အပိုင်း၂၀
Viewers 2k

👾Chapter - 20

[ ငါ တောင့်ခံနိုင်တော့မှာမဟုတ်‌ဘူး ]




လင်းဟန်က ထိုသည်ကို ယုံကြည်သွားပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူ၏ လက်ရှိဒီဇိုင်းအားထိခိုက်နိုင်ခြင်းရှိ၊မရှိကို အသေးစိတ်မေးမြန်းပြီးနောက် စိတ်ကျေနပ်နိုင်လောက်သည့်အဖြေ ရရှိသွားချိန်၌ ခေါင်းငြိမ့်လိုက်ရင်း " ကောင်းပါပြီ။ ဒါဆို မနက်ဖြန်ကျ ကျွန်‌တော် စီမံခန့်ခွဲရေးရာနဲ့ စကားပြောလိုက်ပါမယ် " 


လုအန်းဟယ်သည် အောင်မြင်မှုအလင်းရောင်တစွန်းတစ တွေ့ရှိပြီဟု တွေးလိုက်မိရင်း ဖြေလိုက်သည်။ 


" ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် မစ္စတာလင်း "


" စကားမစပ် " လင်းဟန်သည် ဆက်သွယ်‌မှုကို အဆုံးသတ်ရန် ပြင်လိုက်သော်လည်း ယင်းနောက် ဟယ့်ယွင်ထင်မှာ နံဘေးတွင် ယခု ရှိမနေသည်ကို  သတိရသွားသည်။ 


" ကျွန်တော် ဒုဗိုလ်မှူးလုကို ကိုယ်ရေးကိုယ်တာမေးခွန်းတစ်ခု မေးချင်ပါတယ် "


" ပြောပါ မစ္စတာလင်း "


လင်းဟန်က လက်ချောင်းများကို ဖောင်တိန်၌ ရစ်ပတ်လိုက်ရင်း ညင်သာစွာ မေးလာသည်။ 


" ဗိုလ်ချုပ်က ကျွန်တော့်ကို ဘယ်လိုမျိုးမြင်လဲဆိုတာ ကျွန်တော် တကယ်သိချင်နေတုန်းပဲ။ ဒုဗိုလ်မှူးလု ကျွန်တော့်ကိုပြောပြပေးပါ။ ကျွန်တော် ဗိုလ်ချုပ်ကို ပြန်မပြောပါဘူး "


လုအန်းဟယ်သည် တစ်ချိန်လုံးအနားမှာ ' ရှိမနေသည့် ' ဟယ့်ယွင်ထင်အား စိတ်ပျက်ပုံပေါ်လျက် စိုက်ကြည့်လိုက်ရင်း


 " အဲ့ဒါက..."


လုအန်းဟယ်က ဘော့စ်၊ ကျွန်တော်ဘယ်လိုရှင်းပြရမလဲဟု အဓိပ္ပာယ်ရသည့် မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ဟယ့်ယွင်ထင်သည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။သို့သော် သူက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လုအန်းဟယ်အနားသို့ ခြေနှစ်လှမ်းခန့် တိုးသွားလိုက်သည်။


သူသည် လုအန်းဟယ်အတွက် အဖြေရေးပြရန် ဖောင်တိန်နှင့်စာရွက်တစ်ခုကို ရိုးရိုးရှင်းရှင်း ရှာချင်ရုံသာ။


ရလဒ်အနေဖြင့် သူ လမ်းလျှောက်လာချိန်တွင် လုအန်းဟယ်သည် ၎င်းကိုရှောင်တိမ်းရန် ဆက်သွယ်‌ရေးကိရိယာမှ ဗီဒီယိုခလုတ်အား သူ့လက်ဖြင့် မတော်တဆ နှိပ်မိသွားတော့သည်။


" ဒေါက်- " လုအန်းဟယ်မှာ အချိန်မီ မတားဆီးနိုင်သည့်အတွက် တောင်းဆိုချက်မှာ ပေးပို့ပြီးသွားခဲ့‌လေပြီ။


" ဒုဗိုလ်မှူးလု "


ရုတ်ချည်း လင်းလက်သွားမှုနှင့်အတူ လင်းဟန်၏ဆက်သွယ်ရေးကိရိယာတွင် ဗီဒီယိုတောင်းဆိုမှုတစ်ခုပေါ်လာလေသည်။ 


ဤကဲ့သို့ နည်းလမ်းဖြင့်‌ ပြောဆိုရန် လုအန်းဟယ် အဘယ့်ကြောင့် ရုတ်တရက် ဆုံးဖြတ်လိုက်သည်ကို သူ မသိသော်လည်း  မည်သို့ပင်ဖြစ်စေ လက်ခံသည်ကိုနှိပ်လိုက်မိပြီး ဆက်သွယ်ရေးကိရိယာမှာ လင်းလက်သွားကာ ပုံရိပ်ယောင်အလင်းမျက်နှာပြင်တစ်ခု ပေါ်ပေါက်လာတော့သည်။


လင်းဟန်မှာ ထို့နောက်တွင် လုအန်းဟယ်ပြောသည့် 'အနီးအနားတွင်ရှိမနေ' သည့်ဟယ့်ယွင်ထင်ကို မျက်နှာပြင်၏ တစ်ဖက်တွင် တွေ့မြင်လိုက်ရသည်။


"....."


"....."


"....."


ချက်ချင်း တိတ်ဆိတ်သွားမှု။


မျက်နှာကို တစ်စက္ကန့်မျှ ဖြတ်ရိုက်မိသွားသောလုအန်းဟယ် လုံးလုံးလျားလျား စိတ်ထိခိုက်နေချိန်တွင် ဟယ့်ယွင်ထင်နှင့်လင်းဟန်တို့မှာ မျက်နှာပြင်ပေါ်တဆင့် စိုက်ကြည့်နေကြသည်။


လေထုမှာ‌ 'ကိုးရိုးကားယားနိုင်မှု 'များ ဖြင့် ပြည့်နှက်သွားသည်။


ကံကောင်းစွာပင် လင်းဟန်က လျင်မြန်စွာ တုံ့ပြန်လာသည်။


" ဗိုလ်ချုပ်က ကိုယ်တိုင်ပြောချင်တယ်ဆိုမှတော့ အဲဒါကလဲ အဆင်ပြေပါတယ် "


" ကျွန်တော့်ကို အတိအကျ ဘယ်လိုမျိုးမြင်ပါသလဲ "


လင်းဟန်သည် မိုင်ပေါင်းထောင်‌‌ချီအဝေးမှ မျက်နှာပြင်ကိုကြည့်လိုက်ရင်း အေးဆေးစွာပြောလိုက်သည်။


တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။


လင်းဟန်သည် ဤမေးခွန်းကို ဟယ့်ယွင်ထင် မဖြေပေးလောက်ဘူးဟုထင်ကာ ကျော်သွားရန် ရည်ရွယ်လိုက်ချိန်တွင် တင်းမာသည့်မျက်နှာထားကို ထိန်းသိမ်းထားသည့်ဟယ့်ယွင်ထင်က အဆုံးတွင် သူ့နှုတ်ကို ဖွင့်ဟလာတော့သည်။


 " မစ္စတာလင်းက... လှတယ် "


ဟယ့်ယွင်ထင်သည် အမှန်တကယ် မည်သို့ ပြောရမည်ကို မသိသလို လင်းဟန်ကိုလည်း အကြာကြီး စောင့်မနေစေချင်ပေ။


"....." 


လိုင်းတစ်ဖက်မှလင်းဟန် မည်သည့်တုံ့ပြန်မှုကိုမှ မပြုလုပ်နိုင်မီတွင် ပေါင်းစည်းရေးဌာန၏ထောင့်မှ ဖြစ်စဉ်တစ်ခုလုံးကို မျက်ဝါးထင်ထင်မြင်‌တွေ့လိုက်ရသောလုအန်းဟယ်မှာ *သစ်သားကဲ့သို့မျက်နှာဖြစ်သွားရကာ သူ့နဖူးကိုစိတ်ပျက်လက်ပျက် ကိုင်လိုက်တော့သည်။

[T/N- မျက်နှာအမူအရာကင်းမဲ့]


...ဒါက ဘာမှမပြောတာလောက်တောင် ကောင်းမနေဘူး။


လင်းဟန်သည်  ဦးဆုံး ခေတ္တမျှတောင့်သွားခဲ့သော်လည်း ထို့နောက်တွင်မူ မျက်နှာပြင်၏တစ်ဖက်ခြမ်း၌ သူ့နှုတ်ခမ်းများကို ကွေးညွတ်လိုက်သည်။


ဟယ့်ယွင်ထင်သည် အီလက်ထရွန်းနစ်မျက်နှာပြင်ပေါ်မှ လူငယ်လေးကိုကြည့်ရင်း ဤအေးစက်စက်အချက်အလက်ပေါ် သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားမှုက ပို၍ပို၍ထင်ရှားလာတော့သည်။


လူငယ်လေး၏မျက်ဝန်းများက တောက်ပလျက်ရှိကာ တစ်စုံတစ်ရာကို စဉ်းစားနေသည့်အတိုင်းပင်။


 " ဒါဆို ဒီတိုင်း ကျွန်တော်ကလှလို့ ဗိုလ်ချုပ်က မက်ခါ Debuggingလုပ်ဖို့ တောင်းဆိုခဲ့တာပေါ့ "


" ကျိန်းသေအဲ့ဒီလိုမဟုတ်ဘူး " 


ဟယ့်ယွင်ထင်၏မျက်နှာက တင်းမာနေပြီး ဤတစ်ခေါက်အဖြေက မြန်ဆန်လွန်းလှသည်။


" ဒါဆိုဘာလို့လဲ "


ဟယ့်ယွင်ထင်သည် ထောင့်တစ်‌နေရာတွင်ရှိနေသည့် လုအန်းဟယ်ကို တစ်ချက်ကြည့်လိုက်သည်။


သူ၏အနေအထားကြောင့် လုအန်းဟယ်မှာ လင်းဟန်မြင်ကွင်းမျက်နှာပြင်၏ အပြင်ဘက်သို့ ရောက်ရှိနေပြီး လင်းဟန်ဘက်မှကြည့်လျှင် ဟယ့်ယွင်ထင်၏မျက်နှာကိုသာ မြင်ရနိုင်သည်။ သူ၏ဘော့စ်ကို လှောင်ပြောင်လိုသော်လည်း အလွန်အမင်း မရယ်ဝံ့သဖြင့် ပုံမှန်မျက်နှာထားသို့ ပြန်ရောက်ရန် တစ်ဖက်လှည့်၍ သူ့မျက်နှာကို အုပ်ကိုင်ထားရသည့်ဒုဗိုလ်မှူးလုကိုမူ မမြင်တွေ့နိုင်ပေ။


ဟယ့်ယွင်ထင်သည် သူ့အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်နှာအမူအရာက ထပ်မံအေးစက်သွားပြန်သည်။


ဤအခိုက်အတန့်တွင် လုအန်းဟယ် ခံစားချက် မကောင်းတော့ချေ။


သူ အဲ့ဒါကို ထပ်မလုပ်လောက်ဘူးမလား...။


" အဲ့ဒါက ဘာလို့လဲဆိုတော့ " 


ဟယ့်ယွင်ထင်က အေးစက်စွာပြောသည်။ 


" လုအန်းဟယ်ရဲ့ မက်ခါပျက်သွားလို့ "


"...ဒီတစ်ခေါက်က တကယ်ပျက်သွားတာ "


လုအန်းဟယ်သည် နောက်ဆုံးတွင် တောင့်မခံထားနိုင်တော့ဘဲ ဗီဒီယိုမျက်နှာပြင်ပေါ်၌ ကျယ်လောင်စွာ အော်ရယ်တော့လေသည်။


၂၉နှစ်ရှိပြီဖြစ်သည့် အမျိုးသားအယ်လ်ဖာ၊ဟယ့်ယွင်ထင်သည် တစ်စုံတစ်ဦးကို ချီးမွမ်းရန် ကြိုးစားနေရသည့် အကြပ်အတည်းကြားတွင် ကျရောက်နေရသည်။ 


သူက မက်ခါ Debuggingလုပ်ရန် နှင့် ပြုပြင်ရန်အတွက်  မစ္စတာလင်းအား အခြေစိုက်စခန်းသို့လာရောက်စေရန်အလို့ငှာ သူ့လက်ထောက်၏မက်ခါကို လက်ဗလာဖြင့် တစ်စစီဖြုတ်ပစ်ရုံမှတစ်ပါး ပိုမိုကောင်းမွန်သည့် မည်သည့် နည်းလမ်းကိုမှ ရှာမတွေ့ခဲ့ချေ။


လင်းဟန်သည် ပြုံးလုလုအမူအရာနှင့် ဟယ့်ယွင်ထင်နှင့်ပြည့်နက်နေသည့် ဖန်သားပြင်ကို ကြည့်နေသည်။


အလင်းမျက်နှာပြင်၏အရောင်မှာ မူလနှင့် အနည်းငယ်ကွဲပြားနေပြီး တစ်ဖက်လူ၏ခန့်ညားကာ ပြိုင်ဘက်ကင်းသည့်မျက်နှာကမူ အမူအရာကင်းမဲ့လျက်ပင် ရှိနေသည်။ အချက်အလက်များလုပ်ဆောင်ပြီးနောက်တွင် သူ့ဆံပင်အရောင်သာလျှင် ရွှေအိုရောင်အနည်းငယ် စွန်းထင်းသွားခဲ့ပြီး သူ၏မျက်ဝန်းပြာများအရောင်မှာ အနည်းငယ် နက်ရှိုင်းသွား‌လေသည်။


"ဒုဗိုလ်မှူးလုကို ခက်ခဲအောင်မလုပ်ပါနဲ့‌ " လင်းဟန်က ပြောသည်။ 


" အကယ်၍ သူ့မက်ခါက နှစ်စဉ်စစ်ဆေးရေးလုပ်ဖို့လိုအပ်တယ်ဆိုရင် ဒီအတိုင်း အဖွဲ့အစည်းဆီ ပို့လိုက်လို့ရပါတယ်။ အဲ့ဒါက ဘာမှဖြစ်မနေဘူးဆို ပြုပြင်ဖို့မလိုအပ်ပါဘူး "


လုအန်းဟယ်၏ စိတ်အခြေအနေမှာမြင့်တက်နေရာမှ မိနစ်အနည်းငယ်အတွင်း ပြန်လည်ထိုးကျသွားတော့သည်။ သူ့ဘော့စ်၏မျက်နှာကိုကြည့်၍ မရယ်သင့်ကြောင်းကိုလည်း သူက လျင်မြန်စွာပင် ပြန်လည်သုံးသပ်မိသွားပြီး မစ္စတာလင်းကိုသာ ချီးမွမ်းချင်မိတော့သည်။ အကယ်၍ ဟယ့်ယွင်ထင်သာ ထိုနေရာ၌ ရှိမနေလျှင် သူ့ပုံရိပ်‌ကို ဂရုမစိုက်ဘဲ သူ့(လင်းဟန်)ပေါင်ကိုသွား၍ ဖက်ကာ ကျေးဇူးတင်ကြောင်း အော်ဟစ်ပြောမိလိမ့်မည်ပင်။


" အင်း " ဟယ့်ယွင်ထင်က တိုတိုတုတ်တုတ် တုံ့ပြန်သည်။


" ဒုဗိုလ်မှူးလုကို လွှဲပေးဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေ လွှဲပေးစေလိုက်ပါ။ ကျွန်တော် အဖွဲ့အစည်းကို မနက်ဖြန် ဆက်သွယ်လိုက်ပါ့မယ်။ ပြီးရင် သဘက်ခါ...."


" မင်းကို လာခေါ်ဖို့ ကိုယ် လုအန်းဟယ်ကို လွှတ်လိုက်မယ် " ဟယ့်ယွင်ထင်က ဖြတ်ပြောလာသည်။


လင်းဟန်က နားမလည်ပေ။ " ဟမ် "


" လုပ်ရိုးလုပ်စဉ်ကိစ္စတွေနဲ့ပတ်သတ်ပြီး  ဘာမှစိုးရိမ်နေစရာမလိုပါဘူး " 

ဟယ့်ယွင်ထင်က ပြောသည်။


လုအန်းဟယ်က အလျင်အမြန် ထပ်ပြောလာသည်။


 " ဟုတ်တယ်၊ဟုတ်တယ်။ မစ္စတာလင်း ကျွန်တော် ခင်များအတွက် လုပ်ရိုးလုပ်စဉ်ကိစ္စတွေကို တိုက်ရိုက် ကိုင်တွယ်ထားလိုက်ပါ့မယ်။ ခင်များ ဘယ်အချိန်အဆင့်သင့်ဖြစ်နေမလဲပြောပါ၊ ကျွန်တော် လာခေါ်လိုက်ပါ့မယ် "


" ဒါပေမဲ့ မင်းတို့ရဲ့အခြေစိုက်စခန်းက အကုန်ပိတ်ထားတာမလား။ ဒါဆို ကျွန်တော် အိမ်ပြန်ပြီး အထုတ်..."


" အခြေစိုက်စခန်းမှာ မင်း လိုအပ်တဲ့အရာအကုန်ရှိတဲ့အထူးအခန်းတွေရှိတယ် " 


ဟယ့်ယွင်ထင်က အေးစက်စက်ဖြင့် ဆက်ပြောလာသည်။


"....." လုအန်းဟယ် သူ့မျက်နှာကို ဖုံးကွယ်ချင်မိသွားလေသည်။


' ခင်ဗျားက အခုလေးတင် သူ့အလှကိုချီးမွမ်းထားပြီးတော့ သူ့ကို ဘာမှမပြင်မဆင်ဘဲ ခင်ဗျားရှေ့ကို ချက်ချင်းရောက်လာစေ‌ချင်နေတယ် '


စကားလုံးများသည် တည့်တိုးဆန်လွန်းကာ ပရိယာယ်ကြွယ်လွန်းသည့်အပြင် အတော်လေး အရိုင်းဆန်လှလေသည်။ 


၎င်းကိုကြားလိုက်ရသည့်အခါ မစ္စတာလင်း စိတ်ဆိုးသွားမည်လား သူ မသိချေ။


သို့သော် လုအန်းဟယ်သည် အမှားယွင်းပြုလုပ်မိမည်ကို တကယ်ကြောက်နေမိပြီး သူ့ကိုထပ်မံကာကွယ်ပေးလိုက်သော်လည်း ဟယ့်ယွင်ထင်က လျင်လျင်မြန်မြန်လုပ်ချလိုက်ပြန်သည်။ 


ဟယ့်ယွင်ထင် သူ့ဇနီးမယားကို ရရှိနိုင်ရေးအတွက် လုအန်းဟယ်က ဆက်လက်ကူညီရန် ဆုံးဖြတ်လိုက်သည်။


 " ကောင်းပါပြီ မစ္စတာလင်း၊ နောက်မှ ခင်များ အိမ်ပြန်၊ ထုတ်ပိုးဖို့ ကျွန်တော်အဖော်လိုက်ပေးပါ့မယ်။ စိတ်မပူပါနဲ့၊ အားလုံး ကျွန်တော့်ကိုသာ အကုန်အပ်ထားလိုက်ပါ "


လုအန်းဟယ်၏ စစ်မှန်သော သဘောထားက လင်းဟန်ကို ကူးစက်သွားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ နောက်‌ဆုံးတွင် လှပသော မစ္စတာလင်းသည် " အိုး "ဟူ၍ အသံပေးကာ ဆက်သွယ်မှုကို အဆုံးသတ်သွားတော့သည်။


ညွှန်ကြားရေးအခန်းမှာ ပြန်လည်ငြိမ်သက်သွားလေသည်။


လုအန်းဟယ်က သူ မြိုချမိတော့မည့်သော့တံကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး တံခါးနားသို့ အသာသွားကာ ဖွင့်လိုက်ပြီးနောက် တိတ်တိတ်လေးထွက်သွားရန် ပြင်လိုက်သည်။


" နေအုံး " ဟယ့်ယွင်ထင်က သူ့ကိုတားရန် ရုတ်တရက် အော်လိုက်သည်။


လုအန်းဟယ်၏နောက်ကျောက အေးစက်သွားလေသည်။ 


'သူ့မှာလှည့်ကွက်အသစ်တွေရှိနေတာလား'


ဟယ့်ယွင်ထင်သည် လေ့ကျင့်ရေးကြောင့် သေလောက်အောင် နှိပ်စက်ခံနေရသော လူသစ်အုပ်စုကို စိုက်ကြည့်နေဆဲဖြစ်ပြီး အနောက်သို့ လှည့်ကြည့်မလာချေ။ 


" ငါ့IDကိုသုံးပြီး သေနတ်တစ်လက် သွားယူလာခဲ့ "


လုအန်းဟယ်သည် သူ၏ ရွှတ်နောက်နောက်အမူအရာကို ဘေးဖယ်လိုက်ရင်း အံ့ဩသွားတော့သည်။


" အလောင်းခွဲစိတ်မှုအစီအရင်ခံစာက အခုထိ ပြန်ရောက်မလာသေးဘူး " 


ဟယ့်ယွင်ထင်၏ မျက်ဝန်းများ၌ စောင့်ကြပ်လိုမှုများဖြင့် လင်းလက်သွားသည်။


 " သူ ဒီမှာ‌ရှိနေတဲ့အချိန် မတော်တဆဖြစ်လို့မဖြစ်ဘူး "


-


လင်းဟန် အခြေစိုက်စခန်းဆီသို့ အလုပ်ခရီးထွက်မည့်သတင်းသည် သိပ်မကြာခင်မှာပင် အဖွဲ့အစည်းတစ်ခုလုံးအနှံ့ပျံ့နှံ့သွားတော့သည်။


ဟယ့်ယွင်ထင်ကိုယ်တိုင် နှစ်ကြိမ်တိုင် ရောက်လာပြီးနောက်၊ လူတိုင်းမှာ မုန်းတီးမှုမရှိကြသော်လည်း လင်းဟန်နှင့် ဟယ့်ယွင်ထင်ကြားရှိ ဆက်ဆံရေးကို တိတ်တဆိတ် ခန့်မှန်းနေကြဆဲဖြစ်သည်။


တချို့လူများက ဗိုလ်ချုပ်သည် မက်ခါကို စိတ်အားထက်သန်စွာချစ်မြတ်နိုးသည်ဟုပြောကြသော်လည်း တချို့လူများကမူ ၎င်းကို ပြင်ဆင်ပြီးသွား‌ခဲ့သည့်အခါ လူကိုယ်တိုင်ပင် လာရောက်ယူဆောင်ခြင်းမှာ လင်းဟန်ကို တွေ့ချင်သောကြောင့်ဖြစ်သည်ဟု ချက်ချင်းပြန်လည်ချေပကြသည်။


တချို့လူများဆိုလျှင် မင်းသား၏ညစာစားပွဲတွင် ဟယ့်ယွင်ထင်က လင်းဟန်အား အက ကရန် ဖိတ်ကြားခဲ့သည်ဟူသည့်အတင်းအဖျင်းများကိုလည်း ကြားခဲ့ကြရသည်။


 ဤအရာများသာမက ယခုရက်ပိုင်း၌ အတွင်းပိုင်းဆက်သွယ်ရေးလိုင်းအား လုအန်းဟယ်မှ တစ်ခါတစ်ရံခေါ်ဆိုလျက်ရှိသည်ကို အဖွဲ့အစည်းတစ်ခုလုံးက မြင်‌တွေ့နေရသဖြင့် နှစ်ဦးသားကြား၌ သူစိမ်းထက်ပိုသည့်ဆက်ဆံ‌ရေးရှိသည်ဟူသည့်အချက်ကို ထပ်လောင်းအတည်ပြု စေသည်။


ထိပ်တန်းအယ်လ်ဖာနှင့် စိတ်စွမ်းအား SSS အဆင့်ရှိ ထူးချွန်ပြောင်မြောက်သည့်အိုမီဂါသည် ကောင်းကင်ဘုံမှတွဲဆက်ပေးသည့်စုံတွဲပင် ဖြစ်သည်။ 


ဤတစ်ခေါက်အခြေစိုက်စခန်းသို့ လင်းဟန်သွားခြင်းကို မည်သူမှ မကန့်ကွက်ကြချေ။ နောက်ဆုံးတွင် ယင်းနေရာမှာ ယခင်နှစ်များစွာကတည်းက သူ့ထံပေးခဲ့သင့်သော်ငြား လင်းဟန်ကိုယ်တိုင်က မသွားလိုခဲ့ပေ။


သူ ဒီဇိုင်းဆွဲကာ ထုတ်လုပ်ခဲ့သည့်မက်ခါက သူ့ကိုနာမည်ကြီးစေခဲ့သော်လည်း သူ၏စိတ်ဖတ်နိုင်သည့်စွမ်းရည်နှင့် သိုသိုသိပ်သိပ်နေတတ်သည့် လူနေမှုပုံစံကြောင့် ထိုနေရာများကို တက်ရောက်ရန် တွန့်ဆုတ်နေခဲ့သည်။ထို့ကြောင့် တဖြည်းဖြည်းနှင့် လူတိုင်းလူတိုင်းသည် ထူးချွန်ပြောင်မြောက်သည့် မက်ခါပညာရှင်တစ်ယောက်ရှိသည်ကိုသာမှတ်မိကြတော့ပြီး သူ၏နာမည်နှင့် လိင်အမျိုးအစားကို မမှတ်မိနိုင်ကြတော့ချေ။


ထို့ကြောင့် လင်းဟန်သည် အောင်ပွဲခံပါတီသို့ ဖိတ်ကြားခံခဲ့ရပုံနှင့် သူကလည်း သွားရောက်ရန် မတော်တဆသဘောတူလိုက်မိခြင်းကို သူကိုယ်တိုင် ရံဖန်ရံခါ အံ့ဩနေမိဆဲပင်။


မျိုးဆက်သစ်မက်ခါဒီဇိုင်းမှာ ပြင်ဆင်မှု ဆောင်ရွက်နေဆဲပင်ဖြစ်ပြီး ပုံကြမ်းများမှာ ပြောင်းပြီးရင်း ပြောင်းလဲလျက်ရှိပေသည်။ 


လင်းဟန်သည် သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောပြီးနောက် ပင်မမက်ခါပုံကြမ်းများကို သူနှင့်အတူယူသွားရန်နှင့် ကျန်ရှိသည့်အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ သံသယရှိလာပါက ဆက်သွယ်ရေးကိရိယာကိုအသုံးပြု၍ သူ့ထံဆက်သွယ်ရန် ဆုံးဖြတ်လိုက်ကြသည်။


ပြဿနာပြီးဆုံးသည့်နောက် သူက အဝတ်အစားလဲပြီး လုအန်းဟယ် ရောက်လာမည်ကို စောင့်ဆိုင်းမည့်အချိန် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့အား ပြောလာသည်။


လုပ်ဖော်ကိုင်ဖက်မှာ အခြေစိုက်စခန်းအကြောင်း ကြားသိခဲ့ပြီး အံ့ဩနေလေသည်။


 " ဒါပေမဲ့ မောင်းနှင်သူရွေးချယ်တာ စတင်တာနဲ့ မက်ခါအခြေစိုက်စခန်းက လုံးဝပိတ်သွားတယ်လို့ ငါကြားတယ်။ အဲ့ဒီတော့ လင်းဟန်၊ မင်း အဲ့ဒီကို ရောက်သွားရင် မင်းရဲ့ဆက်သွယ်ရေးကိရိယာက အလုပ်မလုပ်လောက်ဘူး မဟုတ်ဘူးလား "


လင်းဟန် တခဏကြာ တောင့်သွားရပြီး ယခုလေးတင် လုအန်းဟယ်မှ သူ့ထံ ဆက်သွယ်ခဲ့သည်ကို ပြန်တွေးမိသွားသည်။ သူက ဟယ့်ယွင်ထင်၏ အတားအဆီးကင်းသည့်ဆက်သွယ်မှုစနစ်ကို အသုံးပြုခဲ့ခြင်းပင်။


 "အဲ့ဒီလိုထင်တာပဲ "


လူအနည်းစုမှာ ခဏကြာ တိတ်ဆိတ်သွားကြသည်။ လင်းဟန်က ထိုအကြောင်းကို တွေးမိလိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောသည်။


 " ကျွန်တော့်အတွက် တကယ်အရေးကြီးတဲ့ကိစ္စတစ်ခုခုရှိလာခဲ့ရင် ခင်များ.. ဗိုလ်ချုပ်ရဲ့အတွင်းပိုင်းဆက်သွယ်ရေးလိုင်းကို ဆက်သွယ်လို့ရတယ်။ သူ့ကို ကျွန်တော့်ဆီ လွှဲပေးဖို့သာ ပြောလိုက်ပါ "


လုပ်ဖော်ကိုင်ဖက်မှာ သူ့စိတ်ထဲ  တိတ်တဆိတ် ခေါင်းညိမ့်လိုက်သည်။ ' ကောလဟာလတွေက အမှန်လား '


သူ့လုပ်ဖော်ကိုင်ဖက်ထံ ပုံကြမ်းများကိုလွှဲပြောင်းပေးလိုက်သည်နှင့် ယခုလေးတင် အဝတ်အစားလဲလှယ်ထား၍ လက်အိတ်များချွတ်ထားသောလင်းဟန်သည် သူ့လုပ်ဖော်ကိုင်ဖက်၏လက်ကို ထိမိသွားတော့သည်။


[ ဒါဆို လင်းဟန်က ဗိုလ်ချုပ်နဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိနေတာပေါ့ ဟုတ်တယ်မလား ]


လင်းဟန် သူ၏လက်ကို တိတ်တဆိတ်ပြန်ရုတ်လိုက်ရင်း မျက်‌နှာပေါ်မှအမူအရာမှာလည်း အနည်းငယ် သိမ်မွေ့နေပေသည်။ သူက ထိုအကြောင်းကို တွေးတောလိုက်ပြီး ကောလဟာလပျောက်ကင်းစေရန် ဆုံးဖြတ်လိုက်သည်။ 


" စကားမစပ် ဗိုလ်ချုပ်နဲ့ ကျွန်တော်နဲ့က တကယ် ရိုးရှင်းတဲ့လူမှုဆက်ဆံရေးတစ်ခုရှိရုံပါ။ အဲ့ဒီထက် မပိုပါဘူး "


ဗိုလ်ချုပ် သူ့အပေါ်  မည်သို့ အမှန်တကယ်ထင်မြင်သည်ကို ကြည့်ရန် ကျန်နေသေးသော်ငြား။


လုပ်ဖော်ကိုင်ဖက်မှာ လင်းဟန်က ဤကောလဟာလကို တစ်နေရာရာမှ ကြားလာသဖြင့် ကြုံကြိုက်စဥ် ရှင်းပြသွားသည်ဟု တွေးမိသွားပြီး ကမန်းကတန်း ပြောလာသည်။


 " ဟုတ်ပါပြီ ဟုတ်ပါပြီ၊ တခြားလူတွေ ဒီလိုပြောနေကြပေမဲ့ တခြားအဓိပ္ပာယ်မရှိလောက်ပါဘူး။ စိတ်ထဲ မထားနေပါနဲ့ "


လင်းဟန်က လုပ်ဖော်ကိုင်ဖက်ကို ပြုံးပြလိုက်ပြီး ထိုကိစ္စကို ဆက်မပြောတော့ချေ။


လုအန်းဟယ် သူ့အား လာခေါ်သည့်အချိန် ပစ္စည်းများသိမ်းဆည်းသည့်အခါ လင်းဟန်က လက်အိတ်အစုံ အနည်းငယ်ကို အိတ်ထဲသို့ တိတ်တဆိတ် ထိုးထည့်လိုက်လေသည်။


-


လုအန်းဟယ်မှာ အလွန်ကျွမ်းကျင်လှသည်။ ပထမဦးစွာ လင်းဟန်အား အခြေစိုက်စခန်းမှ ခေါ်ယူ၍ အိမ်သို့ ပို့ပေးပြီးနောက် အခြေစိုက်စခန်းဆီသို့ပြန်လည်မောင်းနှင်ရန်အတွက် အထုတ်များ သိမ်းဆည်းပြီးသည်အထိ စောင့်ပေးသည်။ 


ခရိုင်နှစ်ခုကို ပိုင်းခြားထားသည့်လမ်းမှာ ဝေးကွာသော်လည်း ကောင်းသည့်အချက်မှာ ဟယ့်ယွင်ထင်၏ယာဉ်ပျံသည် ကြယ်တာရာလမ်းကြောင်းအတိုင်း တန်းစီစောင့်ရန် မလိုပေ။ နေ့တစ်ဝက်ကြာပြီးသည့် နောက် ဒဏ္ဍာရီလာမက်ခါအခြေစိုက်စခန်းသို့ လင်းဟန် ရောက်ရှိလာသည်။


အခြေစိုက်စခန်းမှာ အလွန်ကြီးမားပြီး မက်ခါအမျိုးအစားအပေါ်  မူတည်၍ နယ်ပယ်(၇)ခု ပိုင်းခြားထားသည်။ ဟယ့်ယွင်ထင်၏နယ်ပယ်သည် အမြင့်ဆုံးဖြစ်ပြီး နယ်ပယ်တစ်ခုချင်းစီ၏ တင်းကြပ်သောစီရင်ပိုင်ခွင့်အပြင် အပြန်အလှန်ဆက်နွယ်မှုမှာ မတူညီပေ။


ပထမနှင့် ဒုတိယအခြေစိုက်စခန်းများမှာ နယ်ပယ်(၇)ခု၏ အဓိကဖြစ်ပြီး ယခုတစ်ခေါက် မောင်းနှင်သူရွေးချယ်မှုသည် ပထမအခြေစိုက်စခန်း၌ ပြုလုပ်ခြင်းဖြစ်သည်။


မျက်နှာရုပ်ပုံမှတ်သားခြင်းဂိတ်ကို ဖြတ်လာပြီးနောက် စင်္ကြန်တစ်ခုတည်ရှိပြီး စည်းကမ်းချက်ကြေးမုံကို ဖြတ်ကျော်ရသည်။ ထို့နောက်တွင် အင်ပါယာအတွက် ထမ်းဆောင်ပေးနေကြသည့် စစ်သည်တော်များအားလုံးကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းတင်တံတိုင်းရှည်ကြီးတစ်ခုရှိလေသည်။ ဟယ့်ယွင်ထင်၏ကိုယ်ရေးအကျဉ်းသည် လွန်စွာထင်ရှားလှသဖြင့် လင်းဟန်မှာ ခြေလှမ်းများကိုနှေး၍ မကြည့်ရှုဘဲ မနေနိုင်ပေ။


ဟယ့်ယွင်ထင်၏အထောက်အထားဓာတ်ပုံမှာ အေးစက်ကာ ချဉ်းကပ်၍ မလွယ်ကူသည့်အကြည့်ဖြင့် သူ၏နဂိုမျက်နှာနှင့် ခြားနားမှုမရှိချေ။‌ အောက်တွင်ဖော်ပြထားသည်မှာ သူ၏လက်ရှိ စစ်မှုထမ်းရာထူးနှင့် အောင်ပွဲမျိုးမျိုးကိုစာရင်းပြုစုထားသည့်စာတန်းရှည်တစ်ခုဖြစ်သည်။


လင်းဟန်သည် ထိုစာများအားလုံးကို တစ်ကြိမ်တစ်ခါတည်း မဖတ်နိုင်သည့်အပြင် လုအန်းဟယ်ကို စောင့်ဆိုင်း‌စေရန်မှာလည်း ရှက်စရာကောင်းလွန်းနေသဖြင့် လုအန်းဟယ်နောက်သို့ အမှီပြေးလိုက်မသွားခင် နှစ်ကြိမ်မျှ ပြန်လှည့်ကြည့်ရုံသာ လုပ်နိုင်လေသည်။



👾