👾Chapter - 21
[ ငါ တောင့်ခံနိုင်တော့မှာမဟုတ်ဘူး-2 ]
လုအန်းဟယ်က လင်းဟန်ကို အခန်းရှည်တစ်ခုဆီ ဦးစွာခေါ်ဆောင်သွားခဲ့သည်။
အစောပိုင်းနှစ်များမှ အင်ပါယာ၏စီးပွားရေးကြွယ်၀မှု ခက်ခဲသည့်ကာလများပြီးနောက်တွင် လင်းဟန်၏အခန်းမှာ အကောင်းဆုံး အပြင်အဆင်များရှိသည်ဆို၍ ရပေသည်။ သူ့ထံတွင် အရာအားလုံးရှိနေပြီး မက်ခါဌာနခွဲကိုပင် ကိုင်တွယ်၍ရသလို အလုပ်များလွယ်ကူအဆင်ပြေစေရန် အဖွဲ့အစည်းထံမှ သေးငယ်သော ထောက်လှမ်းရေးစက်အစုံအလင်ကိုပါငှားရမ်းနိုင်သေးသည်။
လင်းဟန်က သူ၏ပစ္စည်းများကို နေရာချထားလိုက်ပြီး လုအန်းဟယ်ကို မမေးမြန်းခင် ဝတ်ဆင်ရန်အတွက်လက်အိတ်တစ်စုံ အရင်ထုတ်ယူလိုက်သည်။
" အခုဘယ်သွားမလဲ "
သူက သူ့အား လေ့ကျင့်ရေးကွင်း သို့မဟုတ် ဟယ့်ယွင်ထင်ဆီသို့ တိုက်ရိုက်ခေါ်ဆောင်သွားလိမ့်မည်ဟု တွေးထားမိခဲ့သည်။ ရလဒ်အနေဖြင့် လုအန်းဟယ်က ခေါင်းယမ်းပြလာပြီး မျက်စပစ်ပြကာ ပြုံးရင်းဖြင့် လင်းဟန်ကို သူ့နောက်သို့ လိုက်လာစေသည်။ နှစ်ဦးသားသည် ပန်းတိုင်သို့ မရောက်ရှိမီအထိ ခေတ္တခဏ လမ်းလျှောက်ခဲ့ကြရသည်။
လုအန်းဟယ်က လေးလံသည့်တံခါးကြီးကို တွန်းဖွင့်လိုက်ပြီး
" ဗိုလ်ချုပ်က ခင်များကို အထဲမှာစောင့်နေပါတယ် "
ထို့နောက် သူက ကိုယ်တိုင်လိုက်ဝင်မလာဘဲ လက်ပြန်ရုတ်ကာ တံခါးကိုပိတ်လိုက်ကာ အံ့မခန်းပဲဟု ခံစားမိလေသည်။ လုအန်းဟယ်သည် ထိုနှစ်ယောက်ကို နှစ်ယောက်တည်း ထားသင့်သည်ကို သိရှိသော်လည်း လှပသည့် မစ္စတာလင်း၏မျက်လုံးထဲတွင် သူ့ ဘော့စ်၏ပုံရိပ်မှာ အံ့ဩစရာကောင်းသည်အထိ ပြိုကျသွားမည်ကိုတော့ မသိခဲ့ချေ။
-
လင်းဟန်သည် အခြေစိုက်စခန်း၌ ဟယ့်ယွင်ထင်ကို ပထမဆုံးအကြိမ်မြင်တွေ့ရသည်မှာ သေနတ်ပစ်လေ့ကျင့်သည့်အခန်းထဲတွင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ဟယ့်ယွင်ထင်သည် ဖြောင့်စင်းနေသည့်အပြာဖျော့ရောင်ယူနီဖောင်းကို ဝတ်ဆင်ထားကာ သူ့အရှေ့၌ရပ်နေပြီး လင်းဟန် ရောက်လာသည်ကိုမြင်သောအခါ စကားများများစားစား မပြောလာဘဲ သူ့လက်ထဲသို့ တစ်စုံတစ်ရာ ကမ်းပေးလာ၏။
ထိုအရာမှာ ပစ္စတိုအသေးစားတစ်လက်ပင်။
လင်းဟန်က တုံ့ဆိုင်းစွာဖြင့် ယူလိုက်သည်။
".....ကျွန်တော့်အတွက်လား "
" အင်း "
ဟယ့်ယွင်ထင်က ရှင်းပြမလာ။
" မင်းသုံးနိုင်လား "
လင်းဟန် တစ်ခဏကြာ တွေးကြည့်လိုက်ပြီး ဟယ့်ယွင်ထင်က ထိုအရာကို သူ့ကိုယ်သူကာကွယ်ရန် ပေးလာသည်ကို နားလည်လိုက်သည်။ သူ့လက်ထဲမှသေနတ်ကို အသေအချာ ကြည့်ရှုရင်း ခေါင်းခါပြလိုက်သည်။
" သိပ်မသိဘူး "
ဟယ့်ယွင်ထင်က ခေါင်းညိတ်ပြလာပြီး အံ့ဩမသွားချေ။
"ဒါက လေဆာသေနတ်ပဲ။ တခြားဟာတွေထက် သုံးရတာ ပိုလွယ်ကူတယ် "
လင်းဟန် ခေတ္တမျှ ဟိုရွှေ့ဒီရွှေ့လုပ်ကြည့်ပြီးနောက် ကူကယ်ရာမဲ့ ပြောလိုက်သည်။
" ဗိုလ်ချုပ်၊ ဒါကို ဘယ်လိုသုံးရမလဲ ကျွန်တော်မသိဘူး "
ဟယ့်ယွင်ထင်သည် တစ်စုံတစ်ခုကို တုံ့ဆိုင်းနေသကဲ့သို့ သူ့နှုတ်ခမ်းများကို ခဏစေ့လိုက်သည်။ သေနတ်ကိုလွှဲပေးပြီးနောက် သူက ခြေတစ်လှမ်းနောက်ပြန်ဆုတ်သွားခဲ့သဖြင့် လင်းဟန်နှင့်နီးကပ်မနေချေ။
ယခင်တစ်ခေါက်တွင် လင်းဟန်၏ရှင်းမပြနိုင်သော ဆိုးရွားသည့်စိတ် အခြေအနေသည် ဟယ့်ယွင်ထင်ကိုအတော်လေး သတိရှိနေစေသည်။ သူ တစ်ခုခုပြောချင်နေသော်လည်း ရှေ့သို့လှမ်းခြင်းကို ထိန်းချုပ်နိုင်လိုက်သည်။ သူက အခြေခံအသုံးပြုမှုတချို့ကို လင်းဟန်အားသင်ကြားပေးရန်အတွက် အမျိုးအစားတူတစ်ခုကိုသာ ယူလိုက်သည်။
" လုပ်ကြည့် "
ဟယ့်ယွင်ထင်သည်သေနတ်တစ်လက်ကိုကောက်ယူလိုက်ပြီး ချိန်ရွယ်ရုံမျှ ချိန်၍ လက်ကိုမြှောက်ကာ ပစ်လိုက်ပြီးနောက် ပစ်မှတ်ကို သပ်ရပ်စွာ ထိမှန်သွားစေသည်။
လင်းဟန်သည် အကြိမ်ပေါင်းများစွာ နောက်မှ လိုက်လံလုပ်ကြည့်သော်လည်း အဆုံးမှာတော့ တစ်ချက်လေးမျှပင် မပစ်နိုင်ခဲ့ချေ။
ဟယ့်ယွင်ထင်က သေနတ်ကိုချလိုက်ပြီး ပြောသည်။
" မင်းရဲ့လက်က မငြိမ်ဘူး "
လင်းဟန်လည်း ပြဿနာပေါင်းများစွာရှိနေသည်ကို သိသော်လည်း လက်တွေ့လုပ်ဆောင်ချက်မှာ အမှန်တကယ် မလွယ်ကူသည်ဖြစ်ရာ ထပ်မံကြိုးစားသော်လည်း ကျရှုံးနေဆဲဖြစ်လေသည်။
ဟယ့်ယွင်ထင်က သူ့ကို အတန်ကြာအောင်ကြည့်နေခဲ့ပြီး အေးစက်မာကြောနေသည့် သူ၏နှုတ်ခမ်းထောင့်များကို တင်းတင်းစေ့လိုက်ပြီးနောက် လင်းဟန်ဆီသို့ လျှောက်သွားသည်။
" စိတ်မရှိဘူးမလား " သူက မေးသည်။
လင်းဟန်က ဘာမှပြန်မပြောပေ။ သူက လက်အိတ်များဝတ်လာခဲ့မိသည်မှာ ကောင်းသည်ဟုသာ တွေးနေမိသည်။
မည်သည်မှ ပြန်မဖြေသည်ကို ဟယ့်ယွင်ထင်တွေ့လိုက်ရသည့်အခါ မဝံ့မရဲဖြင့်လျှောက်လာခဲ့ပြီး နှစ်ယောက်ကြားမှအကွာအဝေးမှာ နောက်ဆုံးတွင် နီးကပ်သွားတော့သည်။
လင်းဟန်မှာ ဤသို့သော ဖိနှိပ်လွန်းသောအယ်လ်ဖာကို မဆိုထားနှင့်၊ လူများက သူနှင့်နီးကပ်လွန်းနေသည်ကို များသောအားဖြင့် မနှစ်သက်သော်လည်း ယခုတွင်မူ သိသိသာသာ ထူးဆန်းစွာဖြင့် တွန်းလှန်မနေပေ။
ဟယ့်ယွင်ထင်က သူ့ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် လင်းဟန်၏လက်အိတ်အဖြူပေါ်သို့ တင်လိုက်သည်။
" မြဲမြဲကိုင်ထား " သူက နက်ရှိုင်းသည့်အသံဖြင့် ပြောလာသည်။
လင်းဟန်က ထို့နောက် တုံ့ဆိုင်းသွားရပြီး ဟယ့်ယွင်ထင်ပြောသည်ကိုနားထောင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
" မကြောက်နဲ့ ။ ကိုယ့်လက်လှုပ်ရှားမှုအတိုင်း လိုက်လုပ်ရုံပဲ။ အာရုံစိုက်ထား "
" ဒိုင်း "
ကျယ်လောင်သည့်အသံထွက်ပေါ်လာပြီး လင်းဟန်၏ဦးနှောက်က အနည်းငယ် ရှုပ်ထွေးသွားတော့သည်။သူ အာရုံပြန်ကပ်သည့်အခါ စက်ဝိုင်း၏အလယ်ဗဟိုမှ မဝေးသည့်နေရာတွင် ကျည်ဆံအပေါက်ကို တွေ့လိုက်ရသည်။
" ဆက်လုပ် " ဟယ့်ယွင်ထင်က သူ့လက်ကို လွှတ်ပေးမလာပေ။
လင်းဟန်၏စိတ်မှာ အနည်းငယ်ထွေပြားသွားရပြီး တစ်ဖက်လူ၏စည်းချက်အတိုင်း လိုက်မှီရန် ကြိုးစားနေရသည်။
ရုတ်တရက် အလွန်ဖျော့တော့သည့် သစ်မွှေးနံ့ကို သူ ရလိုက်သည်။ ၎င်းမှာ အလွန်တရာ ဖျော့လွန်းလှသဖြင့် အကယ်၍ သူသာ မိန်းမောမနေမိလျှင် လုံးလုံး သတိထားမိလိမ့်မည်မဟုတ်ပေ။ သို့သော် ဟယ့်ယွင်ထင်၏အမူအရာမှာ လေးနက်နေဆဲဖြစ်သဖြင့် လင်းဟန်က သူ ထပ်မံအတွေးလွန်နေပြန်ပြီဟု ကောက်ချက်ချလိုက်သည်။
သူ့စိတ်ကို ပြုပြင်ရန် ကြိုးစားလိုက်ပြီး ပစ်ခတ်မှုကိုပြန်လည်စတင်လိုက်တော့သည်။
_
သေနတ်အသေးစားလေးဖြစ်နေလျှင်တောင်မှ အချိန်တစ်ခုကြာလေ့ကျင့်ရခြင်းမှာ လူသစ်တစ်ယောက်အတွက် အတော်လေး ပင်ပန်းရဆဲပင်။
နှစ်ယောက်သား အနားယူကြသည့်အခါ လင်းဟန်က သူ့သေနတ်ကိုချထားလိုက်ပြီးနောက် လေ့ကျင့်ရေးပြီးဆုံးသွားကတည်းက သူနှင့်ခြေနှစ်လှမ်းဝေးကွာသွားသည့်ဟယ့်ယွင်ထင်ဆီသို့ လျှောက်သွားသည်။
" ဗိုလ်ချုပ် " လင်းဟန်၏နဖူးတွင် ချွေးအနည်းငယ် စို့နေပြီး သူ၏အသက်ရှုသံများမှာလည်း ယခုထိ နှေးကွေးသွားခြင်းရှိမနေပေ။ သူက ဟယ့်ယွင်ထင်ကို စကားပြောလာစဉ်တွင် အနည်းငယ်ပင့်သက်ရှိုက်လိုက်ပြီး
" ကျေးဇူးတင်ပါတယ် "
ဟယ့်ယွင်ထင်၏မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် မတည်မငြိမ်ဖြစ်သွားတော့သည်။
ခဏအကြာတွင် သူ၏ နှုတ်ကို ဖွင့်ဟသည်။
" လင်းဟန် "
ဟယ့်ယွင်ထင် သူ့နာမည်ကို ခေါ်လိုက်သည့်အချိန်တိုင်း သူ့လည်ချောင်းမှ လွတ်မြောက်လာသည့် နောက်ဆုံးစကားသံမှာ အမြဲလိုလိုတစ်ဝက်တပျက်ဖြင့် တိကျကာ တိုတောင်းလှပြီး ရမ္မက်သွေးအနည်းငယ် ကြွသွားစေသော တသသဖြစ်စေသည့်ခပ်အက်အက်အသံတစ်ခုအား မွေးဖွားလာသည့်အလားပင်။
" ရှေ့လျှောက်အနာဂတ်မှာ ကိုယ့်ကို ခေါ်ရင် ရိုရိုသေသေ မပြောလဲရတယ် "
မင်းက အရမ်းရိုသေလွန်းနေရင် ကိုယ်တောင့်ခံနိုင်တော့မှာမဟုတ်ဘူး။
ကံကောင်းထောက်မစွာပင် လင်းဟန်က လက်အိတ်ဝတ်ထားသောကြောင့် ထိုအခိုက်အတန့်၌ ဟယ့်ယွင်ထင်ဘာတွေးနေသည်လဲကို မသိလိုက်ရပေ။
ဟယ့်ယွင်ထင်က ပြောပြီးသည်နှင့် အကြည့်ကို လွှဲလိုက်ရာ လင်းဟန်သည် နားမလည်သောကြောင့် ကြောင်တောင်တောင်လေးနှင့် ဟယ့်ယွင်ထင်အား ဆက်ကြည့်နေမိသည်။
"ဒါ...ပြဿနာရှိလို့လားဟင်..."
"မရှိပါဘူး..."
ဟယ့်ယွင်ထင်က သေနတ်ကို ပြန်သိမ်းလိုက်ကာ လင်းဟန်ကို ကျောခိုင်းလိုက်သည်။
"ဒီတိုင်း အရမ်း ယဉ်ကျေးနေစရာမလိုဘူးလို့ပြောတာပါ..."
"ဗိုလ်ချုပ်..."
လင်းဟန်က တစ်ခုခုပြောမည်လုပ်လိုက်သော်လည်း ဟယ့်ယွင်ထင်က အနောက်ကို နည်းနည်းလေးတောင်ပြန်လှည့်မကြည့်ပဲ ခြေလှမ်းကျဲကြီးများဖြင့် အခန်းထဲမှ ထွက်သွားတော့သည်။
လင်းဟန် သူ့စကားကို ဆုံးအောင်ပင် မပြောလိုက်ရချေ။
အရမ်းယဉ်ကျေးနေစရာမလိုဘူး...ဒါပေမယ့် ငါတို့က တစ်ယောက်နဲ့တစ်ယောက်တောင် သိပ်သိကြသေးတာမဟုတ်ဘူးလေ...ဟုတ်တယ်မလား...
လင်းဟန် ဟယ့်ယွင်ထင်၏နောက်ကျောကို လှမ်းကြည့်ပြီးနောက် လက်ထဲမှ သေနတ်ကို ငုံ့ကြည့်ကာ စဉ်းစားနေမိသည်။ သူ ဟယ့်ယွင်ထင်၏ ဒဏ်ရာ သက်သာလား ဟု မေးချင်သောကြောင့် စကားစလိုက်ခြင်းဖြစ်သည်။
ဟယ့်ယွင်ထင်သည် အစစအရာရာပြင်ဆင်၍ သူ့အတွက်ပါ သေနတ်ကို ပြင်ဆင်ထားပုံအရ ယခင်တစ်ခေါက်ကအဖြစ်အပျက်အတွက် နောက်ကွယ်မှ ကြိုးကိုင်သူကို ဖမ်းမိပုံမရသေးပေ။
လင်းဟန် ဟယ့်ယွင်ထင်အား သူ၏စိတ်ဖတ်နိုင်သောအစွမ်းကိုပြောပြကာ အကူအညီပေးရန်ပင် စဉ်းစားမိသည်။ တကယ်တော့လည်း အသွေး အသားနှင့် အရေပြားအောက်မှ လူတစ်ယောက်၏ အတွေးများကို သိရန်မှာ မလွယ်ကူပေ။
သို့သော်လည်း သူ၏ အစွမ်းကို ဟယ့်ယွင်ထင်အား ပြောလိုက်ပါက ပထမဆုံး အရှက်ရသွားမည့်သူက ဟယ့်ယွင်ထင်ဖြစ်နေသည်။
ထို့ကြောင့် သူကင အတွေးများကို ရပ်၍ ဟယ့်ယွင်ထင်ပေးထားသော သေနတ်ကို သိမ်းကာ သေနတ်ခန်းမှ ထွက်လာလိုက်တော့သည်။
***
လင်းဟန်ကိုထားခဲ့၍ ထွက်လာခဲ့ချိန်တွင် အချိန်က နောက်ကျနေပြီဖြစ်သော်လည်း ပထမဌာနချုပ်သို့ မပြန်ချင်သေးသောကြောင့် ဟယ့်ယွင်ထင်သည် လုအန်းဟယ် လူရွေးနေသည့်နေရာသို့ သွားလိုက်သည်။
သူ တံခါးကို တွန်းဖွင့်လိုက်သောအခါ ကွန်ပြူတာမော်နီတာကို စူးစိုက်ကြည့်နေသော လုအန်းဟယ်က မတ်တပ်ရပ်၍ အလေးပြုလိုက်သည်။
"အခုထိတော့ အခြေအနေက ပုံမှန်ပဲ ဘော့စ်...ဒါပေမယ့် အဖြုတ်ခံရတဲ့နှုန်းက မနှစ်ကထက် ပိုများနေတယ်...ပထမအဆင့်ပြီးဖို့ နှစ်ရက်လိုနေသေးတာကို...မနေ့ကမှ လူတစ်ဝက်လောက်ကျန်သေးတယ်...ဒီနေ့ အဆင့်ကို အောင်တဲ့လူက တစ်ဝက်တောင်မရှိတာ့ဘူး..."
လုအန်းဟယ်က ဒေတာစာအုပ်ကို လှန်၍ ဆက်ပြောလိုက်သည်။
"ဒီနှစ် လာလျှောက်တဲ့လူက စုစုပေါင်း ၄၀,၀၀၀ ရှိတယ်...အယ်လ်ဖာက ၁၂,၀၀...ဘီတာက ၂၈,၀၀၀...လူရွေးတဲ့ စည်းမျဉ်းအရ ပြုတ်သွားတဲ့လူတွေရယ်...ပထမအဆင့်လေ့ကျင့်ရေးမှာတင် မခံနိုင်လို့ သူ့တို့ဘာသာသူတို့ထွက်သွားကြတဲ့လူတွေကို ပေါင်းလိုက်ရင် အခုလက်ရှိကျန်နေတဲ့လူတွေမှာ အယ်လ်ဖာထက် ဘီတာတွေက ပိုများနေတယ်..."
"အယ်လ်ဖာတွေတော်တော်များများ ထွက်သွားကြတဲ့ အဓိကအကြောင်းရင်းက ဒဏ်မခံနိုင်လို့တဲ့...အခုခေတ်ကလေးတွေက တော်တော်ကို ပျက်စီးနေကြတာပဲ..."
လုအန်းဟယ်က စုတ်သပ်၍ ပြောလိုက်သည်။ အမြဲပြုံးရွှင်နေကျ သူ၏မျက်နှာက ဤအချိန်တွင်တော့ ရှားရှားပါးပါး မျက်မှောင်ကြုတ်နေကာ ဒေါသလည်း အနည်းငယ်ထွက်နေပုံရသည်။
"လာလျှောက်ကြတဲ့ ကလေးတွေက သူတို့ရဲ့ စိတ်စွမ်းအား နဲ့ ခွန်အားတွေနဲ့ ဒီ့ထက်ပိုကောင်းတဲ့ အလုပ်တွေ လုပ်နိုင်မယ်လို့ထင်နေကြတယ်...ဪ ပြီးတော့ ဒီပြိုင်ပွဲက တမင်ကို အရမ်းမခက်ခက်အောင်လုပ်ထားတယ်ဆိုပြီးလည်းပြောနေကြတယ်...တချို့ဆိုရင် ဘော့စ်အကြောင်းကို စာရေးပြီး ကောင်စီကို တိုင်မယ်လုပ်နေကြတယ်..."
ဟယ့်ယွင်ထင်က ဦးထုပ်ကို ချွတ်၍ စကားတစ်ခွန်းမှမပြောသော်လည်း သူ့မျက်လုံးများက လုအန်းဟယ်ပြောနေသည်များကို အမှုမထားသည့်ပုံပေါက်နေသည်။ မက်ခါမောင်းစစ်သားများရွေးချယ်ပွဲက နှစ်စဉ်ကျင်းပလေ့ရှိရာ ထိုကဲ့သို့ အခြေအနေများက နှစ်တိုင်း ဖြစ်လေ့ရှိသည်သာဖြစ်သည်။
ဟယ့်ယွင်ထင်သည် ဘာမှပြန်မပြောပဲ လုအန်းဟယ် လှမ်းပေးလိုက်သော အရည်အချင်းမမှီသောစစ်သားစာရင်းကိုယူကြည့်လိုက်သည်။
ယခုနှစ်ပိုင်းများ၌ အင်ပါယာက တစ်ဖြည်းဖြည်းပို၍စည်ပင်တိုးတက်လာသောကြောင့် လူငယ်တော်တော်များများသည်လည်း လိုတရဖြစ်၍ အလိုလိုက်ခံလာရေလရာ တဖြည်းဖြည်း ပို၍ပျင်းကာ ဆောင့်ကြွားကြွားလည်း နိုင်လာကြသည်။ ထိုလူငယ်များသည်လည်း စာအုပ်များ၊ တီဗီများထဲမှသာမြင်တွေ့နေရသာ မက်ခါများကို ပေါ့သေးသေးထင်ကာ သူတို့လည်း အေးအေးဆေးဆေးပင် မောင်းနိုင်ကြမည်ဟုထင်နေကြသည်။ သူတို့သည် ဒုတိယမြောက်ဟယ့်ယွင်ထင် ဖြစ်လာတော့မည်ဟု သူတို့ကိုယ်သူတို့ ထင်နေကြသည်။ သို့သော် ပြင်းထန်သော လေ့ကျင့်မှုများနှင့် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရသောအခါမှသာ ခြေထောက်ကိုပင် မသယ်နိုင်တော့ပဲ နှုတ်ထွက်ကုန်ကြတော့သည်။
ကိုယ်တိုင်မကြုံမတွေ့ရမချင်း ငြိမ်းချမ်းမှုအောက်၌ဖုံးကွယ်နေသော အမှောင်ထုကို မြင်တွေ့ရမည်မဟုတ်ချေ။
ဟယ့်ယွင်ထင်အား လုပ်ကြံမှုသည် သတင်းများပေါ်၌ ပြန့်သွားသည့်အခါတွင်လည်း လူများက ထိုကဲ့သို့ ရိုးရှင်းသည့်လုပ်ကြံမှုလေးဖြင့် ဟယ့်ယွင်ထင်အား မည်ကဲ့သို့ ထိခိုက်အောင်လုပ်နိုင်မည်နည်းဟု ပြောကြ၍ လုပ်ကြံသူအား လှောင်ပြောင်ကြကာ ဟယ့်ယွင်ထင်ကိုသာ ချီးကျူးနေကြလေသည်။
လူရွေးပွဲ၏ပထမအဆင့်က ကိုယ်ကာယစွမ်းရည်သက်သက်သာဖြစ်သည်။ ပြိုင်ပွဲဝင်များ၏ အခြေအနေအမျိုးမျိုးကို ကြံ့ကြံခံနိုင်သည့် ကိုယ်ကာယစွမ်းရည်ကို စစ်ဆေးရန် ပြင်းထန်သည့် လေ့ကျင့်ရေးများကို လုပ်ခိုင်းခြင်းသာဖြစ်သည်။
လုအန်းဟယ်သာ ဝင်မပြောလျှင် ဟယ့်ယွင်ထင်သည် စစ်ဆေးမှုများအား ယခုထက်ပို၍ ပြင်းထန်အောင် လုပ်ထားမည်ဖြစ်သည်။
ဤလူရွေးပွဲသို့ လာအစစ်ဆေးခံသည့် စစ်သားများသည် တတိယအဆင့်သို့ မရောက်မချင်း ကိုယ်ပိုင်အခန်းမရပဲ အခြားလူများနှင့် တစ်ခန်းတည်းတူတူနေရသည်။ ရေချိုးခန်း၊ အိမ်သာ ဝင်သည့်အချိန်များမှလွဲ၍ လူတိုင်းအား အချိန်တိုင်း လျှို့ဝှက်ကင်မရာများဖြင့် မှတ်တမ်းတင်ထားသည်။
ထို့အပြင် လေ့ကျင့်ပေးသူဆရာများကလည်း ထိုစစ်သားများနား၌ အချိန်ပြည့်နီးပါးရှိနေ၍ စစ်သားတစ်ယောက်ချင်းစီ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်သော ကင်မရာများကိုလည်း လူတစ်ယောက်ချင်းစီက စောင့်ကြည့်နေကြသေးသည်။ အမှားလေးတစ်ခု လုပ်မိသည်နှင့် ချက်ချင်း တစ်မှတ်အနှုတ်ခံရသည်။ စစ်သားတစ်ယောက်ချင်းစီအား အစ၌ အမှတ် ၁၀၀ စီပေးထား၍ အမှားများလုပ်၍ အမှတ်များကုန်သွားပြီဆိုသည်နှင့် ဤလူရွေးပွဲမှ အထုတ်ခံရတော့သည်။
ဟယ့်ယွင်ထင်လက်ထဲ၌ ကိုင်ထားသည့် စာအုပ်က စစ်သားများ၏အမှတ်များကို မှတ်တမ်းတင်ထားသောစာအုပ်ဖြစ်သည်။ ထိုစာအုပ်ထဲ၌ ပြိုင်ပွဲမှအထုတ်ခံရသူများအပြင် ယခုထိ အမှတ်ကောင်းနေသည့်လူများလည်း ပါသည်။
ပထမဆုံးအမှတ်အကောင်းဆုံးလူမှာ ချီကျားမူ ဟုခေါ်သော အယ်လ်ဖာစစ်သားတစ်ဦးဖြစ်သည်။ သူသည် စစရောက်ချိန်၌ စည်းကမ်းများကို မသိသေး၍ တစ်မှတ်အလျှော့ခံလိုက်ရ၍ နောက်ပိုင်းများ၌ လုပ်ဆောင်ချက်များကို အလွန်ကောင်းသောကြောင့် တစ်မှတ်မှ ထပ်မလျှော့ခံရသေးပေ။
ချီကျားမူနောက်၌ရှိနေသည်က ဘီတာစစ်သားများဖြစ်သည်။ ဘီတာများသည် အယ်လ်ဖာများလောက် စိတ်စွမ်းအား၊ ကိုယ်ခွန်အားများမကောင်းသော်လည်း သူတို့၏ ကြိုးစားမှုများကြောင့် အမှတ်များကောင်းနေကာ ရှေ့နားသို့ရောက်နေကြခြင်းဖြစ်သည်။
အချိန်က ညနေစောင်းရောက်လာသည်နှင့်အမျှ လေ့ကျင့်ရေးလည်း ပြီးသွား၍ စစ်သားများသည် ညနေစာစားရန် စားသောက်ဆိုင်တန်းများဆီသို့ ရောက်ကုန်ကြသည်။
ဟယ့်ယွင်ထင်လည်း မျက်ခုံးကိုကုတ်၍ ကွန်ပြူတာမျက်နှာပြင်ကို ကြည့်နေရာမှ အကြည့်လွှဲလိုက်သည်။
လုအန်းဟယ်သည်လည်း သူ့အတွက် အစားက အရေးအကြီးဆုံးဖြစ်သောကြောင့် အလုပ်ပြီးသည်နှင့် စားသောက်ဆိုင်တန်းသို့ တန်းသွားတတ်သည်။ ဌာနစားသောက်ဆိုင်များမှကျွေးသောအစားအသောက်များသည် အမြဲအတူတူပင်ဖြစ်သော်လည်း စောစောရောက်လျှင် အနည်းဆုံးတော့ အချိုမုန့်များကို ရွေးချယ်၍ရသေးသည်။
ထို့ကြောင့် လုအန်းဟယ်သည်လည်း စားသောက်ဆိုင်တန်းသို့သွားရန် အခန်းထဲမှ ထွက်မည်လုပ်ပြီးမှ နှာခေါင်းကို ရှုံ့ကာ ခြေလှမ်းများကို ရပ်လိုက်သည်။
"ဘော့စ်..."
လုအန်းဟယ်က မသင်္ကာသည့်လေသံနှင့် ခေါ်လိုက်သည်။
"ခုနက ဘော့စ် မစ္စတာလင်းနဲ့ ဘာတွေလုပ်နေတာလဲ..."
လုအန်းဟယ်က ဘာကြောင့် ထိုသို့မေးသည်ကို ဟယ့်ယွင်ထင်က နားမလည်ပဲ ပုံမှန်သာပြန်ဖြေလိုက်သည်။
"သေနတ်ကိုင်နည်း သင်ပေးနေတာ..."
"ဒါပဲလား..."
လုအန်းဟယ်က မယုံသည့်လေသံနှင့် ထပ်မေးလိုက်သည်။
ဤတစ်ခေါက်တွင်တော့ ဟယ့်ယွင်ထင်က အနည်းငယ် စိတ်တိုလာသည့်ပုံဖြင့် လုအန်းဟယ်အား စေ့စေ့ကြည့်ကာပြောလိုက်သည်။
"ဒါပဲ..."
"...ဪ.."
လုအန်းဟယ် ကြောင်တောင်တောင်ဖြစ်သွားသည်။
"ကျွန်တော်ထင်တာက ဘော့စ်တို့နှစ်ယောက်..."
"ဘာလဲ..."
"အဟမ်း...ဘော့စ်တို့ရဲ့ ဖယ်ရိုမုန်းအနံ့တွေက ရောထွေးနေလို့..."
ဖြတ်ထိုးဉာဏ်ကောင်းသောလုအန်းဟယ်သည် အဓိပ္ပာယ်တစ်မျိုးမသက်ရောက်စေမည့်စကားလုံးကိုရွေးကာ ပြောလိုက်သည်။
"ပြီးတော့...ကျွန်..ကျွန်တော် ဘော့စ်ရဲ့ ဖယ်ရိုမုန်းနံ့လည်း နည်းနည်းရနေလို့..."
လုအန်းဟယ်သည်လည်း အယ်လ်ဖာတစ်ယောက်ဖြစ်သောကြောင့် အယ်လ်ဖာအချင်းချင်း၏ ဖယ်ရိုမုန်းအနံ့ကို ပို၍ အာရုံခံနိုင်လေသည်။
ဟယ့်ယွင်ထင်သည် သူပြောသလို လင်းဟန်နှင့် ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင် မျက်နှာပျက်သွားစရာမလိုသော်လည်း ထိုအခိုက်၌ ဟယ့်ယွင်ထင်၏မျက်နှာက အနည်းငယ်ပြောင်းသွားသည်။
"ဘာမှမဖြစ်ခဲ့ဘူး...သွား ထမင်းသွားစားတော့..."
လုအန်းဟယ်လည်း တစ်ချက်ရယ်၍ ထွက်သွားတော့သည်။
ဟယ့်ယွင်ထင်သည် သူ့ညစာကို အခန်းထဲသို့လာပို့ရန် စစ်သားတစ်ယောက်အား ခိုင်းလိုက်၍ ထိုထိန်းချုပ်ခန်းထဲမှာပင် တစ်ယောက်တည်း ဆက်နေနေလိုက်သည်။ လုအန်းဟယ်ထွက်သွားပြီးမှပင် ခုနက အဖြစ်အပျက်ကို သေချာစဉ်းစားချိန်ရတော့သည်။
ဟယ့်ယွင်ထင်သည် လင်းဟန်အား သေနတ်ပေး၍ အခြေခံအသုံးပြုနည်းများကို သင်ပေးနေရခြင်းမှာ လင်းဟန် သူ့ကိုယ်သူကာကွယ်နိုင်ရန်မှလွဲ၍ အခြားရည်ရွယ်ချက်မရှိပေ။
👾