Chapter 157
Viewers 35k

💮Chapter 157




ဝမ်လျန်က လက်သီးဆုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ပြောသည်။

“မင်းသားရဲ့ လက်ရှိ အခြေအနေကို ပြောင်းလဲပေးနိုင်တဲ့ ပစ္စည်းတစ်ခုကို ကျွန်တော်သိထားတယ်…”


ရှစ်ကျင်း၏အကြည့်များက နောက်ဆုံးတွင် ဝမ်လျန့်မျက်နှာပေါ်သို့ ရောက်ရှိလာပြီး သူ့ကိုယ်သူ ပြန်ထိန်းလိုက်ကာ မေးသည်။

“မင်း ဘာကို ဆိုလိုချင်တာလဲ…”


ဝမ်လျန်က ရှစ်ကျင်းအနားသို့ ကပ်လိုက်ပြီး ပြောသည်။

“ကျွန်တော် ပြောတဲ့အတိုင်းပါပဲ… ကျွန်တော် အရင်က တောင်ပေါ်ကနေ ကျောက်တုံးတစ်တုံး ကောက်ရဖူးတယ်…  အစက ရိုးရိုးကျောက်တုံးလို့ ထင်ထားပေမဲ့ အဲဒီကျောက်တုံးမှာ ရှိနေတဲ့ စနစ်လို့ခေါ်တဲ့ မိစ္ဆာနဲ့ ဆုံခဲ့ရတယ်… သူက ကျွန်တော့်ရဲ့ ဆန္ဒမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်…”


ရှစ်ကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမူအရာက ပို၍ ထူးဆန်းလာသည်။ ဝမ်လျန့်စကား အဆုံးတွင် သူက ဝမ်လျန့်ကို အရူးတစ်ယောက်အလား ကြည့်လိုက်သည်။


ရှစ်ကျင်းက သူ့စကားကို အလွယ်တကူ မယုံကြည်နိုင်လောက်ဟု ဝမ်လျန် ကြိုတင်ခန့်မှန်းထားမိသော်လည်း သူ့တွင် သက်သေပြစရာ မရှိပေ။ ကျောက်တုံးကလည်း သူ့ထံတွင် မရှိသောကြောင့် စကားများနှင့်သာ ရှစ်ကျင်းကို ဖျောင်းဖျနိုင်မည် ဖြစ်သည်။


ဝမ်လျန်က အလောတကြီး ပြောလိုက်သည်။

“ကျွန်တော် မလိမ်ပါဘူး ကျွန်တော့်ကို ယုံပါ… စနစ်က ကျွန်တော့်ကို အများကြီး ပြောပြထားတယ်… အိမ်ရှေ့စံက ရက်စက်ကြမ်းကြုတ်တာမို့ ဒီရာထူးနဲ့ မထိုက်တန်ဘူးတဲ့… တကယ်လို့ ထီးနန်းရခဲ့ရင်တောင်မှ တစ်နေ့မှာတစ်စုံတစ်ယောက်ရဲ့ နန်းချခြင်းကို ခံရမှာတဲ့… ပြီးတော့ အဲ့နန်းချမဲ့သူက မင်းသားလို့ ပြောပါတယ် မင်းသားရွှမ်… မင်းသားကသာ ဧကရာဇ်အစစ်အမှန်မို့ အခုလို အချုပ်ခန်း သေးသေးလေးထဲမှာ နေပြီး ကွပ်မျက်ခံရဖို့ စောင့်မနေသင့်ဘူး…”


ဝမ်လျန်က ပြောရင်းပြောရင်းနှင့် ပို၍ စိတ်လှုပ်ရှားလာသော်လည်း ရှစ်ကျင်းကမူ မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ သူ့အမူအရာက လုံးဝအသက်မဲ့နေပြီး မျက်လုံးများပင် မော့မကြည့်လာပေ။


ဝမ်လျန့်စကားအဆုံးတွင် ရှစ်ကျင်းက ဖြည်းညှင်းစွာ ပြော၏။

“ငါ့ကို ဒီစကားတွေ ပြောဖို့ အကျဉ်းထောင်အထိ ရောက်လာတာလား…”


“ကျွန်တော်က…”

ဝမ်လျန်လည်း ကြောင်အသွားသည်။


ရှစ်ကျင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

“မင်း ပြောလို့ပြီးပြီဆို ပြန်တော့…”


“မဟုတ်ဘူး… အဲ့လို မဟုတ်ပါဘူး…”

ဝမ်လျန်က ဤအခွင့်အရေးရဖို့  ခက်ခက်ခဲခဲ စောင့်ဆိုင်းခဲ့ရသောကြောင့် လက်ဗလာနှင့် မပြန်နိုင်ပေ။ သူက အရှေ့သို့ တိုးလိုက်ပြီး အိပ်ရာဘေးတွင် ဒူးထောက်ကာ ရှစ်ကျင်း၏ အဝတ်ကို အတင်းဆုပ်ကိုင်ပြီး တောင်းဆိုသည်။


“မင်းသားရဲ့ အခုအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကျွန်တော် စိတ်ရင်းနဲ့ မျှော်လင့်တာပါ… မင်းသားရွှမ်က ဒီအခန်းထဲမှာ မနေသင့်ဘူး ဧကရာဇ်ပလ္လင်က မင်းသားနဲ့သာ ထိုက်တန်တယ်လို့ စနစ်က ပြောတယ်… မင်းသား ကျွန်တော့်ကို အဲ့ကျောက်တုံးယူဖို့ ကူညီပေးရင် ကျွန်တော်ကလည်း မင်းသား ရသင့်တာတွေ ပြန်ရဖို့ ကူညီပေးမယ်… ကျောက်တုံးကို ပြန်ယူပေးရင် ရပါပြီ…”


သူက ၎င်းကျောက်တုံး ရှိနေသည့် နေရာအတိအကျကို မသိသော်လည်း သတင်းအချို့ ကြားထားသည်။ ထိုကျောက်တုံးက ဟွားအိမ်တော်၏ အမွေအနှစ် ဖြစ်ပြီး သူ ကောက်မရမီ အချိန်တွင် ၎င်းက ဟွားမိသားစု၏ ပင်မစံအိမ်တော်တွင် ရှိခဲ့ကြောင်း ကြားသ်ိခဲ့ရသည်။


ယခုတွင် ဟွားမိသားစုမှာ အာဏာမရှိတော့သောကြောင့် ဟွားအိမ်တော်မှ ကျောက်တုံးကို ယူရန် ယခင်ကထက် လွယ်ကူသွားပြီး ရှစ်ကျင်းက ဟွားမိသားစုနှင့် အဆက်အဆံ ရှိသောကြောင့် ပို၍ လွယ်ကူနိုင်ပေမည်။


ထိုကျောက်တုံးအား အသုံးပြုနည်းကို သူမှလွဲ၍ အခြားသူများ မသိကြပေ။


ဟွားအိမ်တော်က ပျက်စီးသွားပြီ ဖြစ်သောကြောင့် ထိုကျောက်တုံးအကြောင်းကို မည်သူကမျှ စိတ်မဝင်စားချေ။


ဝမ်လျန့် နှလုံးခုန်သံများ မြန်ဆန်နေပြီး ရှစ်ကျင်း၏ ဘဝ ယခုကဲ့သို့ နိဂုံးချုပ်သွားလိမ့်မည်ဟု သူ မယုံကြည်ပေ။ မည်သို့ပင်ဆိုစေကာမူ ရှစ်ကျင်းက တော်ဝင်မင်းသားတစ်ပါး ဖြစ်ပြီး ဝမ်လျန့်အတွက် အပြင်တွင် ပြေးလွှား အပင်ပန်းခံပေးမည်က မဖြစ်နိုင်ပေ။


ရှစ်ကျင်းက အဖမ်းဆီးခံထားရသော်လည်း သူ့တွင် အဆက်အသွယ်များ ကျန်ရှိနေဦးမည် ဖြစ်သည်။


သို့သော်လည်း သူ့အတွေး မဆုံးမီတွင် ရှစ်ကျင်းက ရုတ်တရက် သူ့မေးစေ့ကို လာရောက်ဆုပ်ကိုင်၏။


ရှစ်ကျင်း၏ခွန်အားက မပြင်းသော်လည်း ဝမ်လျန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားနိုင်ပြီး ဝမ်လျန်မှာ လှုပ်မရပေ။


ဝမ်လျန်၏ခေါင်းက ဆွဲမော့ခံလိုက်ရပြီး ရှစ်ကျင်း၏ မှိုင်းညို့နေသော မျက်လုံးများနှင့် ဆုံလိုက်ရသည်။

“ဘာလဲ… အခု ငါ့ကို ခွန်အား မရှိတော့တဲ့ ကျားလို့ မြင်ပြီး မင်းလို လမ်းဘေးခွေးတစ်ကောင်က ခေါင်းပေါ် တက်ထိုင်ချင်နေတာလား…”


ရှစ်ကျင်း၏ မျက်နှာအသွင်အပြင်က အလွန် တင်းမာနေပြီး မနှစ်မြို့ဖွယ် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ မျက်ဝန်းထဲရှိ အကြည့်များက တောက်လောက်နေသည်။

“မင်းကပဲ ရူးနေတာလား… ဒါမှမဟုတ် ငါ့ကို အရူးလို့များ ထင်နေတာလား… ဒါမှမဟုတ် မင်းကို ဒီလာပြီး အဲ့စကားတွေပြောဖို့ ဘယ်သူက မြှောက်ပေးလိုက်တာလဲ… တစ်ခါသတ်လို့ အဆင်မပြေလို့ နောက်တစ်ကြိမ် သတ်ဖို့ ကြိုးစားနေတာလား…”


ဝမ်လျန်က ကြောက်ရွံ့နေပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။ သူက မေးစေ့မှနာကျင်မှုကို ဂရုမစိုက်အားဘဲ အကြိမ်ကြိမ် ခေါင်းခါ၍ပြောသည်။

“မဟုတ်ရပါဘူး မင်းသားရွှမ်… ကျွန်တော် ပြောတာတွေက အမှန်ပါ ပြောရမယ်ဆို အဲ့ကျောက်တုံးက ဟွားအိမ်တော်မှာ ရှိနေမှာမို့ မင်းသား ဟွားအိမ်တော်ကို လူလွှတ်ပြီး ရှာခိုင်းမယ်ဆို အဲ့ကျောက်တုံးကို တွေ့ပါလိမ့်မယ်… အဲ့ဒါနဲ့ ကျွန်တော် မင်းသားကို ဒီကနေ ကယ်ထုတ်ပေးလို့ရတယ်…”


ရှစ်ကျင်းက မျက်ရည်ရွှဲနေသော ဝမ်လျန်၏မျက်နှာကို ဆက်မကြည့်နိုင်တော့ဘဲ ဝမ်လျန့်၏မေးစေ့ကို ချုပ်ကိုင်ထားသောလက်ကို ပြန်လွှတ်ပေးလိုက်ကာ ခေါင်းခါလိုက်သည်။

“မင်း ရူးနေပြီပဲ…”


ဝမ်လျန်က ငိုကြွေးနေ၏။ သူက တစ်ခုတည်းသော အခွင့်အရေးကို လက်မလွှတ်ချင်သောကြောင့် ထွက်မသွားဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ ငိုပြီး ပြောသည်။

“မင်းသားမှာ တခြားနည်းလမ်းမှ မရှိတော့တာ ဘာလို့ ကျွန်တော့်ကို တစ်ခါလောက် မယုံကြည်ပေးနိုင်ရတာလဲ မင်းသားရွှမ်ကို စိတ်မပျက်စေရဘူးလို့ ကတိပေးပါတယ်…”


အခန်းက အလွန် တိတ်ဆိတ်နေသောကြောင့် ဝမ်လျန့် ငိုသံက နားထဲတွင် စူးနေသည်။


ရှစ်ကျင်းက မျက်စိမှိတ်လိုက်ပြီး နဖူးကြောများကို နှိပ်နယ်လိုက်သည်။


လွန်ခဲ့သော နှစ်ရက်တွင်း သူက သူ့ထံသို့ မည်သူများ လာရောက်မည်နည်းဟု တွေးနေခဲ့ပြီး သူတွေးထားခဲ့သော လူများ တစ်ယောက်မှ ရောက်မလာဘဲ သူနှင့် မရင်းနှီးသော ဝမ်လျန်က သူ့ကို လာတွေ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။


ထိုအကြောင်းကို တွေးမိပြီးနောက် သူနှင့် ဝမ်မိသားစုကြားရှိ ဆက်ဆံရေးကို ပြန်စဉ်းစားလိုက်သည်။ ထိုလူ ပြောသော စကားကမှန်ခဲ့သည် ဆိုရင်ပင် ထိုလူ့အနေဖြင့် ဤစကား ပြောရန်တစ်ခုတည်းအတွက် ဒုက္ခမျိုးစုံခံပြီး သူ့ထံသို့ ရောက်လာမည် မဟုတ်ပေ။


သူ ထပ်၍ ကံမစမ်းရဲပေ။


သူက ထိုတိုက်ပွဲတွင် စည်းစိမ်၊ ရာထူး၊ အာဏာ၊ နာမည် အစရှိသဖြင့် ပိုင်ဆိုင်ထားသမျှ ဆုံးရှုံးခဲ့ရပြီး သူ့ထံတွင် သူ့အမေတစ်ယောက်သာ ကျန်တော့၏။ သူ့အမေ့ကိုမူ ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ပေ။


ရှစ်ကျင်းက နဖူးကြောများကို နှိပ်နယ်လိုက်ပြီး သူကိုယ်သူ ပြန်တည်ငြိမ်ရန် ကြိုးစားလိုက်ကာ ပြောသည်။

“မင်း ငါ့ကို ဒါတွေ မပြောခင် ဘေးကလူတွေကို မမေးကြည့်ခဲ့ဘူးလား…”


ဝမ်လျန်က မေးလိုက်၏။

“ဘာကိုလဲ…”


ရှစ်ကျင်းက ရယ်မောပြီး ပြောသည်။

“ငါက ဘုရင့်သားတော်လေ ဘယ်လိုလုပ်ပြီး ငါ့ကို လွယ်လွယ်နဲ့ ကွပ်မျက်လို့ရမှာလဲ…”


ဝမ်လျန်က ကြောင်အသွားသည်။

“ဒါဖြင့် မင်းသားက…”


ရှစ်ကျင်းက သူ့ဘက်သို့ လှည့်ကြည့်ပြီး ပြောသည်။

“ငါက ရှေ့တန်း ပို့ခံရရုံပဲ… အသက် ဆုံးရှုံးရလောက်တဲ့အထိ မဟုတ်ဘူး…”


ဝမ်လျန်က ထိုသတင်းကို ကြားပြီး ပျော်ရွှင်ရမည်လား စိတ်ပျက်ရမည်လားကို မသိတော့ပေ။  ရှစ်ကျင်း အသက်မဆုံးရှုံးတော့မည်ကို သိ၍ ပျော်သော်လည်း ရှစ်ကျင်း အဆုံးထိ မပျက်စီးသွား၍ စိတ်ပျက်မိ၏။


ရှစ်ကျင်းက ဆက်ပြောသည်။

“ငါက မင်းသားရွှမ် မဟုတ်တော့ဘူး ရှစ်ကျင်းဆိုတဲ့ နာမည်ပဲ ပိုင်ဆိုင်တော့တယ်… မင်း ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ လာတွေ့လာတွေ့ မင်း ပြောတာတွေ အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ့မှာ ပုံအောရမဲ့ အာဏာမရှိတော့ဘူး…”


အဆုံးတွင် ရှစ်ကျင်း၏ အကြည့်များက ဝမ်လျန့်ပါးပြင်ပေါ်ရှ်ိ မျက်ရည်စီးကြောင်းထံသို့ ရောက်ရှိသွားသည်။


ဝမ်လျန်က ဝမ်းနည်းစွာငိုကြွေးနေပြီး မျက်ရည်များက ပါးပြင်ပေါ် စီးကျနေသည်။ သူ မူလက ချောမောခန့်ညားသော်လည်း အခုတွင် အလွန်ပိန်လှီနေ၍ ကြီးမားသော မျက်လုံးများက ပို၍ အသက်ဝင်နေ၏။


ဝမ်လျန်က မျက်ရည်များနှင့် ပြည့်လျှံနေသော မျက်လုံးများဖြင့် ရှစ်ကျင်းကို မော့ကြည့်လိုက်ပြီး မျက်နှာတွင် စ်ိတ်ပျက်အားငယ်မှုများနှင့် ပြည့်နေသည်။


ထိုမြင်ကွင်းကိုမြင်ပြီး ရှစ်ကျင်းက အကြောင်းရင်း မရှိဘဲ နှလုံးသားထဲတွင် ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ သူက လက်မြှောက်လိုက်ပြီး လက်ချောင်းထိပ်ဖြင့် ဝမ်လျန်၏ မျက်ဝန်းထောင့်ရှိ မျက်ရည်များကို သုတ်ပေးကာ ယခင်က တစ်ကြိမ်မျှပင် မခံစားခဲ့ဖူးသော ခံစားချက်များကို ခံစားလိုက်ရသည်။


နွေးထွေးသော ထိတွေ့မှုက လက်ချောင်းထိပ်မှ တဆင့် အာရုံကြောများထဲ ချက်ချင်း ပျံ့နှံ့သွားလေသည်။


ရှစ်ကျင်းက ခေတ္တမျှ အေးခဲသွားပြီး ထူးဆန်းသည်က သူက ထိုခံစားချက်ကို မငြင်းဆန်နိုင်ခဲ့ပြီး မျက်စိရှေ့က ထိုလူနှင့် သူ့ကြားတွင် သဘာဝဆန်ဆန် တည်ရှိနေသကဲ့သို့ ခံစားနေရသည်။


“ဘာလို့လဲ… မင်း ဘာလို့ ငါ့ကို အဲ့အကြောင်း လာပြောတာလဲ…”

ရှစ်ကျင်း ယခင်က ထိုကိစ္စကို စိတ်မဝင်စားသော်လည်း ယခုတွင်မူ စိတ်မထိန်းနိုင်ဘဲ မေးလိုက်မိသည်။


ဝမ်လျန်က မည်သည်မျှမပြောဘဲ မျက်ရည်များသာ ထိန်းမရဘဲ စီးကျနေသည်။


ရှစ်ကျင်းက ထပ်မံမေးသည်။

“ဘာလို့လဲ…”


ဝမ်လျန်က ငိုကြွေးလျက် ခေါင်းခါလိုက်သည်။ သူ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ငိုသံဖြင့် ပြောသည်။

“မင်းသား ဖြစ်နေလို့ပါ…”


ရှစ်ကျင်းက နားမလည်နိုင်သောကြောင့် မေးလိုက်သည်။

“ဘာလို့ ငါ့ကြောင့်လဲ… ငါနဲ့ ဘယ်လို ဆိုင်နေတာလဲ… ငါတို့ အရင်က သိခဲ့ဖူးလို့လား…”


ဝမ်လျန်က ပြောရန် တုံ့ဆိုင်းနေ၏။

“ကျွန်တော်တို့…”


ရှစ်ကျင်း၏ ဗလာကျင်းနေသော မျက်လုံးများ နောက်ဆုံးတွင် တောက်ပလာပြီး ဝမ်လျန့်ကို စေ့စေ့ကြည့်ကာ ဝမ်လျန့်အဖြေကို စ်ိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။


သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေပြီး အလွန်နီးကပ်နေသောကြောင့် ရှစ်ကျင်းမျက်ဝန်းထဲမှ ရောင်ပြန်ဟပ်နေသည်ကိုပင် ဝမ်လျန် သေချာမြင်နေရ၏။ ထိုတစ်ခဏတွင် နှလုံးခုန်နှုန်များ မြန်ဆန်လာသည်။


သူက ရှစ်ကျင်းကို အရာအားလုံး ပြောပြချင်နေမိသည်။


ရှစ်ကျင်း၏ မူလအနာဂတ်က ဘယ်လိုဆိုသည်ကို ရှစ်ကျင်းအား သိစေချင်သည်။

“မင်းသားရွှမ်… တကယ်တော့ ကျွန်တော်တို့က…”


ဝမ်လျန် စကားစစချင်းတွင် အနောက်မှ ခြေသံများကို ကြားလိုက်ရသည်။


ဝမ်လျန်နှင့် ရှစ်ကျင်းတို့ နိုးနိုးကြားကြား ဖြစ်သွားပြီး ပြောလက်စ စကားကို ရပ်လိုက်ကာ တစ်ချိန်တည်း အနောက်လှည့်ကြည့်လိုက်ကြသည်။


သူတို့က အချုပ်တံခါးနားတွင် ရပ်နေသော နက်ပြာရောင် ဝတ်ထားသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်က အလွန် အရပ်မြင့်သော်လည်း အလွန် ပိန်ပါးနေ၏။ သူ့၏ ဖြူဖျော့နေသော အသားအရေက သူ့ကို မွဲခြောက်ခြောက် ဖြစ်စေသည်။ သို့သော်လည်း သူ့မျက်နှာက ပန်းချီကားထဲက ခုန်ထွက်လာသကဲ့သို့ အလွန်ကြည့်ကောင်းလှသည်။


ဝမ်လျန့်အနေနှင့် သူ့ကို တွေ့မြင်ရသည်မှ။ ပထမဆုံးအကြိမ် မဟုတ်သော်လည်း ထိုမျက်နှာကြောင့် ငေးမောသွားရသည်။


ဆန့်ကျင်ဘက်အနေဖြင့် ရှစ်ကျင်းဘေးရှိ လေထုက ကျဆင်းသွားပြီး သူက ရှစ်ယဲ့ကို မုန်းတီးသော မျက်လုံးများဖြင့် မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။


သနားစရာ ကောင်းသည်မှာ ရှစ်ယဲ့က ရှစ်ကျင်းအပေါ် အာရုံ မရှိဘဲ ဝမ်လျန်ကိုသာ ခံစားချက်ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေသည်။


ရှစ်ယဲ့၏ အကြည့်များကြောင့် ဝမ်လျန် ကြက်သီးများ ထသွားပြီး ရှစ်ကျင်းအနားသို့ တိုးကပ်လိုက်မိသည်။


ရှစ်ယဲ့က အထဲသို့ ဝင်လာ၏။


ရှစ်ကျင်းက အမွေးများ ထောင်နေသော ကြောင်တစ်ကောင်ကဲ့သို့ သူ့မျက်နှာတွင် ဒေါသများ၊ ကြောက်ရွံ့မှုများနှင့် ပြည့်နေသည်။ သူက ခံစားချက်များကို ထိန်းလိုက်ပြီး အသံမြှင့်ကာ ပြောသည်။

“မင်း ဘာလာလုပ်တာလဲ…”


ရှစ်ယဲ့ ရှစ်ကျင်း၏ အမေးကို မျက်ကွယ်ပြုပြီး ဝမ်လျန်ထံသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ သူက အလွန် အရပ်မြင့်သောကြောင့် ဒူးထောက်နေသော ဝမ်လျန့်ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သော အချိန်တွင် သူ့ခန္ဓာကိုယ်က တောင်ကြီးတစ်တောင်ကဲ့သို့ အရှိန်အဝါအပြည့်ဖြင့် ဖြစ်နေသည်။


ဝမ်လျန်က ထိုဖိအားဒဏ်ကြောင့် အသက်ရှူကြပ်လာပြီး ရှစ်ကျင်း၏ရင်ခွင်ထဲ အလျင်အမြန် ပုန်းလိုက်ကာ ရှစ်ကျင်းကို သူ့အသက်ကို ကယ်နိုင်မည့် ကောက်ရိုးမျှင်တစ်စအဖြင့် အားကိုးလိုက်၏။


ရှစ်ယဲ့က ဝမ်လျန်၏ ဆိုးရွားလှသော ပုံစံကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

“ဒါဆို ဒီကျောက်တုံးက တကယ်ပဲ အဲ့လောက် အစွမ်းထက်တယ်ပေါ့…”


ရှစ်ကျင်းက ခေတ္တမျှ ကြောင်အသွားပြီးနောက် ဒေါသထွက်၍ တုန်ယင်နေသောအသံဖြင့် တုံ့ပြန်လိုက်သည်။

“မင်း ငါတို့ပြောနေတာကို ခိုးနားထောင်နေတာလား…”


ရှစ်ယဲ့က မျက်ခုံးများကို ပင့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

“ပန်ကုန်းက ပေါ်တင်နားထောင်နေတာပါ… ဘယ်လိုလုပ်ပြီး ခိုးနားထောင်တယ် ဖြစ်ရတာလဲ…”


ရှစ်ကျင်းက ဒေါသထွက်လွန်းပြီး သွေးအန်လုနီးပါး ဖြစ်သွားသည်။

“မင်း…”


ထိုအချိန်တွင် ဝမ်လျန် နားလည်သွားတော့သည်။ သူ့၏ နီရဲသော မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး မေးချင်သည့် စကားလုံးများကို ပြန်မြိုချလိုက်သည်။ သူက ရှစ်ယဲ့ မည်မျှအထိ ကြားသွားသည်ကို မသိသောကြောင့် အမှားထပ်လုပ်မိမည်ကို စိုးရိမ်ပြီး နှုတ်ခမ်းများကို တင်းတင်းကိုက်ကာ ထပ်မပြောတော့ပေ။


ကံမကောင်းစွာဖြင့် ရှစ်ယဲ့က သူ့ကို လွှတ်ပေးမည့်ပုံ မပေါ်ချေ။

“ငါ မင်းကို အထင်သေးမိတာပဲ… မင်းကို အဲ့လောက် သတ္တိရှိမယ် မထင်ထားမိဘူး… မင်းက မှော်ကျောက်တုံးကိုတောင် လောဘတက်နေတာပဲ…”


ဝမ်လျန်က သူ မလွတ်မြောက်နိုင်တော့မည်ကို သိသောကြောင့် သူ့နှုတ်ခမ်းများက တုန်လာပြီး ရူးချင်ဟန်ဆောင်လိုက်သည်။

“ဘယ်မှော်ကျောက်တုံးကို ပြောတာပါလဲ အရှင့်သား… ကျွန်တော်မျိုး နားမလည်ပါဘူး…”


ရှစ်ယဲ့က ပြုံးနေသော်လည်း မျက်ဝန်းများက ရေခဲပြင်ကဲ့သို့ အေးစက်နေသည်။

“မင်း မင်းသားရွှမ်ကို ကူညီပြီး နန်းလုပေးရာမှာ သုံးဖို့ ရည်ရွယ်ထားတဲ့ မှော်ကျောက်တုံး…”


ဝမ်လျန်၏ မျက်နှာက ဖြူဖျော့နေရာမှ စိမ်းပြာသွားလေသည်။ သူ့ခြေထောက်များက ကြောက်ရွံ့မှုကြောင့် တုန်နေပြီး မတတ်နိုင်ဘဲ ဆက်၍ မသိချင်ဟန်ဆောင်လိုက်သည်။

“အရှင့်သား ဘာကို ပြောနေလဲဆိုတာ ကျွန်တော်မျိုး တကယ် မသိရပါဘူး… အဲ့မှော်ကျောက်တုံးဆိုတာကိုလည်း မသိပါဘူး…”


ရှစ်ယဲ့က သူ့စကားကို  ဂရုမစိုက်ဘဲ ပြောလိုက်သည်။

“မင်း မသိဘူးဆိုလည်း မသိဘူးပေါ့…အဲ့ကျောက်တုံးက ငါ့လက်ထဲမှာ ဆိုတာကို ပြောဖို့ မေ့နေတာ… မင်း တကယ်လို့ လိုချင်တယ်ဆို ငါ့ကို သတ်ပြီးမှပဲ ယူလို့ရမယ်…”


ထိုစကားများက ဝမ်လျန်၏နားထဲ မိုးကြိုးပစ်လိုက်ကဲ့သို့ ပေါက်ကွဲလုမတတ် ဖြစ်သွားစေသည်။


ဝမ်လျန်က သူ့ကိုယ်သူ မထိန်းထားနိုင်တော့ဘဲ ဒူးထောက်နေရာမှ မြေပြင်ပေါ်သို့ ပုံရက်သား ကျသွားသည်။


သူ့မျက်နှာတစ်ခုလုံး အလွန်ဖြူဖျော့နေပြီး မျက်ဝန်းထဲတွင် ဝေ့သီလာသည်။ သူက မျှော်လင့်ချက်အပြည့်နှင့် ဤနေရာအထိ ရောက်အောင်လာခဲ့ရသော်လည်း ဤအခိုက်အတန့်တွင် စိတ်ပျက်အားငယ်မှု ကျော့ကွင်းထဲ ပိတ်မိသွားတော့သည်။


အိမ်ရှေ့စံက ၎င်းကျောက်တုံး၏ အစွမ်းကို ယခင်တည်းက သိနေခဲ့ပြီး သူ့ထက် လက်ဦး၍ ကျောက်တုံးကို ရသွားခဲ့ 

ပေသည်။


သူ့တွင် ရုန်းကန်ရန် အကြောင်းရင်း မရှိတော့ပေ။


သူက လုံးဝ ရှုံးနိမ့်သွားပြီး မြေပြင်ပေါ်တွင် လူးနေသော ငါးများကဲ့သို့ပင် ပြန်ရပ်တည်ရန် အခွင့်အရေးပင် မရှိတော့ပေ။


ဝမ်လျန် မြေပြင်ပေါ်မှ ထရပ်ကာ ရှစ်ကျင်းကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီးနောက် အနောက်သို့ ပြန်မလှည့်ဘဲ အခန်းအပြင်သို့ ထွက်လိုက်သည်။


မိန်းမစိုးက အကျဉ်းထောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေဆဲ ဖြစ်ပြီး သူ့ကို မြင်သောအချိန်တွင် မထီမဲ့မြင်အကြည့်ဖြင့်ကြည့်ကာ ပြောသည်။

“မင်း ပြောချင်တာတွေ ပြောပြီးပြီလား… ဒါဆို ပြန်မယ်…”


ဝမ်လျန်က ခေါင်းညိတ်လိုက်ပြီး မိန်းမစိုးနောက်မှ အသံမထွက်ဘဲ လိုက်သွားသည်။


အလင်းရောင် မှိန်ဖျော့သော အကျဉ်းထောင်ထဲမှ ထွက်လာသော အချိန်တွင် စူးရှသောနေရောင်ခြည်က သူ့မျက်နှာကို လာရောက်ထိုးနေ၏။


ဝမ်လျန်က မျက်လုံးများကို ကျဉ်းလိုက်ပြီး အလင်းရောင်နှင့် အသားကျသွားသော အချိန်တွင် မီးခိုရင့်ရောင် နံရံကို ပြန်မြင်လိုက်ရသည်။ ထိုနံရံက တောက်ပသော အနာဂတ် မရှိတော့သည့် သူ့ပုံစံနှင့် တူနေသည်။


သူက ငယ်စဉ်တည်းက ကံကြမ္မာကို အရှုံးပေးသောသူ မဟုတ်ပေ။ ကံကြမ္မာကို တွန်းလှန်းရင်း သူ့၏ ကြိုးစားအားထုတ်မှု၊ ရုန်းကန်ရမှုနှင့် ခံနိုင်ရည်တရားများက သူ့အား ကြိုးတစ်ချောင်းကဲ့သို့ ရစ်ပတ်သွား၏။


သူ့ဘဝက ဤကဲ့သို့ မဖြစ်သင့်ဟု သူ အမြဲ ခံစားနေရသည်။


သို့သော်လည်း လက်တွေ့က သူ့အတွေးနှင့် တခြားစီ ဖြစ်နေပြီး ဤအခိုက်အတန့်တွင် လက်လျှော့ခြင်း ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို နားလည်သွားတော့သည်။


ဝမ်လျန် ထွက်သွားပြီနောက် အခန်းထဲတွင် ရှစ်ယဲ့နှင့် ရှစ်ကျင်းသာ ကျန်ခဲ့၏။


ရှစ်ကျင်း၏ ခံစားချက်များက ရှုပ်ထွေးနေသည်။ သူက တစ်ဖက်တွင် ဝမ်လျန်၏ တုန်လှုပ်ဖွယ် စကားများကို တွေးမိနေပြီး တစ်ဖက်တွင်လည်း ရှစ်ယဲ့ ဝမ်လျန်ကို ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားနေသည်။


ရှစ်ယဲ့ကိုယ်တိုင်က ဒီလို ပြောနေမှတော့…


ဝမ်လျန် ပြောခဲ့သမျှ အကုန်လုံးက အမှန်လား…


ကံကြမ္မာကို ပြန်ပြောင်းလဲပေးနိုင်တဲ့ ကျောက်တုံးဆိုတာ တကယ်ရှိတာလား…


ရှစ်ကျင်းက မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ ဝမ်လျန်တွင် သူ့အား ပြောစရာ စကားများ ကျန်နေသေးမည်ဟု သူ ခံစားနေရသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူ့တွင် အချိန် မရှိတော့ပေ။


သူ အတွေးထဲ နစ်မြုပ်နေချိန်တွင် ရဲမက်အချို့က သွေးများပေကျံနေသော ယောကျာ်းတစ်ယောက်ကို အပြင်ဘက်မှ တရွတ်တိုက်ဆွဲလာသာ အိပ်ရာအရှေ့သို့ ပစ်ချလိုက်သည်။


အခန်းထဲ သွေးနံ့များဖြင့် ဖုံးလွှမ်းသွားလေသည်။


ရှစ်ကျင်း၏ အတွေးများရပ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက မြေပြင်ပေါ်ရှိ ထိုသွေးစွန်းနေသော အမျိုးသားကို ကြည့်လိုက်သော အချိန်တွင် ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသည်။

“ဖင်အန်း…”


ရှစ်ကျင်းက အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှေ့တိုး၍ ထိုင်ချလိုက်ကာ အနီးကပ် ကြည့်လိုက်သည်။


မြေပြင်ပေါ်ရှိ လူက လှုပ်ရှားမှု ကင်းမဲ့နေသည်။ သူ့ခန္ဓာကိုယ်ရှိ အဝတ်အစားများမှာ သွေးများစိုရွှဲနေပြီး ကြာပွတ်ဒဏ်ကြောင့် စုတ်ပြဲနေသော အဝတ်အစားအောက်မှ အသားများ ပွင့်ထွက်နေသော ကြောက်မက်ဖွယ်ဒဏ်ရာများကို မြင်လိုက်ရသည်။


ဖင်အန်းမျက်နှာတွင်လည်း သွေးများဖြင့် ပေကျံနေပြီး မသေဆုံးမီ အခိုက်အတန့်တွင် ခံစားခဲ့ရသော နာကျင်မှုအတိမ်အနက်ကို မြင်နေရသည်။ နာကျင်မှုက အလွန် ဆိုးရွားခြင်းကြောင့် မျက်နှာပေါ်က ကြောက်ရွံ့မှုများကိုလည်း အထင်းသား မြင်နေရသည်။


ဖင်အန်း သေဆုံးသွားခဲ့ပြီ။ သူက  ဆိုးရွားသော သေခြင်းဖြင့် သေဆုံးသွားခဲ့လေပြီဖြစ်သည်။




💮💮💮