အပိုင်း ၁၂၃
Viewers 23k

ကျန်းဟူ ဆိုသည်မှာ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ မျိုးရိုးနာမည်များကို ပေါင်းရေးထားသော CP name ဖြစ်သည်။ တစ်ချို့အင်တာနက်သုံးစွဲသူများမှာ ဆွံအသွားကြသည်။ Cp name လုပ်မယ်ဆိုလည်း လုပ်ကြပေါ့၊ လေယူလေသိမ်းတွေပါ ဘာလို့ပြောင်းဖို့လိုနေသေးတာတုန်း၊ h နဲ့ f အသံက ဘယ်နေရာမှ တူမနေတာကို…
[ Fu Zhen(ဖုကျန်း) ရဲ့ fu က f နဲ့စပြီး Jiang Hu(ကျန်းဟူ)ရဲ့ Hu က h နဲ့စတာပါတယ်။ h နဲ့ fက လေယူလေသိမ်းမတူပါဘူး]
ထိုကျန်းဟူမိန်းကလေးများပြီးလျှင် ဤကိစ္စကြီးကို အဖြစ်စေချင်ဆုံးက ကျန်းကျန်မုန့်ပင်။ သူမသည် လက်တလောငြိမ်နေပြီး ဖုကျန်းနှင့်ကျန်းဟန်ရှုကို စိတ်ဝင်စားခြင်းအလျဉ်းမရှိခဲ့ချေ၊ သို့သော် ထိုကိစ္စကြီးပေါ်ပေါက်လာသည့်အခါ ကျန်းကျန်မုန့်မှာ ဝမ်းမြောက်လွန်းသဖြင့် စားသောက်ပွဲတောင် ကျင်းပပစ်လိုက်ချင်ခဲ့သည်။ သို့သော် ထိုဝမ်းမြောက်မှု သိပ်မကြာခဲ့ပေ။ ဖုကျန်းထံမှ အတိအလင်းကြောငြာချက်ထုတ်ပြန်လာသောအခါ အငွေ့ပျံသလို ပျောက်ကွယ်သွားတော့သည်။
ကျန်းကျန်မုန့်သည် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ ဖောက်ပြန်နေသည့် ဓာတ်ပုံများကို မစ္စကျန်းထံသို့ပို့၍ မစ္စကျန်းကို ထိုမြေခွေးဖုကျန်းအား ဆုံးမစေလိုခဲ့သည်။ သို့သော် ယခုတွင်တော့ သူမမှာ အမှုမပတ်အောင် ဝေးနိုင်သမျှဝေးဝေးသာ ပြေးချင်မိတော့၏။
……..
အင်တာနက်ပေါ်ရှိ လူထု၏ထင်မြင်ချက်က အကောင်းဘက်သို့ ပြောင်းလဲသွားသည်ကို မြင်လျှင် ဖုကျန်းသည် ထိုကိစ္စကို ဆက်ဂရုစိုက်ခြင်း မရှိတော့ချေ။ သူတို့နှစ်ဦးသည် တိဗက်ရှိသမိုင်းဝင်နေရာတော်တော်များများကို လည်ပတ်ခဲ့ကြပြီးဖြစ်၏။ ညအချိန်တွင် ကျန်းဟန်ရှုက အိပ်ယာပေါ်လှဲနေပြီး ရေချိုးခန်းထဲမှ ထွက်လာသောဖုကျန်းကို မေးလိုက်သည်။
“ အိမ်ပြန်တော့မလား…”
ဖုကျန်းက ခေါင်းညိတ်ပြသည်။ မနေ့ညက ဗီဒီယိုကောလ်ထဲတွင် coco လေးက သူ့ဖေဖေနာမည်ကို ပြတ်ပြတ်သားသားခေါ်လိုက်သည်။ သူ အိမ်ပြန်ပြီး coco၏ခေါ်သံလေးကို ကိုယ်တိုင်ကိုယ်ကျ နားဆင်ချင်သေးသည်။
“ ဒါဆိုလည်း မနက်ဖြန်ပြန်ကြတာပေါ့…” ကျန်းဟန်ရှုက ဆိုလိုက်သည်။
နောက်တစ်နေ့တွင် သူတို့ လေယာဉ်လက်မှတ်ဖြတ်ကာ ဖျင်ဟိုင်မြို့သို့ ပြန်ခဲ့ကြသည်။
အမှန်စင်စစ်တွင် << လွတ်မြောက်ခြင်း >> သည် တားမြစ်ကန့်သတ်ခံရမှုများရှိနေ၏။ ၎င်းက လူပြောများကာ ရေပန်းစားလှသော်လည်း Box office မှာ သန်း ၉၀၀ ထိတစ်ရှိန်ထိုးတက်လာပြီးနောက် ဆက်မတက်လာဘဲ ငြိမ်နေသည်။ မောင်းယန်က အဆုံးသတ် box office သည် ၁.၂ ဘီလီယံ ဝန်းကျင်ထိရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။ မည်သို့ဆိုစေ ၁၅ သန်းသာ ရင်းနှီးမြှုပ်နှံထားသော ဘတ်ဂျက်အသေးစားရုပ်ရှင်လေးအနေနှင့် ဤပမာဏထိ ရောက်လာသည်က ကောင်းလွန်းနေပြီဖြစ်လေသည်။ ။
.....
ရုပ်ရှင်ထုတ်လွှင့်ပြီး၍ ရက်ပေါင်း ၂၀ ကျော်ကြာသည့်တိုင် ဒါရိုက်တာချုပ်ဖြစ်သော ဖုကျန်းမှာ လုံးဝပေါ်မလာခဲ့ပါချေ။ ဤသို့ဖြင့် ပရိတ်သတ်များမှာ ရုပ်ရှင်ထဲအကြောင်းအရာများကို မေးခွန်းထုတ်ချင်နေကြသည့်တိုင် မေးမြန်းရန်လူမရှိဖြစ်နေ၏။
ဖုကျန်းသည် အိမ်ကိုပြန်ရောက်ရောက်ချင်း ဝေးပေါ်တွင်ပို့စ်တင်ကာ အင်တာနက်သုံးစွဲသူများမေးမြန်းထားသည့် မေးခွန်းများကို ပြန်ဖြေပေးခဲ့သည်။ အဖြေတိတိကျကျပေးမရသည့် မေးခွန်းများကိုတော့ ပရိတ်သတ်အချင်းချင်း ဆွေးနွေးကြဖို့သာချန်ထားလိုက်သည်။ ရုပ်ရှင်တစ်ခုထုတ်လုပ်ပြီဆိုသည်နှင့် ထိုရုပ်ရှင်ဇာတ်လမ်းတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိ၏။ လူတစ်သောင်းရှိလျှင် လူတစ်သောင်း၏အမြင်က တစ်ယောက်နှင့်တစ်ယောက်တူညီကြမည်မဟုတ်ချေ။ ထို့ကြောင့် တစ်ချို့သော မေးခွန်းများက အဖြေပေးရသည်နှင့်စာလျှင် ကိုယ်တိုင်အတွေးဖြင့် ဖြန့်ကျက်တွေးခေါ်ရသည်က ပို၍ကောင်းသည်။
ဖုကျန်း အိမ်ပြန်ရောက်လာပြီးမကြာလိုက်ခင် << သင်ပြောလျှင်၊ ကျွန်ုပ်နားဆင် >> အစီအစဉ်မှ ဖိတ်ကြားစာထပ်ရလေသည်။ သူ အနည်းငယ်ချိန်ဆတွေးကြည့်လိုက်ပြီးနောက် လက်ခံလိုက်သည်။
စတူဒီယိုက ဖုကျန်းအရင်တစ်ခါလာတုန်းကနှင့် ဘာမှသိပ်ပြောင်းလဲသွားခြင်းမရှိချေ။ ဖုကျန်း၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အစီအစဉ်တင်ဆက်သူက ဖုကျန်းအား ပြုံးပြကာ နှုတ်ဆက်သည်။
“ ဒါရိုက်တာဖုကို ကျွန်မတို့ရဲ့အစီအစဉ်မှာ နောက်တစ်ကြိမ်ထပ်တွေ့ရလို့ ဝမ်းသာပါတယ်...”
ဖုကျန်းကလည်း ပြန်ပြုံးပြလိုက်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်ရင်း အစီအစဉ်တင်ဆက်သူအား ပြောလိုက်၏။
“ ကျွန်တော် အိမ်ပြန်ရောက်လာသလို ခံစားရတယ်၊ ဒီမျောက်ကလေးက အရင်နေရာမှာအတိုင်းရှိနေတုန်းပဲနော်…”
“ ဒါကကျွန်မတို့ရဲ့ အခမ်းအနားပြင်ဆင်တဲ့ဆရာက ရှင်လာမယ်ကြားလို့ ပရိဘောဂအခန်းကနေ တကူးတကကို ယူခဲ့တာ။ သူက ပြောသေးတယ် ဒါလေးက ရှင်နဲ့အရမ်းလိုက်တယ်တဲ့…” အစီအစဉ်တင်ဆက်သူက အရွှန်းဖောက်သည်။
ဖုကျန်းကလည်း အလိုက်သင့်လေး ဆက်ပြောလိုက်သည်။ “ ဒါဆိုလည်း အစီအစဉ်ပြီးတဲ့အခါ ကျွန်တော်ဒီမျောက်ကလေးကို အိမ်ခေါ်သွားတော့မယ်…”
ခဏအကြာ အပြောင်အပြက်များပြောဆိုကြပြီးနောက်တွင် အင်တာဗျူးက အဓိကနေရာသို့ ရောက်လာသည်။ အစီအစဉ်တင်ဆက်သူက မေးသည်။ “ ဒါရိုက်တာဖုက တိဗက်ကနေပြန်ရောက်လာတာ မကြာသေးဘူးဆို…”
ဖုကျန်းက ခေါင်းညိတ်သည်။ “ ဟုတ်တယ်၊ ရက်ပိုင်းလောက်လေးပဲရှိသေးတယ်…”
အစီအစဉ်တင်ဆက်သူက သူ့အား အပြုံးလေးဖြင့်ဆက်မေး၏။
“ အဲ့ဒီမှာ ပျော်စရာအချိန်လေးတွေဖြုန်းပြီး ဒီမှာ ထုတ်လွှင့်နေဆဲ ရုပ်ရှင်တစ်ခုရှိနေတာကိုတောင် မေ့သွားတာမဟုတ်လား…”
“ ရုပ်ရှင်အကြောင်းကို စဉ်းစားနေရင် စိတ်မပေါ့မပါးဖြစ်ရတယ်လေ…”
“ လတ်တလောမှာ << လွတ်မြောက်ခြင်း >> ရဲ့ Box office က ၁ ဘီလီယံအထိရှိနေတယ်ပေါ့နော်၊ ဒါရိုက်တာဖုအနေနဲ့ ဒါကို ဘယ်လိုသဘောရလဲမသိဘူး…”
ဖုကျန်းက ကိုယ်နေဟန်ထားကို ပြောင်းလဲလိုက်ပြီး တွေးတွေးဆဆနှင့် ပြန်ဖြေလိုက်သည်။
“ အမှန်အတိုင်းပြောရရင် ဒီ Box office က ကျွန်တော်လုံးဝမမျှော်လင့်ထားတဲ့ ပမာဏပဲ။ ဘာလို့လဲဆိုတော့ သည်းထိတ်ရင်ဖိုရုပ်ရှင်ရဲ့ ဈေးကွက်က အရမ်းကိုကျယ်ပြန့်လွန်းတာကြောင့် ကျွန်တော် သုံးစွဲရမယ့် ငွေပမာဏကို အများကြီးမရင်းနှီးရဲခဲ့ဘူး။ အားပေးတဲ့ပရိတ်သတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးအများကြီးတင်ပါတယ်…”
အစီအစဉ်တင်ဆက်သူက ဆက်မေးလာ၏။ “ << လွတ်မြောက်ခြင်း >> ရဲ့ ဇာတ်ညွှန်းရေးဆရာကလည်း အရမ်းကိုတော်တဲ့အကြောင်း အင်တာနက်သုံးစွဲသူတွေက ပြောထားကြတယ်၊ ရှင် မစ္စတာဝေ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ၊ ကျွန်မသိရသလောက်က မစ္စတာဝေ့ရဲ့အရင်ဇာတ်ညွှန်းတွေက ခေတ်ပေါ်အဆွေးဒရမ်မာတွေပဲမဟုတ်လား…”
“ ကျွန်တော် << လွတ်မြောက်ခြင်း >> ကို မရိုက်ခင်တုန်းက ကျွန်တော်ကိုယ်တိုင် ဇာတ်ညွှန်းရေးဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ အကြမ်းဖျင်းရေးပြီးတဲ့အချိန်ထိ ဒါကသည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ပုဒ်လိုမခံစားရဘူး။ ဒါကြောင့် ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ဆရာတစ်ယောက် ရှာရမယ်လို့ သိလိုက်တယ်။ ပြောရရင် အကြောင်းတိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျွန်တော် အိမ်တွင်းအောင်းပြီး ပြည်တွင်းရော၊ ပြည်ပရောက သည်းထိတ်ရုပ်ရှင်ပေါင်း အပုဒ် ၂၀၀ လောက်ကြည့်ပြီးတဲ့နောက်မှာ ခေါင်းတွေအရမ်းကို ပူထူနေခဲ့ပြီ၊ ဒါကြောင့် မစ္စတာဝေ့ရေးတဲ့ ခေတ်ပေါ်အဆွေးဒရမ်မာကို ခဏဝင်ကြည့်လိုက်မိတယ်၊ အဲ့ဒီမှာ ခေါင်းဆောင်မင်းသား ထွက်လာတဲ့အခန်းကို ကျွန်တော် တအားလန့်သွားခဲ့တာ၊ ဒီလိုနဲ့ ကျွန်တော်သိလိုက်တယ် မစ္စတာဝေ့က ကျွန်တော်လိုအပ်နေတဲ့လူပဲလို့…”
“ ဪ ဒီလိုတွေရှိခဲ့တာကိုး…” အစီအစဉ်တင်ဆက်သူက ခေါင်းတညိတ်ညိတ်နှင့် ဖုကျန်းကို ဆက်လက်မေးသည်။ “ဒါဆို ဒါရိုက်တာဖု ဘာဖြစ်လို့ မစ္စတာမားယွမ်ကိုပါ ဒီရုပ်ရှင်အတွက်ပါဝင်ပေးဖို့ ဖိတ်ကြားခဲ့တာလဲမသိဘူးနော်…”
“ မင်းဒီအကြောင်းကို မစ္စတာမားယွမ်ကိုပဲ မေးလိုက်သင့်တယ်…” ဖုကျန်းသည် ဖုထင်နှင့် မားယွမ်အကြောင်းကို သိပ်မသိပါချေ၊ ထို့ကြောင့် ကင်မရာအရှေ့တွင် လက်လွတ်စပယ်ပြောလိမ့်မည်မဟုတ်ချေ။ သူက အပြုံးလေးဖြင့်သာ ဆိုလိုက်သည်။ “ ကျွန်တော်တို့ရုပ်ရှင်မှာ ပါဝင်ပေးတဲ့အတွက် မစ္စတာမားယွမ်ကို ကျေးဇူးအများကြီးတင်ပါတယ် …”
“အင်တာဗျူးတစ်ခုမှာ ကျန့်ရှင်းခယ်က သူဒီရုပ်ရှင်မှာ သရုပ်ဆောင်ကြေးမယူခဲ့ဘူးလို့ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ ဒါရိုက်တာဖု ပြောပြပေးနိုင်မလား…”
ဖုကျန်း၏နှုတ်ခမ်းများ စေ့သွားပြီး အသံထွက်ရုံရယ်လိုက်သည်။ သူ ကျန့်ရှင်းခယ်ကို ရိုက်ကူးရေးအဖွဲ့ကနေ ကန်ထုတ်ခဲ့ပြီး ငွေ ၅သန်း ရင်းနှီးမြှုပ်နှံခဲ့သည့်အချိန်မှ မျက်နှာပြောင်တိုက်စွာ ရိုက်ကူးရေးအဖွဲ့ထဲတွင် ဆက်နေခွင့်ပြုခဲ့ကြောင်း ကင်မရာအရှေ့တွင် မပြောလိုက်နိုင်ချေ။
“ကျွန်တော်တို့ရဲ့စုတ်စုတ်ပြတ်ပြတ်ရိုက်ကွင်းလေးကို သူ မမြင်ရက်လို့ဖြစ်မယ်…”
……….
အစီအစဉ်တင်ဆက်သူသည် << လွတ်မြောက်ခြင်း >> ၏ သရုပ်ဆောင်များနှင့် ရိုက်ကူးရေးအကြောင်း အနည်းငယ် မေးမြန်းပြီးနောက်တွင် ဖုကျန်း၏ပုဂ္ဂိုလ်ရေးအကြောင်းအရာများဆီသို့ တဖြည်းဖြည်းဆွဲခေါ်လာသည်။
“ ဒါရိုက်တာဖုရဲ့ စတူဒီယိုနာမည်ကို အစက ဖုကျန်းစတူဒီယိုဆိုတာကနေ ကျန်းဝမ်စတူဒီယိုလို့ ပြောင်းလိုက်တယ်လို့ ကျွန်မတို့ကြားထားတယ်။ ပြီးတော့ ဒါရိုက်တာဖုရဲ့ ဝေးပေါ်နာမည်ကလည်း ကျန်းဝမ် ဖုကျန်းမဟုတ်လား။ အဲ့ဒါရဲ့ ထူးခြားတဲ့အဓိပ္ပာယ်က ဘာများလဲ…”
ဖုကျန်းက ပြုံးလျက် ပြန်ဖြေလိုက်၏။ “ ကျွန်တော်အရင်ဆုံးရှင်းပြပါရစေ၊ ကျွန်တော်အစက ဝေးပေါ်မှာ ဖုကျန်းဆိုတဲ့နာမည်ကို သုံးချင်ခဲ့တာ၊ ဒါပေမဲ့ နာမည်ကပြောင်းမရတော့ ကျန်းဝမ်ကိုအရှေ့မှာ ထားလိုက်ရုံကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူး။ ကျန်းဝမ်ကို အရှေ့မှာထားတာ ထူးဆန်းမနေအောင်လို့ စတူဒီယိုနာမည်ကိုလည်း ကျန်းဝမ်စတူဒီယိုဆိုပြီး ကျွန်တော်ပြောင်းလိုက်တာပါ…”
“ ကျန်းဝမ်ဆိုတဲ့ နာမည်ကို သင့်လျော်သလိုပဲမှည့်လိုက်တာလား…”
“ လုံးဝမဟုတ်ပါဘူး…” ဖုကျန်းက ရှက်ဝဲဝဲပြုံးကာ အစီအစဉ်တင်ဆက်သူကို ပြန်ဖြေလိုက်သည်။ “ အဲ့တာတကယ်တော့ ကဗျာတစ်ပုဒ်ထဲကပါ…”
အစီအစဉ်တင်ဆက်သူမှာ သူမငယ်ဘဝကနေ ကြီးပြင်းသည်အထိ တွေ့ခဲ့ဖူးသော ကဗျာများကို ပြန်စဉ်းစားကြည့်လိုက်သည်။ သို့သော် ကျန်းဝမ်ဟူသည့်စာလုံးနှင့်ပတ်သက်၍ ဘာတစ်ခုမ သူမ အတွေးထဲပေါ်မလာခဲ့ချေ။ အစီအစဉ်တင်ဆက်သူက ခေါင်ယမ်းပြလိုက်၏။
“ ဟင့်အင်း၊ ကျွန်မ တကယ် မမှတ်မိဘူး…”
ဖုကျန်း ထိုအမည်နာမလေးကို စဉ်းစားမိခဲ့စဉ်က ကိုယ်ပိုင်လျှို့ဝှက်ချက်လေးအဖြစ်သိမ်းထားမည်ဟု ဆုံးဖြတ်ခဲ့ဖူးသည်။ ယခုလို ကင်မရာရှေ့မှာ ထုတ်ပြောပြရမည့်တစ်နေ့ရှိလာလိမ့်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပါချေ။ သူ မျက်လွှာချသွားပြီး အပြုံးတစ်ပွင့်နှင့် ဆိုလိုက်သည်။
“ ငါရဲ့ ထူးခြားဆန်းကြယ်တဲ့အသံတွေကို မြင်အောင်ကြည့်တာလည်း ကမ္ဘာလောကကြီးပါပဲ။ ပြီးတော့ သံစဉ်တွေကိုကြားတဲ့အခါ လှောင်ရယ်ကြတာလည်း ကမ္ဘာကြီးပါပဲ…”
[ ထူးခြားဆန်းကြယ်သော = ဟန်ရှု ]
အစီအစဉ်တင်ဆက်သူသည် “ဟန်ရှု” ဟူသော စကားလုံးနှစ်လုံးကို ချက်ချင်းသတိထားမိသွားပြီး ၎င်းက ကျန်းဟန်ရှုနှင့် တစ်စုံတစ်ရာဆက်နွယ်မှုရှိလိမ့်မည်ဟု တွေးမိလိုက်သည်။
ထို့နောက် ဖုကျန်း၏စကားဆက်ဆိုလာသံကို သူမကြားလိုက်ရသည်။
“ တကယ်တော့ ကျွန်တော်အစက ဟန်ရှုရဲ့အရှေ့နဲ့အနောက်က စာလုံးနှစ်လုံးကို ယူဖို့စဉ်းစားခဲ့တာ။ ဒါပေမဲ့အသံအနေအထားကသိပ်ပြီး မကောင်းတာကြောင့် စာလုံးတစ်လုံးထပ်ထည့်ခဲ့တယ်။ ပညာ(ကျန်းဝမ်) ဆိုတဲ့ သံတူကြောင်းကွဲစာလုံးကို ယူသုံးခဲ့တယ်။ အဲ့လိုနဲ့ ဒီနာမည်ဖြစ်လာခဲ့တာပါ…”
“ ဒါရိုက်တာဖုနဲ့ မစ္စဖုက…” အစီအစဉ်တင်ဆက်သူမှာ မစ္စဖုဟု ဆိုပြီးခါမှ ချက်ချင်း စကားပြန်ပြင်လိုက်ရသည်။ “ ဒါရိုက်တာဖုနဲ့ မစ္စတာကျန်းက တကယ်ကိုချစ်ကြတာပဲ…”
အစီအစဉ်တင်ဆက်သူမှာ ထိုသို့ဆိုပြီးသောအခါမှ မနှစ်ကအင်တာဗျူးတွင် သူမသည် ဖုကျန်းရှေ့၌ ကျန်းဟန်ရှုကို မစ္စဖုဟု ခေါ်ခဲ့မိကြောင်း သတိရသွားသည်။
ဖုကျန်းက မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါပါအပြုံးတစ်ခုကို ပန်ဆင်လျက် အစီအစဉ်တင်ဆက်ကို ပြောလိုက်၏။ “ မင်း သူ့ကို မစ္စဖုလို့ခေါ်လို့ရပါတယ်…”
ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဖုကျန်းနှင့်ကျန်းဟန်ရှုက အလွန်သင့်မြတ်ချစ်ခင်ကြကြောင်း သိနိုင်၏။ သို့သော် မစ္စဖုက ကျန်းဟန်ရှုဖြစ်ကြောင်းသိပြီးနောက်တွင် အစီအစဉ်တင်ဆက်သူမှာ ထိုကဲ့သို့ဆက်မခေါ်ရဲပါချေ။ အစီအစဉ်တင်ဆက်သူသည် ယခုနှစ်အစပိုင်းကလွှင့်ခဲ့သော <<အဖြူရောင်ရဲတိုက်>> ရုပ်ရှင်ဇာတ်လမ်းအကြောင်း ဖုကျန်းနှင့်အတူ ဆက်လက်စကားစမြည်ပြောကြသည်။
“ အဖြူရောင်ရဲတိုက် ထဲက ကျန်နေတဲ့သဲလွန်စမြှုပ်ကွက်တွေကို ကျွန်မတကယ်ပဲ ရှာမတွေ့တော့ဘူး၊ ဒါရိုက်တာဖုကပဲ ကျွန်မတို့ကို ပြောပြပေးနိုင်မလား…”
ဖုကျန်းက ခေါင်းခါလိုက်သည်။ ၎င်းက အင်တာဗျူးတစ်လျှောက်လုံးတွင် ဖုကျန်း၏ပထမဆုံးအကြိမ် ငြင်းဆိုခြင်းပင်။ သူက အစီအစဉ်တင်ဆက်သူကို ပြောလိုက်၏။
“ မင်းတို့အားလုံးသိသွားရင် ဒါကိုသူနဲ့ငါနှစ်ယောက်ကြားက လျှို့ဝှက်ချက်လို့ ဘယ်ခေါ်ပါတော့မလဲ…”
အစီအစဉ်တင်ဆက်သူမှာ ခွေးစာစားလိုက်ရခြင်းကြောင့် ပြောစရာစကားတောင် ပျောက်ရှသွားပြီး ဆွံအလို့သွားသည်။
ဖုကျန်းနှင့် ခဏကြာ စကားပြောပြီးနောက်တွင် အချိန်လည်း ပြည့်တော့မည်ဖြစ်သောကြောင့် အစီအစဉ်တင်ဆက်သူက ဖုကျန်းကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ ကျွန်မတို့ အစီအစဉ်ကို လာရောက်ပေးတဲ့အတွက် ကျေးဇူးပါ ဒါရိုက်တာဖု။ ပရိတ်သတ်ကြီးရေ ဒီနေ့အပိုင်းကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ၊ နောက်အပိုင်းမှာ ထပ်တွေ့ကြမယ်နော်။ တာ့တာ…”
xxxxcx