောင်လေးသေရင် ဒီထဲမှာပဲသေမှာပဲ...နောက်ဘဝရောက်ရင်တောင် မင်းသူ့အလောင်းကို ရှာလို့ရမှာမဟုတ်ဘူး…"


ဟွားကျစ်ချန်က ပျော်မြူးနေသည့် ကလေးလေးတစ်ယောက်ကဲ့သို့ ရွှင်ပျစွာပြုံးလာသည်။ 

"ရှစ်ယဲ့...အရင်တုန်းက ငါ့ရဲ့မိဘတွေနဲ့ ငါ့ညီလေးကို မင်းသတ်ခဲ့တာ... အဲဒီတုန်းက ငါခံစားခဲ့ရတဲ့ နာကျင်မှုကို အခု မင်းကို ပြန်ခံစားကြည့်စေချင်တယ်... မင်း လက်သပ်မွေးထားတဲ့ ဟိုကောင်လေး မင်းရှေ့မှာသေသွားရင် မင်းဘယ်လိုခံစားရမလဲ..."


မီးခိုးငွေ့ကြောင့် ဟွားကျစ်ချန်မှာ အသက်ရှူကျပ်လာပြီး စကားပြောရန်ပင် ခက်ခဲနေပုံရ၏။ 


သူ့မျက်နှာအမူအရာက အနည်းငယ်ရင့်သီးကြမ်းတမ်းနေကာ ရှစ်ယဲ့၏မျက်နှာပေါ်တွင် ဒေါသနှင့်နောင်တကဲ့သို့သော ခံစားချက်တစ်စုံတစ်ရာကို တွေ့လိုတွေ့ငြား စိုက်ကြည့်ရင်း ရှာဖွေနေ၏။


ကံဆိုးစွာဖြင့် ထိုသို့သော ခံစားချက်အရိပ်အ​ယောင် တစ်စွန်းတစ်စကိုမျှ သူရှာမတွေ့ခဲ့ချေ။


ရှစ်ယဲ့က အစမှအဆုံး အလွန်တည်ငြိမ်နေသည်။ သေဆုံးသွားပြီဖြစ်သည့် ဟွားကျစ်ချန်၏မိဘနှစ်ပါးနှင့် ညီငယ်အကြောင်းပြောလိုက်သော်လည်း ရှစ်ယဲ့ထံတွင် မည်သည့်ခံစားချက်မှ မပေါ်လာချေ။


"ကျေနပ်ရောင့်ရဲခြင်းမရှိတဲ့လူက ဆင်တစ်ကောင်ကိုမျိုဖို့လုပ်နေတဲ့ မြွေလိုပဲ... မင်းရဲ့မိဘတွေက ပိုက်ဆံကြောင့် စုံလုံးကန်းပြီး သူတို့နဲ့မဆိုင်တဲ့အရာတွေကို တပ်မက်လာကြတာ... အဲဒီတော့ သူတို့က သေဖို့ထိုက်တန်တယ်…"


"မင်း..."


ရှစ်ယဲ့၏စကားကြောင့် ဟွားကျစ်ချန်တစ်ယောက် ဒေါသချောင်းချောင်းထွက်သွားကာ ပင့်သက်ရှိုက်လိုက်ရင်း မြေကြီးပေါ်မှ ကုန်းရုန်းထရန်ပြင်လိုက်သော်လည်း ဘေးတွင်ရှိနေသော တပ်သားက သူ့ကိုကန်လိုက်သည်။ 


ရှစ်ယဲ့က မီးလောင်ပြာကျနေသော အိမ်ကို ရွဲ့တဲ့တဲ့မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်မိသည်။ 

"ငါ့ကို ငါးစာနဲ့မျှားပြီး မီးလောင်တိုက်သွင်းရုံလေးနဲ့ ထောင်ချောက်ဆင်ဖမ်းနိုင်မယ်ထင်လို့လား... လူတွေက တကယ် တုံးအကြတာပဲ... မင်းက ငါနဲ့အတူသေချင်ပေမဲ့ ကံမကောင်းတာက မင်းရဲ့အပေါစားဆန်တဲ့ဘဝက ငါနဲ့လုံးဝမတန်ဘူး..."


သူ့အခြေအနေက စဉ်းတီတုံးပေါ်တွင် လည်ပင်းလှီးဖြတ်ခံရတော့မည့်ငါးတစ်ကောင်သဖွယ်ဖြစ်နေကြောင်း ဟွားကျစ်ချန် သဘောပေါက်လိုက်သောကြောင့် ကံကြမ္မာကိုအသာတကြည်လက်ခံလိုက်ကာ မြေကြီးပေါ်တွင် လှဲချလိုက်သည်။ သူ့မျက်နှာတွင် ထင်ဟပ်နေသည့် ဒေါသမှာလည်း တဖြည်းဖြည်းအနည်ထိုင်သွားသည်။ 

"အဲဒီတော့ ဘာဖြစ်လဲ... ဝမ်ချီက သေသွားပြီပဲ... ငါမင်းကိုမသတ်နိုင်ရင်တောင် မင်းဘေးနားက လူတွေကို..."


ဟွားကျစ်ချန်၏စကား မဆုံးလိုက်မီတွင် ရှစ်ယဲ့က ခပ်ဖွဖွရယ်သည်။

"ငါလွတ်တယ်ဆိုရင် သူလည်းလွတ်နိုင်တာပဲလေ..."


"......."


ဟွားကျစ်ချန်၏မျက်နှာပေါ်ရှိအပြုံးမှာ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

"အဲဒါ ဘာစကားလဲ..."


ရှစ်ယဲ့က ဆက်ပြောသည်။

"ငါ့အနောက်မှာရပ်နေတာ ဘယ်သူလဲ ကြည့်လိုက်ဦး..."


ရုတ်တရက် နာမည်အခေါ်ခံလိုက်ရသောကြောင့် ဝမ်ချီလည်း ရှစ်ယဲ့အနောက်မှနေ၍ ခေါင်းပြူကြည့်လိုက်သည်။ တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသလို အံ့ဩထိတ်လန့်စွာကြည့်နေသည့် ဟွားကျစ်ချန်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားကာ ဝမ်ချီလက်ယမ်းပြလိုက်သည်။

"ငါမသေသေးဘူး...ဒီမှာရှိနေသေးတယ်နော်…"


"မင်း...မင်း..."


ဝမ်ချီ လျှို့ဝှက်ခန်းထဲမှ ထွက်လာနိုင်လိမ့်မည်ဟု ဟွားကျစ်ချန် မည်သို့သောအခါမှ စိတ်မကူးခဲ့ဖူးပေ။


လျှို့ဝှက်အခန်းရဲ့ ဖွဲ့စည်းပုံယန္တရားကို သေချာပေါက် ငါတစ်ယောက်ပဲသိတာပါ...


ဝမ်ချီက အဲဒီအခန်းထဲကနေ ဘယ်လိုလုပ်ပြီးထွက်လာတာလဲ...


အံ့ဩမှင်သက်မှု ၊ ဒေါသနှင့်အခြားခံစားချက်များက ဟွားကျစ်ချန်း၏မျက်ဝန်းထဲတွင် ရောထွေးနေသည်။ ထို့နောက် ထိုမျက်လုံးများဖြင့် ဝမ်ချီကို ပေါက်ထွက်မတတ်စိုက်ကြည့်လာသည်။


ရှစ်ယဲ့၏မျက်နှာပေါ်ရှိ အပြုံးက ပိုမိုပီပြင်ပြီး နတ်ဆိုးဆန်လာ၏။

"အံ့ဩသွားလား..."


"မင်း..."


ဟွားကျစ်ချန် စကားပြောရန် ပါးစပ်ဟလိုက်ချိန်တွင် သွေးများအန်ထွက်လာ၏။


ဆိုလိုတာက...


လျှို့ဝှက်ခန်းထဲမှာ ဘယ်သူမှမရှိခဲ့ဘူးလား...


သူက အရူးတစ်ယောက်သဖွယ် ဝမ်ချီကို ငါးစာအဖြစ်အသုံးချပြီး ရှစ်ယဲ့ကို အိမ်ကြီးထံမျှားခေါ်လာကာ အိမ်ကြီးကို မီးလောင်တိုက်သွင်းခဲ့သည်။ ရှစ်ယဲ့နှင့်အတူသေရန် စီစဥ်ထားသော်လည်း အဆုံးတွင် မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်မှလွဲ၍ အခြားဘာမှမရလာခဲ့ပေ။




💮💮💮