အပိုင်း ၁၂၀
Viewers 23k

ကျန့်ရှင်းခယ်နှင့် မားယွမ်၏ပရိတ်သတ်များကတော့ သဘောထားကွဲလွဲလို့ မပြီးနိုင်ကြသေးပေ။ သူတို့က ဤရုပ်ရှင်ကို ကြည့်ရမလား၊ မကြည့်ရမလားဟု ဆုံးဖြက်ရခက်နေကြသည်။ အင်တာနက်သုံးစွဲသူများကတော့ သူတို့နှစ်ယောက်စလုံးက ရုပ်ရှင်ထဲတွင် ကောင်းကောင်းသရုပ်ဆောင်နိုင်ကြသည်ဟု ပြောကြသည်။ သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိတ်သတ်များကလည်း သူတို့၏ fan base ကို ရောက်ရောက်ချင်း အားလုံး၏သရုပ်ဆောင်က အလွန်ကောင်းသည်ဟူ၍ တုံ့ပြန်ချက်များပေးကြသည်။ ဤသို့ဖြင့် ရုပ်ရှင်မကြည့်ရသေးသူ fans များမှာ ပိုပြီး ဖင်တကြွကြွဖြစ်လာကြသည်။
အထူးသဖြင့် ကျန့်ရှင်းခယ်၏ fans များပင်။ ယခင်ကဆိုလျှင် ကျန့်ရှင်းခယ်သည် လူငယ်အိုင်ဒေါ ဒရမ်မာများတွင် ဥက္ကဋ္ဌနေရာ၌ များစွာသရုပ်ဆောင်ဖူးသည်။ သို့သော် အင်တာနက်သုံးစွဲသူများထံမှ ဥက္ကဋ္ဌနဲ့မတူတဲ့ ဥက္ကဋ္ဌ ၊ မသတီစရာဥက္ကဋ္ဌ စသဖြင့် မကောင်းသောမှတ်ချက်များကိုသာ အချိန်တိုင်း ကြားခဲ့ရသည်။ ယခုတွင်တော့ အားလုံးက ကျန့်ရှင်းခယ်၏သရုပ်ဆောင်မှုကို တညီတညွတ်တည်း ချီးကျူးလာကြသဖြင့် ဤရုပ်ရှင်အမျိုးအစားကို ဝေးဝေးကရှောင်ချင်ကြသည့်တိုင် fans ဖြစ်သည့်သူတို့အနေနှင့် သူတို့အိုင်ဒေါကိုအကောင်းဆုံး ပံ့ပိုးပေးရမည်သာ။
အဆုံးတွင်တော့ fan group ခေါင်းဆောင်က အခြားသည်းထိတ်ရင်ဖိုရုပ်ရှင်ပရိတ်သတ်များ၏ နည်းလမ်းကိုသုံးကာ တစ်မြို့တည်းနေသူအချင်းချင်း အဖွဲ့တစ်ဖွဲ့၍ ရုပ်ရှင်ရုံထဲသို့ ဝင်ကြမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုမှသာ အချင်းချင်း ဖေးမဂရုစိုက်ပေးနိုင်ကြလိမ့်မည်။
ဒါရိုက်တာဖုက သရုပ်ဆောင်များကို လေ့ကျင်သင်ကြားပေးရာတွင် ကျွမ်းကျင်လိမ္မာသည်။ ယခင်တစ်ခေါက်က ကောင်းထျန်းနှင့် ယခုတစ်ခေါက် ကျန့်ရှင်းခယ်ပင်။ ထိုနှစ်ယောက်ကိုဥပမာပြုကာ သရုပ်ဆောင်မကျွမ်းကျင်၍ အဝေဖန်ခံနေရသော တက်သစ်စ သရုင်ဆောင်လေးများမှာ သရုပ်ဆောင်ကြေးမရလျှင်တောင် ဖုကျန်းထံသို့ လာရောက်ကြသူ များနေတော့မည်။
ရုပ်ရှင်ထဲတွင် ကောင်းထျန်းက တစ္ဆေနေရာ၌ သရုပ်ဆောင်ထားကာ ခဏတာလေးသာ ပါလိုက်သော်လည်း သူမ၏အသွင်အပြင်က အားလုံးကို ထိတ်လန့်အံ့အားသင့်စေခဲ့သည်။ အချို့ beauty blogger များက << လွတ်မြောက်ခြင်း>> ၏ Trend နောက်လိုက်ကာ ကောင်းထျန်း၏ တစ္ဆေသတို့သမီး မိတ်ကပ်ပုံစံမျိုး ပြင်ဆင်လိမ်းခြယ်ကြ၏။ အင်တာနက် Trend တစ်ခုဖြစ်သွားပြီဆိုလျှင် အင်တာနက်သုံးစွဲသူများကို နွား ၉ စီး ဝင်တားလျှင်တောင် တားနိုင်တော့မည်မဟုတ်ချေ။
ကြောက်စရာ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးရယ်ကြောင့် အင်တာနက်ပေါ်က ကွန်မန့်များမှာ ပို၍ပို၍ရယ်စရာကောင်းလာသည်။ ထိုကွန်မန့်များကို ဒါရိုက်တာဖု သာမြင်ပါက မည်သို့ ခံစားရမည်မသိပေ။ အင်တာနက်သုံးစွဲသူများ၏ အပြောင်အပျက်ကွန်မန့်များကြောင့် လူများကလည်း ရုပ်ရှင်သို့သွားကာ သည်းထိတ်ရင်ဖိုရုပ်ရှင်အရသာကို စမ်းသပ်ရဲလာကြသည်။
ဒါရိုက်တာဖုဟု ပြောကာမှ အင်တာနက်သုံးစွဲသူများမှာ ဒါရိုက်တာဖုဟာ ရုပ်ရှင်ထုတ်လွှင့်ပြသကတည်းက တစ်ခါမှပေါ်မလာခဲ့ကြောင်း သတိရတော့သည်။ ဒါရိုက်တာဖုတစ်ယောက် ဘယ်ရောက်လို့ ဘယ်ပေါက်နေပါသနည်း...။
ထိုအချိန်တွင် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က လာဆာမြို့သို့ ခရီးထွက်နေကြသည်။ ခရီးစဉ် ဒုတိယမြောက်နေ့တွင် ကျန်းဟန်ရှုသည် ဖေဖေကျန်းထံမှ ဖုန်းလက်ခံရရှိခဲ့၏။ တစ်ဖက်ဖုန်းမှ ဖေဖေကျန်းက သူ့ကို ဆူပူငေါက်ငမ်းကာ ကောင်းကောင်းကြီးဆူဆဲလေသည်။ ထိုအခါမှ ကျန်းဟန်ရှုဟာ မပြောမဆိုဘဲ ခိုးထွက်လာမှန်း ဖုကျန်းမှာ သိရတော့သည်။
[Lhasa(လာဆာ) = တိဗက်ပြည်၏မြို့တော်]
ကျန်းဟန်ရှုက ဖုကျန်းကို ရှင်းပြသည်။ " ဘာမှမဖြစ်ပါဘူး။ ကိုယ့်ဖေဖေက လောလောဆယ် အလုပ်လည်းအားနေတော့ သူ ပျင်းနေမှာ ကိုယ်ကစိုးရိမ်လို့ပါ..."
ဖေဖေကျန်းက အလုပ်သွားစရာမလိုသော်လည်း သူ ပျင်းနေလိမ့်မည်မဟုတ်ကြောင်း ဖုကျန်းသေချာသိသည်။ အဘယ်ကြောင့်ဆိုသော် ဖေဖေကျန်းက မေမေကျန်းကို ပြည်ပအပန်းဖြေခရီးတစ်ခု ခေါ်သွားချင်သည်ဟု ဤနှစ်မတ်လတုန်းက ပြောဖူးတာကို ဖုကျန်း ခပ်ဝါးဝါးလေး မှတ်မိနေသည်။ ဒီနှစ်တော့ ထိုအစီအစဉ်က မဖြစ်မြောက်နိုင်တော့ဘူးထင်၏။
သူတို့နှစ်ဦးဟာ လမ်းတစ်လျှောက်လုံးတွင် လှပသောရှုခင်းများကို ခံစားလိုက်၊ အရသာရှိသော အစားအသောက်များစားလိုက်နှင့် ပျော်မွေ့နေကြသည်။ နှောင့်ယှက်မည့်သူလည်းမရှိ၊ စိတ်ရှုပ်စရာအလုပ်များလည်းမရှိသဖြင့် ဖုကျန်းမှာ အလွန်ပျော်မြူးနေသည်။
သူတို့၏နောက်ဆုံးခရီးစဉ်က လာဆာ၌ဖြစ်၏။ လာဆာရှိ အထင်ကရနေရာအနှံ့ကို လည်ပတ်အပြီးမှ သူတို့ အိမ်ကိုပြန်ကြမည်ဆိုလျှင် အချိန်တစ်လခန့် ကြာသွားလောက်သည်။
အဘယ်ကြောင့်ဆိုလျှင် ဖုကျန်းသည် အထက်တန်းပထမနှစ်တုန်းက Tsangyang Gyatso အကြောင်း ကဗျာများ၊ ဆောင်းပါးများကို ဖတ်လေ့ရှိခဲ့သောကြောင့် သူ လာဆာမြို့ကို အမြဲတမ်း လာချင်နေခဲ့သည်။ မီးခိုးရောင် စာအုပ်အဖုံးပေါ် ကြွကြွရွရွ ရွှေရောင်စာလုံးများကို သူ ယခုထိ မှတ်မိနေသေးသည် : Potala နန်းတော်ကြီးထဲ စံမြန်းနေရရင် နှင်းဖွေးတဲ့ဒေသမှာ ငါဟာ အကြီးမြတ်ဆုံးဧကရာဇ်ပဲ၊ လာဆာရဲ့လမ်းတွေပေါ်မှာ လျှောက်လှမ်းနေရရင် ငါဟာ လောကကြီးမှာ အလှဆုံးသော ချစ်မြတ်နိုးသူပဲ။
[-Tsangyang Gyatso က ခြောက်ဆက်မြောက် ဗုဒ္ဓသာသနာပိုင်တိဗက်ဘုန်းကြီးတစ်ပါးပါ။ သူက သမိုင်းမှာ အထင်ကရပုဂ္ဂိုလ်တစ်ဦးပါပဲ။
- Potala နန်းတော်ကြီးက Potalaka တောင်ထိပ်မှာတည်ရှိတဲ့ တိဗက်ရဲ့ သမိုင်းဝင်နေရာတစ်ခုပါ။]
လာဆာမြို့၏လမ်းမပေါ်တွင် လျှောက်လှမ်းနေရင်း ခေါင်းကိုမော့ကြည့်လိုက်လျှင် ကြည်လင်ကာ တောက်ပနေသော ကောင်းကင်ပြင်ကျယ်ကြီးက ဆီးကြိုသည်။ ဆီးနှင်းဖုံးနေသော တောင်တန်းများက နေရောင်အောက်တွင် ငွေရောင်နဂါးကြီးများ လဲလျောင်းနေသည့်ပမာ သွယ်တန်းနေလျက်သား ရှိ၏။ လာဆာ က နေရောင်ခြည်ကောင်းကောင်းရသည်၊ ထို့ကြောင့် နေရောင်ခြည်မြို့တော်ဟူ၍လည်း အမည်တွင်သေးသည်။ လမ်းတစ်ဖက်တစ်ချက်စီက အဆောက်အအုံများမှာ အမြင့်ကြီးများမဟုတ်သော်ငြား ကြည်လင်သော ကောင်းကင်အောက်တွင် အလွန်ချစ်စဖွယ်ကောင်းနေ၏။
တစ်ခါတစ်ရံတွင် အနီရောင်သင်္ကန်းခြုံနှင့် လာမာဘုန်းကြီးများ (တိဗက်ပြည်ဘုန်းကြီးများ) စင်္ကြံလျှောက်နေကြသည်ကို တွေ့နိုင်သည်။
ကျန်းဟန်ရှုက ကြိုတင်စာရင်းပေးထားသော ဟိုတယ်သို့ ဖုကျန်းကိုခေါ်သွားသည်။ နှစ်ဦးသားသည် မွေ့ယာပေါ်တွင်ထိုင်ရင်း နောက်ရက်များတွင် လည်ပတ်မည့် အထင်ကရနေရာများအကြောင်း စာရင်းပြုစုကြသည်။ အစားအသောက်ကောင်းများအကြောင်းလည်း မကျန်ခဲ့စေရပေ။ ဖုကျန်းက ဘောလ်ပင်ကို ဖွင့်လျက် စာမျက်နှာအပြည့်ရေးမှတ်လိုက်သည်။
ကျန်းဟန်ရှု ခေါင်းငုံ့ကာတစ်ချက်ကြည့်လိုက်ရင်း ဖုကျန်းကိုပြောလိုက်၏။ "မင်း လည်ပတ်ဖို့အစီအစဉ်တွေ ရေးနေတာမဟုတ်ဘူးလို့ ကိုယ်ဘာလို့ထင်နေရပါလိမ့်..."
ဖုကျန်းက နှစ်ကြိမ်ခန့် ခြောက်ကပ်ကပ်ရယ်လိုက်ကာ စာရွက်ကို ချက်ချင်းလှန်လိုက်သည်။ ထို့နောက် ကျန်းဟန်ရှုကို ချစ်စဖွယ်မျက်နှာထားလေးလုပ်လျက် ကြည့်လိုက်သည်။
ကျန်းဟန်ရှုမှာ ခေါင်းသာခါမိသည်၊ သူ လက်တစ်ဖက်ကိုဆန့်ထုတ်ကာ ဖုကျန်း၏ခေါင်းလေးကို ပုတ်ကာ မေး၏။ " မင်းမနက်ဖြန် Basongcuo ကိုသွားချင်လား..."
Basongcuo က တိဗက်တွင် နာမည်ကြီးသော ရေအိုင်ကြီးဖြစ်သည်။ ရေအိုင်၏အရောင်မှာ မိုးကောင်းကင်ကဲ့သို့ အပြာရောင်ဖြစ်ပြီး ရေအိုင်အလယ်တွင် ကျွန်းငယ်လေးတစ်ခုရှိသည်။ ကျွန်းငယ်လေးပေါ်တွင် ဘုရားကျောင်းတစ်ခုတည်ထားကာ သစ်ရိပ်ဝါးရိပ်တို့ဖြင့် ဖုံးအုပ်နေသည်။ ရေအိုင်ကြီးကို စိမ်းစိုလဲ့နေသော တောင်တန်းများက ပတ်လည်ဝိုင်းထားသည်။ ထိုတောင်တန်းများအပေါ်တွင်မူ နှစ်ပေါင်းများစွာ အရည်ပျော်ခြင်းမရှိသော ဆီးနှင်းများက ဖုံးလွှမ်းထားသည်။ အဖြူရောင်တိမ်စိုင်တိမ်လိပ်များက စိမ်းလန်းစိုပြည်သော သစ်တောများအပေါ်တွင် ဝိုင်းရံနေပြီး မြက်သင်းနံ့ သင်းသင်းပျပျလေးပါ ရနေသည်။ ကမ္ဘာမြေပေါ်က စိတ်ကူးယဉ်ကျွန်းလေးကဲ့သို့နှယ်ပင်။
ဖုကျန်းနှင့်ကျန်းဟန်ရှုတို့သည် ရေအိုင်နံဘေးတွင် ရပ်လျက် တောင်တန်းများကို ရှုစားနေကြသည်။ ဖုကျန်း၏နှုတ်ခမ်းများက ယောင်ယောင်လေး ပြုံးသွားပြီး မျက်ဝန်းထဲမှ အပြုံးရိပ်က လျှံကျလာမတော့မတတ်။ ဤခံစားချက်က ကျန်းဟန်ရှုနှင့်အတူ ပိုင်မေ့တောင်တွင် နေ့ထွက်ချိန်ကို သွားကြည့်စဉ်ကနှင့် ဆင်တူ၏။
လှပသောအရာများကို ရှုစားရသည်အား ဖုကျန်း ဘယ်တုန်းကမှ မငြီးငွေ့ခဲ့ဖူးပေ။ ၎င်းက သူ ရုပ်ရှင်စရိုက်ပြီးနောက်တွင် ပို၍သိသာလာသည်။
ကျန်းဟန်ရှုက သူ့ဘေးက ဖုကျန်းကို ခေါင်းစောင်းကြည့်လိုက်ပြီး သူ့လက်ကလေးကို ကိုင်လိုက်ကာ မေးလိုက်၏။ "မင်းအရင်က ဒီနေရာကိုရောက်ဖူးလား..."
ဖုကျန်းက ခေါင်းခါသည်။ သူ အရင်က လာဆာကို တစ်ခေါက်လောက်လာလည်ချင်ခဲ့သော်လည်း အဆင်မပြေခဲ့ချေ။ ယခုမှ ဤမြေကို သူ ပထမဆုံးအကြိမ်ခြေချဖူးခြင်းပင်။
ဤနေရာမှ ရှုခင်းများက သူ စိတ်အာရုံကို ဖွင့်ပေးလိုက်ခြင်းဖြစ်၏။ ဖုကျန်း အကြံဉာဏ် အနည်းငယ်ရလာသည်၊ လူဆိုသည့်အမျိုးက စိတ်ကူးအကြံဉာဏ်များရှိလာလျှင် ပြောဆိုတိုင်ပင်လိုက်မှ စိတ်ထဲပေါ့ပါးသွားသည်ချည်းသာ။ သူ ကျန်းဟန်ရှု၏လက်ကို ဆွဲလိုက်ပြီး နောက်ရုပ်ရှင်အတွက် စိတ်ကူးစိတ်သန်းများကို ပြောပြတော့သည်။
ကျန်းဟန်ရှုက သူ့စိတ်ကူးအကြံဉာဏ်များကို ထောက်ခံလာခြင်း မရှိချေ။ သူက လက်တစ်ဖက်ကို ပင့်မြှောက်လျက် ဖုကျန်း၏နဖူးလေးကို တောက်လိုက်သည်။
" အခုမှ ခက်ခက်ခဲခဲ ထွက်လာနိုင်တာကို မင်းလေးက အလုပ်အကြောင်းတွေးလို့ မပြီးနိုင်သေးဘူးလား..."
ဖုကျန်း လက်ကိုမြှောက်လျက် ကျန်းဟန်ရှုတောက်သွားသည့် သူ့နဖူးလေးကို လက်နှင့်ကာလိုက်သည်။ သူက ကျန်းဟန်ရှုကို မေးလိုက်၏။
" ကျွန်တော့်ပြောပြတဲ့အကြံကို ဘယ်လိုထင်လဲ..."
ကျန်းဟန်ရှုက ခေါင်းကိုခါကာ ဖုကျန်းကို တည်တည်ကြည်ကြည်နှင့် ပြန်ဖြေလိုက်သည်။ " သိပ်မကောင်းဘူး..."
" တကယ်ကြီး သိပ်မကောင်းတာလား..." ဖုကျန်းက ခေါင်းလေးစောင်းလျက် ကျန်းဟန်ရှုကို စိုက်ကြည့်နေရင်း ခဏကြာမှ ပြောလိုက်သည်။ " ကျွန်တော့်အထင် အရှေ့မြောက်ပိုင်းသားလူတစ်ယောက်နဲ့၊ ထိုင်ဝမ်လူမျိုးတစ်ယောက်က အပန်းဖြေခရီးမှာဆုံကြမယ်ဆိုကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်ပြောနေတုန်းက ခင်ဗျားပြုံးနေတာကို ကျွန်တော်တွေ့တယ်နော်။ အရှေ့မြောက်ပိုင်းသား အစ်ကိုကြီးက... "
ကျန်းဟန်ရှုက ရုတ်တရက် အရှေ့တိုးလိုက်ပြီး ဖုကျန်း၏နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်သည်။ ထိုအခါ ဖုကျန်း၏စကားသံလေးများ တိတ်ကျသွားကာ ပင့်သက်ရှိုက်သံလေးများသာ ထွက်လာတော့၏။ အနားတစ်ဝိုက်တွင် ကောင်းကင်ကျယ်ကြီးမှလွဲ၍ မည်သူမျှရှိမနေချေ။ သူ လက်များဆန့်ထုတ်ကာ ကျန်းဟန်ရှုကို သိုင်းဖက်လိုက်သည်။ လေပြည်က တသွဲ့သွဲ့တိုက်ခတ်နေကာ၊ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်ငယ်လေးများထနေသည်။ ရေအိုင်၏အလယ်ရှိ Tashi ကျွန်းငယ်လေးကတော့ အိပ်မောကျနေသည့်အလား တိတ်ဆိတ်ငြိမ်သက်လျက်။
အနမ်းတစ်ပွင့်က ပုဇဉ်းရေခပ်မျှသာ ကြာလိုက်သည်။ ဖုကျန်းက ကျန်းဟန်ရှု၏လက်ကိုဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ် ထိုင်ချလိုက်ကာ ရေအိုင်အလယ်က ကျွန်းငယ်လေးကို ငေးနေမိသည်။ ထိုအခါ ကျန်းဟန်ရှုက သူ့ကိုမေးလာ၏။
" ဟိုးက မြင်နေရတဲ့ ကျွန်းလေးကို သွားချင်လား..."
" ဘယ်မှာမြင်နေရတဲ့ဟာလဲဝေ့၊ လှလားဝေ့.."
ဖုကျန်းက အရှေ့မြောက်ပိုင်းသားလေသံကဲ့သို့ ရုတ်တရက်ပြောင်းကာ ပြောလိုက်သည်။ ကျန်းဟန်ရှု မအောင့်နိုင်ဘဲ ရယ်ချမိသွားသည်။ ဖုကျန်းက ဆိုလာ၏။
" ဒီရုပ်ရှင်က ခေတ်ဟောင်းရုပ်ရှင်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ရုံလေးပါ..."
ကျန်းဟန်ရှုက ပြုံးကာ ဖုကျန်းအား ဆိုလိုက်၏။ " ဒါရိုက်တာဖု ၊ မင်းလေးရဲ့ ရုပ်ရှင်တွေကို ခဏ‌မေ့ထားပေးလို့ရမလား။ ကိုယ့်ကိုလည်း မင်းလေးရဲ့စိတ်ထဲ နည်းနည်းလောက် နေရာပေးပါဦးကွာ..."
" ဟုတ်ပါပြီဗျ၊ ခင်ဗျား စကားကိုနားထောင်ပါ့မယ်..." ဖုကျန်းက အရှေ့မြောက်ပိုင်းသားလေသံပြောင်း၍ ပြောလိုက်ပြန်သည်။
ကျန်းဟန်ရှုက သူ့လက်များနှင့် ဖုကျန်း၏ပုခုံးလေးကို ဖက်လိုက်ကာ အမေးစကားဆိုသည်။ " မင်း ဒီလေသံကို ဘယ်ကနေ သင်ခဲ့တာလဲ..."
" တက္ကသိုလ်တုန်းက အခန်းဖော်တွေဆီကနေလေ၊ ကျွန်တော်တို့ semester တစ်ခုပဲ အတူနေလိုက်ရတာတောင် သူတို့လေသံတွေကို ကျွန်တော်ပါ ကူးသွားတယ်။ ကျွန်တော် ကျောင်းတွင်းလှုပ်ရှားမှုတွေဝင်တော့ ဥက္ကဋ္ဌက ကျွန်တော့်ကို အရှေ့မြောက်ပိုင်းသားလားလို့တောင် မေးယူရတယ်..." ပြောပြီးသည်နှင့် ဖုကျန်းမှာ မထိန်းနိုင်ဘဲ ရယ်ချလိုက်မိသည်။
သူတို့နှစ်ဦးသား Basongcuo ရေအိုင်ကြီးမှ ပြန်လာပြီးနောက်တွင် နေ့လယ်ပိုင်းအနားယူဖို့ ဟိုတယ်ကိုသာ တန်းတန်းမတ်မတ်ပြန်လာခဲ့ကြသည်။ မွန်းလွဲပိုင်းရောက်တော့ လမ်းဘေးဆိုင်များဆီသွားကာ မုန့်များ လှည့်ပတ်စားကြပြန်၏။
နောက်ရက်အနည်းငယ်အတွင်းအတွင် ဖုကျန်းတို့နှစ်ယောက်သား Potala နန်းတော်ကြီး၊ Jokhang ဘုရားကျောင်း၊ Lulang Linhai စသော သမိုင်းဝင်နေရာများကို သွားရောက်လည်ပတ်ခဲ့ကြသည်။ နောက်ဆုံးတွင်မှ နိဗ္ဗာန်ဂူသင်္ချိုင်းသို့ သွားခဲ့ကြ၏။ ဖုကျန်းက ကောင်းကင်ယံတွင် ပျံဝဲနေသောလင်းတများကို မော့ကြည့်လိုက်ရင်း တသသလွမ်းဆွတ်မှုတစ်ခုကို ခံစားလိုက်ရသည်။
xxxxxxx