အပိုင်း ၁၂၂
Viewers 23k

“ အခု သန်း၉၀၀ နီးပါးရှိနေပြီ…”
ရုပ်ရှင်အကြောင်းစကားစမိလိုက်လျှင် ကျန့်ရှင်းခယ်၏အသံက လွန်စွာပေါ့ပါးသက်သာသွားသည်။ သူက ပြုံးလျက် ဖုကျန်းကို ဆက်ဆိုလာသည်။ “ စကားမစပ်၊ ဒါရိုက်တာဖု နောက်ရုပ်ရှင်အတွက် ဘယ်လိုစီစဉ်ထားလဲ။ တကယ်လို့ ခေါင်းဆောင်မင်းသားမရွေးရသေးဘူးဆိုရင် ကျွန်တော့်ကို စဉ်းစားနော်။ ကျွန်တော့်ရဲ့သရုပ်ဆောင်စွမ်းရည်က လုံးဝပြဿနာမရှိတော့ဘူးလို့ အာမခံရဲတယ်။ လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က ဒါရိုက်တာကျန်းရိုက်ကွင်းမှာ ကျွန်တော်ရှိနေခဲ့တုန်းက…”
ဖုကျန်းက ကျန့်ရှင်းခယ်၏မပြီးမဆုံးနိုင်သော ကိုယ်ရည်သွေးမှုများကို တားဆီးလိုက်ကာ စကားဖြတ်လိုက်ရသည်။
“ မင်းကိစ္စထပ်ရှိသေးလား။ မရှိတော့ရင် ငါဖုန်းချတော့မယ်။ ငါဝေးပေါ်မှာ ရှင်းလင်းချက်ထုတ်ရဦးမယ်…”
“ ဟုတ်၊ ဟုတ်။ မြန်မြန်သာလုပ်၊ မြန်မြန်သာလုပ်…”
ကျန့်ရှင်းခယ်၏ဖုန်းကို ချလိုက်ပြီးသည့်တိုင် ဖုကျန်းမှာ ဝေးပေါ်တွင် ဖြေရှင်းချက် စာစောင်ကို ချက်ချင်းမတင်နိုင်ခဲ့ပါချေ။ ဖုထင်နှင့် ဖုကျန်းချန်အပါအဝင် အသိမိတ်ဆွေများ၏ဖုန်းကောလ်ပေါင်းများစွာက ဖုကျန်းထံသို့ တရစပ်ဝင်လာကြသည်။ ထိုသူတို့က အင်တာနက်ပေါ်ကို မြန်မြန်တက်ကြည့်ရန်နှင့် အင်တာနက်သုံးစွဲသူများအား ရှင်းလင်းချက်ထုတ်ဖို့ ဖုကျန်းအား လှမ်းသတိပေးကြခြင်းဖြစ်သည်။
အဝင်ဖုန်းများက တစ်ခုပြီးတစ်ခုအဆက်မပြတ်ဝင်လာနေ၏။ ယခုတွင် အသိမိတ်ဆွေများ၏ ဖုန်းများတင် မကတော့ဘဲ ဖုကျန်းနှင့်ကျန်းဟန်ရှုတို့၏ဆက်ဆံရေးအကြောင်းကို အင်တာဗျူးလိုကြသော သတင်းသမားတစ်ချို့ကပါ ဖုကျန်းကို ဖုန်းများခေါ်နေကြသည်။ သို့ရာတွင် ယခုအချိန်မှ သူနှင့်ကျန်းဟန်ရှုတို့က ရိုးရိုးသားသား အဖြောင့်သူငယ်ချင်းများဖြစ်သည်ဟုဆိုလိုက်လျှင် သေချာပေါက် ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။
ဖုကျန်း အေးဆေးစွာပင် မိုဘိုင်းဖုန်းကို Flight mode ချလိုက်ပြီး ဟိုတယ်၏ကြိုးမဲ့ဝိုင်ဖိုင်စနစ်ကို ချိတ်လိုက်သည်။ ထိုအခါမှသာ သူ အနှောင့်အယှက်မရှိဘဲ ဝေးပေါ်ကိုဖွင့်နိုင်သွားတော့သည်။
သူတို့ လာဆာကိုရောက်နေသည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သည့်တိုင် ကျန်းဟန်ရှုမှာ ဖုကျန်း၏ဖုန်းကိုလူပေါင်းများစွာ ခေါ်ဆိုလာသည်အား ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်သည်။ သူ သိလိုစိတ်ပြင်းပြစွာ မေးမြန်းလိုက်၏။ “ ဘာတွေဖြစ်နေလို့လဲ…”
“ ခင်ဗျား ကျွန်တော့် နဖူးကိုနမ်းလိုက်တုန်းက ပါပါရာဇီတွေက ဓာတ်ပုံရိုက်မိသွားပြီး အင်တာနက်ပေါ်တင်လိုက်တယ်…” ဖုကျန်းက ကွန်မန့်များကိုကြည့်ရင်း ရယ်သွမ်းသွေးမိသည်။
“ အင်တာနက်ပေါ်ကလူတွေက ကျွန်တော့်က ခင်ဗျားနဲ့ မစ္စကျန်းကြားကို ဝင်နှောင့်ယှက်ပြီး ကြောင်တောင်နှိုက်တဲ့လူလို့ ပြောနေကြတာ…”
“……..”
ကျန်းဟန်ရှု၏ နှုတ်ခမ်းများစေ့သွားပြီး ဖျော့ဖျော့ပြုံးလိုက်သည်။ သူ့လက်မောင်းများကို ဖုကျန်း၏ပုခုံးပေါ်တင်လိုက်ရင်း ဆိုလိုက်၏။ “ ဒါဘာမှမဖြစ်ပါဘူး၊ ကိုယ်တို့ အတိအလင်းကြေငြာချက်ထုတ်ကြတာပေါ့…”
ဖုကျန်းကလည်း ထိုကဲ့သို့သာ စီစဉ်ထားသည်။ သူ ဝေးပေါ်အကောင့်ထဲသို့ ဝင်လိုက်သောအခါ သူနှင့်ကျန်းဟန်ရှုတို့၏သတင်းက တောမီးပမာ Hot Search အထိ ရောက်နေကြောင်းတွေ့လိုက်ရလေ၏။ ဖုကျန်း တစ်ချက်နှိပ်ပြီး ဝင်ကြည့်လိုက်သည်တွင် ပထမဆုံးဝေးပေါ်ပို့စ်မှာတင် သူ့ကိုယ်သူမစ္စကျန်းဟု အတိအကျဆိုထားသော လူတစ်ယောက်မှ ပို့စ်တင်ထားသည်ကို မြင်လိုက်ရ၏။
ဤကိစ္စကြီးက အလွန်အရေးကြီးသောကိစ္စကြီးပေမို့ ဖုကျန်းမှာ ဝေးပေါ်တွင် အလျင်အမြန်ပို့စ်တင်ကာ အင်တာနက်သုံးစွဲသူများအား အဖြစ်မှန်ကို ရှင်းပြလိုခဲ့သည်။ သို့သော် သူ ထိုဝေးပေါ်ပို့စ်ကို တွေ့လိုက်ရသောအခါ အလွန်ပင် စပ်စုချင်စိတ်ဖြစ်သွားပြီး တစ်ချက်နှိပ်ကာ ဝင်ကြည့်လိုက်သည်။ ပို့စ်ကို အစမှအဆုံးထိ ဖတ်ပြီးဖို့ တစ်မိနစ်တောင် မကြာလိုက်ချေ။
ဖုကျန်းမှာ ပို့စ်ကိုဖတ်ပြီးပြီးချင်း မအောင့်နိုင်ဘဲ ရယ်ချမိသွားသည်။ ကျန်းဟန်ရှုကလည်း စူးစမ်းလာပြန်၏။ ဖုကျန်းက စောစောကပဲ ဝေးပေါ်တွင် ပို့စ်တင်မည်ဟုပြောခဲ့သည် မဟုတ်လား၊ ယခုအဘယ့်ကြောင့် ရယ်နေရပြန်ပါသနည်း။ သူ ဖုကျန်းကို မှီလိုက်ကာ မေးလိုက်၏။
“ ဘာတွေ သဘောကျနေပြန်တာလဲ…”
ဖုကျန်းက သူ၏ဆဲလ်ဖုန်းကို ကျန်းဟန်ရှုထံ ထောင်ပြလိုက်သည်။ “ ဒီတစ်ယောက်က သူ့ကိုယ်သူ မစ္စကျန်းဖြစ်ပါတယ်လို့ပြောနေပြီး ခင်ဗျားက သူ့အပေါ်ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပါတယ်လို့ ပြောနေတယ်။ ဒီလိုမျိုးတွေ ဘယ်လောက်များရှိနေဦးမလဲမသိဘူးနော်…”
“ မင်း မြန်မြန် ဝေးပေါ်မှာ ပို့စ်တင်လိုက်တော့…” ကျန်းဟန်ရှု ခေါင်းတရမ်းရမ်းဖြင့် ဖျင်ဟိုင်မြို့က သူ့အတွင်းရေးမှူးဆီ ချက်ချင်းဖုန်းခေါ်လိုက်ပြီး မစ္စကျန်းအတုများအား တရားစွဲရန် ရာဇသံပေးလိုက်သည်။
ဖုကျန်း ချောင်းဟန့်လိုက်ပြီး မျက်နှာပိုးသတ်လိုက်၏။ ဤကိစ္စက အချိန်ဆက်ဆွဲထားလို့ မသင့်တော့ပေ၊ မြန်နိုင်သမျှမြန်မြန် ဖြေရှင်းသင့်သည်။ သူ့လက်ချောင်းများက ဖုန်းစခရင်ပေါ်လျင်မြန်စွာ ပြေးလွှားသွားကာ စာပိုဒ်ရှည်ကြီးပုဒ်ကို ရိုက်လိုက်သည်။ ကျွန်တော်နဲ့ မစ္စတာကျန်းဟန်ရှုဟာ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလ၊ ဖျင်ဟိုင်မြို့တရားရုံးမှာ တရားဝင် လက်ထက်စာချုပ်ရေးထိုးခဲ့ပြီး ဧပြီလ ၉ရက်နေ့မှာ လက်ထပ်ပွဲကျင်းပခဲ့ပါတယ်။ ကျွန်တော်တို့ တခြားနေရာမှာရောက်နေတာဖြစ်လို့ လက်ထပ်စာချုပ်တော့
ယူမလာမိခဲ့ပါဘူး။ ဒါ့အပြင် အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုထဲက မစ္စကျန်းဟာလည်း ကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
ထိုစာစုတစ်ခုတည်းဆိုလျှင် အနည်းငယ်ယုတ္တိမတန်ရာကျလွန်းသည်။ ဖုကျန်း ခဏကြာ တွေဝေနေပြီးမှ ကျန်းဟန်ရှု၏ပုခုံးကို ပုတ်လိုက်သည်။ “ ခင်ဗျား လက်ကိုပေး၊ ကျွန်တော် ဓာတ်ပုံရိုက်မလို့…”
ကျန်းဟန်ရှုက သဘာဝကျစွာပင် လက်ကို ဖုကျန်း၏မျက်စိရှေ့မှောက်ဆန့်ထုတ်ပေးလာသည်။ ဖုကျန်းက ကျန်းဟန်ရှု၏လက်ဖမိုးကို ရိုက်လိုက်သည်။ “ ဘယ်ဘက်လက်ကိုပေး…”
ကျန်းဟန်ရှုက နာခံစွာ သူ၏ဘယ်ဘက်လက်ကို ထုတ်ပေးလိုက်သည်။ ဖုကျန်းကလည်း သူ့ဘယ်လက်ကို ထုတ်လိုက်ကာ နှစ်ယောက်သား၏လက်ထပ်လက်စွပ်များကို ရှင်းလင်းပြတ်သားစွာ ဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် ဝေးပေါ် ပေါ်ကို ဖြေရှင်းချက်စာစောင်နှင့်အတူ တင်လိုက်လေ၏။
ယခင်က သတင်းသမားများနှင့် ပါပါရာဇီများက သူတို့နှစ်ဦးကို ဓာတ်ပုံရိုက်ကူးခဲ့ရာတွင် သူတို့၏လက်ထပ်လက်စွပ်များကိုပါ ရိုက်ကူးမိခဲ့သည်။ သို့သော် အကွာအဝေးက ဝေးလွန်းသဖြင့် လက်ထပ်လက်စွပ်များ၏ ပုံသဏ္ဌာန်များကို မမြင်နိုင်ခဲ့ကြချေ။ ထို့အပြင် လက်ထပ်လက်စွပ်အများစုက ပုံသဏ္ဌန်ဆင်တူကာ အမျိုးအစားတူ၏၊ မတူ၏ကိုလည်း ခွဲခြားဖို့ခက်ခဲသည်။
ထိုဝေးပေါ်ပို့စ်တက်လာသည်နှင့်တစ်ပြိုင်နက် ဖုကျန်း၏ဝေးပေါ်အောက်တွင် တိုက်ပွဲဆင်နွှဲဖို့ စိုင်းတပြင်ပြင်နှင့် စောင့်ဆိုင်းနေကြဆဲ ကီးဘုတ်ဖိုက်တာများမှာ ခဏမျှဆွံအကြောင်အမ်းသွားကြသည်။ သူတို့၏အမြင်အာရုံများ လွှဲမှားနေခြင်းမဟုတ်ကြောင်း သေချာစေရန် မျက်လုံးများကို အထပ်ထပ်ပွတ်သပ်လိုက်ကြသည်။ ထို့နောက် မိမိကိုယ်မိမိ ဆိတ်လိုက်ကြပြန်၏။ ထိုအခါမှ သူတို့အိပ်မက်မက်နေခြင်းမဟုတ်ကြောင်းသေချာတော့သည်။ ဖုကျန်းသည်ကား တစ်ချိန်လုံး မစ္စကျန်းဖြစ်နေခဲ့သည်ပင်။
ဖုကျန်းနှင့် ကျန်းဟန်ရှုကို ရှုံ့ချဆဲဆူကြဖို့ ကြံရွယ်ထားကြသော အင်တာနက်သုံးစွဲသူများမှာ သူတို့တစ်လုံးချင်းရေးထားသော စာများကိုအလျင်အမြန်ဖျက်ပြီး အကောင့်များပါဖျက်ပြေးကြလေသည်။
ယခုမှ သူတို့ဘာလုပ်ရတော့မည်နည်း။ သိပ်ရှက်စရာကောင်းလွန်းသည်။
အကယ်၍ ၎င်းက လျှို့ဝှက်ဓာတ်ပုံကြောင့် ပေါ်ထွက်လာရသည့်ကိစ္စမျိုး မဟုတ်ခဲ့ပါက ဖုကျန်း၏ဝေးပေါ်အောက်တွင် ကောင်းချီးမင်္ဂလာပြည့်စုံစေကြောင်း ဆုမွန်ကောင်းများတောင်းပေးနိုင်လိမ့်ဦးမည်။ သို့သော် ယခုတွင် တခြားသူများနှင့် ရန်ဖြစ်ဆူဆဲပြီးခါမှ ဆုမွန်ကောင်းတောင်းပေးဖို့က အနည်းငယ် ကိုးလိုးကန့်လန့်နိုင်လှသည်။ သို့တိုင် အကယ်၍ ပါပါရာဇီများသာ လျှို့ဝှက်ဓာတ်ပုံမရိုက်ကူးနိုင်ခဲ့လျှင် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ လက်ထပ်ထားကြသည်ကို သိနိုင်လိမ့်မည်မဟုတ်ချေ။
အင်တာနက်သုံးစွဲသူများက ကြယ်ငါးကဲ့သို့ ခုနစ်စက္ကန့်မှတ်ဉာဏ်နှင့် လူများပင်။ မကြာလိုက်ခင်ပင် ဖုကျန်း၏ဝေးပေါ်ပို့စ်က သူနှင့်ကျန်းဟန်ရှုအတွက် ဆုမွန်ကောင်းပေးသည့် ကွန်မန့်များဖြင့် ပြည့်နှက်သွားသည်။ ဖုကျန်းနှင့်ကျန်းဟန်ရှုက တရားဝင်ကြေငြာချက်ထုတ်ပြီးသည့်တိုင် နောက်ကွယ်တွင် လှည့်ကွက်များရှိလိမ့်မည်ဟုဆိုကာ ယခုထိတိုင် မယုံကြည်သေးသူများလည်း ရှိသည်။ ထို့ကြောင့် ပါပါရာဇီများ လျှို့ဝှက်ရိုက်ကူးခဲ့သော မစ္စကျန်း၏ဓာတ်ပုံနှင့် ဖုကျန်း၏ပုံကို ယှဉ်ကြည့်လိုက်ကြသည်။ ပုံနှစ်ပုံကို ယှဉ်ကြည့်လေ ပို၍တူလာလေ၊ ပို၍ ရှင်းလင်းလာလေဖြစ်သဖြင့် မတတ်သာသည့်အဆုံး လက်ခံလိုက်ကြရတော့သည်။
Tsiaoဆိုသည့်လူကလည်း ကျန်းမိသားစုက ကျန်းဟန်ရှုကို ယောက်ျားတစ်ယောက်အား လက်ထပ်ခွင့်ပေးလိမ့်မည်မဟုတ်၊ လက်ထပ်ပွဲကျင်းပခွင့်ပေးဖို့ဟူသည် ဝေးလေစွဟု ကျိန်ပြောခဲ့သေးသည်…
သူတို့ကိုယ်သူတို့ မစ္စကျန်းဟုပြောခဲ့ကြသော ဘလော့ကာတစ်ချို့မှာလည်း အကောင့်များကို အသည်းအသန်ဖျက်ပြေးကြသည်။ သို့တိုင် Screen shots များက အင်တာနက်သုံးစွဲသူများလက်ထဲတွင် ရှိနေခဲ့သည်။ ထိုဘလော့ကာများနှင့်‌ ဝေးပေါ်မှတိုက်ပွဲသည် ပုဂ္ဂိုလ်ရေးရာတိုက်ခိုက်ရေးအထိ ဆက်သွားလေသည်။ ယခုအချိန်တွင် သူတို့သည် လူထု၏အာရုံစိုက်မှုကို မလိုချင်ကြတော့သည့်တိုင် ယခင်ကထက်ပင် ပို၍လူစည်ကားနေသည်။
မစ္စကျန်းအဖြစ်ဟန်ဆောင်ခဲ့ကြသူတို့သည် ဝေးပေါ်ရှိ ကွန့်မန့်များ၊ private message များကို ဝင်မကြည့်နိုင်တော့ရုံတင်မကဘဲ လွန်ခဲ့သော နာရီအနည်းငယ်အတွင်းက တရားရုံးမှ ဆင့်ခေါ်စာများကိုပါ လက်ခံရရှိလိုက်ကြသည်။
အင်တာနက်သုံးစွဲသူများမှာ ထိုဘလော့ကာများ၏ အရူးလုပ်ခံလိုက်ရခြင်းကြောင့် မကျေမနပ်နှင့် ပေါက်ကွဲနေကြသည်။
“ ဟားဟားဟားဟားဟားဟားဟား ငါရယ်ရတာသေတော့မလိုပဲ၊ အဲ့ဒီအကောင့်အတုအောက်က ကွန်မန့်တွေကို ကြည့်လိုက်ကြစမ်းပါဦး၊ Netizens တွေများ သနားကမားရုပ်လေးတွေနဲ့။ ဘာတဲ့ ရဲစခန်းမှာ အမှုဖွင့်ဖို့ မစ္စကျန်းကို ကူညီပေးဦးမယ်တဲ့၊ ငါရယ်သေနေပြီ…”
“ ဒီအဆင့်ဒီလယ်ဗယ်နဲ့ Jinjiang Literature City မှာ ဝတ္ထုသွားမရေးလိုက်တာ ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်သလဲ၊ သူ့လုပ်ဇာတ်ကြီးက လုံးဝကို ဖြစ်ရပ်မှန်ကြီးလိုပဲ…”
[ Jinjiang Literature City က JJWXC ကို ပြောတာပါ။ စာရေးတဲ့ ဝက်ဘ်ဆိုက်ပါ ]
“ရွံစရာကောင်းလိုက်တာ၊ ဘယ်လိုလူစားမလို့ ဒီလောက်ထိလိမ်ရဲရပါလိမ့်…”
“အခုတော့ ငါ့ကိုယ်ငါနဲ့ တခြားဘဝတူညီအစ်မတွေကိုပဲ သနားတော့တယ်၊ သနားကြင်နာမှုက အမြဲတမ်း သစ္စာဖောက်ခံရတယ်…”
………..
ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ Cp Fans များမှာ ခြောက်ကမ်းပါးနက်ကနေ မိုးကောင်းကင်ထိ ရိုလာကိုစတာကြီးကို ရင်တလှပ်လှပ်နှင့် စီးလိုက်ကြရသည်။
ကျန်းဟန်ရှုက ဖုကျန်း၏နဖူးလေးကို နမ်းရှိုက်နေသည့်ပုံထွက်လာပြီး မကြာခင်တွင် CP fans ထဲမှလူအနည်းငယ်သည် ထိုမစ္စကျန်းအတု ဆွယ်ရာဘက်ကို ပါသွားကြသေးသည်။ ကျန်းဟန်ရှုသည် အိမ်ထောင်ရှိလျက် ဖောက်ပြန်သူဟူ၍ အထင်လွဲခဲ့ကြသည်။ သို့သော်လည်း ဖုကျန်းက မစ္စကျန်းဟု တစ်ထစ်ချယုံကြည်ထားသူ လူနည်းစုလည်းရှိခဲ့သည်ပင်။ ထိုနှစ်ဖွဲ့သည် အချင်းချင်းတိုက်ခိုက်ကြပြီး Fan Group ထဲမှ နှုတ်ထွက်မည်ပြုကြသည်။ အခြားကျန်သည့် CP Fans များကတော့ ကြားနေသာဖြစ်ပြီး CP Fan Groups များ ဖျက်သိမ်းမည်၊ မသိမ်းမည်ကို အမှန်တရားမထွက်ပေါ်မချင်း စောင့်ဆိုင်းခဲ့ကြသည်။
ထိုဆုံးဖြတ်ချက်က အင်မတန် မှန်ကန်သွားခဲ့သည်။
အတိအလင်း ဖြေရှင်းချက်ထုတ်ပြန်လာပြီးနောက်တွင် Cp Fans များမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ငိုချမိကြတော့မတတ်ပင်။
“ ငါ အိပ်ယာပေါ်မှာ တစ်ယောက်တည်းထိုင်နေတုန်း ဒီစာကိုမြင်လိုက်ရတော့ ငါ့တစ်ကိုယ်လုံးတုန်လာပြီး မျက်ရည်တွေပါကျလာတယ်။ အဲ့အချိန် ငါ့အမေက တံခါးလာဖွင့်တော့ ငါ့ကို ရူးသွားပြီလားတောင်ထင်လိုက်တာတဲ့…”
“ ငါFan Group ထဲရောက်တာကြာလှပြီပေမဲ့ ဘာလို့ ဒီဆင်တူလက်စွပ်အကြောင်းကို မတွေးမိခဲ့ရတာလဲ…။ သူတို့နှစ်ယောက် လက်ထပ်လက်စွပ်အတူ ဝတ်ထားတာကို ငါလုံးဝသတိမထားမိခဲ့ဘူး၊ ငါ CP fanတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီဘူး၊ ငါသေပါရစေ…”
“ တကယ်ကြီးပဲဟ၊ တကယ်ကြီး…။ နောက်ဆုံးတော့ ဒီ CP က အစစ်အမှန်လို့ငါပြောနိုင်ခဲ့ပြီ…”
“ ငါအိမ်အောက်ထပ်ကို ဆယ်ခါလောက်ပြေးဆင်းလိုက်ရပြီးပြီ။ ဒီတစ်ခါတော့ သွေးတွင်းသကြားဓာတ်တောင်ထပ်မလိုတော့ဘူး ဟားဟားဟား…”
“ လွန်ခဲ့တဲ့နှစ်ကစပြီး အလုပ်ကြိုးစားခဲ့ကြတဲ့ ပါပါရာဇီများကို ကျေးဇူးတင်ပါတယ်၊ ရှင်တို့ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ကျန်းဟူမိန်းကလေးတွေဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ နောက်များကျရင်လည်း အလုပ်တွေဆက်ကြိုးစားပြီး ကျွန်မတို့ ကျန်းဟူမိန်းကလေးတွေအတွက် ခွေးစာများများရှာပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်…”
xxxxxxxx