အပိုင်း ၁၁၈
Viewers 23k

ရှုယွမ် ကျိုးဝမ်လျန်ကဲ့သို့ အသက်အောင့်ထားမိလိုက်သည်။ ထူးဆန်းထိတ်လန့်ဖွယ် နောက်ခံတီးလုံးသံ၊ အိပ်ယာအောက်မှ ခြောက်ခြားဖွယ်ရာအသံတို့နှင့်အတူ အရှေ့မှ ဇာတ်ဝင်ခန်းက ရုပ်လုံးပေါ်လာသည်။ တစ်ခါတစ်ရံ ထိုခြောက်ခြားဖွယ်အသံက သူ့ထိုင်ခုံအောက်ကနေ ထွက်လာလေသလားဟူ၍တောင် ရှုယွမ် သင်္ကာမကင်းဖြစ်လာသည်။
သူ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်၊ ရုပ်ရှင်ရုံအလွတ်ကြီးဖြစ်သောကြောင့် ဘေးနားတွင် လူတစ်ယောက်မှ မရှိချေ။ ဖန်သားပြင်ပေါ်တွင် ကျန်းယင်းက ကျိုးဝမ်လျန်ကို ဘာမှ ထိခိုက်အောင်မလုပ်ပါချေ၊ ထို့အစား သူ့ကိုပြုံးကြည့်ကာ ဘာဖြစ်လို့ မအိပ်သေးတာလဲ ဟုမေးသည်။
ထိုအပြုံးက အလွန်ကျောချမ်းဖွယ်ကောင်းလှ၏၊ မည်သူက အိပ်ပျော်နိုင်ပါ့မည်နည်း။
ကျိုးဝမ်လျန်က ကျန်းယင်း၏မူမမှန်သော အပြုအမူများကို သတိပြုမိသွားသော်လည်း ကျန်းယင်းအရှေ့တွင် ပုံမှန် သားတစ်ယောက်ကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်နေနေသည်။ နောက်ဇာတ်ဝင်ခန်း၏ နေ့စဉ်ဘဝကလည်း ယခင်တစ်ခုနှင့် မထူးမခြားနား။ သို့သော်ငြား ယခင်က သာမန်ဟုထင်ထားခဲ့သော ဇာတ်ဝင်ခန်းများက ယခုပြန်ကြည့်လေ၊ ကျောများပင် စိမ့်နေအောင် ချမ်းလာလေပင်။
ရှုယွမ် သူပြောခဲ့သမျှကို ပြန်ရုတ်သိမ်းလို၏။ << လွတ်မြောက်ခြင်း >> က အမှန်စင်စစ်ကို သည်းထိတ်ရင်ဖို ရုပ်ရှင်စစ်စစ်ကြီးဖြစ်လေ၏။ သို့သော် ဤသည်းထိတ်ရင်ဖိုဇာတ်ကားက သွေးထွက်သံယိုဇာတ်ဝင်ခန်းများ၊ အကျည်းတန်သောတစ္ဆေသရဲများ မပါဘဲ ပရိတ်သတ်၏အတွင်းစိတ်ကိုတုန်လှုပ်ခြောက်ခြားအောင် နေ့စဉ်ဘဝမှ အသေးအဖွဲကိစ္စလေးများကို အတွင်းကျကျ ထည့်သွင်းရိုက်ကူးထားခြင်းဖြစ်သည်။ ရေချိုးခန်းထဲမှ တစက်စက်ကျဆင်းနေသော ရေစက်ရေပေါက်သံများ၊ မီးဖိုချောင်ထဲမှ ဓားသွေးသံများနှင့် ဘာတွေထည့်ထားမှန်းမသိရသည့် အမည်းရောင်ဟင်းခွက်ပန်းကန်များ စသဖြင့်ပင်။
နေ့စဉ်ဘဝတွင် မကြာခဏမြင်တွေ့နေကျဖြစ်သော အသေးအဖွဲအရာလေးများက ဤရုပ်ရှင်ထဲတွင်တော့ အဓိပ္ပာယ်တစ်မျိုးတစ်ဖုံ ပေးစွမ်းနေသည်။ ရှုယွမ်မှာ သူ့ဦးခေါင်းခွံတစ်ခုလုံး ထုံထိုင်းနေသည်ကိုသာ ခံစားမိတော့သည်။ နတ်ဘုရားမကျန်းယင်းသည် ပထမဆုံးပေါ်ထွက်လာစဉ်ကနှင့် ထပ်တူပင်ဖြစ်သော်ငြား ရှုယွမ်၏မျက်လုံးထဲတွင်တော့ Sadako ထက်တောင် ကြောက်စရာကောင်းနေသည်။
[ Sadako = နာမည်ကြီး ဂျပန်သရဲကားထဲက ဇာတ်ကောင်]
ရုပ်ရှင်၏အလယ်နားတွင် ကျန်းယင်းက မိမိကိုယ်မိမိ အဆုံးစီရင်လိုက်သည်။ ကျိုးဝမ်လျန်က နောက်ဆုံးတော့ မူလအချိန်စက်ဝန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။ သို့သော် ခြောက်လန့်မှုများက လျော့နည်းသွားခြင်းအလျဉ်းမရှိ၊ ယခင်ကထက်တောင် ပိုဆိုးလာသေးသည်။ ရှုယွမ်မှာ သူကိုယ်တိုင်ကျိုးဝမ်လျန်နေရာတွင်ဝင်၍ မှောင်ကြီးမည်းကြီးထဲတွင် အသက်လုပြေးလွှားနေရသကဲ့သို့ ခံစားလိုက်ရသည်။ ကျိုးဝမ်လျန်သည် ကော်ရစ်တာတစ်လျှောက် ထွက်ပြေးလွတ်မြောက်လာပြီး၊ အဆုံး၌ ကျန့်ရှင်းခယ်နှင့်ပြန်ဆုံသွားသည်။
ထိုအခိုက်တွင် ကျန့်ရှင်းခယ်၏မျက်လုံးများက ကျိုးဝမ်လျန်ကို မမြင်နိုင်တော့ချေ။ သူ့အမြင်အာရုံ၌ အောက်ကိုသက်ဆင်းနေသော ဓာတ်လှေကားကြီးကိုသာ မြင်နေရသည်။ 'တင်' ခနဲမြည်သံနှင့်အတူ ဓာတ်လှေကား၏တံခါးနှစ်ချပ်စလုံးက ပွင့်သွားသည်။ ဓာတ်လှေကား၏အလယ်ဗဟိုတွင် လူတစ်ယောက်ရပ်နေ၏။ အနက်ရောင်ဝတ်စုံနှင့်ကလေးမလေးတစ်ယောက်က ကျန့်ရှင်းခယ်ကို တည့်တည့်စိုက်ကြည့်နေသည်။
ကျန့်ရှင်းခယ် ချက်ချင်းဆိုသလို ဒူးထောက်လဲကျသွားသည်။ မရေမတွက်နိုင်သော အမှတ်တရများစွာက သူ့အတွေးအာရုံထဲ တလှပ်လှပ်ဖြတ်ပြေးသွား၏။ သူ တုန်ယင်စွာ ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်ရင်း ကလေးမလေးကို ဖက်ထားလိုက်သည်။
ရှုယွမ်၏မျက်ဝန်းများ အနည်းငယ် စိုစွတ်လာသည်။ ကျန်းယင်းသေသွားစဉ်ကလည်း သူ အများကြီး ငိုခဲ့ရသေးသည်။ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းက အဘယ်ကြောင့် ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေ ပါနေရပါသနည်း...။
နောက်တစ်ပိုင်း၌ ဇာတ်လမ်းက အထွဋ်အထိပ်ကို ရောက်လာသည်။ ကျိုးဝမ်လျန်က လွတ်မြောက်ဖို့ ကိုယ်တိုင်လမ်းကြောင်းစရှာသည်။ ကော်ရစ်တာ၊ မြေအောက်ခန်းနှင့် ရေချိုးခန်းတိုင်းက ပုန်းလျှိုးကွယ်ဝှက်နေသော မမြင်ရသည့် အန္တရာယ်များနှင့် ပြည့်နှက်နေသည်။ ဤဇာတ်ဝင်ခန်းက အခြားသောသည်းထိတ်ရင်ဖိုဇာတ်လမ်းများနှင့် ပုံစံချင်းဆင်တူ၏။ ၎င်းက ရှုယွမ် ခံနိုင်ရည်ရှိသည့် အနေအထားမှာရှိသည်။
သို့သော် ရှုယွမ် စိတ်သက်သာရာရစွာ သက်ပြင်းချဖို့ ကြံရုံရှိသေး ဖန်သားပြင်ပေါ်ရှိ ကင်မရာ၏ရှုထောင့်က မြင်ကွင်းကျဉ်းအဖြစ် ရုတ်ခြည်းပြောင်းလဲသွားသည်။ အကွာအဝေးက တဖြည်းဖြည်း ဝေးကွာပြီးရင်းဝေးကွာသွားသည်။ အနီးတစ်ဝိုက်မှ နံရံကြီးများက မီးအလင်းရောင်နှင့် အရိပ်များကြောင့် တရိပ်ရိပ်ရွေ့လျားနေသည့်အလား အထင်မှားရ၏။ ရှုယွမ်မှာ သူ့ကို မကောင်းဆိုးဝါးများ ဝိုင်းကြည့်နေကြသလိုတောင် ခံစားလာရသည်။ ထိုသို့တွေးကြည့်ရုံနှင့်တင် သူ့ခေါင်းများထူပူလာပြီး ကျောမလုံစွာ နောက်ကိုလှည့်ကြည့်လိုက်လျှင် မော်နီတာစက်ပေါ်မှ မှိတ်တုပ်မှိတ်တုပ်လင်းနေသော အနီရောင်အလင်းစက်လေးကိုသာ တွေ့လိုက်ရလေ၏။
၎င်းဇာတ်ဝင်ခန်းက နောက်ခံတီးလုံးသံများလည်း မပါဝင်သလို၊ ရုပ်ရှင်ရုံထဲတွင် မည်သူမှမရှိခြင်းကြောင့် တိတ်ဆိတ်ခြောက်ကပ်နေရာ ရှုယွမ်မှာ အခြားကြည့်ရှုသူပရိတ်သတ်များထက် တုန်လှုပ်ခြောက်ခြားစွာ ခံစားရပေမည်။ သူ့ခဗျာ ရုပ်ရှင်ရုံထဲက ထပြေးချင်စိတ်တောင် ပေါက်သည်။
ဤရုပ်ရှင်က webcast မှာသာရှိလျှင် မည်မျှကောင်းလိမ့်မည်နည်း။ အနည်းငယ်ဆုံးတော့ ပိုက်ဆံချမ်းသာသော အင်တာနက်သုံးစွဲသူများ၏ screen ပေါ်မျောလွင့်နေမည့် ကွန်မန့်များကြောင့် အကြောက်တရားကို ခံနိုင်ရည်ရှိလိမ့်ဦးမည်။
ဇာတ်လမ်းက နောက်ဆုံးအပိုင်းသို့ရောက်လာသည်။ တုန်လှုပ်ခြောက်ခြားဖွယ် ပတ်ဝန်းကျင်ကလည်း အနည်းငယ် တည်ငြိမ်စပြုလာ၏။ ရှုယွမ် ထိုင်ခုံပေါ် အားပါးတရ မှီချလိုက်ရင်း သက်ပြင်းအရှည်ကြီးချလိုက်သည်။ သို့သော် သူ အချိန်အကြာကြီး အမောမဖြေလိုက်ရပါချေ။ တစ္ဆေသတို့သမီးအဖြစ် သရုပ်ဆောင်ထားသော ကောင်းထျန်းသည် သူ့ထံသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လှမ်းလို့လာနေသည်ကို တွေ့လိုက်ရသည်။
ရှုယွမ် မျက်လုံးများကို ဗြုန်းခနဲ ကာလိုက်သည်။ ခန္ဓာကိုယ်ကို ထိုင်ခုံပေါ်တွင် ကျုံ့နိုင်သမျှကျုံ့ထားသည်။ ကြည့်ရသည်မှာ အပြစ်ကင်းစင်၊ အားနည်းကာ သနားစဖွယ်ပင်ကောင်းနေသေး၏။
ကောင်းထျန်း၏ဇာတ်ဝင်ခန်းပြီးသည့်အခါမှ သူ မျက်လုံးများကို ပြန်ဖွင့်ရဲတော့သည်။ ရုပ်ရှင်က အဆုံးသတ်နားသို့ ရောက်လာသည်။ သူ တစ်ချိန်လုံး စောင့်မျှော်နေခဲ့ရသည့် မားယွမ်က နောက်ဆုံးတွင်တော့ ပေါ်လာခဲ့လေပြီ။ မားယွမ်က ဇာတ်ဝင်ခန်းအနည်းငယ်သာ ပါလိမ့်မည်ဟု ရှုယွမ် ထင်ထားခဲ့သော်လည်း သူထင်သလိုဟုတ်မနေခဲ့ချေ။ မားယွမ်က ကျိုးဝမ်လျန်နှင့် ထိပ်တိုက်ရင်ဆိုင်ရသည့် အခန်းများစွာ ပါဝင်ထားသည်။ ရုပ်ရှင်ထဲတွင် တစ်ဦးတည်းသော ဗီလိန်ဖြစ်သည့်အလျောက် မားယွမ်၏သရုပ်ဆောင်ချက်များက အပြစ်ပြောဖွယ်ရာမရှိ၊ ဆင်းလုံးချောနေခဲ့၏။ ထို့အတူ သူနှင့်ကျိုးဝမ်လျန်တို့၏ လုံးထွေးသတ်ပုတ်ခန်းများကလည်း စိတ်ဝင်စားဖွယ်အလွန်ကောင်း၏။ မားယွမ်က ရေယာဉ်ဦးပေါ်မှ ခုန်ချလာခဲ့ကာ ကျိုးဝမ်လျန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
" မင်း ဘယ်တော့မှ ထွက်လို့မရနိုင်ဘူး..."
ကျိုးဝမ်လျန်က မားယွမ်၏စကားကို လျစ်လျူရှုလိုက်ပြီး ချာခနဲလှည့်ကာ အပျော်စီးသင်္ဘောထဲသို့ ဝင်သွားသည်။ သူ အထွက်လမ်းကို တွေ့ထားပြီးသားဖြစ်သည်။ သူ အထွက်တံခါးကိုရှာတွေ့သည်နှင့် မူလကမ္ဘာကိုပြန်လာနိုင်လိမ့်မည်။
ဇာတ်သိမ်းက သဘာဝကျစွာပင် ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေး ဖြစ်သည်။ ကျိုးဝမ်လျန်က သူ၏မူလကမ္ဘာသို့ပြန်ရောက်လာပြီး သူ့မိခင်ကွယ်လွန်သွားခဲ့သည့် အိမ်လေးကို ပြန်သွားသည်။
သူ့ရင်ထဲတွင် မည်သို့ခံစားနေရသည်ကို စာပင်မဖွဲ့ပြတတ်တော့ပေ။ ဇာတ်သိမ်းက ပျော်ရွှင်ဖွယ်ဇာတ်သိမ်းဖြစ်သည်မှာ မှန်သော်လည်း ရှုယွမ်၏ရင်ထဲ၌ အနည်းငယ် တင်းကြပ်နေသည်။
ရုပ်ရှင်အဆုံးတွင် ရှုယွမ်က ပင့်သက်ရှိုက်၍ ထိုင်ခုံပေါ်က ထရပ်လိုက်သည်။ သို့သော် သူ လုံးဝမမျှော်လင့်ထားသည်က ဤသည်းထိတ်ရင်ဖိုဇာတ်လမ်းတွင် မြှုပ်ကွက်ပါလိမ့်မည်ဟူ၍ပင်။ ဖန်သားပြင်က နဂိုမူလအတိုင်း ပြန်ပြောင်းသွားချိန်၌ ဖန်သားပြင်၏အောက်ခြေထောင့်နားတွင် တောင့်တောင့်ကြီးရပ်လျက် ရှုယွမ်ကိုစိုက်ကြည့်နေသော ကျန်းယင်းကို မြင်လိုက်ရသည်။ သူမက ခေါင်းစောင်းကာ သူ့ကို ရယ်ပြသည်။ ထို့နောက် လက်တစ်ဖက်ကို ဆန့်ထုတ်လျက် အရှေ့ကိုတိုးလာသည်မှာ ဖန်သားပြင်ထဲမှ ခုန်ထွက်လာတော့မည့်အလား။
ရှုယွမ် ကြောက်လန့်တကြားဖြင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ ရုပ်ရှင်ရုံထဲမှ မီးများအားလုံး ပွင့်သွားသောအခါမှ ၎င်းက မြှုပ်ကွက်လေးတစ်ခုသာဖြစ်ကြောင်း သတိဝင်လာတော့၏။ ရှုယွမ်မှာ မြေကြီးပေါ် ခြေဆောင့်ထိုင်ကာ အော်ဟစ်ပစ်ချင်လာသည်။
ရှုယွမ် ငေးကြောင်ကြောင်ဖြင့် ရုပ်ရှင်ရုံထဲမှ ထွက်လာချိန်၌ မိန်းမငယ်လေးက သူ့ဆီပြေးလာ၍ တရင်းတနှီးမေးလေသည်။ " ရှင် ဒီရုပ်ရှင်ကို ဘယ်လိုထင်လဲ။ ကြောက်စရာကောင်းလား..."
ရှုယွမ်က အသံလားရာ မိန်းမငယ်လေးဆီ ငေးကြောင်ကြောင်မျက်လုံးများဖြင့် လှည့်လိုက်သည်။ သူ ခေါင်းခါပြလိုက်၏။
" ကြောက်ဖို့မကောင်းဘူးပေါ့..."
ရှုယွမ်က ခပ်ဖွဖွသာရယ်လိုက်သည်။
ဝေးပေါ်နှင့်ဖိုရမ်တွင်လည်း အင်တာနက်သုံးစွဲသူများက ထိုကဲ့သို့ မေးခွန်းများကို ထပ်တလဲလဲမေးနေကြသည်။ သူတို့မှာ ရုပ်ရှင်ရုံကို သွားပြီးလည်း မကြည့်ရဲကြချေ။ ထို့ကြောင့် ရုပ်ရှင်ကြည့်ပြီးသော အင်တာနက်သုံးစွဲသူများထံမှ စပွိုင်လာများကိုမှီခို၍ ရုပ်ရှင်၏အခြေအနေကို မေးမြန်းနေကြရုံသာတတ်နိုင်သည်။
အချိန်ကာလက ဆောင်းဦးလယ်ပွဲတော်ဖြစ်ပြီး ကာလံဒေသံမလိုက်ဖက်သည့်တိုင် သည်းထိတ်ရင်ဖိုအရသာကို အကဲစမ်းချင်ကြသော လူငယ်များလည်း ရှိနေ၏။
ဆိုရိုးစကားပင်ရှိသေးသည်မဟုတ်လော။ ရင်ဖိုစိတ်လှုပ်ရှားလိုလျှင် ဆုံးခန်းတိုင်ထိ ဆက်သွားဟူ၍။
ရုပ်ရှင်ကိုကြည့်ပြီးကြသော အင်တာနက်သုံးစွဲသူများကလည်း သူငယ်ချင်း အပေါင်းအဖော်များကို စိတ်အားထက်သန်စွာဖြင့် ရှင်းပြနေကြသည်။ သို့သော် အင်တာနက်သုံးစွဲသူများ၏ အတွေးအခေါ်များက လိုက်မမှီအောင်ကို ဆန်းပြားလွန်းပါ၏။
" အဲ့တာ ကြောက်စရာမကောင်းပါဘူး၊ ငါတော့ နွေးထွေးတယ်လို့ခံစားရတယ်။ ဇာတ်လိုက်မင်းသားနဲ့ သူ့အမေနဲ့ ဖက်နေတုန်းကဆို ငါ မျက်ရည်တွေပါကျလာတာ။ ဒါပေမဲ့ နောက်ဆုံးတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ သူ့အမေက သေသွားတယ်။ ငါ အရမ်းဝမ်းနည်းရတယ်..."
" အပေါ်ထက်ကိုယ့်လူရေ မင်းရှင်းရှင်းလင်းလင်းပြောစမ်းပါဦး၊ ဘာလို့ငိုရတာတုန်း၊ မင်းမရှင်းပြရင် ညရောက်တာနဲ့ မင်းအမေက မင်းကိုလာရှာတော့မှာနော်…”
" ကြောက်ဖို့ကောင်းတာမကောင်းတာက အဓိကမဟုတ်ဘူး။ ဒါက လုံးဝကို...လုံးဝကြီးကို ရှားရှားပါးပါးကြီးပဲ..."
" ဇာတ်ကားက ကြောက်ဖို့မကောင်းဘူး..တကယ် လုံးဝကြောက်ဖို့မကောင်းပါဘူး။ ငါ အိမ်ရောက်ရင် မီးတွေအကုန်မှိတ်ထားရတယ်၊ မီးဖွင့်လိုက်တာနဲ့ ငါ့အမေက ငါ့အိပ်ယာဘေးမှာ တိတ်တိတ်ကလေးရပ်ပြီး ကြည့်နေတယ်လို့ ခံစားရလို့..."
" ဒီရုပ်ရှင်ကို မူလတန်းကလေးတွေ ကြည့်သင့်တယ်လို့ ငါတော့ထင်တယ်။ ဒါမှ ညနက်တဲ့အထိဖုန်းဆော့ပြီး အိပ်ယာဝင်နောက်မကျကြမှာ..."
" ဇာတ်လိုက်နဲ့ ဗီလိန်က အစစ်အမှန်ကြီးပဲ..."
.....
ရုပ်ရှင်ကို မကြည့်ရသေးသူများမှာ အလွန်စိတ်ရှုပ်ထွေးသွားကြသည်။ ဒီဇာတ်ကားက ဘာဇာတ်ကားကြီးတုန်း၊ တစ်ချို့က မိသားစုချစ်ခြင်းမေတ္တာအကြောင်းကိုပြောနေကြပြီး တစ်ချို့က အချစ်အကြောင်းပြောနေကြတယ်။ ဘာလဲ လူနဲ့ သရဲနဲ့ ချစ်ကြိုက်ကြတဲ့ဇာတ်ကားလား....
သောက်လခွမ်းတဲ့မှ...
xxxxxxx