Chapter 116
Viewers 4k

🚩Chapter -116

 Arc_6 . တိသမီးပြန်လာခြင်း [ 8 ]


____


"ချင်းကျင်း!"


ချန်ချင်းကျင်းသည် မပေါ်တပေါ်အဝတ်စုတ်များ ဝတ်ထားလျက်နှင့် တုန်တုန်ယင်ယင်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့်၊ အစ်ကိုဖြစ်သူ ချန်ယွီရှုက ပထမဆုံးတုံ့ပြန်သတိ၀င်လာသူပင်။သူက မြင်းပေါ်မှ အမြန်ခုန်ဆင်းကာ သူ့အပေါ်ဝတ်ရုံကို ဆွဲချွတ်ပြီး ချန်ချင်းကျင်း၏ ခန္ဓာကိုယ်ကို ပတ်ပေးလိုက်သည်။


 “အစ်ကို……”


ချန်ချင်းကျင်း၏ မျက်နှာသည် ရှက်စိတ်နှင့်နီရဲနေပြီး တစ်ကိုယ်လုံးကလည်း ချန်ယွီရှု၏ ရင်ခွင်ထဲတွင် ယိမ်းထိုးတုန်ယင်နေသည်။


အနီးနားရှိ မင်းသားများနှင့် မှူးမတ်များအားလုံးက ချန်အိမ်တော်၏ မျက်နှာကို ထည့်သွင်းစဉ်းစားကာ ပြောင်ပြောင်တင်းတင်း မပြောကြဘဲ တီးတိုးစကားဆိုနေကြသည်။သို့သော် ဘေးမှ ချင်ယွဲ့ သည် အနီးနားရှိ ချင်ထင်၏ ညိုမည်းနေသော မျက်နှာထားကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် လူအုပ်ကြီးအား တစ်ချက် ကြည့်လိုက်သည်။ 


"သခင်မလေးစုကို တစ်ယောက်ယောက် မြင်ကြသလား"


စုဝမ် ..


အားလုံးကလည်း စုဝမ်ကို မမြင်ကြ၍ အထိတ်တလန့်နှင့်ဟိုသည် ရှာဖွေနေကြ၏။ 


"ကျားဖြူတစ်ကောင်က မင်းကို အန္တရာယ်ပြုလိုက်တာလား"


ချင်ယွဲ့သည် မြင်းပေါ်မှ အေးအေးဆေးဆေး ခုန်ဆင်းကာ မြေပြင်ပေါ်ရှိ ရှုပ်ယှက်ခတ်နေသော ကုတ်ရာခြစ်ရာများကို ကြည့်ကာ မေးလိုက်သည်။


 "ဟုတ်တယ်၊ ကျားဖြူပဲ"


ယခုအချိန်တွင် ချန်ချင်းကျင်း သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး မူးမေ့လဲမသွားမီ ကျားဖြူတစ်ကောင်ကို တွေ့ခဲ့တာကို သတိရမိ၍ ဖြေလိုက်သည်။ထိုအချိန်တုန်းက ကျားဖြူကြီးက သူမဆီသို့ တည့်တည့်ခုန်ဝင်လာသည်။ သူမကိုယ်သူမ သေပြီဟု သေချာတွေးလိုက်မိသော်လည်း သူမ ယခုလို အနေအထားမျိုး ရောက်မည်ဟု မထင်ထားပေ။


 "အားယား၊ ကျားဖြူဟုတ်လို့လား၊ အရောင်စုံကျားများ ဖြစ်နေမလား မသိဘူး... သူမ သေချာမမှတ်မိတာလည်းဖြစ်နိုင်တယ်"


ဤစကားကို  ဘယ်သူက သတ္တိရှိရှိ ပြောလိုက်မှန်းမသိပေ။ ချန်ယွီရှု မျက်နှာက ချက်ချင်းအေးစက်သွားသည်။ သူက လူအုပ်ကြားကို စူးစူးဝါးဝါး ကြည့်လိုက်လျှင်၊ စကားပြောသူသည် ချက်ချင်းငုံ့ကာ စကားမပြောတော့ပေ။


ထို့ကြောင့် ချင်ယွဲ့သည် အဆင်မပြေမှုကို ချိုးဖျက်ရန် စကားလမ်းကြောင်း ပြောင်းလိုက်သည်။


"အခု သခင်မလေးချန်က အဆင်ပြေနေပါပြီ၊ ဒါပေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ ကျားဖြူရဲ့ နေရာကို မသိရသေးဘူး၊အခုထိ သခင်မလေးစုရဲ့ လုံခြုံရေးကိုလည်း မသိရသေးဘူး၊ ဒီတော့ လူခွဲပြီး ရှာတာက ပိုကောင်းတယ်၊သခင်မလေးစု မတော်တဆဖြစ်တာကို လူတိုင်းမမြင်ချင်ကြဘူးမလား”


 "ဟုတ်ပါတယ်"


"ဟုတ်တယ်၊ ဒုတိယမင်းသား ပြောတာမှန်တယ်"


ချင်ယွဲ့က အဆင်မပြေသည့် အခြေအနေအား ကူညီ ‌ဖြန်ဖြေပေးလိုက်သည်နှင့် အားလုံးက ချက်ချင်း သဘောတူပြီး စုဝမ်ကို ရှာဖွေဖို့ မြင်းများ ပြင်လိုက်ကြသည်။


ထိုအချိန်တွင် တချိန်လုံး တိတ်ဆိတ်နေသော ချင်ထင်သည် မြင်းပေါ်မှ ဆင်းလာကာ၊ သူ့မျက်လုံးထဲက မကျေနပ်မှုကို ထိန်းထားပြီး ချန်အိမ်တော်မှ မောင်နှမများဆီသို့ နူးညံ့သော မျက်နှာထားဖြင့် လျှောက်သွားသည်။


"ယွီရှု၊စုဝမ်က မင်းရဲ့ စေ့စပ်ထားသူမလား၊သူမကို မင်းကိုယ်တိုင် သွားရှာသင့်တယ်၊သူမ တစ်ခုခု တကယ်ဖြစ်ခဲ့ရင် စုအိမ်တော်ကို ရှင်းပြဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး၊ချင်းကျင်းအတွက်တော့ စိတ်ပူစရာ မလိုပါဘူး၊ငါပဲ သူမကို ပြုစုဂရုစိုက်ပေးပါ့မယ်"


“ပဉ္စမမင်းသား……”


ချန်ယွီရှု ချီတုံချတုံဖြစ်နေရသည်။ သူစိမ်းယောက်ျားနှင့် မိန်းမဆိုသည်မှာ လက်ချင်းပင် မထိသင့်ပေ။ပဉ္စမမင်းသားနှင့်သူ့ညီမကို နှစ်ယောက်တည်းထားခြင်းက မသင့်တော်ပေ။သို့သော်လည်း၊ သူ၏ စေ့စပ်ထားသူမိန်းကလေးမှာ အခုထိ သေသလား၊ရှင်သလား မသိရသေးတာကို တွေးမိသည့်အခါ...


ချန်ယွီရှု တုံ့ဆိုင်းနေချိန်မှာ ချန်ချင်းကျင်းက သူ၏ လက်နှစ်ဖက်ကို ကိုင်ထားပြီး ပြောလေသည်။


“အစ်ကို ဘယ်မှမသွားပါနဲ့၊ ညီမ ကြောက်တယ်…..”


ပြောနေရင်း သူမ၏ ဖြူဖျော့သော မျက်နှာက မျက်ရည်များ ကျလုဆဲဆဲဖြစ်‌နေသည်။


"ကောင်းပြီ မကြောက်ပါနဲ့၊အစ်ကို မင်းကို လိုက်ပို့ပေးမယ်"


ချန်ယွီရှု သက်ပြင်းချလိုက်ပြီး ချင်ထင်ကိုကြည့်လိုက်သည်။


"ပဉ္စမမင်းသားရဲ့ အကြံအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ညီမကို ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးလိုက်ပါ့မယ်၊ဒါဆို အရှင့်သားကိုပဲ သခင်မလေးစုကို ရှာပေးဖို့ အကူအညီတောင်းချင်ပါတယ်"


 "ရပါတယ်၊ ဒါဆို ချင်းကျင်းကို အရင်ခေါ်သွားလိုက်ပါ"


ချင်ထင်က ပြုံးပြုံးလေး ပြန်ဖြေသော်လည်း၊တစ်ဖက်လှည့်လိုက်လျှင် သူ့မျက်နှာက ပျက်ယွင်းသွားသည်။


အားလုံးထွက်သွားမှ ချန်ယွီရှုက သူ့ညီမကို ပွေ့ချီပြီး စိတ်ဆင်းရဲနေသည့် ညီမဖြစ်သူအား နှစ်သိမ့်လေ၏။


"ချင်းကျင်း ၊ မကြောက်နဲ့တော့ အစ်ကို မင်းကို အမဲလိုက်ကွင်းထဲက ပြန်ခေါ်သွားမယ်၊ စိတ်ချပါ ဒီနေ့ကိစ္စအတွက် အစ်ကို မင်းကို ကူညီဖြေရှင်းပေးမယ်”


 ဤခေတ်တွင်၊ မိန်းကလေးတစ်ယောက်၏ဂုဏ်သိက္ခာနှင့် သမာဓိသည် အထူးအရေးကြီးပြီး အစ်ကိုအကြီးဆုံးဖြစ်သော ချန်ယွီရှု အနေဖြင့် သူ့ညီမအတွက် ပို၍စဉ်းစားရန် လိုအပ်သည်။


 "ကျေးဇူးတင်ပါတယ် အစ်ကို"


ချန်ချင်းကျင်းသည် သူ၏လက်ကို ဆုပ်ကိုင်ထားကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ယနေ့ ဤကိစ္စဖြစ်မည်ဆိုတာကိုသာ စောစောသိခဲ့လျှင်၊ သူမ အမဲလိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့မှာ မဟုတ်ပေ။


ကံမကောင်းစွာပင်၊ ဘဝမှာ "ငါစောစောသိခဲ့ရင်" ဟူ၍မရှိသလို၊ သူမ ပြန်လည်မွေးဖွားလာလျှင်တောင် မထိန်းချုပ်နိုင်သည့် အရာတစ်ချို့လည်း ရှိသည်။


သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ပြီးနောက် စုရွေ့က စုဝမ်ကို သစ်ပင်ကြီးပေါ်မှ ပွေ့ချီကာ ချပေးလိုက်သည်။ 


 "ကောင်းပြီ၊ အချိန်နီးနေပြီ၊ ကိုယ်လည်း လူလုံးထွက်ပြရဦးမယ်၊ချင်ယွဲ့ သံသယဖြစ်သွားရင် မကောင်းဘူး"


ဤလူများထဲတွင် ဉာဏ်အမြော်အမြင်အရှိဆုံးသူမှာ ချင်ယွဲ့ဖြစ်ပြီး စုဝမ်လည်း သူမကို လျှော့မတွက်ဝံ့ပေ။


ချင်ယွဲ့....


စုရွေ့၏ အကြည့်များက စုကြုံ့သွားကာ "သူက မင်းကို တော်တော် စိတ်ပူနေပုံရတယ်၊မင်းတို့နှစ်ယောက်က အရမ်းရင်းနှီးတာလား၊ သူက မင်းကို ကြိုက်နေတာလား"


စုဝမ် : ......


ဟ..သဝန်တိုနေတာလား၊အခုချိန်မှာ‌တော့ သဝန်မတိုနဲ့ဦး...သည်းခံလိုက်ဦး...


စုဝမ်က သူ့ကို အလိုမကျစွာ စိုက်ကြည့်နေတာကို မြင်လျှင် စုရွေ့က  စိတ်အားထက်သန်စွာ ပြုံးပြနေသော်လည်း၊ ချင်ယွဲ့၏ နာမည်ကိုတော့ သူ့နှလုံးသားထဲမှာ မှတ်တမ်းတင်ထားဆဲပင်။


ထိုအချိန်တွင် အပြင်သို့ လှည့်ပတ်ပြေးနေသော အဖြူကောင်ကြီးသည် မကြောက်မရွံ့ပြန်လာခဲ့သည်။  ဤကျားဖြူဘုရင်သည် အလွန်ရှားပါးပြီး အဖိုးတန်သော မျိုးစိတ်တစ်ခုဖြစ်ကာ အလွန်ဉာဏ်ကောင်းသည်။၎င်း၏ တိရိစ္ဆာန်ဗီဇအရ၊ စုရွေ့ကို နှလုံးသားအောက်ခြေမှ ကြောက်လန့်နေမိသော်လည်း၊ တောထဲတွင် အသန်မာဆုံးလူမှာ စုရွေ့ ဖြစ်ကြောင်း အသိအမှတ်ပြုထားပြီးဖြစ်သည်။


စုရွေ့က အသန်မာဆုံးဖြစ်သော်လည်း ကျားဖြူဘုရင်သည် စုဝမ်၏ ခြေထောက်ကိုသာ သူ့ကိုယ်လုံးနှင့်ပွတ်သပ်လိုက်၏။


ဒီမယားကြောက်ကောင်က သူ့မိန်းမကိုအရမ်းကြောက်တယ်မလား... မင်းက ငါ့ထက် ပိုသန်မာတယ်၊ ဒါပေမယ့် မင်းမိန်းမပြောတာကိုတော့ နားမထောင်ဘဲ မနေနိုင်ဘူးမလား။


ကျားဖြူဘုရင်က သူမအား ချွဲပြီး ချစ်ခင်စပြုနေတာကို စုဝမ် ရိပ်မိသည်။ သူမ အောက်ကိုငုံ့ကြည့်လိုက်ရာ အသိဉာဏ်ရှိသည့် မျက်လုံးတစ်စုံကို တွေ့လိုက်ရ၍၊ ပြုံးပြီး တိုးတိုးလေးပြောလိုက်သည်။


" ငါ့မြင်းမရှိတော့ဘူး ဆိုတော့ မင်းကို ငါ့ရဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမယ်ဆို ဘယ်လိုလဲ၊ငါ မင်းကို အိမ်ပြန်ခေါ်သွားမယ်"


 ကျားဖြူဘုရင် ……


စုရွေ့ :ငါလည်း မင်းနဲ့ လိုက်ချင်တယ်လေ……


စုရွေ့နှင့်​ ကျားက သူမအား ကြောင်စီစီကြည့်နေသည်​ကိုမြင်​​တော့ စုဝမ်၏ အကြည့်​များက ချက်ချင်းပင်​ ​အေးစက်​သွားသည်။


"ဘာဖြစ်​လို့လဲ ရှင်က သဘောမတူဘူးလား"


တစ်ဖက်က စုရွေ့မှ ချက်ချင်းပြန်ဖြေသည်။ 


"ရတယ်!!!မဟုတ်ရင် ကိုယ်လည်း ဒီကောင့်ကို ချက်ချင်းသတ်ပစ်လိုက်မလို့ တွေးနေတာ"


ကျားဖြူဘုရင်- ရှားပါးတိရိစ္ဆာန်တွေကို သတ်တာက တရားမ၀င်ဘူး~ မင်းတို့တွေ အကျင့်ပျက်..အကျင့်ပျက်လွန်းတယ်ကွာ…


လွတ်လပ်မှုနှင့် သဘာ၀သစ်တောကြီးကို နှလုံးသားထဲတွင် တောင့်တသော်လည်း ကျားဖြူဘုရင်သည် နောက်ဆုံးတွင် စစ်သူကြီးစု၏ အာဏာကို ကလန်ကဆန်မလုပ်ရဲ၍ လက်နက်ချလိုက်ရသည်။


ထို့ကြောင့် တောင်ပေါ်ရှိလူတိုင်း ကျားဟောက်သံကို တစ်ဖန်ပြန်ကြားရသောအခါ၊ ထိုနေရာဆီသို့ ရမ်းဆ၍ သွားကြည့်လိုက်ရာ ယခုလို တွေ့လိုက်ရ၏။


ဆီးနှင်းကဲ့သို့ ဖြူဆွတ်ဆွတ်ကျားကြီးသည် တောအုပ်ထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည်။၎င်း၏ ကျောပေါ်တွင်၊ နီလာရောင် ၀တ်စုံဖြင့် နူးညံ့သိမ်မွေ့ပြီး ချောမောလှပသော မိန်းမငယ်တစ်ဦး မတ်မတ်ထိုင်နေသည်။


 ဒီ…….ဒီဟာကြီးက………ဘာကြီးလဲ


ဤမြင်ကွင်းကို မြင်လိုက်သူများအားလုံး အသံတိတ်သွားကြ၏။


 ငါတို့ အမဲလိုက်တဲ့ ပြစ်မှတ်သားကောင်က မှားနေတယ် မလား..


 "စုဝမ်"


ပထမဆုံး တုံ့ပြန်သူမှာ ချင်ယွဲ့ ဖြစ်ပြီး သူက မျက်ခုံးပင့်ကာ စိတ်ဝင်စားမှုအပြည့်ဖြင့် ကျား၏ ကျောပြင်ပေါ်တွင် ထိုင်နေသော စုဝမ်ကို ကြည့်နေသည်။


 “ဒီကျားက…..”


"ဒုတိယမင်းသား၊ဒီကောင်က သိပ်ချစ်စရာကောင်းတယ်မဟုတ်လား"


စုဝမ်သည် ချင်ယွဲ့ စကားကိုကြားသောအခါ၊ အပြုံးလေးဖြင့်


"ကျွန်မ သူ့ကို စောစောက တောအုပ်ထဲမှာ တွေ့ခဲ့တာ၊ကျွန်မ မြင်းက ကြောက်လန့်ပြီး ပြေးသွားတယ်လေ၊ဟင်း...ခုတော့ သူ့ကို စီးလို့ရပြီ၊သူ့ကို အဖြူကောင်ကြီးလို့ပဲ ခေါ်လိုက်တယ်၊ အဲဒါ ကျွန်မ ပေးထားတဲ့ နာမည်ပဲ၊ နာမည်နဲ့ အရမ်းလိုက်ဖက်တယ် မလား၊ အိုက်ယား... ဘယ်လောက်လှလဲဆို ကြည့်ကြည့်လိုက်၊ အိမ်မှာရှိတဲ့ မြင်းဖြူထက်တောင် ပိုကောင်းသေးတယ်၊အခုကစပြီး သူ့ကို လမ်းလျှောက်ထွက်ဖို့ နေ့တိုင်း လိုက်ပို့ခိုင်းရမယ်"


ချင်ယွဲ့ : ……


အားလုံး :………


သခင်မလေးစုက ဦးနှောက်မကောင်းတော့ဘူးလား။လမ်းလျှောက်ထွက်ဖို့ ကျားဘုရင်ကို ခေါ်သွားမယ်၊ မြို့တော်ထဲမှာလေ...


လောလောဆယ် လူအုပ်ကြီးတစ်ခုလုံး စိတ်ထဲမှာ တွေးနေသည်က_ သခင်မလေးစုက ဘာတွေစားပြီး ကြီးပြင်းလာတာလဲဆိုတာ သိချင်လိုက်တာ၊ သူမ နှလုံးသားက ဘယ်လောက်တောင် ကြီးပြီး သတ္တိရှိလိုက်သလဲ...


_____

🚩