အပိုင်း ၁၂၄
Viewers 23k

အစီအစဉ်ကို ရိုက်ကူးပြီးနောက်တွင် တစ်ပတ်လောက်ကြာမှသာ ထုတ်လွှင့်မည်ဖြစ်သည်။ ဖုကျန်းသည် နောက်ရုပ်ရှင်ထပ်ရိုက်ရန်အတွက် အလုပ်များနေပြန်သည်။ ကျန်းဟန်ရှုမှာ သူ့အတွက် အလွန်စိုးရိမ်မိပြီး ခဏတစ်ဖြုတ်လောက်နားစေချင်ခဲ့သည်။ သို့သော် ဖုကျန်းမှာ အလုပ်အားသည်နှင့် နောက်ရုပ်ရှင်အကြောင်း မတွေးဘဲမနေနိုင်ချေ။ထို့ကြောင့် ကျန်းဟန်ရှုမှာ သူ့ကို လွှတ်ထားလိုက်ရတော့၏။
Coco လေးက တီတီတာတာအသံလေးဖြင့် သူမ၏ဖေဖေကိုတောင် ခေါ်နိုင်နေပြီ။ သူမက တစ်ခါတစ်ရံ ကျန်းမိသားစုအိမ်တွင် သွားနေပြီး ဖိုးဖိုးကျန်းက သူမကို စကားတစ်ချို့သင်ပေးတတ်လေ့ရှိသည်။
ဖေဖေကျန်းနှင့် မေမေကျန်းတို့က ပြည်ပကိုအပန်းဖြေခရီးထွက်နေခြင်းကြောင့် ကျန်းဟန်ရှုမှာ အနည်းငယ်စိတ်ဓာတ်ကျနေသည်။ အဘယ်ကြောင့်ဆိုသော် ဖုကျန်း၏နောက်ရိုက်မည့် ရုပ်ရှင်ဇာတ်ကားက တခြားတစ်နေရာတွင် ဖြစ်နေသောကြောင့်ဖြစ်၏။ အကယ်၍ ဖေဖေကျန်းတို့သာ အချိန်မီပြန်မရောက်လာပါက သူဖုကျန်းကို တခြားနေရာအထိ လိုက်ပါအဖော်ပြုပေးနိုင်တော့မည် မဟုတ်ချေ။
ဤသို့ဖြင့် ကျန်းဟန်ရှုသည် ဖေဖေကျန်းကို ဘယ်အချိန်ပြန်လာမည်လဲဟူ၍ ခဏခဏဖုန်းဆက်ကာ မေးလေသည်။ ဖေဖေကျန်းမှာ သူ့သား၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် အင်မတန်မကျေမချမ်း ဖြစ်နေသည်။ ဖုန်းခေါ်လာစဉ်တွင် ဖေဖေကျန်းသည် ကျန်းဟန်ရှုအား ပြောလိုက်လေ၏။
“ကိုယ့်ဇနီးကိုယ် အဖော်ပြုပေးချင်တာ မင်းတစ်ယောက်တည်းလို့များ ထင်နေတာလား…”
ကျန်းဟန်ရှု : “……..”
ဖုကျန်းကတော့ ဖျင်ဟိုင်မြို့တွင် ရိုက်ရမည့်အခန်းများကို အပြီးရိုက်ပြီးနောက် ဖေဖေကျန်းတို့ပြန်ရောက်လာသည်ကို စောင့်ကြမည်ဟု သူ့ကိုနှစ်သိမ့်ပေးရှာသည်။
ကျန်းဟန်ရှုမှာ အလွန်ပင် မတရားသဖြင့် ခံစားလိုက်ရသည်။ ဖေဖေကျန်း၏မညှာမတာ၊ ရက်စက်မှုကြောင့် ဖုကျန်းနှင့်ဝေးကွာကောင်း ဝေးကွာသွားနိုင်သည် မဟုတ်လော။
<< လွတ်မြောက်ခြင်း >> က ရုံတင်ထားဆဲဖြစ်သော်လည်း နောက်နှစ်ရက်နေလျှင်တော့ ရုံပိတ်တော့မည်ဖြစ်၏။ သို့တိုင် လွန်ခဲ့သော နှစ်ရက်ကတည်းက မျက်စိရှင်ကြသောပရိတ်သတ်များမှာ ကျန်းဟန်ရှုသည် << လွတ်မြောက်ခြင်း >> ထဲတွင် ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်ထားကြောင်း မြင်လိုက်ကြလေသည်။ ၎င်းက တစ်ခန်းတည်းသာဖြစ်ပြီး၊ သူ့မျက်နှာက အမှောင်ထဲတွင် သဲကွဲမနေသည့်တိုင် ပရိတ်သတ်များမှာ တစ်ချက်တည်းကြည့်ရှုဖြင့် ကျန်းဟန်ရှုမှန်း သိလိုက်ကြသည်။
ကျန်းဟန်ရှု၏လတ်တလောဂုဏ်ပုဒ်ကား ဟယ့်ရှီအင်တာတိန်းမန့်၏အုပ်ချုပ်သူနှင့် ကျန်းမိသားစု၏အမွေဆက်ခံသူဖြစ်၏။ သူ့အနေနှင့် မျက်နှာတောင်ပြခွင့်မရသည့် ဖြတ်လျှောက် သရုပ်ဆောင်အခန်းလောက်လေးအတွက် ရိုက်ကွင်းသေးသေးလေးသို့ သွားရောက်မည်မှာ ဖြစ်နိုင်ပါ့မည်လော။
သို့သော် ပြန်စဉ်းစားချင့်ချိန်ကြည့်ပါလျှင် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့က ဇနီးမောင်နှံများဖြစ်ကြသည်။ ကျန်းဟန်ရှုက ဖုကျန်း၏ရိုက်ကွင်းသို့ သွားရောက်လည်ပတ်ကာ သရုပ်ဆောင်တစ်ယောက် လစ်လပ်နေချိန်၌ အစားထိုးသရုပ်ဆောင်ပေးမည်မှာ ပြောစရာပင်မလိုလောက်ပါချေ။ ၎င်းက လုံးဝကို ပုံမှန်ဆန်နေသည်မဟုတ်ပါလား။
အကယ်၍ ထိုနေရာတွင် လျန်ချွင်ချောင်နှင့် ကျန်းရိကောကဲ့သို့သော ဒါရိုက်တာများဆိုကြပါစို့။ သူတို့၏ဇနီးများကလည်း ရိုက်ကွင်းသို့သွားရောက်လည်ပတ်ပြီး တစ်ခါတစ်ရံ ဖြတ်လျှောက်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်တတ်လေ့ရှိကြသည်။ အင်တာနက်သုံးစွဲသူများက ထိုအရာကိုပုံမှန်ဟုသာ ထင်ကြ၏။ သို့သော် ကျန်းဟန်ရှုနှင့် ဖုကျန်းဆိုလျှင်တော့ CP fans များက ပါးစပ်ထဲတွင် ခွေးစာများအပြည့်အသိပ်စားလိုက်ရသကဲ့သို့ ခံစားလိုက်ရမည်သာ။
<< လွတ်မြောက်ခြင်း >> က ယခုထိ webcast တွင်မတင်ရသေးပေ။ နောက်တစ်လကြာတွင် ရုပ်ရှင်ကို အဓိက Video site များ၌တင်သည့်အခါမှ ဤအခန်းကို ဖြတ်ထုတ်ပြီး အမျိုးမျိုးသောဇာတ်လမ်းငယ်လေးများ လုပ်ကြရဦးမည်။
ဤအခန်းကြောင့် ရုပ်ရှင်လာကြည့်ကြသော ကျန်းဟူမိန်းကလေးများလည်း ရှိလေသည်။ သူတို့ကလည်း အင်တာနက်သုံးစွဲသူများကဲ့သို့ အုပ်စုဖွဲ့၍ ရုပ်ရှင်ရုံထဲသို့ ဝင်ကြည့်ကြခြင်းပင်။ ဤဇာတ်ကားကို ရုပ်ရှင်ရုံထဲတွင် အပြီးထိတစ်ယောက်တည်းကြည့်ခဲ့သူမှာ ရွှိယွမ်တစ်ယောက်သာ ဖြစ်လိမ့်မည်။
နောက်ဆုံးနေ့တွင် ကျန်းဟူမိန်းကလေးများ၏ အင်အားကြောင့် box office က အနည်းငယ်ပြန်တက်လာသည်။
ကျန်းဟူမိန်းကလေး အများစုမှာ ခွေးစာလေးအနည်းငယ်ကို လာစားကြခြင်းဖြစ်ပြီး ရုပ်ရှင်ကိုသိပ်စိတ်မဝင်စားကြချေ။ သို့သော် သူတို့မှာ ရုပ်ရှင်အစကတည်းက ဆွဲဆောင်ခံလိုက်ကြရပြီး စခရင်ဆီမှ အကြည့်များကို မခွာနိုင်ကြတော့ပေ။ တဖြည်းဖြည်းနှင့်သူတို့သည်လည်း ဇာတ်လမ်းထဲတွင် နစ်မြောသွားကြတော့သည်။
ဖုကျန်းက အလွန်လှည့်ဖျားတတ်၏။ သူ့ရုပ်ရှင်အဖွင့်က သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ပုဒ်ဟုတောင် မထင်ရပါချေ။ ကြည့်ရှုသူပရိတ်သတ်အများစုမှာ ဤဇာတ်ကားက အင်တာနက်ပေါ်တွင် ပြောနေကြသလောက် ကြောက်စရာမကောင်းဟု ထင်လိုက်ကြ၏။ သို့သော် ဆက်ကြည့်ပါမှ သူတို့ဟာ အစပိုင်းတွင် အလှည့်စားခံလိုက်ရခြင်းသာဖြစ်ပြီး နောက်ပိုင်းမှကြောက်ဖို့ကောင်းလာကြောင်း အချိန်လွန်မှသိသွားကြသည့်တိုင် နောက်လှည့်ပြေးလို့လည်းမရတော့ပါချေ။
ကျန်းဟူမိန်းကလေးများသည်လည်း ထိုနည်း၎င်းသာဖြစ်သည်။ သူတို့ လက်များကို အချင်းချင်းဆုပ်ကိုင်ထားကြလျက် တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်ထားကြကာ တသိမ့်သိမ့်တုန်ယင်နေကြသည်။ သို့သော်လည်း သူတို့၏မျက်လုံးများက စခရင်ဆီမှ ဖယ်ခွာသွားခြင်း မရှိခဲ့ချေ။ စခရင်ပေါ်၌ ကျန်းဟန်ရှုပေါ်လာချိန်တွင် ပရိတ်သတ်များအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ ကျန်းဟူမိန်းကလေးများမှာ အာမေဋိတ်သံပြုလျက် သူတို့၏ဖုန်းများကို ချက်ချင်းထုတ်လိုက်ကြကာ ဂရုထဲက သူမတို့၏ညီအစ်မများကို မျှဝေလိုက်ကြသည်။
" ငါသေပြီ၊ ငါသေပြီ၊ ဒါသေလောက်အောင် ကြောက်ဖို့ကောင်းတဲ့အခန်းဆိုပေမဲ့လည်း အခုတော့ အရမ်းကိုချိုမြနေတာပဲ..."
" <<လွတ်မြောက်ခြင်း>> ရဲ့ အဲ့ဒီအခန်းမှာ ငါ လေထုထဲက ပူဖောင်းလေးတွေတောင် မြင်နေရတယ်၊ လုံးဝသည်းထိတ်ရင်ဖိုဇာတ်ကားနဲ့မတူဘူး ငါကြိုက်တယ်..."
" ဒီဇာတ်ကားထဲက တစ်ခုတည်းသော ခွေးစာလေးက ဒီလိုခွေးစာမျိုးဖြစ်လိမ့်မယ်လို့ ငါထင်တောင်မထင်ထားခဲ့ဘူး..."
" ကျန်းဟန်ရှုက ဖုကျန်းကို တကယ်ချစ်ပုံပဲ၊ သူ့ကြောင့်သာ ဒီလိုရိုက်ကွင်းမျိုးမှာ ဧည့်သရုပ်ဆောင်အဖြစ် သရုပ်ဆောင်တာ..."
" အပေါ်ထပ်ကတွေ ဖုကျန်းကို ဘယ်လိုခေါ်လိုက်တာ။ နာမည်ပြောင်လား..."
.......
<< လွတ်မြောက်ခြင်း >> ၏ နောက်ဆုံး Box office ရလဒ်က မောင်းယန်ခန့်မှန်းထားသည်နှင့် သိပ်တော့မကွာလှပါချေ။ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စီးပွားဖက်များသည် ရုပ်ရှင်ရလဒ်ကောင်းခြင်းကြောင့် ဖုကျန်းအား ဂုဏ်ပြုဖို့ ဖိတ်ခေါ်ကြသည်။ ထို့နောက် သူ့အား အနာဂတ်အစီအစဉ်များအကြောင်း မေးမြန်းကြသည်။ တစ်ချို့က သူ့ရုပ်ရှင်တွင် နေရာတစ်နေရာစာ ပါဝင်နိုင်ဖို့ မျှော်လင့်ကြပြီး တစ်ချို့က ရင်းနှီးမြှုပ်နှံလိုကြသည်။
သို့သော် ဖုကျန်းက အားလုံးကို ငြင်းပယ်ခဲ့ပေသည်။
ဖုကျန်း၏အင်တာဗျူး အစီအစဉ်က စက်တင်ဘာလနှောင်းပိုင်းတွင် ဖြစ်၏။ မကြာမီနှစ်များတွင် အွန်လိုင်းဗီဒီယိုများ ခေတ်စားလာသည်နှင့်အမျှ ဤအစီအစဉ်၏ Rating များလည်း တစ်နှစ်ပြီးတစ်နှစ် တဖြည်းဖြည်း ထိုးကျလာခဲ့သည်။ ယခုတလော Rating များဆိုလျှင် မယုံနိုင်လောက်အောင်ကို အလွန်အမင်းထိုးကျနေလေ၏။
ဖုကျန်းက ဤအစီအစဉ်တွင် ပါဝင်ကြောင်း သိကြသည့်အခါတွင်မူ << လွတ်မြောက်ခြင်း >> ထဲက တစ်ချို့သောမေးခွန်းများကို အဖြေသိရဖို့ရန်နှင့် လတ်လတ်ဆတ်ဆတ်ခွေးစာများကို စားဖို့အတွက် များစွာသော ဖန်များသည် တီဗီရှေ့တွင် နေရာယူထားကြသည်။ ဤသို့ဖြင့် အစီအစဉ်၏ viewer များ အမြောက်အမြားတိုးလာတော့သည်။
အင်တာဗျူးတွင် << လွတ်မြောက်ခြင်း>> အကြောင်းမေးသည့် မေးခွန်းများမှာ ဖန်တစ်ရာထပ်နေသော မေးနေကျ မေးခွန်းများသာဖြစ်သည်။ သို့သော် ဖုကျန်းပြောပြသည့် သူနှင့်ကျန်းဟန်ရှုတို့ အကြောင်းကိုတော့ ပရိတ်သတ်များ အလွန်နှစ်သက်ကြလေသည်။ ချိုချိုမြိန်မြိန် အချစ်ပုံပြင်များကို မကြိုက်သည့်လူ မည်သူရှိမည်နည်း...။
<< အဖြူရောင်ရဲတိုက် >> ထုတ်လွှင့်စဉ်အခါကလည်း ဖုကျန်းသည် ဤအစီအစဉ်၏အထူးဧည့်သည်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က သူနှင့်ကျန်းဟန်ရှု၏ဆက်ဆံရေးကို တရားဝင်မကြေညာရသေးသဖြင့် သူဟာ ထိန်းထိန်းသိမ်းသိမ်းနှင့် ဘာကိုမှ အတွင်းကျကျမဖြေကြားခဲ့ပေ။ << အဖြူရောင်ရဲတိုက်>> ထဲမှ သဲလွန်စမြှုပ်ကွက်များမှ လွဲ၍ တခြားသောမေးခွန်းများကို မဖြေခဲ့သလောက်ပင်။
ဤအင်တာဗျူးထဲတွင် << အဖြူရောင်ရဲတိုက် >> ၏ သဲလွန်စမြှုပ်ကွက်အကြောင်းကိုပါ ဆွေးနွေးလာသဖြင့် လူတစ်ချို့မှာ တစ်ခုခုကို ခံစားမိသွားပြီး ချက်ချင်းဆိုသလို လွန်ခဲ့သော နှစ်ဝက်အတွင်းက ကျန်းဟန်ရှု၏ဓာတ်ပုံအချို့ကို ရှာဖွေလိုက်ကြသည်။ ထိုအခါ စီးပွားရေးမဂ္ဂဇင်းတစ်ခုတွင် သူ့ကို ရှာတွေ့သွားကြလေသည်။ သူဟာ သေးငယ်သော ငွေရောင်ဆွဲသီးလေးတစ်ခုကို ခဲရောင် လည်ပင်းခေါက်ဆွယ်တာအောက်တွင် ပေါ်လွင်အောင် ဝတ်ဆင်ထားသည်။
၎င်းအပေါ်တွင် သေးငယ်သော သင်္ကေတလေးတစ်ခုရှိနေ၏။ ထိုအရာကို သဲသဲကွဲကွဲမမြင်ရသည့်တိုင် အနည်းဆုံးတော့ ဤသင်္ကေတလေး၏ပုံသဏ္ဌာန်သည် << အဖြူရောင်ရဲတိုက် >> ထဲတွင်ပါရှိသည့် သင်္ကတလေးနှင့်တစ်ထပ်တည်းတူကြောင်း ပိုင်းခြားနိုင်ပါသေး၏။
အင်တာနက်သုံးစွဲသူများမှာ သတိမမူမိလိုက်ခင်မှာတင် နောက်ထပ်ခွေးစာတစ်ခုကို စားလိုက်ကြရပြန်သည်။
သူတို့ အရင်က မျက်စိများ ကန်းနေကြသလား ။ ဤမျှ ပေါ်လွင်ထင်ရှားနေသည့်အရာကို အဘယ်ကြောင့် ရှာမတွေ့ခဲ့ကြသနည်း။
သို့ပေသော်ငြား ပရိတ်သတ်များကို အံ့အားအသင့်စေဆုံးက ကျန်းဝမ်၏မူလဇာစ်မြစ်ပင် ဖြစ်လေသည်။ ဒါရိုက်တာဖုက ထိုနာမည်ကို သင့်လျော်သလိုပေးခဲ့ခြင်းဟု သူတို့တွေးထားခဲ့ကြ၏။ နောက်ကွယ်တွင် ဤသို့သော အဓိပ္ပာယ်များရှိလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပါချေ။ ထိုနှစ်ဦးသားသည် အမှန်တကယ်ပဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် တွေ့ခဲ့ကြပုံပေါ်၏။
လွန်ခဲ့သောနှစ်က ဖုကျန်းသည် သူနှင့်သူ့ဇနီးဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် တွေ့ခဲ့ကြသည်ဟု ဆိုခဲ့ချိန်က သူတို့လုံးဝမယုံကြည်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုလျှင် ထိုအချိန်က မစ္စဖုသည် ယောက်ျားတစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့မတွေးမိခဲ့ခြင်းကြောင့် ဖြစ်လိမ့်မည်။
ထို့အပြင် မိမိ၏လိင်စိတ်ခံယူမှုကို လူထုအသိုင်းအဝိုင်းထဲတွင် ပွင့်ပွင့်လင်းလင်းချပြနိုင်သည့် နာမည်ကြီးအနုပညာရှင်မှာ အင်မတန်နည်းပါးလှသည်။ ယခုတွင်မူ ပါပါရာဇီများ၏တိတ်တဆိတ်ဓာတ်ပုံရိုက်ကူးခံရသော အခြားအဖြောင့်ယောက်ျားများပင် တိတ်တိတ်ကလေးလက်ထပ်ထားကြမည်လားဟူ၍ အတွေးများဝင်လာကြသည်။ ထိုသို့ စဉ်းစားမိလျှင် အင်တာနက်သုံးစွဲသူများအားလုံး လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
ကျန်းဟူမိန်းကလေးများမှာ အခြားလူများ ဖြောင့်ခြင်း၊ မဖြောင့်ခြင်းကို ဂရုစိုက်မနေပါချေ။ ၎င်းက သူတို့နှင့် ဘာမှမဆိုင်သလို၊ သူတို့ချစ်သော CP က Schrödinger ၏အဖြောင့်ယောက်ျားလေးသူငယ်ချင်း ဆက်ဆံရေးမဟုတ်တော့ပေ။ သူတို့ CP လေးက အစစ်အမှန်ဖြစ်သည်။ ဤအင်တာဗျူးကို ကြည့်ပြီးနောက်တွင် ကျန်းဟူမိန်းကလေးများအဖွဲ့သို့ ဝင်ရောက်သူ ပို၍ပို၍တိုးလာတော့သည်။
-- ကျန်းဟူက အစစ်အမှန်ပဲ၊ ကျန်းဟူက အစစ်အမှန်။
-- ဘယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လူငှားခေါ်သေးလဲဟင်...။ ငါလည်း မောင်လေးတစ်ယောက်လောက် သွားရှာချင်တယ်လေ။
-- "မစ္စတာဝေ့က ကျွန်တော်လိုအပ်နေတဲ့လူပဲ" တဲ့ ဒါနားထောင်ပြီးရင် ကျန်းဟန်ရှုတို့ သဝန်မတိုကြေးနော်။
-- ငါ ရုတ်တရက်ကြီး သတိရမိပြီ။ ဖုကျန်းနဲ့ကျန်းဟန်ရှုတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အုတ်သယ်နေတဲ့ Fan art ကို ကျန့်ရှင်းခယ်က Like လုပ်ခဲ့ဖူးတယ်ဟုတ်။ သူ အစောကြီးကတည်းက သိနေပြီးသားဖြစ်မယ်။
....
ကျန်းဟူမိန်းကလေးများသည် ခွဲခြမ်းစိတ်ဖြာကြပြီးနောက်တွင် ဖုကျန်းနှင့်ကျန်းဟန်ရှုတို့ဟာ ယခင်က လက်ထပ်ထားကြောင်း အတိအလင်းမကြေညာခဲ့ကြသော်လည်း သဲလွန်စများစွာ ရှိခဲ့ကြောင်း သိရှိသွားကြလေသည်။ သူတို့ကသာ မတွေ့ခဲ့ကြခြင်း၊ သတိမထားမိခဲ့ကြခြင်းဖြစ်သည်။ သို့သော် အနာဂတ်တွင် သူတို့ ပို၍အလုပ်ကြိုးစားဖြစ်ကြလိမ့်မည်။
အမှန်တကယ်တွင် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ကဲ့သို့သော လိင်တူ CP များစွာရှိလေသည်။ သို့သော် ဖန်များက ခွေးစာစားရာတွင်လည်း အလွန်ဂျေးများ ချေးခါးကြသေးသည်။ ကျန်းဟန်ရှုနှင့် ဖုကျန်းသည် ရုပ်ရည်ချောမောကြပြီး နှစ်ယောက်သားအတူရပ်နေကြချိန်တွင်လည်း လွန်စွာလိုက်ဖက်ကြသည်။ အရေးအကြီးဆုံးအချက်က သူတို့နှစ်ယောက်ဟာ အလွန်ချိုမြိန်နေခြင်းပင်။ သူတို့နှစ်ယောက်သား လက်ထပ်ထားကြသည်ဟု မသိခင်တုန်းက ခွေးစာစားရဖို့ အတော်လေး ခက်ခဲခဲ့သည်။ ယခုတော့ သူတို့ဘယ်သွားသွား ခွေးစားများကြဲနေပြီး သတင်းထိပ်ဆုံးတွင် နေရာယူလျက်သား ရှိနေတော့သည်။
သို့သည့်တိုင် အချိန်အတော်ကြာ ခွေးစာစားရပြီးနောက်တွင် ငြီးငွေ့လာသောကြောင့် ခွေးသွေးများတောင့်တလာကြပြန်သည်။ Fanfic စာရေးသူအများအပြားသည် အတင်းအကြပ်ပြန်ပေးဆွဲခြင်း၊ အချစ်ဦးလရိပ်ဖြူနေရာတွင် အစားထိုးခြင်းစသော ခပ်ကြမ်းကြမ်းခွေးသွေးဝတ္ထုများကို ရေးလာကြသည်။ ဇာတ်လမ်းဇာတ်အိမ်ကလည်း အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းသဖြင့် စာဖတ်သူတိုင်း ငိုကြရလေသည်။
xxxxxx