Chapter 158
Viewers 35k

💮Chapter 158



 

ရှစ်ကျင်းအံကြိတ်လိုက်သည်။ ရှစ်ယဲ့အား ကြည့်လာသည့် သူ့မျက်ဝန်းများက သွေးထွက်မတတ် နီရဲနေ၏။ သူက စကားတစ်ခွန်းကို ခက်ခက်ခဲခဲ ပြောလိုက်ရသည်။

“မင်းက လူမဆန်အောင် ရက်စက်တာပဲ…”

 

ရှစ်ယဲ့၏ မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး အေးစက်စက် ပြောလာသည်။

“မင်းရဲ့လူအပေါ် ငါ ညှာတာခဲ့တယ်…”

 

ရှစ်ကျင်းက ဖင်အန်း၏ခန္ဓာကိုယ်ထက်ရှိ အမာရွတ်များကို ငုံ့ကြည့်လိုက်သည်။ ရှစ်ကျင်း ငယ်စဉ်ကတည်းက ဒဏ်ရာရနေသည့် လူများစွာကို တွေ့ဖူးသည့်တိုင် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာများကို မမြင်ဖူးခဲ့ချေ။

 

သွေးနံ့ပြင်းပြင်းက သူ့နှာခေါင်းထံသို့ ရောက်ရှိလာ၏။ သူက အန်ချင်စိတ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ကာ ရယ်လိုက်သည်။

“ဒါက မင်းပြောတဲ့ ညှာတာမှုလား … မင်းသူ့ကို မသေ သေအောင်သတ်လိုက်တာလေ…”

 

ရှစ်ကျင်းက ပြောလေလေ ပို၍ ဒေါသထွက်လာလေပင်။ သူ့နဖူးရှိ‌ သွေးကြောများက ခုံးထနေပြီး သူ့အား သားရဲရိုင်းတစ်ကောင်နှင့် တူနေစေ၏။

 

ရှစ်ယဲ့ကမူ အလွန်တည်ငြိမ်နေသည်။ သူက ဒေါသတကြီးဖြစ်နေသည့် ရှစ်ကျင်းကို ငုံ့ကြည့်ရင်း သူ့နှုတ်ခမ်းထက်၌ အဓိပ္ပာယ်ရှိသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

“ငါသာ မညှာတာတတ်ရင် မင်းသူ့အလောင်းကိုတောင် မြင်ရမှာမဟုတ်ဘူး …”

 

“ကြောင်သူတော်ယောင် ဆောင်မနေစမ်းနဲ့ … မင်း ငါ့ကို ဖင်အန်းရဲ့အလောင်း တမင်ပြခဲ့တာ …”

ရှစ်ကျင်းက ဒေါသတကြီး ထရပ်လိုက်ပြီး သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

“ဖင်အန်းကို မင်းအသုံးချပြီး ငါ့ကို သတိပေးချင်နေတာ...”

 

ရှစ်ယဲ့က ရှစ်ကျင်း၏ စကားကြောင့် အံ့အားသင့်မသွားခဲ့ဘဲ  ပြုံးကာ ပြောလိုက်သည်။

“မင်းမှန်တယ် …”

 

ရှစ်ကျင်းမှာ အလွန်ဒေါသတကြီး ဖြစ်နေသည့် အလျောက် အသက်ရှူပင် မမှန်ဖြစ်လာရသည်။ သူ့ပါးစပ်ထဲတွင် သွေးအရသာအား ခံစားမိလိုက်၏။ သို့သော် လေထုထဲရှိ သွေးနံ့နှင့်နှိုင်းယှဉ်ပါက ထိုအရသာက မပြောပလောက်ချေ။ သူက ရှစ်ယဲ့ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ 

“မင်းက လူသတ်သမားပဲ … အနှေးနဲ့အမြန် မင်းဝဋ်လည်လိမ့်မယ် …”

 

ရှစ်ယဲ့က စိတ်ပျက်သွားမည့်အစား ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။

“စိုးရိမ်တကြီး သတိပေးလို့ ကျေးဇူးပါ … ဒါပေမယ့် အဲဒီ့မတိုင်ခင် မင်းနဲ့ မင်းအမေသေကြမယ်ထင်တယ် …”

 

ကိုယ်လုပ်တော်ရုန်အကြောင်း ပါလာချိန်၌ ရှစ်ကျင်း၏ အမူအရာသည် အကျည်းတန်သွား၏။

“မင်း …”

 

ရှစ်ယဲ့က ကြားဖြတ်ပြောလိုက်သည်။

“မင်းထွက်သွားရင် မင်းသမီးကြီးနဲ့ မင်းရဲ့အပေါင်းအပါတွေကို ပုန်ကန်မှုကြောင့် ခေါင်းဖြတ်ကွပ်မျက်ရလိမ့်မယ်… ကိုယ်လုပ်တော်ရုန်ကတော့ အချိန်တစ်ခုအထိ သေဦးမှာမဟုတ်ဘူး… သူက မင်းကြီးကို အဆိပ်ခတ်ခဲ့ရင်တောင် မင်းကြီး အနှစ်သက်ဆုံး ကိုယ်လုပ်တော် ဖြစ်ခဲ့တာပဲလေ… ဒီတော့ သူက မင်းကြီးရဲ့သင်္ချိုင်းဂူထဲမှာ အဖော်ပြုပေးမယ့် တစ်ဦးထဲသော သက်ရှိဖြစ်လာလိမ့်မယ်…”

 

ထို့နောက် ရှစ်ယဲ့မျက်နှာထက်ရှိ အပြုံးက ပျယ်လွင့်သွား၏။

“ဒါပေမယ့် သင်္ချိုင်းဂူထဲမှာ ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူများ ခန့်မှန်းနိုင်မှာလဲ...”

 

ရှစ်ယဲ့က စကားတစ်လုံးချင်းစီကို သေချာပြောသွားခဲ့သည်။ သူ့အသံကို ရှစ်ကျင်း၏ နှလုံးသားအား တူများဖြင့် ထုနှက်နေသကဲ့သို့ ရှိ၏။

 

ရှစ်ကျင်းက သူ့နားသူပင် မယုံနိုင်ခဲ့ပေ။ မူလက သူ့မိခင်မှာ သေဒဏ်မှလွတ်ကင်းကာ သီလရှင်တစ်ဦးအဖြစ် နေထိုင်သွားရလိမ့်မည်ဟု ထင်ခဲ့သည်။ ရှစ်ယဲ့က ထိုမျှရက်စက်သော လှည့်ကွက်ကို ပြင်ဆင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

 

မဟုတ်ဘူး …

 

ရှစ်ယဲ့ အခုဘာပြောလိုက်တာလဲ ..

 

ငါ့အမေက ခမည်းတော်ကို အဆိပ်ခတ်တယ်တဲ့လား …

 

မဖြစ်နိုင်တာ …

 

ခမည်းတော်ကို အဆိပ်ခတ်တာက ရည်ရွယ်ချက်ကြီးမားလွန်းတဲ့ ရှစ်ယဲ့ပဲလေ …

 

ရှစ်ယဲ့က ရှစ်ကျင်း၏ အတွေးများကို ခံစားမိပုံဖြင့် နောက်လှည့်ကာ ပြောလိုက်သည်။

“ဝင်ခဲ့ပါ …”

 

ထို့နောက် ရှည်လျားသော ပုံရိပ်တစ်ခု ဝင်ရောက်လာ၏။

 

ရှစ်ကျင်းက အဆက်မပြတ်နာကျင်လာသည့် နဖူးအလယ်ကို နှိပ်လိုက်သည်။ သူ့အတွေးများက ရှုပ်ထွေးနေပြီး ချွေးအေးတစ်လွှာသည်လည်း နဖူးပေါ်၌ ထွက်ပေါ်လာ၏။ သူ မော့ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော စစ်သူကြီးလင်း၏ မျက်နှာကို တွေ့လိုက်ရသည်။

 

လင်းကျယ်၏ အမူအရာက လေးနက်နေပြီး ရှစ်ကျင်းအား နားလည်ရခက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူက ရှစ်ကျင်းအား ပြောစရာစကားများ ရှိသည့်တိုင် ရှစ်ယဲ့ရှေ့တွင်မူ မည်သို့မှ ပြောမထွက်ပေ။

 

ရှစ်ကျင်းက လင်းကျယ်နှင့် နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့၏။ သူက လင်းကျယ်၏ မျက်ဝန်းတွင်းရှိ ခံစားချက်များကို နားလည်လေသည်။

 

လင်းကျယ်က ဖြောင့်မတ်ရိုးသားကာ အကျင့်ပျက် အရာရှိများနှင့် မည်သည့်အခါမှ ပတ်သက်လေ့မရှိသလို ထီးနန်းကို မက်မောသူများကိုလည်း မနှစ်မြို့တတ်ပေ။ လင်းကျယ်က မင်းကြီး၏အမိန့်ကိုသာ နာခံလေ့ရှိသည်။ ထို့အပြင် လက်ရှိဖြစ်ရပ်ကြောင့် သူ့အပေါ် လင်းကျယ်စိတ်ပျက်နေကြောင်း ရှစ်ကျင်း နားလည်၏။

 

သို့သော် သူသည်လည်း လင်းကျယ်အား စိတ်ပျက်မိလေသည်။

 

သူ့မိခင်က ခမည်းတော် နတ်ရွာစံသည့်ည၌ အားလုံးကို ပြင်ဆင်ထားခဲ့၏။ သူက ရှစ်ယဲ့၏ လက်ရုံးများနှင့် အတောင်များကို ချိုးဖျက်ရန် ပြင်ဆင်ခဲ့သည်။ အမှန်စင်စစ် ထိုညကတည်းက အနိုင်အရှုံးကွဲပြားရမည်ဖြစ်၏။ သို့သော် မမျှော်လင့်ထားစွာဖြင့် လမ်းခုလတ်တွင် ချန်ယောင်ကျင်း ထွက်ပေါ်လာခဲ့သည်။ လင်းကျယ်က တံတောင်ဆစ်ကိုလည်း လှည့်လိုက်ပေသည်။


(လမ်းခုလတ်တွင် ချန်ယောင်ကျင်း ထွက်ပေါ်လာခဲ့သည်။ - မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

 

တံတောင်ဆစ်ကို လှည့်ခြင်း - တံတောင်ဆစ်သည် အတွင်းဘက်သို့သာ လှည့်နိုင်သည်ဖြစ်ရာ တစ်ကိုယ်ကောင်းဆန်သည်ကို ပြသသော အသုံးအနှုန်းအဖြစ် အသုံးပြုကြခြင်းဖြစ်သည်။)

 

လင်းကျယ်က နန်းတော်တစ်ခုလုံးကို စစ်သည်တော်များဖြင့် ဝိုင်းလိုက်ချိန်၌ ရှစ်ကျင်းတစ်ယောက် မိုးကြိုးထိမှန်သကဲ့သို့ ထိတ်လန့်သွားခဲ့ရသည်။

 

သူက တစ်နေ့နေ့တွင် သူ၏အကောင်းဆုံးသူငယ်ချင်းထံမှ အနိုင်ပိုင်းခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

 

လင်းကျယ်က ဘယ်လိုစိတ်မျိုးနဲ့ ငါ့ကိုလာတွေ့ရဲတာလဲ ..

 

ရှစ်ကျင်း၏ မျက်ဝန်းများက မုန်းတီးမှုဖြင့် ပြည့်နှက်နေပြီး သူ့ခံတွင်းထဲရှိ သွေးအရသာမှာလည်း ပို၍သာ ပြင်းထန်လာ၏။

 

ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ရက်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသည့်နောက် သူက ပြင်းထန်သော ခံစားချက်များကို ခံစားလိုက်ရသည်။ သူ့ရင်ဘတ်တစ်ခုလုံး ဒေါသ၊ မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေ၏။ သူက သစ္စာဖောက်သွားသည့် လင်းကျယ်အား ရှစ်ယဲ့ထက်ပင် ပို၍ မုန်းလေသည်။

 

လင်းကျယ်ကမူ သူ့အကြည့်အား ရင်ဆိုင်ရချိန်၌ မျက်နှာတစ်ချက် ပျက်မသွားခဲ့ပေ။ သူက နှုတ်ခမ်းတင်းတင်းစေ့ကာ သစ်သားရုပ်တစ်ရုပ်ကဲ့သို့ နာနာခံခံရှိနေသည်။

 

ရှစ်ကျင်းက မျက်ဝန်းများကို မှေးစင်းလျက် ခါးသီးစွာပြောသည်။

“ငါ့သူငယ်ချင်းက နာခံတတ်တဲ့ ခွေးလိမ္မာတစ်ကောင် ဖြစ်သွားတာပဲ… မင်းကို အရင်က ဒီလိုမှန်းမသိခဲ့တာ ငါကန်းနေလို့ဖြစ်ရမယ် …”

 

လင်းကျယ်၏ မျက်ဝန်းများက လှိုင်းထသွားသည်။ သို့သော် သူက တိတ်ဆိတ်နေဆဲပင်။

 

အခြားတစ်ဖက်၌မူ ရှစ်ယဲ့က ရယ်လျက်ပြောသည်။

“မင်းဒီလိုပြောနေပေမယ့် စစ်သူကြီးလင်းလည်း မင်းလိုပဲ လူတွေကို သေချာမကြည့်တတ်ပါဘူး … မင်းကြီးရဲ့ သတိပေးချက်ကြောင့် မဟုတ်ရင် သူက ကိုယ်လုပ်တော်ရုန်ရဲ့ ကြောင်သူတော်မျက်နှာဖုံးကို မြင်ခဲ့မှာမဟုတ်ဘူး…”

 

ရှစ်ကျင်းမျက်ဝန်းထဲရှိ မုန်းတီးမှုက ပို၍ ပြင်းထန်လာပြီး ရှစ်ယဲ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။

“မင်း ဘာပြောချင်တာလဲ …”

 

ရှစ်ယဲ့က ပြောလိုက်သည်။

“ဖင်အန်းဖြစ်ဖြစ်၊ ဟွားကျစ်ချန်ဖြစ်ဖြစ် သူတို့က မင်းအတွက် ကိုယ်လုပ်တော်ရုန် ဖန်တီးပေးထားတဲ့ လွတ်လမ်းတွေပဲ… မင်းဒေါသတကြီးဖြစ်နေတာက ဖင်အန်းသေသွားလို့ မဟုတ်ဘဲ မင်းရဲ့လွတ်လမ်းပိတ်သွားလို့ မလား…”

 

ရှစ်ကျင်းက သူ့အတွေးများ ထုတ်ဖော်ခံလိုက်ရသဖြင့် လက်သီးတင်းတင်းဆုပ်လိုက်၏။

 

ရှစ်ယဲ့က ရှစ်ကျင်း၏ အမူအရာကို ကြည့်ရင်း စကားလွှဲလိုက်သည်။

“ကိုယ်လုပ်တော်ရုန်က မင်းကို ဘာပြောခဲ့လဲ … ငါက သားအရင်းမဟုတ်ဘူးလို့လား … ငါက ထီးနန်းလိုချင်လို့ မင်းကြီးကို အဆိပ်ခတ်ခဲ့တယ်လို့လား …”

 

ရှစ်ကျင်း တောင့်တင်းသွားသည်။

“မင်း …မင်း ဘယ်လိုလုပ်ပြီး …”

 

သူ ဘယ်လိုလုပ်သိနေတာလဲ …

 

“ကိုယ်လုပ်တော်ရုန်က ဟဲယွီကို မင်းကိုလှည့်စားပေးဖို့ လာဘ်ထိုးခဲ့တယ်… နောက်တော့ ငါက တုတ်နဲ့ရိုက်ပြီး ဟဲယွီ ဝန်ခံအောင် လုပ်ခဲ့တယ်လေ …”

ရှစ်ယဲ့က ရယ်လိုက်ပြီး ရှစ်ကျင်းအား ကိုယ်ချင်းစာသည့်ဟန်ဖြင့် ကြည့်လိုက်၏။

“မင်းသားရွှမ်း မင်းသားရွှမ် … မင်းက တုံးတာလား … သားသမီးဝတ္တရားသိတတ်တာလား … ငါ မင်းကို မင်းအမေထက်တော့ အသိဉာဏ်ရှိမယ်ထင်ထားတာ … မင်းက တခြားလူတွေရဲ့ ရုပ်သေးရုပ်ဖြစ်သွားရတာပဲ …”

 

ရှစ်ယဲ့က ဆက်ပြောသည်။

“ဟဲယွီ မင်းကို ပြခဲ့တဲ့စာက အတုကြီးပဲ … ကိုယ်လုပ်တော်ရုန်ပြောတာလည်း အမှားတွေပဲ … ကိုယ်လုပ်တော်ရုန်က ငါထီးနန်းရသွားမှာနဲ့ သူ ဘုရားကျောင်းမှာ အထီးကျန်ကျန်နေရမှာကို မလိုချင်ဘူးလေ … ဒီတော့ သူက ဦးနှောက်ကို အသုံးချရင်း မင်းကို နန်းတင်ပေးဖို့ ကြိုးစားခဲ့တာ … သူက အဲဒီ့အချိန်ကတည်းက မင်းကြီးရဲ့အစားအစာကို အဆိပ်ခတ်ခဲ့တာပဲ…”

 

ရှစ်ကျင်းက ရှစ်ယဲ့၏ စကားများကို နားလည်သလို ဖြစ်နေသော်လည်း တစ်ချိန်ထဲမှာပင် နားမလည်ပုံလည်း ပေါ်နေ၏။

 

ရှစ်ယဲ့ ပြောခဲ့သည့် စကားလုံးများက သူ့အမြင်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ သူက ထိုစကားလုံးများကို မယုံကြည်ချင်ခဲ့သော်လည်း သူငယ်ချင်းဖြစ်သူ လင်းကျယ်အား တွေ့လိုက်ရချိန်၌ သူ့အာရုံကြောများ တောင့်တင်းသွားရ၏။

 

လင်းကျယ်က အလိမ်အညာစကားကို မည်သည့်အခါမှ မဆိုတတ်ခဲ့၍ ရှစ်ယဲ့ သူ့ရှေ့တွင် လိမ်ညာမည်ကိုလည်း ခွင့်ပြုမည်မဟုတ်ပေ။

 

ရှစ်ယဲ့က ရှစ်ကျင်းထံ ချဉ်းကပ်ကာ တီးတိုးဆိုလိုက်သည်။ 

“မင်းချစ်ရတဲ့ခမည်းတော်က မင်းအမေကိုယ်တိုင် အဆိပ်ခတ်လိုက်လို့ နတ်ရွာစံခဲ့ရတာ … မင်းကတော့ မသိလိုက်ဘဲ သူမရဲ့ဓားဖြစ်လာခဲ့တယ် …”

 

ရှစ်ကျင်းက နောက်သို့ဆုတ်ကာ ခေါင်းယမ်းလိုက်၏။ 

“မဟုတ်ဘူး …ငါ့မယ်တော်က ခမည်းတော်ကို အရမ်းချစ်တယ် … သူ့ကို အဆိပ်ခတ်မှာမဟုတ်ဘူး …”

 

“တကယ်လား …”

ရှစ်ယဲ့က သူ့ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

“ကြည့်ရတာ မင်းက မင်းအမေကို သေချာနားမလည်ဘူးပဲ … သူက မင်းခမည်းတော်ကို ချစ်ရင်တောင် အာဏာနဲ့ဂုဏ်ဒြပ်အပြင် သူ့ကိုယ်သူ ပိုချစ်တယ်လေ …”

 

“မဟုတ်ဘူး … မင်းလိမ်နေတာ …”

 

ရှစ်ကျင်း လဲပြိုသွားချိန်တွင် ရှစ်ယဲ့ကမူ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ သူက ရှစ်ကျင်းကို ကြည့်နေသော်လည်း သူ့အကြည့်ကမူ ရှစ်ကျင်း၏ နှလုံးသားအား စိုက်ကြည့်နေသကဲ့သို့ ရှိ၏။

“မင်း ငါပြောတာကို ယုံပါတယ် …”


“မယုံဘူး .. အားလုံးက အလိမ်အညာတွေ … အိုး … ငါနားလည်ပြီ … မင်းက ငါနဲ့ငါ့အမေကို အကွက်ချဖို့ အကြံရသွားပြီမဟုတ်လား … ဒါ့ကြောင့် မင်းငါ့အမေကို စွပ်စွဲနေတာ …မင်းက ငါ့အမေကို သေစေချင်နေတာ ..”

ရှစ်ကျင်းက အော်လိုက်သည်။


ရှစ်ကျင်းက စိတ်လွတ်သွားဟန်ဖြင့် မျက်ဝန်းများ နီရဲလာကာ ရှစ်ယဲ့အား လက်သီးဖြင့် ထိုးလိုက်သည်။

 

သို့သော် ရှစ်ယဲ့က သူ့အား ကန်ကျောက်လိုက်၍ မြေပေါ်သို့ လဲကျသွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ မထလာနိုင်ခဲ့။

 

ထိုမြင်ကွင်းကို တွေ့ချိန်၌ လင်းကျယ်က ရှေ့တက်လာကာ ရှစ်ယဲ့အား ကာကွယ်လိုက်သည်။

 

ရှစ်ကျင်း မော့ကြည့်လိုက်ချိန်၌ ဓားကိုင်ထားသည့် လင်းကျယ်က ရှစ်ယဲ့အား ကာကွယ်လျက် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့မျက်ဝန်းများက ဓားဖြင့်ထိုးစိုက်ခံရသကဲ့သို့ နာကျင်သွားကာ သူ့နှလုံးသားထဲတွင်လည်း နာကျင်မှုလှိုင်းများ မြင့်တက်လာ၏။ သူ ပါးစပ်ဟ၍ ရယ်လိုက်သည်။ သို့သော် သူရယ်နေစဉ် သွေးများ အန်ကျလာ၏။

 

လင်းကျယ်က မျက်မှောင်ကြုတ်ကာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သို့သော်‌ နေရာ၌သာ ရပ်မြဲရပ်နေ၏။

 

လင်းကျယ်၏ ကာကွယ်မှုအောက်တွင် ရှိနေသော ရှစ်ယဲ့က အေးစက်စက်ပြောလိုက်သည်။

“လင်းကျယ် ဘာလို့ ငါ့ဘက်မှာ ရှိနေလဲ … ဘာလို့ အမတ်တွေက ငါ့စကားကို နားထောင်ကြလဲ … ငါ ဘာလို့ မင်းနဲ့ကိုယ်လုပ်တော်ရုန်အကြောင်း အများကြီးသိနေခဲ့လဲ … မင်းဒါတွေကို မစဉ်းစားမိဘူးလား … မင်းကြီး သက်ရှိထင်ရှားရှိစဉ်က ငါ့အတွက် လမ်းဖောက်မထားခဲ့ရင် ငါ ဒီလိုချောချောမွေ့မွေ့ နန်းတက်နိုင်မှာတောင် မဟုတ်ဘူး …”

 

ရှစ်ကျင်း ကြောင်အသွားသည်။

 

သူ့စိတ်အစဉ်က ဗလာဖြစ်သွား၏။ သူက ရှစ်ယဲ့ပြောသွားသည့်စကားကို အမှတ်ရလာသည်။ မင်းကြီး၏ သတိပေးချက်ကြောင့် မဟုတ်ပါက လင်းကျယ်က ကိုယ်လုပ်တော်ရုန်၏ ကြောင်သူတော် မျက်နှာဖုံးကို မြင်နိုင်ခဲ့မည် မဟုတ်ဟူ၍။

 

ခမည်းတော် … သူက …

 

သူ လင်းကျယ်ကို ဘာအတွက် သတိပေးခဲ့တာလဲ …

 

ရှစ်ကျင်းက မြူထုထဲတွင် ပိတ်မိသွားခဲ့ပြီး မည်သည့်အရာကိုမှ သေချာမတွေးနိုင်တော့ချေ။ သူက လမ်းပျောက်နေသည့် ကလေးတစ်ဦးကဲ့သို့ လင်းကျယ်အား မျှော်လင့်တကြီး မေးလိုက်သည်။

“ခမည်းတော် မင်းကို ဘာပြောခဲ့တာလဲ …”

 

“မင်းကြီးက အမိန့်ပေးခဲ့ပါတယ် …”

လင်းကျယ်က ဓားကို ကိုင်ထားလျက် ခက်ခက်ခဲခဲပြောလာ၏။

“မင်းကြီး နတ်ရွာစံသွားခဲ့ရင် ကျွန်တော်မျိုးက အရှင့်သားကို ထီးနန်းတက်နိုင်ဖို့ ကူညီပေးရလိမ့်မယ် … ထီးနန်းကို လောဘတက်တဲ့ လူတွေအားလုံးကို ဖမ်းဆီးရမယ် … မင်းကြီးကို အဆိပ်ခတ်ခဲ့တဲ့ ကိုယ်လုပ်တော်ရုန်ကို သေဒဏ်မချမှတ်ရဘူး … ဒါပေမယ့် ခင်ပွန်းနဲ့ဇနီးသည်ရဲ့ ကံကြမ္မာအတွက် သူမကို သူနဲ့အတူ မြှုပ်နှံဖို့ မိန့်တော်မူခဲ့တယ် …”

 

“…”

 

ရှစ်ကျင်း၏ စိတ်အစဉ်မှာ လဲပြိုသွားတော့သည်။

 

သူက မြေကြီးကို ပြင်းပြင်းထန်ထန် တူးနေပြီး သွေးစများကိုပင် ထွက်ပေါ်လာစေ၏။ သို့သော် သူက နာကျင်မှုခံစားရဟန်မတူပေ။ သူ့မျက်ဝန်းများက မျက်ရည်ပူများ စီးကျလာတော့မည့်အလား နီရဲနေသည်။

 

ငါ့အမေက ငါ့ခမည်းတော်ကို အဆိပ်ခတ်ခဲ့တာ …

 

ငါ့အဖေက အမေအဆိပ်ခတ်တာကို အကြာကြီး ခံစားခဲ့ရတာ …

 

အဖေအတွက်ပဲဖြစ်ဖြစ် အမေအတွက်ပဲဖြစ်ဖြစ် ငါက စစ်တုရင်ရုပ်တစ်ခုပဲ …

 

ဘာလို့လဲ …

 

ဘာလို့ အဖေက ဒီအမှန်တရားကို ငါ့ကို မပြောပြခဲ့တာလဲ …

 

ဘာ့ကြောင့် ငါက ဒီရက်စက်လှတဲ့ အမှန်တရားကို ရှစ်ယဲ့နဲ့ လင်းကျယ်ဆီကတစ်ဆင့် ကြားရတာလဲ …

 



💮💮💮