အပိုင်း၂၃
Viewers 3k

👾Chapter 23: 

ဟယ့်ယွင်ထင်သည် လက်ကိုမြှောက်၍ လင်းဟန်အား ပွေ့ဖက်လိုက်‌လေသည်



လုအန်းဟယ်သည် အစတည်းက လူများနှင့် ပေါင်းတတ်သင်းတတ်သူဖြစ်သည်။ ယခုလည်း လင်းဟန်သည် လူ‌ကောင်းတစ်ယောက်ဖြစ်သည်ဟု ခံစားမိသည့်အပြင် လင်းဟန်က သူ၏ မက်ခါကို အဆင့်မြှင့်ပေးမည်ဟု ပြောလိုက်သောအခါ လုအန်းဟယ် မထိန်းနိုင်တော့ပဲ စကားများ တတွတ်တွတ် ဆက်ပြောနေတော့သည်။


"Aegis က ကျွန်တော်နဲ့ အတူရှိလာတာ တော်တော်ကြာနေပြီ...အခုလက်ရှိ မက်ခါအကောင်းစားတွေနဲ့ယှဉ်ရင် Aegis က နည်းနည်း ခေတ်နောက်ကျနေပြီဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမယ့် အသစ်ပြောင်းမယ့်အစား Aegis ကိုပဲ ထပ်ထပ်ပြီး အဆင့်မြှင့်ပြီး သုံးချင်တယ်...Aegis ကို လုံးဝပြောင်းလိုက်ဖို့က ကျွန်တော့်အတွက် မဖြစ်နိုင်တဲ့ကိစ္စပဲ...အနာဂတ်မှာလည်း Aegis ကို ကြယ်အစုအဝေးပြပွဲခန်းမမှာ ထားမယ်လို့ စဉ်းစားထားတယ်...အဲဒါမှ ကျွန်တော် အဖိုးကြီးဖြစ်တဲ့အချိန်ကျ Aegis ကို သွားကြည့်ပြီး အတိတ်က အချိန်တွေကို ပြန်တွေးကြည့်နိုင်မှာ...အဲဒီလိုလုပ်ဖို့ ကျွန်တော် ပိုက်ဆံလည်း စုထားတယ်..."


လုအန်းဟယ်က ပြောရင်းဖြင့် တစ်ချက်ရယ်ကာ ခေါင်းကုတ်လိုက်သည်။

"မစ္စတာလင်းကတော့ ကျွန်တော့်ကို ရူးနေပြီလို့ ထင်တော့မှာပဲ..."


လင်းဟန်က ခေါင်းခါပြလိုက်သည်။

"မထင်ပါဘူး..."


"ဟမ်..."


"ခန်းမထဲမှာ ထည့်သိမ်းထားရလောက်တဲ့အထိ ကိုယ်မြတ်နိုးရတဲ့ ပစ္စည်းတစ်ခုခုရှိတာ အရမ်းကောင်းတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်..."


လင်းဟန်က ခပ်ဖွဖွလေးပြုံးကာ အကြည့်ကို အောက်ချလိုက်သည်။


"ကျွန်တော်လည်း ခန်းမထဲမှာ တစ်ခုခုထည့်သိမ်းဖို့ စဉ်းစားပေမယ့် ဘာသိမ်းရမယ်‌ဆိုတာ မသိဖြစ်နေတယ်..."


"ဒါနဲ့..."


လင်းဟန်က သူ့အား နှစ်သိမ့်ရန်ကြိုးစားနေသော လုအန်းဟယ်ကို မော့ကြည့်ကာ ဆက်ပြောလိုက်သည်။

"ဗိုလ်ချုပ်ရော ခန်းမထဲမှာ တစ်ခုခုကို ထည့်သိမ်းထားလားဟင်..."


လုအန်းဟယ်၏ပုံစံက ရုတ်တရက် တောင့်တင်းသွားပြီး ခဏအကြာမှ ပြောလိုက်သည်။

"မရှိဘူးဗျ..."


တကယ်တော့ ဟယ့်ယွင်ထင်လည်း သူ့လို ပါပဲလား...


လင်းဟန်သည် သူ့ကိုယ်သူဘာဖြစ်နေမှန်းပင်သိတော့ချေ။ ထိုမေးခွန်းကိုလည်း လုအန်းဟယ်အား အဘယ်ကြောင့် မေးလိုက်မိမှန်းမသိတော့ချေ။ အကယ်၍ လုအန်းဟယ်၏အဖြေကသာ 'ရှိသည်' ဆိုလျှင်ရော လင်းဟန် သူ့ကိုယ်သူ မည်သို့ဖြစ်သွားမည် မသိချေ။


လင်းဟန် သူ့ကိုယ်သူ နားမလည်တော့ဘဲ ခေါင်းကိုသာ ငြိမ့်လိုက်သည်။


"ဪ..."


နှစ်ယောက်သားက ခဏအကြာ တိတ်ဆိတ်သွားကြသည်။


ခဏကြာမှ လုအန်းဟယ်က အသက်တစ်ချက် ပြင်းပြင်းရှူကာ တိတ်ဆိဆ်မှုကို ဖြိုခွဲလိုက်သည်။


"မစ္စတာလင်း..."


လုအန်းဟယ်၏အသံက ရုတ်တရက် တိုးသွားသည်။

"ကျွန်တော် တကယ်တော့ ဒီကိုရောက်လာတာ...မစ္စတာလင်းကို အကူအညီတောင်းစရာရှိလို့..."


လင်းဟန်က မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။

"ဘာတောင်းမလို့လဲဟင်..."


"ဗိုလ်ချုပ်လေ...သူ..သူ့ရဲ့ rut အချိန်ရောက်နေလို့...ဒီအကြောင်းကို မစ္စတာလင်းဆီလာပြောရတာ တော်တော်လည်း ရူးကြောင်ကြောင်နိုင်ပြီး မလုပ်သင့်မှန်းသိပါတယ်...ဒါပေမယ့် ကျွန်တော်လည်း တခြားနည်းလမ်းတွေ မစဉ်းစားတတ်တော့လို့..."


လုအန်းဟယ်၏စကားကြောင့် လင်းဟန် အရမ်းတော့ မအံ့ဩသွားချေ။


တကယ်တော့လည်း သာမာန်အယ်လ်ဖာတစ်ယောက်က လင်းဟန်ကဲ့သို့ အိုမီဂါအား rut အကြောင်းများ လာပြောနေမည်မဟုတ်ချေ။


လုအန်းဟယ်က သွားများကို တင်းတင်းစေ့၍ ပြောလိုက်သည်။


"မစ္စတာလင်း မလုပ်ချင်ဘူးဆိုလည်း ကျွန်တော် အတင်းမတိုက်တွန်းပါဘူး...ကျွန်တော်က အခွင့်အရေးတစ်ခုကို မကြိုးစားကြည့်ပဲ အဆုံးမခံလိုက်ချင်လို့ပါ..."


တကယ်တော့ ဌာနချုပ်၌လည်း လင်းဟန်မှလွဲ၍ အခြားအိုမီဂါတစ်ယောက်မှမရှိချေ။ သို့သော် ထိုအချက်က အဓိကမဟုတ်ပေ။ အဓိကအချက်က လင်းဟန်သည် ဗိုလ်ချုပ်ဟယ့်အတွက် အရေးပါသည့်လူတစ်ယောက် ဖြစ်နေခြင်းကြောင့်ဖြစ်သည်။


သို့သော် ထိုအကြောင်းကို လုအန်းဟယ်သည် လင်းဟန်အား မပြောပြလိုက်ပေ။


"ကျွန်တော် ဘယ်လို ရှင်းပြရမယ်မသိပေမယ့်...ဗိုလ်ချုပ်က မစ္စတာလင်းကို အန္တရာယ်မပြုဘူးဆိုတာကိုတော့ ကျွန်တော် သေချာပေါက်သိတယ်..."


---


ဟယ့်ယွင်ထင်၏အခန်းထဲသို့ ခြေတစ်လှမ်းဝင်လိုက်လျှင်ပဲ သစ်မွှေးနံ့က စူးရှစွာ နှာခေါင်းထဲဝင်လာ၏။ အမျိုးတူချင်း တွန်းကန်တတ်သော သဘာဝကြောင့် လုအန်းဟယ်သည် အနား၌ ခဏလေးပင် မနေနိုင်ပဲ ဟယ့်ယွင်ထင်အား အပြင်မှလှမ်း၍ အလေးပြုကာ လင်းဟန်ကိုပြောလိုက်သည်။


"ကျွန်တော်တောင်းပန်ပါတယ် ‌မစ္စတာလင်း...အရေးကြီးဆက်သွယ်ဖို့အတွက် ကျွန်တော့်ရဲ့ ဆက်သွယ်ရေးလိုင်းကို ဖွင့်ထားပေးမယ်...မပြောကောင်း မဆိုကောင်း...တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော် ချက်ချင်း လာခဲ့ပါမယ်..."


"ဟုတ်ကဲ့..."

လင်းဟန်က ခေါင်းငြိမ့်ပြလိုက်သည်။


လုအန်းဟယ်သည် မတ်မတ်ရပ်၍ လင်းဟန်အား စူးရှသည့်အကြည့်ဖြင့် ကြည့်နေသည်။ ထို့နောက် ညာဘက်လက်ဖြင့် ဦးထုပ်ကို ချွတ်၍ ဘယ်ဘက်လက်မှ လက်ချောင်းလေးချောင်းကို ညာဘက်ပုခုံးပေါ်သို့တင်ကာ  ရိုသေစွာ ခါးကိုညွှတ်၍ လင်းဟန်အား တော်ဝင်အရိုအသေ ပေးလိုက်လေသည်။


ပုံမှန်အားဖြင့် ထိုတော်ဝင်အရိုအသေပေးခြင်းသည် တော်ဝင်မိသားစု သို့မဟုတ် အလွန်ရာထူးဂုဏ်ရှိန်ကြီးသည့် လူများကိုသာ ပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ လူများမဟုတ်ပဲ ပြင်ပမှ သာမာန်လူတစ်ယောက်အား တော်ဝင်အရိုအသေ ပေးပါက ထိုလူသည် အရေးကြီးသော တာဝန်တစ်ခုခုကို ထမ်းဆောင်ရတော့မည်၊ သို့မဟုတ် အရိုအသေပေးသည့်လူအား အပေးခံရသည့်လူက ကျေးဇူးတစ်ခုခုပြုတော့မည်ဆိုသည့် အဓိပ္ပာယ်ရသည်။


"ဒီလိုလုပ်ခိုင်းတာ မစ္စတာလင်းအတွက် မတရားဖြစ်ချင်ဖြစ်နေလိမ့်မယ်...တကယ်တော့လည်း မစ္စတာလင်းနဲ့ ဗိုလ်ချုပ်နဲ့ က ဘယ်နှစ်ခေါက်မှ တွေ့ရသေးတာမဟုတ်ဘူးမလား..."


လုအန်းဟယ်က ထိုသို့ပြောပြီးသောအခါမှ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။


"ဒါပေမယ့် ဗိုလ်ချုပ်က rut အချိန်ရောက်တဲ့အခါတိုင်း အမြဲတမ်း တစ်ယောက်တည်းပဲ ဖြစ်နေတာ...သူ့ကို သက်သာအောင် လုပ်ပေးရမယ့် နည်းလမ်းကို ကျွန်တော်ရှာမတွေ့ဘူး...အဲဒါကြောင့် ကျွန်တော်လည်း အရဲစွန့်ပြီး မစ္စတာလင်းဆီကို လာခဲ့တာပါ..."


လင်းဟန်သည် လုအန်းဟယ် ခုနက ပြောခဲ့သည့် သူ rut အချိန်ရောက်လျှင် Aegis ၏သော့ကို ကိုင်ထားတတ်သည်ဆိုသော စကားကို သတိရသွားကာ သူ့ကိုယ်သူပင် သတိမထားမိသည့်အချိန်မှာပဲ ဟယ့်ယွင်ထင်အား စောင်းငဲ့ကြည့်မိပြီး လုအန်းဟယ်အား ပြန်ပြောလိုက်သည်။


"ရပါတယ်...ဘာမှမဖြစ်ပါဘူး..."


ထိုအခါမှပင် လုအန်းဟယ်လည်း ရိုကျိုးသည့်ပုံဖြင့် တစ်ဖက်သို့လှည့်ကာ တံခါးမှထွက်၍ တံခါးကို အပြင်မှ ပိတ်ပေးလိုက်လေသည်။


တံခါးပိတ်သွားသောအခါ လင်းဟန် အခန်းထောင့်စွန်း၌ ထိုင်နေသော ဟယ့်ယွင်ထင်ကို လှည့်ကြည့်လိုက်သည်။


ဟယ့်ယွင်ထင်သည် rut အချိန်၌ သာမာန်အချိန်နှင့် ဘာမှ ထူးခြားသည့်ပုံမပေါ်သော်လည်း သေချာအနီးကပ်ကြည့်လျှင်တော့ ပြောင်းလဲနေမှုများကို တွေ့ရပေမည်။


ဟယ့်ယွင်ထင်၏မျက်ခုံးများက ပို၍ တွန့်ကြုတ်နေပြီး မျက်လုံးများကလည်း သာမာန်အချိန်ထက်ပို၍ နက်ရှိုင်းနေကြသည်။ လင်းဟန်က သူ့အား လှမ်းကြည့်နေသည်ကို မြင်သောအခါ ဟယ့်ယွင်ထင်သည် ခေါင်းကိုမော့၍ လင်းဟန်အား စူးရှစွာ ပြန်ကြည့်လိုက်သည်။


ဟယ့်ယွင်ထင် rut အချိန်ရောက်နေသည်ကိုသာ ကြိုမသိထားလျှင် ထိုစူးရှအေးစက်လွန်းသောအကြည့်ကြောင့် လင်းဟန် စိတ်မသက်မသာပင် ဖြစ်သွားနိုင်လောက်သည်။


 ဟယ့်ယွင်ထင်၏မျက်လုံးများကို သေချာမမြင်ရ၍ ဟယ့်ယွင်ထင်၏စိတ်ထဲ၌ စဉ်းစားနေသည်များကို လင်းဟန် မသိသော်လည်း ဟယ့်ယွင်ထင်၏စိတ်အခြေအနေ မကောင်းမှန်းတော့ လင်းဟန် သိနေသည်။


လေထုထဲမှ ဟယ့်ယွင်ထင်၏ ဖယ်ရိုမုန်းအနံ့‌ကြောင့် လင်းဟန်၏ခြေထောက်များ အနည်းငယ် ယိုင်ချင်ချင်ဖြစ်နေကြသော်လည်း ထူးဆန်းစွာပင် လုအန်းဟယ်က အပြင်မှ တံခါးအိတ်လိုက်သောအခါ ခုနက ခံစားနေရသော စူးရှသည့် ခံစားချက်က လျော့နည်းသွားသည် သူ ဟယ့်ယွင်ထင်၏ ဖယ်ရိုမုန်းများကြားထဲရောက်နေသည်မှလွဲ၍ အခြား မသက်မသာဖြစ်နေရမှုများ မရှိတော့ချေ။


ဟယ့်ယွင်ထင်က သူ မသက်မသာဖြစ်နေသည်ကိုသိ၍ သူ၏ဖယ်ရိုမုန်းထဲ၌ ဒေါသစိတ်များ မပါစေရန် ထိန်းချုပ်လိုက်ပုံရသည်။


လင်းဟန် ထိုနေရာ၌သာရပ်နေ၍ မလှုပ်ရှားမိပေ။


ဟယ့်ယွင်ထင်ဆိုသောလူသည် တကယ်ပင် လူထူးလူဆန်းပါပေ။ထိုသူက သူနှင့် ပထမဆုံး စတွေ့သည့်အချိန်မှာပင် အိုမီဂါတစ်ယောက်အနေနှင့် စိတ်ဆိုးရလောက်သည့် အတွေးမျိုးကို တွေးခဲ့သည်။


ထို့အပြင် လင်းဟန်၏ ဖယ်ရိုမုန်းအနံ့နှင့်တူသည့် မုန့်ကို သူ၏ထမင်းပွဲ၌ ထည့်ခဲ့သည်။ ထိုလုပ်ရပ်များက လင်းဟန်ကို စိတ်တိုစေသော်လည်း တစ်ချိန်တည်းမှာပင် ချစ်စရာကောင်းသည်ဟု တွေးမိစေသည်။


ထို့နောက် ဟယ့်ယွင်ထင်သည် လင်းဟန်အား မက်ခါပြုပြင်ရာ၌ ကူညီခဲ့၍ သွေးထွက်သံယိုဖြစ်သည့်အမှုကိုလည်း မမြင်ရအောင် ကာကွယ်ပေးခဲ့သည်။ သူကိုယ်တိုင်က မကတတ်သော်လည်း လင်းဟန်ကို တူတူကရန် တောင်းဆိုခဲ့သည့်အပြင် "မင်း အရမ်းလှတယ်..." ဟုလည်း ပြောခဲ့သေးသည်။


လင်းဟန် ဘာမှမဆိုဘဲ ဟယ့်ယွင်ထင်အား ငေးကြည့်နေမိသည်။


အယ်လ်ဖာတစ်ယောက်သည် ပို၍ စွမ်းအားကြီးလေ rut အချိန်၌ အလွန်သွေးဆိုး၍ ကြောက်ဖို့ကောင်းလေဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အခြားလူများထက် ပိုအားကောင်းနေခြင်းအတွက် အပြစ်ပေးထားသကဲ့သို့ သဘာဝက ပြန်လည် ထိန်းညှိပေးထားခြင်းဖြစ်သည်။


လုအန်းဟယ်၏ပြောစကားအရ ဟယ့်ယွင်ထင်သည် rut အချိန်သို့ရောက်လျှင် M2742 ထဲ၌ သုံးရက်လုံးလုံး တစ်ယောက်တည်း ထိုင်နေတတ်ပြီး ထိုအချိန်ကျော်လွန်သွားသည့်အခါတွင်လည်း မည်သူကမှ ထိုအကြောင်းကို မမေးရဲကြ ဟု ဆိုလေသည်။


အခန်းထဲ၌ နဂိုတည်းက ပြည့်နေသော ဟယ့်ယွင်ထင်၏ ဖယ်ရိုမုန်းများသည် တဖြည်းဖြည်းပိုပို၍ ထူထပ်သိပ်သည်းလာကာ ထိုဖယ်ရိုမုန်းများထဲ၌ ဆွဲဆောင်မှုများပါ ပါလာသည်ဟု လင်းဟန်ခံစားလိုက်ရသည်။


ထိုဖယ်ရိုမုန်းများသည် အိုမီဂါတစ်ဦးဖြစ်သော လင်းဟန်အား ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေလေသည်။


လင်းဟန်သည် ဇီဝကမ္မဆိုင်ရာ အသိပညာကြွယ်ဝသောကြောင့် အယ်လ်ဖာ၏ rut အချိန်သည် အိုမီဂါများ၏ estrus အချိန်နှင့် ဆင်တူမှန်းသိကာ ထိုအချိန်၌ အယ်လ်ဖာတစ်ယောက် မည်သည့်အရာများ လိုအပ်သည်ကို သိလေသည်။


ထိုအရာများမှာ ဖယ်ရိုမုန်းများအား သက်သာအောင်လုပ်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ လိင်ဆက်ဆံခြင်း သို့မဟုတ် marking ပေးခြင်းတို့ ဖြစ်လေသည်။


ထိုအရာများထဲ၌ လင်းဟန်သည် ပထမဆုံးတစ်ခုကိုသာ လုပ်ပေးနိုင်သည်။


လင်းဟန် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ပါးစပ်ကိုဖွင့်လိုက်သည်။


"ဗိုလ်ချုပ်..."

လင်းဟန်၏ နေရာက ဟယ့်ယွင်ထင်နှင့် တစ်မီတာခန့်မျှ ဝေးနေသည်။


"ကျွန်တော့်အသံကို ကြားရလားဟင်..."


ဟယ့်ယွင်ထင်က ဘာမှမပြောပဲ ခေါင်းကိုသာ အေးစက်စွာ ငြိမ့်ပြလိုက်သည်။


တော်ပါသေးရဲ့...သူ့မှာ အသိစိတ်ရှိနေသေးလို့...


လင်းဟန် အနည်းငယ် စိတ်အေးသွားရသည်။


သို့သော် သူ ခေါ်သာခေါ်လိုက်ရသည် ဘာဆက်ပြောရမည်မသိတော့ချေ။


"ကျွန်တော် ဘာကူညီပေးရမလဲ" လို့ပဲ မေးလိုက်ရမလား...


ဒါမှမဟုတ် "ကျွန်တော် ဗိုလ်ချုပ်ကို ကူညီပေးနိုင်တယ်" လို့ပြောလိုက်ရမှာလား...


ထိုအချိန်၌ အခန်းထောင့်၌ ထိုင်နေသော ဟယ့်ယွင်ထင်က ရုတ်တရက်ပြောလိုက်သည်။


"နာလား..."


ဟယ့်ယွင်ထင် မပြောင်းလဲသော မျက်နှာဖြင့် လင်းဟန်အားမော့ကြည့်ကာ ပါးစပ်ကသာ လှုပ်သွားသည်။


ဟယ့်ယွင်ထင်က ထိုသို့မေး၍ ထိုင်ခုံမှ ထလာချိန်အထိ လင်းဟန်သည် ဟယ့်ယွင်ထင် ဘာပြောချင်မှန်း နားမလည်ပေ။


ဟယ့်ယွင်ထင်၏မျက်နှာက ကိုင်လိုက်လျှင် နှင်းကိုက်တော့မတတ် အေးစက်နေသည်။ သူက ဘာမှထပ်မပြောတော့ပဲ မည်သည့်အိုမီဂါမှ မတွန်းလှန်နိုင်သော ဖယ်ရိုမုန်းထုကြီးဖြင့် လင်းဟန်နား လျှောက်လာလေသည်။


သာမာန်အိုမီဂါတစ်ယောက်သာ ထိုသို့ အခြေအနေနှင့် ကြုံတွေ့ရမည်ဆိုလျှင် အလွန်ကြောက်လန့်နေမည်ဖြစ်သော်လည်း လင်းဟန်ကတော့ နောက်သို့မဆုတ်ဘဲ ထိုနေရာ၌သာ ရပ်နေလေသည်။ ဟယ့်ယွင်ထင်က သူ့အား အန္တရာယ်ပေးမည်မဟုတ်ကြောင်း သိနေသည့်အလား စိတ်ထဲ၌လည်း ကြောက်လန့်မှုကို မခံစားရချေ။


အယ်လ်ဖာများ၏ rut အချိန်ကဲ့သို့ အလွန်အန္တရာယ်များသည့် အချိန်မှာပင် သူ ဟယ့်ယွင်ထင်အား ကြောက်မနေမိပေ။


အခန်းထဲ၌ အလင်းရောင်က သိပ်မကောင်းပေ။ ဟယ့်ယွင်ထင် လင်းဟန်၏ရှေ့တည့်တည့်၌ ရပ်ကာ  ငုံ့ကြည့်လိုက်သည်။


အလင်းရောင်က သူတို့နှစ်ယောက်လုံးပေါ်သို့ ကျနေကာ လင်းဟန်က ဟယ့်ယွင်ထင်ထက် အရပ်ပိုနိမ့်သောကြောင့် အခြားတစ်ဖက်မှကြည့်လျှင် ဟယ့်ယွင်ထင်၏ခန္ဓာကိုယ်က လင်းဟန်အား လုံးဝ ကွယ်နေသည်။ သူတို့နှစ်ယောက်၏ အရိပ်များကလည်း တစ်ထပ်တည်း ကျနေကြသည်။


သူ လက်ကို ဆန့်၍ လင်းဟန်၏ လည်ပင်းအနောက်ကို ကိုင်လိုက်သည်။ ဟယ့်ယွင်ထင်၏လက်ချောင်းများက ပူနွေး၍ အနည်းငယ်ကြမ်းတမ်းနေကြသည်။ ထို့နောက် နှစ်ပေါင်းများစွာ သေနတ်ခလုတ်ကို ဆွဲခဲ့သောကြောင့် အသားမာတက်နေသော လက်ညှိုးဖြင့် လင်းဟန်၏ ဂလင်းကို ရှာတွေ့သွားလေသည်။


အိုမီဂါတစ်ယောက်အတွက် အနူးညံ့ဆုံးသော ဂလင်းကို အထိခံလိုက်ရသောကြောင့် လင်းဟန် အနည်းငယ် တုန်သွားပြီး မျက်လုံးများကို မှေးလိုက်မိသည်။


ဟယ့်ယွင်ထင် အားမသုံးသော်လည်း လင်းဟန်၏ ဂလင်းကို အချိန်အနည်းငယ်ကြာအောင် ပွတ်နေပေးကာ လင်းဟန်ကို စိုက်ကြည့်နေလေသည်။


လင်းဟန်၏ ဂလင်းသည် အေးစက်၍ ဖြူဖွေးသော အရေပြားဖြင့် ဖုံးအုပ်ထားကာ ပါးလွှာလွန်းသောကြောင့် တစ်ချက်ကိုက်လိုက်ရုံနှင့်ပင် ပေါက်သွားတော့မည်ပုံပေါ်နေသည်။


လင်းဟန်၏ဂလင်းကို စမ်းနေရင်းဖြင့် ဟယ့်ယွင်ထင်၏ အေးစက်နေသော မျက်နှာထားက အနည်းငယ် ပျော့ပျောင်းသွားသည်။ သို့သော် သူ၏ လက်ချောင်းများက လင်းဟန်၏လည်ပင်းပေါ်မှ မဖယ်သွားသေးပဲ နောက်တစ်ကြိမ်ထပ်၍ ဂလင်းကို ပွတ်သပ်နေပြန်သည်။


"နာလား..."


လင်းဟန်က ရုတ်တရက် အံ့ဩသွားမိသော်လည်း ခေါင်းခါပြလိုက်သည်။


"ဗိုလ်ချုပ်..."


လင်းဟန် ခပ်ဖြည်းဖြည်း ခေါ်လိုက်သည်။


"အင်း..."


ဟယ့်ယွင်ထင်က ပြန်ထူးကာ လင်းဟန်၏ဂလင်းကို ကြည့်နေရာမှ လင်းဟန်၏မျက်နှာဆီသို့ အကြည့်ရွှေ့ကာ လင်းဟန်နှင့်မျက်လုံးချင်း ဆုံလိုက်သည်။


လင်းဟန် ခေါင်းကို အနည်းငယ်စောင်း၍ ဟယ့်ယွင်ထင်၏ အေးစက်တင်းမာနေသော နှုတ်ခမ်းထောင့်စွန်းများ၊ မျက်ခုံးများနှင့် မျက်လုံးပြာများကို သေချာကြည့်လိုက်သည်။


"mark လုပ်လို့မရဘူး..."


ဟယ့်ယွင်ထင်၏အသံက သူ့ကိုယ်သူ ပြောနေသကဲ့သို့ တိုးတိတ်နေကာ ထပ်ခါထပ်ခါပြောနေလေသည်။


"mark လုပ်လို့မရဘူး..."


"နာလိမ့်မယ်..."


ဟယ့်ယွင်ထင်က သူ့ဘာသာသူ ဆက်ပြောနေသည်။


လင်းဟန် အံ့ဩသွားသည်။


"ဗိုလ်ချုပ် နည်းနည်းသက်သာသွားအောင် ကျွန်တော် ဖယ်ရိုမုန်းထုတ်ပေးမယ်လေ..." 

ဟု ပြောချင်နေမိသည်။


သို့သော် ဟယ့်ယွင်ထင်တစ်ယောက် မည်မျှ မသက်မသာဖြစ်နေမှန်း လင်းဟန်မသိချေ။


"ဗိုလ်ချုပ်..."


လင်းဟန်က ဟယ့်ယွင်ထင်အား တတိယအကြိမ်မြောက် ခေါ်လိုက်သည်။


ဟယ့်ယွင်ထင်က ပြန်မထူးသော်လည်း သူကြားကြောင်း‌ပြသည့်အနေနှင့် လင်းဟန်၏နှုတ်ခမ်းများဆီသို့ အကြည့်ရောက်လာလေသည်။


"ဗိုလ်ချုပ်..."


လင်းဟန် တစ်ခုခုပြောရန်ပြင်လိုက်ပြီးမှ ဟယ့်ယွင်ထင်က သူနှင့်စကားပြောလျှင် အရမ်းယဉ်ကျေးမနေရန် ပြောထားသည်ကို သတိရသွားသည်။


ဟယ့်ယွင်ထင်၏လက်များက လင်းဟန်၏ ဂလင်းကို ပွတ်သပ်နေရာမှ ရပ်သွား၍ တဖြည်းဖြည်း အောက်သို့ ဆင်းသွားသည်။ 


နောက်ထပ် တစ်စက္ကန့်မျှအကြာတွင် ဟယ့်ယွင်ထင်သည် စကားတစ်ခွန်းမှမပြောပဲ လက်ကိုမြှောက်၍ လင်းဟန်အား ပွေ့ချီလိုက်၏။ 


ဟယ့်ယွင်ထင်၏ ရင်ခွင်ထဲသို့ ရောက်သွားသော လင်းဟန်သည် အယ်လ်ဖာတစ်ယောက်၏ စွမ်းအားကြီး၍ ရမ္မက်ဆန္ဒများပါသော ဟယ့်ယွင်ထင်၏ ဖယ်ရိုမုန်းများဖြင့် ဖုံးအုပ်လိုက်ခြင်း ခံလိုက်ရသော်လည်း ထိုဖယ်ရိုမုန်းများထဲ၌ လင်းဟန် မငြင်းဆန်နိုင်သော နူးညံ့မှုများလည်း ပါနေလေသည်။



👾