Chapter 1
Viewers 2k

💘Chapter 1

ဝေ့ချန် သေသွားပြီ



ဝေ့ချန်က သူသေသွားသည်ကို သိသော်လည်း သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ့ဝိညာဉ်က လေဟာနယ်ထဲတွင် လွင့်မျောနေသည်။ သူ မည်မျှပင် မသေချင်နေသည်ဖြစ်စေ ထိုခန္ဓာကိုယ်ကို ပြန်သွား၍ မရတော့ပေ။ သူ့ခန္ဓာကိုယ်က ဆေးရုံခုတင်ပေါ်တွင် လှုပ်ရှားမှုကင်းမဲ့ကာ သေလူသဖွယ်လှဲလျောင်းနေပြီး ဆေးပိုက်များစွာက တစ်ကိုယ်လုံးတွင် ပြည့်နေသည်ကိုသာကြည့်နေရသည်။


မနက် ၇နာရီ ၈နာရီခန့် ရှိနေပြီဖြစ်သော်လည်း အပြင်ဘက်တွင် အုံ့မှိုင်းနေပြီး ကောင်းကင်ကြီးက မလင်းလက်လာသေးပေ။


ဝေ့ချန်၏ ဝိညာဉ်က သူ့ခန္ဓာကိုယ်ပေါ် လွင့်မျောနေပြီး အိပ်ရာပေါ်မှ ခန္ဓာကိုယ်ပေါ်သို့ ဝင်ရောက်ရန် ကြိုးစားနေသည်က အကြိမ်မည်မျှရှိနေပြီကို သူကိုယ်တိုင်လည်း မသိတော့ပေ။ သူ့ခန္ဓာကိုယ်ထဲကို သူ ပြန်ဝင်ချင်နေသည်။


 သူ မသေချင်သေးပေ။ 


ရလဒ်က အချည်းနှီးသာဖြစ်ပြီး ဝေ့ချန်က လေဟာနယ်ထဲသို့ ထပ်မံလွင့်မျောသွားကာ ဆေးရုံခုတင်ပေါ်မှ ခန္ဓာကိုယ်ကို စိတ်ခံစားချက်များ ရောပြွန်းစွာဖြင့် စိုက်ကြည့်နေလိုက်သည်။


ထိုအချိန်တွင် လူနာခန်းတံခါးပွင့်လာပြီး စစ်စိမ်းရောင်စာရွက်စာတမ်းအိတ်ကို ကိုင်လာသည့် လူငယ်လေးတစ်ယောက်က လမ်းလျှောက်ဝင်လာသည်။ လူငယ်လေး၏ဘဝက အနည်းငယ်ကြမ်းတမ်းသည်ကို သူ့အား တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။  သူ၏ဂျင်းဘောင်းဘီက လျှော်ဖွတ်ထားလွန်း၍ အဖြူရောင်ဖြစ်နေပြီး ခေါင်းစွပ်ဆွယ်တာမှ ချည်မျှင်များကလည်း ဟိုတစ်စ သည်တစ်စ ထွက်နေသည်ကို မြင်နိုင်ပေသည်။ လူငယ်လေးအလွန်နှစ်သက်လှသော  စစ်စိမ်းရောင်စာရွက်စာတမ်းထည့်သည့်အိတ်၏ ထောင့်နားများကလည်း ပဲ့နေပြီး အတွင်းမှ အညိုရောင်ကတ်ထူပြားကို မြင်နေရသည်။


လူငယ်လေးက ပိန်ပါးလွန်းပေသည်။ ဂျင်းဘောင်းဘီအောက်မှ သူ့ခြေတံလေးများက ဝါးလုံးလေးများနှင့်တူပြီး သူ့မျက်နှာက စိတ်ထိခိုက်မှုကြောင့် ဖြူဖျော့နေသည်။ လူငယ်လေး၏ မျက်လုံးများက ကြီးမားသော်လည်း  သူ့မျက်ဝန်းများက သတိကြီးကြီးဖြစ်နေသည်မှာ ဤလောကနှင့်မသက်ဆိုင်ဘဲ သူ့ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲတွင် ပိတ်လှောင်ထားသည့်သဖွယ် ဖြစ်နေသည်။


 ဝေ့ချန်က ချန်လီဟူသော ဤလူငယ်လေးက သူနှင့် အရင်းနှီးဆုံး တရားဝင်ဆက်ဆံရေးရှိသူဖြစ်ကြောင်းကို သိသည်။ သူတို့နှစ်ယောက်က တရားဝင်လက်ထပ်မှတ်ပုံတင်ထားသည့် ခင်ပွန်းသည်များဖြစ်သည်။ သို့ရာတွင် သူတို့အကြား၌ ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိပေ။ ဤလက်ထပ်မှုက နာမည်ခံသာဖြစ်ပြီး စီးပွားရေးအရ လုပ်ဆောင်ထားခြင်းသာဖြစ်သည်။


မဟုတ်ပေ။ ၎င်းက ပူးပေါင်းကြံစည်မှု၏ ရလဒ်ဖြစ်သည်ဟုပင် ဆိုရပေမည်။

 

ဤလူငယ်လေးက ငယ်စဉ်ကလေးဘဝတည်းက အော်တစ်ဇင်ရောဂါကို ခံစားနေရပြီး အားလုံး၏ ကြင်နာယုယမှု မခံခဲ့ရသည်ကိုလည်း ဝေ့ချန်သိသည်။ သူတို့လက်ထပ်ထားသည်မှာ ငါးနှစ်ရှိပြီဖြစ်သော်လည်း သူမှတ်မိသလောက်ဆိုရပါက သူတို့အကြားတွင် စကားတစ်ခွန်းမှ ပြောဆိုခဲ့ခြင်းမျိုး မရှိပေ။ ထိုသို့ဖြစ်ရခြင်းမှာ ပထမအချက်အနေဖြင့် ထိုအော်တစ်ဇင်ကောင်လေးက သူ့ခံစားချက်များကို ကောင်းကောင်းမဖော်ပြနိုင်သည့်အပြင် ဒုတိယအချက်အနေဖြင့် သူက ထိုလူငယ်လေးနှင့်လည်း မပတ်သက်လိုသောကြောင့်ဖြစ်သည်။


သို့သော်လည်း သူ သစ္စာဖောက်ခံရ၍ ဆွေမျိုးများထံမှ စွန့်ပယ်ခံရပြီး ဘာမှမကျန်တော့သည့်အချိန်တွင် စကားပင်ကောင်းကောင်း မပြောတတ်သည့် ဤအော်တစ်ဇင်ကောင်လေးက သူ့ဘေးနားတွင် နောင်တမရှိဘဲ မညည်းမညူနေခဲ့ပေးလေသည်။ 


ဝေ့ချန်က ထိုလူငယ်လေး သူ့ဘေးနားကို လျှောက်လာပြီး သူ၏တောင့်တင်းနေသော ခန္ဓာကိုယ်ကို လက်ချောင်းသွယ်သွယ်လေးများဖြင့် အထပ်ထပ်အခါခါ နှိပ်နယ်ပေးနေသည်ကို ကြည့်နေလိုက်သည်။ သူက ဇွဲကောင်းကောင်းဖြင့် နှိပ်ပေးနေပြီး သူ့မျက်နှာထက်တွင်လည်း မည်သည့်အမူအရာမှ ရှိမနေချေ။


လူငယ်လေးက ပင်ပန်းနွမ်းနယ်နေသည့်ပုံ မပြသပေ။ ဆောင်းဦးနှောင်းပိုင်း၏ ရာသီဥတုက အနည်းငယ် အေးစိမ့်လှသော်လည်း လူငယ်ဘေး၏ မျက်နှာတွင် ချွေးစအချို့ရှိနေကာ ချွေးစက်အချို့က သူ့မျက်နှာမှတစ်ဆင့် မေးစေ့နားတွင် စုဝေးလာပြီး နောက်ဆုံးတွင် တစ်စက်ပြီးတစ်စက် ကျဆင်းလာသည်။


လူငယ်လေးက ပိန်ပါးလွန်းလှသော်လည်း အလွန်ဇွဲကောင်းပေသည်။


ဝေ့ချန်က သူ့နှလုံးသားထဲတွင် စူးခနဲခံစားလိုက်ရပြီး လူငယ်လေးမျက်နှာပေါ်မှချွေးများကိုသုတ်ပေးရန် မျောလွင့်သွားလိုက်သည်။ သို့သော် သူ့လက်က လူငယ်လေးကိုထိသည်နှင့် ဖောက်ထွက်သွားပေသည်။


ယခုအခါတွင်မူ သူ ဘာမှမလုပ်နိုင်တော့ဘဲ စောင့်ကြည့်နေရုံသာ တတ်နိုင်တော့၏။ ဝေ့ချန်က ဆေးရုံခုတင်ပေါ်မှ ခန္ဓာကိုယ်ကိုကြည့်ပြီး သူ့နှလုံးသားထဲတွင် စွမ်းအားမဲ့မှုနှင့်အတူ မဖော်ညွှန်းနိုင်သည့် ခံစားချက်တို့ ဖြစ်ပေါ်လာရသည်။


 လူငယ်လေးက သူ့တစ်ကိုယ်လုံးကို နှိပ်နယ်ပြီးသွားရန် အချိန်မည်မျှကြာသည်ကို ဝေ့ချန်မသိလိုက်ပေ။ ထိုလူငယ်လေးက နွမ်းဖတ်နေသည့် စာရွက်စာတမ်းအိတ်ကလေးကိုကိုင်ကာ လူနာဆောင်အပြင်ဘက်ထွက်သွားသည်ကို သူ ကြည့်နေလိုက်မိသည်။


ယခင်ကမူ ဝေချန်၏ဝိညာဉ်က သူ့ခန္ဓာကိုယ်နှင့် ဝေးရာသို့ မထွက်ခွာနိုင်ခဲ့သော်လည်း ယနေ့တွင် သူ့ဝိညာဉ်က လူငယ်လေးနှင့်အတူ ထွက်ခွာသွားနိုင်ကာ ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် ဆွဲငင်ခြင်းကိုလည်း ခံရမည်မဟုတ်ပေ။


ဝေ့ချန် လူငယ်လေးနောက်လိုက်သွားသောအခါ ထိုလူငယ်လေးက ဆေးရုံနှင့် မနီးမဝေးမှ ပန်းခြံကို ခြေကျင်လျှောက်သွားသည်အား တွေ့လိုက်ရသည်။ သူက ထောင့်တစ်နေရာတွင်ထိုင်ပြီး အိတ်ထဲမှ ပုံကြမ်းစက္ကူပေါ်တွင် စာတစ်ကြောင်းရေးကာ စာရွက်ကို ဘေးနားတွင် ချိတ်ထားလိုက်သည်။


ထိုစာရွက်ပေါ်တွင် "လူတစ်ကိုယ်လုံး ပုံကြမ်းတစ်ပုံ ယွမ်၃၀" ဟု ရေးထားပေသည်။ ဝေ့ချန်က သူ့မျက်လုံးများ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။ အကယ်၍ ဝိညာဉ်ခန္ဓာကိုယ်ကသာ မျက်ရည်များကျလာနိုင်ပါက ဝေ့ချန် ယခုချိန်တွင် ငိုကြွေးနေလောက်ပြီဖြစ်သည်။


ဟုတ်သားပဲ သူ့မှာအခု ဘာမှမရှိတော့ဘူးလေ... ဆေးရုံတက်နေရတဲ့ ဆေးရုံစရိတ်တွေအားလုံး ဘယ်ကရောက်လာမယ်တဲ့လဲ... ဒီရှေ့က လူငယ်လေးက အလုပ်လုပ်ပြီး ဖြည်းဖြည်းချင်းရှာထားတဲ့ ငွေတွေပဲ နေမှာပေါ့...

   

ထိုလူငယ်လေးက အော်တစ်ဇင်ဖြစ်၍ သူ့ကမ္ဘာငယ်လေးထဲတွင်သာ သီးခြားနေထိုင်ပြီး အပြင်လောကနှင့် အဆက်အသွယ်မပြုလုပ်ချင်သည်ကို သူသိပေသည်။


သို့သော် ဝေ့ချန်ကြောင့် လူငယ်လေးက သွေးထွက်သံယိုဖြစ်နေသော နှလုံးသားတံခါးကို ဆုတ်ဖြဲကာ သူ့နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဝှက်ထားခဲ့သော မိမိကိုယ်ကို နေရောင်အောက်တွင် ထုတ်ဖော်ပြသလိုက်ရသည်။


" ချန်လီ မင်း ဒီလိုလုပ်ပေးစရာ မလိုပါဘူးကွာ..."

 ဝေ့ချန်က ချန်လီ၏ဘေးနားကိုလျှောက်သွားပြီး လက်ဆန့်ထုတ်ကာ လူငယ်လေးကို ညင်သာစွာထိတွေ့ပြီး နူးညံ့စွာရေရွတ်လိုက်သည်။

 

ချန်လီက ဝေ့ချန်၏စကားများကို မကြားနိုင်တော့သည်မှာ နှမြောတသဖြစ်စရာပင်။



❤️❤️❤️