အပိုင်း ၁၁၉
Viewers 23k

ဤသို့ဖြင့် << လွတ်မြောက်ခြင်း >> ၏ရီဗျူးအရှည်ကြီးထွက်လာသောအခါမှ လူတိုင်းမှာ အကြမ်းဖျင်းနားလည်သွားကြတော့သည်။
ရီဗျူးအရှည်ကြီး၏ခေါင်းစဉ်ကလည်း အတော်ကလေးကို ရှည်လျားသည်။ ၎င်းမှာ : ဇာတ်လိုက်မင်းသားရဲ့ အပြစ်ကဘာဖြစ်မလဲ။ သူ သေမှာလား ဒါမှမဟုတ် အသက်ရှင်မှာလား...( စပွိုင်လာတွေပါလို့ အထူးဂရုပြုစေချင်တယ်)
ကျန့်ရှင်းခယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဥက္ကဋ္ဌဝူရန် ရဲ့အပြစ်က သူ့သမီးကိုကောင်းကောင်းဂရုစိုက်ဘဲ အထပ်မြင့်အဆောက်အအုံပေါ်ကနေ ပြုတ်ကျစေခဲ့တာပါ။ ကျိုးဝမ်လျန် သရုပ်ဆောင်ထားတဲ့ ချန်သုန်းနျန်ရဲ့အပြစ်ကတော့ သူ့အရှေ့မှာ သူ့အမေသေသွားတာကို ကူကယ်ရာမဲ့ရပ်ကြည့်နေခဲ့တဲ့ အပြစ်ပါပဲ။
ချန်သုန်းနျန်စီးတဲ့ အပျော်စီးသင်္ဘာမှာ အထပ်ပေါင်းသုံးထပ်ရှိတယ်။ သူ ပထမဆုံးအကြိမ် ဧည့်သည်ခန်းတံခါးကိုဖွင့်လိုက်ကတည်းက အဆုံးမရှိတဲ့ အိပ်မက်ဆိုးနယ်မြေထဲကို ရောက်သွားခဲ့တယ်။ အပျော်စီးသင်္ဘာရဲ့အောက်ဆုံးအထပ်က အတိတ်၊ အလယ်အထပ်က ပစ္စုပ္ပန် (တကယ့်အစစ်အမှန် ပစ္စုပ္ပန်တော့မဟုတ်ဘူး)၊ အပေါ်ဆုံးအထပ်ကိုတော့ အသူရာခြောက်နက်လို့ခေါ်တယ်။ အတိတ်အထပ်/အောက်ဆုံးအထပ်မှာတုန်းက ဇာတ်လိုက်မင်းသားမြင်ခဲ့ရတဲ့ သူ့အမေက တကယ်တော့ အသူရာခြောက်နက်ထဲက မကောင်းဆိုးဝါးတွေ ဖန်တီးတဲ့အတုအယောင်သက်သက်ပဲ။
သူ လွတ်မြောက်ဖို့ အကြိမ်ပေါင်းများစွာ ရုန်းကန်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ အဆုံးမှာ အဖြစ်မှန်ကို ခန့်မှန်းမိသွားတဲ့လူက သူ့အမေပဲ။ သူမက သူမသားအတွက် အသက်ပါပေးပြီး မူလကမ္ဘာကိုပြန်ပို့ပေးချင်ခဲ့တယ်။
ချန်သုန်းနျန် မူလကမ္ဘာကိုပြန်ရောက်ဖို့နိုင်ဖို့အတွက် သူ့အမေ သူ့အရှေ့မှာသေဆုံးသွားတာကို ကြည့်ရမယ်။ သူ့ရင်ထဲက နာကျင်မှုကို ခန့်မှန်းကြည့်လို့တောင်ရတယ်။ သူ သူ့အမေကိုပြန်တွေ့ခွင့်ရပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့အမေကို ဆုံးရှုံးလိုက်ရပြန်တယ်။
တစ်ချိန်တည်းမှာ ကမ္ဘာအစစ်မှာလည်း မေးခွန်ထုတ်စရာတွေရှိလာခဲ့တယ်။ ဇာတ်လိုက်မင်းသားရဲ့အမေကဘာကြောင့် သေသွားခဲ့တာလဲ...။ ရုပ်ရှင်ထဲမှာ အိပ်ဆေးပုလင်းတွေရယ်၊ မီးဖိုချောင်ထဲကဓားတွေရယ်၊ ပြီးတော့ ရေချိုးခန်းထဲက ရုတ်တရက်ရပ်တန့်သွားတဲ့ရေကျသံတွေရယ်ကြောင့် ချန်သုန်းနျန်ရဲ့အမေက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တာဖြစ်မယ်လို့ ကောက်ချက်ချနိုင်တယ်။
စိတ်ကျရောဂါဝေဒနာကို ခံစားနေရတဲ့မိခင်တစ်ယောက်အနေနဲ့ အဆုံးစီရင်ခြင်းက စိတ်သက်သာရာအရစေဆုံးပဲ။ ဒါပေမဲ့ လူငယ်လေးချန်သုန်းနျန်အတွက်တော့ ဒါက စိတ်ဒဏ်ရာကြီးပါပဲ။
ဒီရုပ်ရှင်မှာ အစကနေအဆုံးထိ သွေးထွက်သံယိုဇာတ်ဝင်ခန်း တစ်ခန်းမှမပါဘူး။ ပြီးတော့ ရုပ်ပျက်ဆင်းပျက် တစ္ဆေသရဲတွေလည်းမပါဘူး( တစ္ဆေသတို့သမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကောင်းထျန်းကတော့ အတော်ကလေးလှပါတယ်) ဒါပေမဲ့လည်း ဖုံးကွယ်ထားတဲ့ အသေးအဖွဲအရာလေးတွေကနေ ကြက်သီးတဖြန်းဖြန်းထအောင် ကြောက်လန့်စေတဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို ဒါရိုက်တာဖုက ထည့်ထားတယ်။ ရိုက်ချက်တွေက တကယ့် အံ့အားသင့်ဖွယ်တွေချည်းပဲ၊ ဒါရိုက်တာဖုကို ပါရမီရှင်လို့ ဆိုရရင် ချဲ့ကားပြောတာတော့ မဟုတ်ဘူး။
ပြီးတော့ ငါ အထင်ပဲလားတော့မသိပါဘူး။ ဒါရိုက်တာဖုက မိသားစုချစ်ခြင်းမေတ္တာကို သရုပ်ဖော်တဲ့အခါမှာ အရမ်းကိုလေးနက်လွန်းတယ်။ ဒါရိုက်တာဖုအပေါ် မစ္စဖုရဲ့ လွှမ်းမိုးမှုက တော်ရုံမဟုတ်မှန်းမြင်နိုင်တယ်။
.......
ထိုရီဗျူးအရှည်ကြီး ဖတ်ရှုအပြီးတွင် အင်တာနက်သုံးစွဲသူများမှာ သင်္ကာမကင်းဖြစ်သွားကြ၏။ << လွတ်မြောက်ခြင်း>> က တကယ်ရော သည်းထိတ်ရင်ဖိုဇာတ်လမ်း ဟုတ်ပါရဲ့လား။ ကွန်မန့်များကို ကြည့်ရသည်မှာ ဦးနှောက်အလုပ်ပေးရသည့် စုံထောက်ရုပ်ရှင်နှင့်ပိုတူနေသည်။
လူတိုင်းက သည်းထိတ်ရင်ဖိုရုပ်ရှင်များကို ကြောက်ကြသော်လည်း ဦးနှောက်အလုပ်ပေးရသည့် ရုပ်ရှင်မျိုးကိုမူ ကြိုက်ကြလေသည်။ << အဖြူရောင်ရဲတိုက် >> ကိုကြည့်ခြင်းအားဖြင့် ဖုကျန်းက ၎င်းရုပ်ရှင်မျိုးကို ပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ကြောင်း သိနိုင်၏။
<< လွတ်မြောက်ခြင်း >> ၏ ပထမရက် Box Office က သိပ်ပြီးကျေနပ်စရာမကောင်းခဲ့၊ 5 သန်း သာရှိခဲ့သည်။ ငွေ 15 သန်း ရင်းနှီးမြှုပ်နှံမှုနှင့်ယှဉ်လျှင် ထိုပမာဏက များတော့များနေပြီ။ သို့သော် Douban စံချိန်ကတော့ အလွန်အမင်းကို မြင့်လေသည်။ ရုပ်ရှင်ကြည့်ပြီးကြသော အင်တာနက်သုံးစွဲသူများက သောင်းသောင်းသဲသဲ ချီးမွမ်းနေကြသောကြောင့် သည်းထိတ်ရင်ဖိုရုပ်ရှင် ပရိတ်သတ်များမဟုတ်သော အင်တာနက်သုံးစွဲသူ အများအပြားကတောင် စိတ်ဝင်စားလာကြသည်။
သွားကြည့်လျှင်လည်း မိမိတို့ကြောက်တတ်ပုံမျိုးနှင့် ရုပ်ရှင်ရုံထဲတွင် မတော်တဆများဖြစ်သွားခဲ့ပါက မည်သို့လုပ်မည်နည်း။ မကြည့်ပြန်လျှင်လည်း အခြားသူများ၏ ရုပ်ရှင်အညွှန်းများကို ဖတ်ရသည်က အလွန်အသည်းတယားယားရှိလှသည်။ ထို့အပြင် လူအများစုကလည်း ဤရုပ်ရှင်က တကယ်တော့ သိပ်ကြောက်စရာမကောင်းဟု ပြောဆိုဖန်များလာသဖြင့် သူတို့စိတ်များ ယိုင်နှဲ့လာကြသည်။ စေ့စပ်သေချာစွာတွေးတောပြီးနောက်တွင် << လွတ်မြောက်ခြင်း>> ကို သွားကြည့်ရန်အတွက် တူညီရာမြို့များမှ လူစုများဖွဲ့လိုက်ကြမည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြသည်။ တစ်ယောက်တည်းကြည့်လျှင် ကြောက်ကောင်းကြောက်နိုင်မည်ဖြစ်သော်လည်း အဖွဲ့နှင့်ဆိုလျှင်တော့ မကြောက်တော့ချေ။
လျှို့ဝှက်ဓာတ်ဖမ်းသမားတစ်ဦးက အကြံတစ်ခုရသွားပြီး ရုပ်ရှင်ရုံ၏ထောင့်တစ်နေရာတွင် ပုန်းနေကာ << လွတ်မြောက်ခြင်း >> ကိုအာရုံစိုက်ကြည့်နေကြသော ပရိတ်သတ်များ၏ reaction အမျိုးမျိုးကို လျှို့ဝှက်ဓာတ်ပုံရိုက်ကူးလေသည်။ ထို့နောက် ဓာတ်ပုံများကို ပြင်ဆင်မွမ်းမံကာ အင်တာနက်ပေါ်သို့ တင်လိုက်သည်။ အကျိုးရလဒ်က အတော်လေးကောင်း၏။ နှစ်ရက်၊ သုံးရက်အတွင်းတွင် လာရောက်ကြည့်ရှုသူက ထောင်ချီမကဖြစ်သွားခဲ့သည်။
၎င်းပရိတ်သတ်များ၏ reaction များထဲတွင် အင်တာနက်သုံးစွဲသူများ ကြည့်ရှုမှုအများဆုံးက ရုပ်ရှင်အဆုံး၌ မမျှော်လင့်ဘဲ ရုတ်တရက်ကြီးပေါ်လာသော ကျန်းယင်း၏မြှုပ်ကွက်ပင်ဖြစ်လေ၏။ ရုပ်ရှင်ပြီးပြီထင်၍ ပရိတ်သတ်များအားလုံးက ထိုင်ခုံပေါ်မှထရပ်ကာ လွယ်အိတ်ကလေးကိုလွယ်၊ ရည်းစားကောင်မလေး၏လက်ကလေးကိုဆွဲလျက် ရုပ်ရှင်ရုံထဲမှ ထွက်မည်ပြုကြသည်။ ထိုအချိန်တွင် ကျန်းယင်း၏ပုံရိပ်က ရုတ်တရက်ကြီး မြင်ကွင်းထဲပေါ်လာသောအခါ ပရိတ်သတ်များမှာ ထိုင်ခုံပေါ်ပစ်လဲသွားကြပြီး ကြောက်လန့်စွာ အော်ဟစ်ကြတော့သည်။
အင်တာနက်သုံးစွဲသူများက ထိုအဖြစ်ကို မြင်သောအခါ သနားစိတ်တောင်မဝင်ကြဘဲ ခွက်ထိုးခွက်လန်နှင့် တဟားဟားရယ်ကြလေသည်။
အလှောင်ရယ်ခံလိုက်ရသော ပရိတ်သတ်များမှာ အမျက်ချောင်းချောင်းထွက်သွားကြပြီး သူတို့အား လှောင်ရယ်ခဲ့ကြသော အင်တာနက်သုံးစွဲသူများကို ရုပ်ရှင်ရုံထဲမရောက်ရောက်အောင် အကြံကုန်သုံးကာ လှည့်စားမည်ဟု ဆုံးဖြတ်ချက်ချလိုက်ကာ weibo တွင် မှတ်ချက်များရေးကြတော့သည်။
" နောက်ဆုံးမြှုပ်ကွက်ကပဲ တော်တော်ကြောက်စရာကောင်းတာ၊ ရုပ်ရှင်က လုံးဝ ကြောက်ဖို့မကောင်းဘူး။ ငါက နောက်ဆုံးမှာ အဲ့လိုရုတ်တရက်ကြီး ပေါ်လာမယ်မှန်း မထင်ထားခဲ့လို့၊ တကယ်လို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့မယ်ဆိုရင် ကြောက်မှာမဟုတ်ဘူး..."
"တကယ်လုံးဝကြောက်စရာမကောင်းဘူးနော်၊ ဒီရုပ်ရှင်က ငါ့နှလုံးသားလေးကို အရမ်းထိရှစေတယ်။ ငါ အိမ်ပြန်ပြီး ငါ့အမေကိုတောင် ပြေးတွေ့ချင်စိတ်ပေါက်လာတာ..."
" ပထမဆုံးအနေနဲ့ အပေါ်ထပ်က ကိုယ့်လူတွေကို မတရားလေးစားပါတယ်။ ပြောရရင် ဒီရုပ်ရှင်က မိသားစုချစ်ခြင်းမေတ္တာကို အလေးပေးရိုက်ထားတာ။ ချန်သုန်းနျန်နဲ့ သူ့အမေ၊ ဝူရန်နဲ့ သူ့သမီးလေးပေါ့။ ဝူရန်က ဓာတ်လှေကားထဲဝင်ပြီး သူ့သမီးလေးနောက်ကို လိုက်သွားခဲ့တယ်။ ပြီးတော့ ချန်သုန်းနျန် အမေရဲ့ အဆုံးစီရင်မှုက ငါ့ကို မျက်ရည်တွေပါကျလာစေတယ်။ ငါ ဒီလို ဇာတ်ဝင်ခန်းမျိုးကို ငါခံနိုင်ရည်မရှိဘူး..."
" မားယွမ်က အရမ်းချောတယ်၊ ငါ မားယွမ်ကြောင့် နောက်တစ်ခေါက်ကို သွားကြည့်ဦးမှာ..."
.....
သို့သည့်တိုင် အင်တာနက်သုံးစွဲသူအများစုက ဤသို့ ဆိုကြသည် : ငါတို့က ဒီအကွက်တွေကို ကြုံလာရတာ အံတိုနေပြီ။ မင်းတို့ ဘယ်လောက်ကြောက်စရာကောင်းဘူးပြောပြော သွားကြည့်မှာမဟုတ်ဘူး…။
သို့သော် အယုံလွယ်သည့် အင်တာနက်သုံးစွဲသူတစ်ချို့မှာ အကြံသမားအင်တာနက်သုံးစွဲများ၏စကားကိုယုံ၍ ကြောက်သော်လည်း ရုပ်ရှင်ကို သွားကြည့်ရန် ရုပ်ရှင်ရုံထဲသို့ ဝင်သွားကြသည်။ ပြန်ထွက်လာသောအခါ သူတို့အားလုံး မျက်ရည်တစမ်းစမ်းနှင့် ထွက်လာခဲ့ကြရလေသည်။
သူတို့ကို လျှို့ဝှက်ဓာတ်ဖမ်းသမားက ထောင့်တစ်နေရာတွင် ပုန်း၍ရိုက်ကူးနေသောကြောင့် သူတို့၏ပုံများက အခြားအင်တာနက်သုံးစွဲသူများအတွက် ရယ်စရာဟာသဖြစ်သွားသည်။
ဗွီဒီယိုထဲတွင် ပါသွားသူများမှာ အလွန်ဒေါသထွက်သွားကြသည်။ ထို့ကြောင့် သူတို့သည် အကြံသမားများအင်တာနက်သုံးစွဲသူများနှင့်ပူးပေါင်းကာ အခြားသူများပါ ရုပ်ရှင်ရုံသို့သွားကြည့်ကြရေး လှည့်စားဖို့ ဆုံးဖြတ်လိုက်ကြသည်။
ထိုရုပ်ရှင်အကြောင်းဆွေးနွေးထားကြသော ကွန်မန့်များက အင်တာနက်ပေါ်တွင် ပွစာကြဲနေသည်။ ရုပ်ရှင်ကို တစ်ခါမှမကြည့်ဖူး၊ မသိဖူးသူများပင် စပ်စုလာကြ၏။ အဲ့ဒါက ဘာရုပ်ရှင်မို့လို့ ကွန်မန့်တွေက ဒီလောက်များနေရတာတုန်း...
သူတို့မှာ သွားလည်းစပ်စုချင်သည်၊ သို့သော် ရုပ်ရှင်ရုံထဲတွင် ကြောက်အားလန့်အားနှင့် သေးထွက်ကျမည်ကိုလည်း စိုးရိမ်ကြသေး၏။ သို့ဖြစ်၍ သူများကိုလှောင်ပြောင်ထားခဲ့ကြသော အင်တာနက်သုံးစွဲသူများမှာ ရုပ်ရှင်ထဲက ထိတ်လန့်ဖွယ်ဇာတ်ဝင်ခန်းများကို တွန်းလှန်နိုင်အောင် နည်းအမျိုးမျိုးဖြင့် စဉ်းစားကြသည်။ သူတို့က တစ်မြို့တည်းသားများကို အဖွဲ့တစ်ခုဖွဲ့လိုက်ကြပြီး ရုပ်ရှင်လက်မှတ်ဖြတ်လိုက်ကြသည်။ ထို့နောက် ရုပ်ရှင်ရုံထဲကို မီးအိမ်ယူခွင့်ပြုဖို့ တောင်းဆိုပြီး တစ်ဖွဲ့လုံး တစ်စုတစ်စည်းတည်း အတူထိုင်ကြကာ တစ်ယောက်နှင့်တစ်ယောက် ဖေးမကြသည်။ ၎င်းက တက္ကသိုလ်ကျောင်းအဆောင်၌ လက်တော့ပ်တစ်လုံးတွင် သူငယ်ချင်းများဝိုင်းဖွဲ့ကာ သရဲကားစုကြည့်ကြသည်နှင့် ခံစားချက်ခြင်းတူသည်။
ရုပ်ရှင်ရုံထဲတွင် မည်မျှပင် အတူကြည့်ကြသည်ဆိုပါစေ အိမ်ပြန်လျှင်တော့ တစ်ယောက်တည်းပြန်ရမည်သာ။ သူတို့မှာ မှန်များ၊ အရုပ်များ၊ ဓာတ်လှေကားများ၊ ရေဘုံပိုင်ခေါင်းများစသည့် အသေးအဖွဲအရာလေးများ တွေ့လျှင်ပင် မကောင်းသောအတွေးများဝင်နေမိတော့သည်။
ဆောင်းဦးလယ်ပွဲတော်ပြီးသည့်နောက်တွင် << လွတ်မြောက်ခြင်း>> ၏ box office က တစ်ရှိန်ထိုးမြင့်တက်လာခဲ့သည်။ အစကနဦးတွင် box office စံချိန်က အင်တာနက်သုံးစွဲသူများ၏ အင်အားအနည်းငယ်သာပါသည်။ သည်းထိတ်ရင်ဖိုရုပ်ရှင်ပရိတ်သတ်များ၏ပံ့ပို့ပေးမှုကသာ ပိုများလေ၏။ ၎င်းတို့ထဲမှ တစ်ချို့တစ်ဝက်က ဆောင်းဦးလယ်ပွဲတော်တုန်းက ကြည့်ရှုပြီးသားဖြစ်ကြသော်လည်း အားမရသေးဘဲ ဒုတိယအကြိမ်ထပ်ကြည့်လိုကြသည်။
<< လွတ်မြောက်ခြင်း >> ၏ box office က မြင့်တက်စပြုလာသည်ကို မြင်လျှင် ယခင်က ရုပ်ရှင်ချိန်များကို လျှော့ရန်စီစဉ်ထားသည့် ရုပ်ရှင်ရုံများမှာ ရုပ်ရှင်ချိန်ကို ယခင်အတိုင်း ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
နွေဦးရုပ်ရှင်များက ဇူလိုင်လကတည်းက အားလုံးနီးပါပြသပြီးသားဖြစ်သောကြောင့် ယခုလောလောဆယ်တွင် << လွတ်မြောက်ခြင်း >> နှင့် အကြိတ်အနယ်ပြိုင်ဆိုင်စရာ ရုပ်ရှင်ဇာတ်လမ်းရှိမနေပါ။ အကယ်၍ ဤနှုန်းလေးအတိုင်းသာ ဆက်သွားမည်ဆိုပါက ရုပ်ရှင်ချိန်များကို 20% ထိတိုးပစ်လိုက်ဖို့လည်း ဝန်မလေးပါချေ။
ဇာတ်လမ်းဇာတ်အိမ်အကြောင်း ဆွေးနွေးကြအပြီးတွင် ရုပ်ရှင်ကြည့်ပြီးသူ အင်တာနက်သုံးစွဲသူများသည် သရုပ်ဆောင်များအကြောင်းကို ဆက်လက်ဆွေးနွေးကြသည်။ နတ်ဘုရားမ ကျန်းယင်းက နောက်ဆုံးမြှုပ်ကွက်တွင် ပရိတ်သတ်ကို ထိတ်လန့်သွားစေခဲ့သော်လည်း သူမ၏သရုပ်ဆောင်ချက်များမှာ အချိန်ခရီးသွားကာ အတိတ်ကိုပြန်ရောက်သွားသည်ဟု ခံစားရစေသည်အထိ ပြောင်မြောက်လွန်းလှသည်။
ဒါရိုက်တာဖုက အမျိုးသမီးဇာတ်ဆောင်များကို အရွေးတော်သည်ပင်။
ကျိုးဝမ်လျန်၏ပြောင်မြောက်ထူးချွန်သော သရုပ်ဆောင်ချက်များကတော့ လူတိုင်းမြင်သာထင်ရှား၏။ << အဖြူရောင်ရဲတိုက် >> ထုတ်လွှင့်ပြသသည့်နှစ်က ကျိုးဝမ်လျန်သည် ပရိတ်သတ်အနည်းငယ်ကို ရရှိခဲ့သည်။ သို့သော် ကျိုးဝမ်လျန်မှာ အင်တာနက်ပေါ်တွင် မိမိကိုယ်တိုင် မည်သို့စီမံခန့်ခွဲရမည်ကို မသိသောကြောင့် ဝေးပေါ်တွင် နှစ်ဝက်လောက် ပို့စ်မတင်ဘဲ နေတတ်သူဖြစ်သည်။ ထို့ကြောင့် သူ့ fans များမှာ လေလွင့်ကာ ပျောက်ကုန်ကြသည်။
ယခုအခါတွင် << လွတ်မြောက်ခြင်း>> ထဲက သူ၏ထူးချွန်သော သရုပ်ဆောင်ချက်များကြောင့် fans များက ပြန်ရောက်လာကြသည်။ အချို့လူများကလည်း ကျိုးဝမ်လျန်က တိုင်းရင်းဆေးဆရာဝန်ဖြစ်ကြောင်း သိရှိသွားကြရာ လူတိုင်းက သူ့ကို အထင်ကြီးလေးစားသွားကြသည်။
xxxxxx