👾Chapter 22
"ဗိုလ်ချုပ်၏စပယ်ရှယ်ထမင်းပွဲ"
ဟယ့်ယွင်ထင် သူ့ညစာကို အခန်းထဲသို့လာပို့ရန် စစ်သားတစ်ယောက်အား ခိုင်းလိုက်၍ ထိုထိန်းချုပ်ခန်းထဲမှာပင် တစ်ယောက်တည်း ဆက်နေနေလိုက်သည်။ လုအန်းဟယ်ထွက်သွားပြီးမှပင် ခုနက အဖြစ်အပျက်ကို သေချာစဉ်းစားချိန်ရတော့သည်။
သူ လင်းဟန်အား သေနတ်ပေး၍ အခြေခံအသုံးပြုနည်းများကို သင်ပေးနေရခြင်းမှာ လင်းဟန် သူ့ကိုယ်သူကာကွယ်နိုင်ရန်မှလွဲ၍ အခြားရည်ရွယ်ချက်မရှိပေ။
လုအန်းဟယ်ပြောသည့် မြင်မြင်ချင်းချစ်မိသွားသည့်အချစ် ဆိုသည်ကို သူ မယုံသော်လည်း သူ လင်းဟန်ကို ကြိုက်နေမိသည်ကိုတော့ ဝန်ခံရပေမည်။ သူသာ လင်းဟန်ကို မကြိုက်လျှင် လင်းဟန်၏ဖယ်ရိုမုန်းအနံ့အကြောင်းကို စဉ်းစားနေမိမည်မဟုတ်ပေ။ လင်းဟန်အား တစ်ချိန်လုံးတွေ့ချင်နေမိမည်မဟုတ်ပေ။ လင်းဟန်အား ပါတီပွဲသို့ ဖိတ်ခေါ်ခဲ့မိမည်မဟုတ်ပေ။
ထိုအိုမီဂါလူငယ်သည် သူ့အတွက် အခြားလူများနှင့်မတူပဲ ထူးခြားနေသည်ကိုတော့ ဟယ့်ယွင်ထင် ကိုယ်တိုင်သိနေသည်။
သူသည် စစ်တပ်ထဲသို့ အလွန်ငယ်သေးသောအရွယ်တည်းက ဝင်ရောက်လာသူဖြစ်သောကြောင့် အင်ပါယာအတွက် ဝာာဝန်ထမ်းဆောင်ခြင်းကသာ သူ၏ တစ်ခုတည်းသောအလုပ်တာဝန်အဖြစ်သတ်မှတ်ကာ ဤစစ်တပ်ထဲ၌ပင် ကိုယ်ရော စိတ်ပါ မြုပ်နှံထားခဲ့ခြင်းဖြစ်သည်။ ဟယ့်ယွင်ထင်ကဲ့သို့ လူပေါင်းများစွာ၏စောင့်ကြည့်ခြင်းခံရကာ တာဝန်များဖြင့် ဖိနှိပ်ခြင်းခံထားရသော လူသည် သာမာန်လူတစ်ယောက်က မည်ကဲ့သို့ ပြုမူတတ်သည်ကို မေ့သွားတတ်သည်။
သာမာန်လူကဲ့သို့ ပြုမူရန်မပြောနှင့်၊ သူ၏ခံစားချက်များကိုပင် ပါးစပ်မှ ထုတ်မပြောတတ်ဖြစ်နေလေသည်။
သာမာန်အယ်လ်ဖာတစ်ယောက်၌ မည်ကဲ့သို့သော ခံစားချက်မျိုးရှိမည်နည်း။ ထိုသာမာန်အယ်လ်ဖာများသည် သူတို့ကြိုက်နှစ်သက်သောအိုမီဂါများရှေ့၌ မည်သို့ ပြုမူတတ်ကြသနည်း။
ထိုအိုမီဂါများအား မည်ကဲ့သို့ ဆက်ဆံတတ်ကြသနည်း။ သူတို့အချင်းချင်းရော ဘာများလုပ်တတ်ကြသနည်း။
ဟယ့်ယွင်ထင်ဆိုသည့် သူကရော...?
လုအန်းဟယ်ပြောသကဲ့သို့ လင်းဟန်၏လည်ပင်းပေါ်သို့ ခေါင်းအပ်ကာ လင်းဟန်၏ ပါးလွှာ၍ နူးညံ့သော ဂလင်းကို သူ၏ ချွန်ထက်သော စွယ်သွားနှင့် ထိုးဖောက်ကာ ဖယ်ရိုမုန်းများ ထိုးသွင်းနေမိမည်လား။
သို့သော်...
ဟယ့်ယွင်ထင်သည် သူ့ကိုယ်သူပင်မသိလိုက်ပဲ သူ၏ ချွန်ထက်သော အယ်လ်ဖာသွားစွယ်ကို လျှာဖြင့်သပ်မိကာ စဉ်းစားနေမိသည်။
လင်းဟန်ကိုကြည့်ရသည်မှာ အလွန်နူးညံ့၍ ချောမောလွန်းလှသောကြောင့် သူသာ ကိုက်လိုက်လျှင် လင်းဟန်နာသွားမည်မဟုတ်လား။ သူ ကိုက်လိုက်သောကြောင့် လင်းဟန်သည် နာကျင်မှုဖြင့် မျက်လုံးများပိတ်သွားမည်လား။ သို့မဟုတ် မျက်ရည်များဝဲလာကာ ရှည်လျားသောမျက်တောင်များပေါ်၌ မျက်ရည်စများ တွဲလွဲခိုသွားကြမည်လား။
ဟယ့်ယွင်ထင်သည် လင်းဟန်က သူ့အားမော့ကြည့်၍ အဘယ်ကြောင့် ဗိုလ်ချုပ်ဟု မခေါ်ခိုင်းသည်လဲ ဟုမေးခဲ့သည်ကို ရုတ်တရက် ပြန်မြင်ယောင်သွားမိသည်။ ထိုစဉ်ကတော့ သူ အဖြေမပေးနိုင်သောကြောင့် ထွက်ပြေးလာခဲ့မိသည်။
လင်းဟန်က သူ့အားမော့ကြည့်၍ မျက်လုံးများကိုစိုက်ကြည့်ကာ ပြုံး၍ ယဉ်ကျေးညင်သာစွာ "ဗိုလ်ချုပ်" ဟုခေါ်လိုက်သည့်အချိန်များတွင် လင်းဟန်အား သူ နာကျင်အောင်လုပ်မိမည်ကိုသာ သူ စိုးရိမ်နေမိသည်။ ထို့ကြောင့် လင်းဟန်နားသို့ရောက်လျှင် ခြေလှမ်း နှစ်လှမ်းစာမျှ ခပ်ခွာခွာနေကာ သူ၏ နားမလည်နိုင်သော ခံစားချက်များကို မြိုသိပ်၍ ပုံမှန်သာ ဆက်ဆံနိုင်ရန် ကြိုးစားနေမိခြင်းဖြစ်သည်။
လင်းဟန်ဘက်မှ ရှေ့တိုးလာလျှင် သူက အမြန် နောက်သို့ ဆုတ်နေမိသည်။
ဟယ့်ယွင်ထင်သည် သူ၏ ဖယ်ရိုမုန်းများကြောင့် လင်းဟန်ကြောက်လန့်သွားမည်ကို စိုးရိမ်နေမိသည်။ ထိုခံစားချက်သည် သူ့ အတွက် ထူးဆန်းလွန်းနေကာ ထုတ်ပြောရန်လည်း ခက်ခဲနေမိသည်။
မပြီးဆုံးနိုင်သော စစ်တပ်လေ့ကျင့်ရေးများမှလွဲ၍ သူသည် လောကအကြောင်း ဘာမှသိပ်မသိချေ။ သို့သော် တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးလျှင် ထိုတစ်စုံတစ်ယောက်အား နာကျင်အောင် မလုပ်သင့် ဆိုသည်ကိုတော့ သူ နားလည်ထားသည်။
ကိုယ်နှစ်သက်သောအိုမီဂါအား နာကျင်အောင် လုပ်ရမည်ဆိုပါက ထိုအရာကို အချစ် ဟု ခေါင်းစဉ်မတပ်သင့်ပေ။
****
ယနေ့က လင်းဟန် ဌာနချုပ်သို့ရောက်သည့် ပထမဆုံးနေ့ဖြစ်သည့်အပြင် လူရွေးပွဲကလည်း ပထမအဆင့်သာရှိသေးသောကြောင့် သူ လောလောဆယ် ဘာအလုပ်မှ လုပ်ရန်မရှိ၍ အခန်းဆီသို့သာ ပြန်သွားလိုက်သည်။
မက်ခါမောင်းနှင်သူရွေးချယ်ပွဲအတွင်း လင်းဟန်၏ ဆက်သွယ်ရေးကိရိယာကို သုံးခွင့်ရမည်မဟုတ်သောကြောင့် လုအန်းဟယ်က ဌာန၏ အတွင်းဆက်သွယ်ရေးလိုင်းကို ပေးထားသည်။ လင်းဟန် နေသားကျစေရန် ဌာနမှ ဝန်ထမ်းအချို့၏ဆက်သွယ်ရေးနံပါတ်များကိုပါပေးထားလိုက်သည်။ လုအန်းဟယ်သည် အတွင်းရေးအဖွဲ့ခေါင်းဆောင်ကိုဆက်သွယ်၍ လင်းဟန်သည် ဗိုလ်ချုပ်ဟယ့်ကိုယ်တိုင် ဖိတ်ခေါ်ထားသော မက်ခါပညာရှင်ဖြစ်သောကြောင့် ကောင်းမွန်စွာ ဧည့်ခံရန် ပြောထားသေးသည်။
အတွင်းရေးအဖွဲ့ခေါင်းဆောင်က လင်းဟန်၏အခန်းတံခါးကိုခေါက်လိုက်ပြီး လင်းဟန်က လာဖွင့်သောအခါ သူ့ကိုယ်သူမိတ်ဆက်လာသည်။ လင်းဟန်က အိုမီဂါဖြစ်ကြောင်းသိသွားသောအခါ အားနည်းနေမည်စိုးသောကြောင့် ဌာနမှ အာဟာရဓာတ်စာများ ယူလာပေးမည်ဟု ပြောလိုက်သည်။ ဌာနမှ အာဟာရဓာတ်စာများက ပို၍ အရည်အသွေးကောင်းသောကြောင့် လင်းဟန်၌ပါလာသော ဓာတ်စာများထက် ပို၍ အာနိသင်ကောင်းမည်ဟုလည်း ပြောလိုက်သေးသည်။
တားဆေးကဲ့သို့သော တစ်ကိုယ်ရည်သုံးပစ္စည်းအတွက်ကတော့ လင်းဟန်သည် သူ့၌ပါလာသောကြောင့် မပေးတော့ရန် ပြောလိုက်လေသည်။
အဖွဲ့ခေါင်းဆောင်က လင်းဟန်ပြောသမျှကို ချရေးနေသည်။
"ဒါနဲ့ ကျွန်တော် ဒီကို ညစာယူလာပေးရမလား...ဒါပေမယ့် ဌာနက မက်ခါမောင်းသမားတွေက အမြဲ ခန္ဓာကိုယ်ကြံ့ခိုင်အောင် လေ့ကျင့်နေရတာဆိုတော့ ဒီမှာ ကျွေးတာကလည်း တစ်မျိုးတည်းပဲ ပုံသေကျွေးတာမို့လို့ မစ္စတာလင်း မစားနိုင်ဘူးဆိုရင် ပြောပါ...ကျွန်တော် သက်သက်တစ်မျိုးစီစဉ်ပေးပါမယ်..."
လင်းဟန်သည် အခြားလူများကို ဒုက္ခမပေးချင်သလို သူကိုယ်တိုင်ကလည်း အစားအသောက် ချေးမများသောကြောင့် လက်ခါကာပြောလိုက်သည်။
"ရပါတယ်...တခြားလူတွေစားသလိုပဲ ကျွန်တော်စားပါမယ်..."
ကျန်းမာရေးအားနည်းသောအိုမီဂါတစ်ယောက်အတွက် အစားအသောက်ထက် အာဟာရဓာတ်စာများကသာ ပိုအရေးကြီးသည်ပင်။
ခေါင်းဆောင်က ခေါင်းငြှိမ့်၍ ပုံမှန်ကျွေးသည့် ထမင်းပွဲ၌ပါသည့်အမယ်များကို အကြမ်းဖျင်းပြောပြလိုက်သည်။
"အဓိကကတော့ အဲဒါတွေပါပဲ...ဒါပေမယ့် အခုတလော ဗိုလ်ချုပ်က သူ့ရဲ့ စပယ်ရှယ်ထမင်းပွဲကို စားနေတယ်...ကျန်တာတွေကတော့ ပုံမှန်ပါပဲ..."
စပယ်ရှယ်ထမင်းပွဲ?
လင်းဟန်က မနေနိုင်ပဲ မေးလိုက်မိသည်။
"အဲဒီထမင်းပွဲက ဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်အတွက် အထူးစီစဉ်ပြီး လုပ်ထားတဲ့ ထမင်းပွဲမို့လို့လား...တခြားဟာတွေနဲ့ ဘယ်လိုကွာနေတာလဲ..."
ထိုထမင်းပွဲကို လင်းဟန် နည်းနည်းစိတ်ဝင်စားမိသွားသည်။ ယခင်က ဟယ့်ယွင်ထင်သည် အလွန်ပျင်းစရာကောင်းသည်ဟု လုအန်းဟယ် ပြောခဲ့ဖူးသည်။ ဟယ့်ယွင်ထင်၏ အစားအသောက်များသည် နှစ်ပေါင်းများစွာ မပြောင်းလဲပဲ သူ၏ကိုယ်ပိုင်စံအိမ်တွင်ပင် အစားအစာကို ကောင်းကောင်းကန်းကန်းမစားပေ။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ယခုမှ အထူးတဆန်း စပယ်ရှယ်ထမင်းပွဲက ပေါ်လာရသနည်း။
အတွင်းရေးအဖွဲ့ခေါင်းဆောင်က လင်းဟန် ထိုမေးခွန်းကို မေးမည်ဟု မမျှော်လင့်ထားသောကြောင့် မျက်လုံးထောင့်ပင် တွန့်ခနဲဖြစ်သွားသည်။ တကယ်တော့ သူကိုယ်တိုင်လည်း ထိုစပယ်ရှယ်ထမင်းပွဲ၏ ဇာစ်မြစ်ကိုမသိပေ။ ထို့ကြောင့် လင်းဟန်အား အမှန်အတိုင်း သူသိသလောက်သာပြောလိုက်သည်။
"အမ်...တခြားဟာတွေနဲ့ ဘာမှတော့ သိပ်မကွာပါဘူး..."
လင်းဟန်က ခေါင်းငြှိမ့်ကာ ဘာမှဆက်မမေးတော့ချေ။
"ဒါနဲ့..."
အတွင်းရေးအဖွဲ့ခေါင်းဆောင်က ရုတ်တရက် ထပြောလိုက်သည်။
"ဗိုလ်ချုပ်ရဲ့ စပယ်ရှယ်ထမင်းပွဲက ပုံမှန်ဟာတွေနဲ့ ဘာမှသိပ်မကွာပါဘူး...မစ္စတာလင်း စားကြည့်ချင်လား..."
အိုမီဂါများသည် အချိုကြိုက်တတ်၍ အချိုမုန့်မှန်သမျှကို စားတတ်ကြသည်ဟု ကြားဖူးထားသောကြောင့် အဖွဲ့ခေါင်းဆောင်က လင်းဟန်လည်း ကြိုက်မည်ထင်ကာ ပြောလိုက်ခြင်းဖြစ်သည်။
အဖွဲ့ခေါင်းဆောင်က ထိုသို့ပြောလိုက်သောအခါ လင်းဟန်လည်း အလွန်စိတ်ဝင်စားသွား၍ ဘာမှသိပ်မစဉ်းစားတော့ပဲ ခေါင်းငြှိမ့်လိုက်သည်။
"အိုခေ...ဒါဆို ကျွန်တော်လည်း အဲဒါပဲစားမယ်..."
အတွင်းရေးအဖွဲ့ခေါင်းဆောင်လည်း ခေါင်းငြိမ့်ကာ ယခုလတ်တလော လင်းဟန် လိုအပ်သည်များကိုထပ်မေး၍ လင်းဟန်အတွက် ညစာပြင်ပေးရန် ထွက်သွားတော့သည်။
ဆယ်မိနစ်ခန့်ကြာသောအခါ လင်းဟန်သည် သူ့ရှေ့မှ "ဗိုလ်ချုပ်၏စပယ်ရှယ်ထမင်းပွဲ" ကို ကြောင်တောင်တောင်ကြည့်နေမိသည်။ ထိုထမင်းပွဲ၌ အဓိကဟင်းပွဲ၊ အသားနှင့် အရွက်များက ဘာမှထူးထူးခြားခြားမရှိဘဲ ဟင်းချက်ထားသည့်ပုံစံကလည်း ရိုးရိုးရှင်းရှင်းနှင့် အာဟာရကို ဦးစားပေး၍ ချက်ထားသည့်ပုံသာဖြစ်သည်။
သို့သော်...
လင်းဟန်သည် ဇွန်းအသေးလေးကိုကောက်ကိုင်၍ ဤထမင်းပွဲနှင့် လားလားမှ မသက်ဆိုင်သည့်ပုံပေါက်နေသော ကြွေပန်းကန်လုံးအသေးလေးထဲကို နားမလည်သည့်မျက်နှာဖြင့် ထိုးလိုက်သည်။
ထိုကြွေပန်းကန်လုံးထဲ၌ မီးသေနတ်ဖြင့် မီးသင်းထားသော ကရယ်မယ်သကြားခဲလေးရှိနေသည်။ထိုသကြားခဲလေးသည် ကြွပ်ရွ၍ စားချင်စဖွယ် အညိုရောင်သန်းနေလေသည်။
လင်းဟန်၏ဖယ်ရိုမုန်းကသာ ကရယ်မယ်သကြားနံ့မဟုတ်လျှင် လင်းဟန် ဘာမှဖြစ်မည်မဟုတ်ပေ။
သို့သော် ထိုကရယ်မယ်သကြားအား ထမင်းပွဲထဲသို့ ဟယ့်ယွင်ထင် ဘယ်တုန်းတည်းက ထည့်ထားမှန်း လင်းဟန်မသိချေ။ သူ့(လင်းဟန်)ကြောင့် ထည့်သည်ဟု စဉ်းစားလျှင်လည်း သူ့ကိုယ်သူ ရှေ့တန်းတင်လွန်းရာ ကျသွားဦးမည်။
လင်းဟန်သည် သူအတွေးလွန်နေခြင်းမဟုတ်သည်ကို သေချာစေရန် ဇွန်းကိုချ၍ ထရပ်ကာ တံခါးနှင့် ပြတင်းပေါက်များကိုသေချာပိတ်၍ ရှက်ရှက်နှင့် သူ၏ ဖယ်ရိုမုန်းအနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။
ချိုမြိန်၍ မီးသင်းနံ့ မွှေးနေသော ရနံ့က ချက်ချင်း အခန်းထဲ ပျံ့သွားသည်။
ထို့နောက် ဇွန်းကိုကောက်ကိုင်၍ "ဗိုလ်ချုပ်၏စပယ်ရှယ်ထမင်းပွဲ" ထဲမှ ကရယ်မယ်သကြားကို မြည်းကြည့်လိုက်သည်။
ထိုရနံ့နှစ်ခုကို သေချာယှဉ်ပြီးသောအခါ လင်းဟန်သည် နားလည်ရခက်သော မျက်နှာနှင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
ထိုကရယ်မယ်သကြားမှာ သူ၏ဖယ်ရိုမုန်းရနံ့နှင့် တထေရာတည်း တူနေလေသည်။
လင်းဟန်: "..."
လင်းဟန်သည် ဟယ့်ယွင်ထင်နှင့် စတွေ့သည့်နေ့က ဆောင်းရာသီနှောင်းပိုင်း၌ အရည်ပျော်စပြုသော ရေခဲမြစ်ကဲ့သို့ အေးစက်စွာ နားထဲသို့ ဝင်လာသော စကားလုံးများကို ပြန်ကြားယောင်မိသွားသည်။
【အရမ်းမွှေးတယ်】
လင်းဟန်သည် သူ့ရှေ့မှ ကရယ်မယ်ခွက်ကို တွန်းလိုက်မိသည်။
ဗိုလ်ချုပ်သည် လင်းဟန်ကြောင့် ဤအချိုပွဲကို ပုံမှန်ထမင်းပွဲထဲ ထည့်ခဲ့ခြင်းလား။
*****
နောက်တစ်နေ့၌ ဌာနမှ ပထမဆုံး မနက်ခင်း အချက်ပေးသံနှင့်အတူ လင်းဟန် နိုးလာလေသည်။
သူ့အတွက်ပေးထားသော အခန်းက ကိုယ်ပိုင်တိုက်ခန်းကဲ့သို့ ကောင်းမွန်ကျယ်ပြန့်သော်လည်း အိပ်ရာနှင့် အသားမကျသေးသောကြောင့် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ပဲ မိုးလင်းခါနီးမှ ခဏအိပ်ပျော်သွားပြီး အိပ်မက်ဆိုးများ မက်နေခဲ့သည်။
မနက်နိုးလာသောအခါ ညက မက်နေခဲ့သည့် အိပ်မက်ဆိုးများကို သေချာမမှတ်မိတော့ပဲ တစ်စုံတစ်ခုက သူ့ကို အသည်းအသန်လိုက်နေသည်ကိုသာ လင်းဟန်မှတ်မိတော့သည်။ ထိုအိပ်မက်ထဲ၌ သူသည် အရှေ့သို့ ပြေးရန်ကြိုးစားသော်လည်း ခန္ဓာကိုယ်က အားမရှိသောကြောင့် အနောက်မှ ကြောက်စရာမကောင်းဆိုးဝါးကြီးက ဖမ်းမိသွားတော့သည်။ သူသည် အော်လည်းမအော်နိုင်ပဲ သူ့အား အမှောင်ထုက ဝါးမျိုသွားသည်ကိုသာ အိပ်မက်ထဲ၌ ပြန်ကြည့်နေရတော့သည်။
လင်းဟန် ကုတင်ပေါ်မှမထသေးပဲ နဖူးပေါ်သို့ လက်တင်ကာ ထိုအိပ်မက်ဆိုးကို မေ့ပစ်နိုင်ရန် ကြိုးစားနေမိသည်။ ထို့နောက် ဤမရင်းနှီးသည့် အခန်းကို မျက်လုံးဝေ့ကြည့်ရင်း သူ ဌာနချုပ်သို့ရောက်နေကြောင်း သတိရသွားမိသည်။
လင်းဟန် မနေ့က ဖြစ်ခဲ့သည်များကို ပြန်စဉ်းစားရင်း ချက်ချင်းပင် "ဗိုလ်ချုပ်၏ စပယ်ရှယ်ထမင်းပွဲ" ကို စဉ်းစားမိသွားသည်။
ဟယ့်ယွင်ထင်..သူ...
ဟယ့်ယွင်ထင်အကြောင်းကို စဉ်းစားလိုက်မိသောအခါ လင်းဟန်၏ခံစားချက်များသည် ပြန်ရှုပ်ထွေးလာ၍ အိပ်မက်ဆိုးကြောင့် မောပန်းနေမှုများကိုပင် မေ့သွားသည်။
သူ ဟယ့်ယွင်ထင်အား မည်သို့ နားလည်ရမည်မသိတော့ပေ။
လင်းဟန်၌သာ စိတ်ဖတ်နိုင်သည့်အစွမ်းမရှိလျှင် ဟယ့်ယွင်ထင်အပေါ်သို့ မည်သို့သဘောထားလောက်မိမည်ကိုပါ စဉ်းစားနေမိသည်။ သို့သော် အချိန်အကြာကြီးစဉ်းစားသော်လည်း ရှင်းလင်းသည့်အဖြေကထွက်မလာပေ။
ထို့ကြောင့် လင်းဟန် ကုတင်ပေါ်မှထ၍ တစ်နေ့တာအတွက် အလုပ်စလုပ်ရန်သာ ပြင်ဆင်လိုက်တော့သည်။
---
ထိုအချိန်၌ ဌာန၏အခြားတစ်ဖက်ရှိ ထိန်းချုပ်ရေးအခန်းရှေ့၌ လုအန်းဟယ်သည် တံခါးကို ညင်သာစွာခေါက်လိုက်သော်လည်း အထဲမှ ပြန်ဖြေသံ ထွက်မလာပေ။
"ဘော့စ် အထဲမှာလား...ကျွန်တော် တစ်မနက်လုံး ဘော့စ်ကို လိုက်ရှာနေတာ..."
အခန်းထဲမှ ဘာသံမှထွက်မလာပေ။
လုအန်းဟယ်သည် ဟယ့်ယွင်ထင်၏ ကိုယ်ပိုင်ဆက်သွယ်ရေးလိုင်းကို ခေါ်လိုက်ရာ အတော်ကြာသည့်အခါမှ တစ်ဖက်မှ ဖုန်းကို ကိုင်လိုက်သောအခါ လုအန်းဟယ်က အမြန်ခေါ်လိုက်သည်။
"ဘော့စ်?..."
ဟယ့်ယွင်ထင်သည် အိပ်ယာထနောက်ကျ၌ ဤအချိန်အထိ ထိန်းချုပ်ခန်းထဲသို့ မရောက်သေးသည်မှာတော့ မဖြစ်နိုင်ပေ။ တစ်ဖက်မှ ဘာစကားမှမပြောပဲ အသက်ရှူသံတိုးတိုးကိုသာ လုအန်းဟယ် ကြားနေရသည်။
လုအန်းဟယ် အံ့ဩစွာ နားထောင်နေပြီးမှ မနေ့က ထိန်းချုပ်ခန်းထဲမှထွက်ခါနီးတုန်းက ရခဲ့သော အနံ့ကို သတိရသွားမိသည်။
မကောင်းသောခံစားချက်က ကြီးထွားလာသောကြောင့် သူ တုံ့ဆိုင်းမနေတော့ပဲ ခြေလှမ်းကို အမြန်လှမ်းကာ ထိန်းချုပ်ခန်းနှင့် ဆန့်ကျင်ရာဘက်သို့ လျှောက်သွားလိုက်တော့သည်။
လုအန်းဟယ်သည် သေချာသတိမထားပဲနေခဲ့မိသည်။
ဟယ့်ယွင်ထင်၏ rut အချိန် ရောက်နေလေပြီ။
---
လင်းဟန်သည် ဒီနေ့ တမင်ပင် "ဗိုလ်ချုပ်၏စပယ်ရှယ်ထမင်းပွဲ" ကို မမှာပဲ တခြားဟာသာမှာစားလိုက်သည်။ နေ့လယ်စာစားပြီးသောအခါတွင်လည်း အပြင်မထွက်ပဲ အခန်းထဲ၌သာ မက်ခါပုံစံများကို လေ့လာ၍ စားပွဲ၌ထိုင်ကာ ပုံများဆွဲလိုက်၊ စာရေးလိုက်လုပ်နေလိုက်သည်။
အနည်းငယ်ညောင်းလာ၍ ခဏအနားယူမည်အလုပ်တွင် တံခါးခေါက်သံကိုကြားလိုက်ရ၏။
"မစ္စတာလင်း အထဲမှာရှိလား..."
လုအန်းဟယ်၏အသံက အခန်းအပြင်မှထွက်လာသည်။
လင်းဟန်က တံခါးဆီသို့ လျှောက်သွား၍ ဖွင့်လိုက်သောအခါ လုအန်းဟယ်က ပြုံးဖြီး၍ လက်ထဲတွင်လည်း မုန့်ထုပ်များ တပွေ့တပိုက်နှင့် ရပ်နေသည်ကို မြင်လိုက်ရသည်။
"ဒီမှာနေရတာ အဆင်ပြေရဲ့လားဗျ..."
လုအန်းဟယ်က ပြောရင်းဖြင့် သူ့လက်ထဲမှ မုန့်များကို ခေါင်းဆတ်ပြလိုက်သည်။
"ဒါ ကျွန်တော် စုဆောင်းထားသမျှ မုန့်တွေ...မစ္စတာလင်း ဌာနချုပ်မှာနေရတာ ပျင်းနေမှာစိုးလို့ ကျွန်တော် ခိုးသယ်လာပေးတာ..."
လင်းဟန်က လှမ်းယူ၍ ကျေးဇူးတင်ကြောင်းပြောလိုက်ရာ လုအန်းဟယ်က မလိုကြောင်း လက်ယမ်းပြလိုက်သည်။
"အခု လူရွေးပွဲ ပထမအဆင့်ပြီးထားတော့ ကြားထဲမှာ နှစ်ရက် နားထားတယ်...နားရက်ပြီးရင်တော့ မစ္စတာလင်း အလုပ်ရှုပ်ရတော့မယ်ထင်တယ်..."
လုအန်းဟယ်က ပြောလိုက်သည်။
"အခု ကျွန်တော် စကားလာပြောပြီး အဖော်လုပ်ပေးရမလား..."
လင်းဟန်လည်း လုအန်းဟယ်ကို အခန်းထဲဝင်ခိုင်းကာ ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။
လုအန်းဟယ်က ခင်ဖို့ကောင်းကာ စကားပြောလျှင်လည်း စိတ်ဝင်စားစရာကောင်းမည့်အကြောင်းအရာများကို စိတ်ပါလက်ပါ ပြောတတ်သောကြောင့် လင်းဟန်သည် လုအန်းဟယ်နှင့်ဆိုလျှင်တော့ စကားကောင်းကောင်းပြောနိုင်ကာ နှစ်ယောက်သား လေပေးတည့်နေကြသည်။
"ဒါနဲ့ ကျွန်တော် သတင်းတစ်ခုပြောပြဦးမယ်..."
လုအန်းဟယ်ကပြောလိုက်သည်။
"ဒီနေ့ တပ်ထဲက လူသစ်တစ်ယောက်က rut အချိန်ရောက်လာလို့ သူ့အဖွဲ့ထဲကတစ်ယောက်ကို သတ်မိတော့မလိုတောင်ဖြစ်သွားတယ်...အဲဒီတပ်သားက ငယ်လည်းငယ်သေးတော့ အဲဒီလောက်အထိဖြစ်မယ်မှန်း မထင်ထားကြဘူးလေ...တော်သေးတာပေါ့...သူတို့ရဲ့ ဆရာက အချိန်မှီတွေ့သွားလို့ မနည်းဆွဲဖယ်လိုက်ရတယ်...အခု သူ့ကို တစ်ယောက်တည်း အခန်းထဲ ထည့်ချုပ်ထားရတယ်..."
"အဲဒီ rut အချိန်က တော်တော်ဆိုးလားဟင်..."
လင်းဟန်က စိတ်ဝင်စားစွာမေးလိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက်တော့ ကွာတယ်..."
လုအန်းဟယ်က စဉ်းစဉ်းစားစားနှင့် ပြောလိုက်သည်။
"တချို့တွေကျ အနားတောင်ကပ်လို့မရဘူး...တချို့ကျတော့လည်း ပုံမှန်ပါပဲ...သူတို့ ဘယ်လို စိတ်ကို ထိန်းလည်းဆိုတာပေါ် မူတည်မယ်ထင်တယ်..."
"ဒါဆို အခြေအနေက ဆိုးလာရင် ဒုဗိုလ်မှူးရော ဘေးက လူတွေက အန္တရာယ်ပေးနိုင်လောက်လား..."
"အဲဒီလိုတော့ သေချာ မပြောတတ်ဘူးဗျ...ဒါပေမယ့် ဘေးကလူက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့လူဆိုရင်တော့ အန္တရာယ်မပေးဖြစ်မှာ သေချာတယ်..."
လုအန်းဟယ်က ပြောလိုက်သည်။
"အဲဒီအချိန်မှာ ကျွန်တော်တို့ ဘယ်လောက်ပဲ အသိစိတ်လွတ်နေပါစေ...ကျွန်တော်တို့ စိတ်ထဲမှာ အရမ်းစွဲထင်နေတဲ့အရာတွေကိုတော့ ကျွန်တော်တို့ အန္တရာယ်မပေးတတ်ပါဘူး..."
ထို့နောက် လုအန်းဟယ်က အနည်းငယ် ရှက်သည့်ပုံဖြင့် ဆက်ပြောလိုက်သည်။
"မစ္စတာလင်း မရယ်နဲ့နော်...ကျွန်တော်ကေလ rut အချိန်ရောက်လာရင် Aegis ရဲ့ သော့ကို လက်ထဲ တင်းတင်းဆုပ်ထားတော့တာပဲ...ဘယ် အိုမီဂါက Aegis လောက် ကောင်းနိုင်မှာလဲနော်...Aegis ရဲ့သော့ကိုကိုင်ထားတဲ့အချိန်ဆိုရင် ကျွန်တော့်စိတ်ထဲမှာ လုံခြုံမှုရှိသွားတယ်..."
[T/N: Aegis - လုအန်းဟယ်ရဲ့ မက်ခါနာမည်]
လင်းဟန်က အံ့ဩသည့်ပုံ သို့မဟုတ် မကြိုက်သည့်ပုံ မပါအောင် ပြုံးလိုက်သည်။
"ဒါဆိုရင် နှစ်စဉ် မက်ခါ စစ်ဆေးရမယ့်အချိန်ရောက်ရင် Aegis ကို ကျွန်တော့်ဆီ တန်းပို့လိုက်ပါ...ကျွန်တော်ကြည့်ပြီး အဆင့်မြှင့်လို့ရတာရှိရင် မြှင့်ပေးလိုက်မယ်..."
လုအန်းဟယ်၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တဖျက်ဖျက် လက်သွားသည်။
"တကယ်လား မစ္စတာလင်း...မိုက်နေပြီ မိုက်နေပြီ...ကျေးဇူးတင်ပါတယ်..."
လင်းဟန်က ပြုံးပြလိုက်သည်။
"ရပါတယ်..."
👾