Chapter 2
Viewers 6k

💘Chapter 2

အဖြူရောင်ပေါက်စီများ



ဆောင်းဦးနှောင်းပိုင်းနေရောင်ကို လေပြည်လေအေးများက ရစ်ပတ်ထားပြီး အဝါရောင်သစ်ကိုင်းများခြောက်များနှင့် သစ်ရွက်များက သစ်ပင်များပေါ်မှ ‌ကျဆင်းနေသည်။


သစ်ပင်၏အောက်တွင် လူငယ်လေးတစ်ယောက် ပုံဆွဲနေလေသည်။ လူငယ်လေးက ပိန်ပါးသော်လည်း သူ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီက ကြည့်ကောင်းလှသည်ကို ပြောနိုင်၏။ လူငယ်လေးထံတွင် မျက်လုံးကြီးကြီးနှင့် ထူထဲကွေးညွတ်သော မျက်တောင်ရှည်များ ရှိသည်။ ဤအခိုက်အတန့်တွင်မူ သူက ပန်းချီဆွဲခြင်း၌ စိတ်နစ်နေပေသည်။ သူ့မျက်ဝန်းများက အာရုံစူးစိုက်မှုများဖြင့်ပြည့်နေပြီး တွန့်ဆုတ်ခြင်းနှင့် သတိကြီးကြီးထားခြင်းများလည်း လျော့ပါးနေသည်။ 


လူငယ်လေး၏နှုတ်ခမ်းလေးများကို အနည်းငယ်စေ့ထားပြီး နှုတ်ခမ်းစူထားသယောင်ပုံစံ ဖြစ်နေသည်။

 

လူငယ်လေး၏ ပုံပန်းသွင်ပြင်ကြောင့် ပန်းခြံထဲမှလူများက သူ့တို့ပုံတူကို လူငယ်လေးအား ဆွဲစေချင်နေကြ၍ သူတို့က တိတ်ဆိတ်စွာတန်းစီနေပြီး လူငယ်လေးရှေ့တွင် ထိုင်နေကြလေသည်။


လူငယ်လေးက ဤတစ်လျှောက်လုံးတွင် မည်သည့်စကားတစ်ခွန်းမှ မပြောပေ။ သူက လုံးဝ နွမ်းနယ်ခြင်းမရှိသည့်ဟန်ဖြင့် သူ့အာရုံစိုက်မှုအားလုံးက ပုံကြမ်းစာရွက်ပေါ်တွင်သာရှိနေပြီး စုတ်တံကလည်း အဆက်မပြတ် ဝှေ့ယမ်းနေသည်။ လူငယ်လေး၏ပုံစံက အလွန်လေးနက်နေသည်မှာ ကမ္ဘာပေါ်ရှိ အလှပဆုံးသော ပန်းချီကားချပ်တစ်ခုကို ရေးဆွဲနေသကဲ့သို့ ဖြစ်နေသည်။ လူငယ်လေးကို စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီးရှိသော်လည်း သူ၏စုတ်ချက်တစ်ခုချင်းစီတိုင်းက ရိုးသားစစ်မှန်လှ၏။

   

ဝေ့ချန်က လူငယ်လေး၏ဘေးနားတွင်ရပ်နေပြီး သူ မနက်မှ နေ့လယ်ခင်းအထိ ပုံဆွဲနေသည်အား စောင့်ကြည့်နေခဲ့သည်မှာ လူငယ်လေးကို စိုးရိမ်တကြီးဖြစ်နေသည့်ဟန်ပင်။ လူငယ်လေးက ပန်းချီဆွဲနေစဉ် အတောအတွင်း ရေလုံးဝမသောက်သကဲ့သို့ အစားလည်းမစားပေ။ သူ့ပုံစံက အဆက်မပြတ်လည်ပတ်နေရသည့် စက်ရုပ်တစ်ရုပ်နှင့်တူသည်။

 

" ချန်လီ မင်း နေ့လယ်စာစားရမယ့်အချိန် ရောက်ပြီနော်..."

ဝေ့ချန်က လူငယ်လေး၏ဘေးတွင် လွင့်မျောနေပြီး အကျယ်ဆုံးသောအသံဖြင့် ပြောလိုက်သည်။


လူငယ်လေးကမူ မကြားနိုင်သေးပေ။


သူက နေဝင်သွားပြီး လရောင်ထွက်လာသည့်အချိန်ထိ ပုံဆက်ဆွဲနေခဲ့သည်။


မှောင်ရီပျိုးလာသည့်အချိန်မှသာ လူငယ်လေးက နောက်ဆုံးတွင် ပန်းချီပစ္စည်းများကို သိမ်းပြီး ယနေ့အတွက် ရရှိထားသောငွေများကို ဂျင်းဘောင်းဘီအိတ်ထံထည့်ကာ စာရွက်ထည့်သည့်အိတ်ကိုယူပြီး တိတ်ဆိတ်စွာဖြင့် ထွက်ခွာသွားတော့သည်။


လူငယ်လေးက ညစာစားရန်ထွက်သွားသည်ဟု ဝေ့ချန်ထင်လိုက်သော်လည်း သူက ဆေးရုံရှိသည့်ဘက်သို့ လျှောက်သွားခြင်းဖြစ်သည်။


ဝေ့ချန် ကောင်းကင်ကြီးကို ကြည့်လိုက်ပြီးနောက် လူငယ်လေးက နေ့တိုင်း ဤကဲ့သို့အချိန်မျိုးတွင် ဆေးရုံကို ရောက်လာတတ်ကြောင်း အမှတ်ရသွားသည်။


ဝေ့ချန်၏မျက်လုံးသူငယ်အိမ်များက ကျုံ့မသွားဘဲ မနေတော့ပေ။ လူငယ်လေးက ယခုချိန်ထိ မစားမသောက်ရသေးပေ။ သူက လူငယ်လေး၏ဘေးနားတွင် လွင့်မျောနေပြီး ဆူပူလိုက်သည်။


" မင်း ညစာသွားစားတော့လေ... သွားတော့ ညစာသွားစား..."


ထိုစကားများပြောပြီးသည်နှင့် လူငယ်လေးကို လှမ်းဆွဲလိုက်သော်လည်း သူ့လက်များက လူငယ်လေး၏လက်ကောက်ဝတ်ကို ဖောက်ထွက်သွားသည်။ ဝေ့ချန်၏စိတ်ထဲ အားနည်းသည်ဟု ခံစားလိုက်ရမှုကြောင့် ဒေါသထွက်သွားမိသည်။


 လူငယ်လေးက နောက်ဆုံးတွင် ညစာစားရန် ထွက်သွားခြင်းဖြစ်သည်။ သို့ရာတွင် အဖြူရောင်ပေါက်စီလုံးလေးများကိုသာ စားခြင်းဖြစ်၏။ ၎င်းတို့က အာဟာရများများစားစား မပါရုံသာမက ဗိုက်ပြည့်မပြည့်ကလည်း ပြဿနာတစ်ခုပင်။ သို့သော် ၎င်းက လူငယ်လေး၏ တစ်နေ့တာလုံးအတွက် စားစရာဖြစ်နေသည်။


ဝေ့ချန်က လူငယ်လေး၏လက်ထဲမှ ဈေးပေါသည့်စားစရာများကို ဒေါသတကြီးဖြင့် ဖျက်ဆီးပစ်ချင်နေသော်လည်း သူက အကောင်အထည်ရှိတော့သည့်လူဖြစ်၍ သူ့လက်ကို မည်မျှဝှေ့ယမ်းသည်ဖြစ်စေ အချည်းနှီးသာဖြစ်သည်။


လူငယ်လေးက ရိုးရှင်းသောညစာကို စားပြီးသည့်နောက်တွင် ဆေးရုံသို့ပြန်သွားခဲ့သည်။ ဝေ့ချန်က ယာဉ်တိုက်မှုကြောင့် ဆေးရုံတက်နေရချိန်တည်းက လူငယ်လေးက ငြူစူခြင်းမရှိဘဲ သူ့ကို ပြုစုပေးနေခဲ့ခြင်းဖြစ်၏။ ဆေးရုံတွင် ရှိသမျှသူနာပြုတိုင်းက လူငယ်လေးကိုသိကြပြီး လူငယ်လေး၏ အခြေအနေကိုလည်း အနည်းနှင့်အများ သိကြပေသည်။ လူငယ်လေးနားမှ ဖြတ်သွားချိန်တွင် သူတို့က ပေါင်မုန့်၊ နွားနို့နှင့် စားစရာအချို့ကို လူငယ်လေးလက်ထဲ အမြန်ထိုးထည့်ပေးလိုက်ကြသည်။

 

သို့ဖြစ်၍ ညဘက်တွင် လူနာဆောင်ထဲ ပြန်ရောက်လာချိန်တိုင်း လူငယ်လေး၏လက်ထဲတွင် စားစရာများစွာ ပါလာရသည့်အကြောင်းများကို ဝေ့ချန် နောက်ဆုံးတွင်သိသွားရသည်။ သို့ရာတွင် သူ့ကမ္ဘာငယ်လေးထဲ၌သာ ပိတ်လှောင်ပြီးနေတတ်သည့် လူငယ်လေးက အခြားလူများပေးသည့် နွေးထွေးမှုများကို မည်သို့လက်ခံရမည်အား မသိကြောင်းကိုလည်း ဝေ့ချန် သိပေသည်။ အဆုံးတွင်မူ လူငယ်လေးက ထိုစားစရာများကို ‌ဗီရိုအသေးလေးပေါ် တင်ထားလိုက်ပြီး တစ်ခုကိုမှ ဖွင့်ဖောက်မစားခဲ့ပေ။


လူနာဆောင်တံခါးနားရောက်သောအခါ ပုံမှန်အချိန်က တိတ်ဆိတ်နေတတ်သည့် ဆေးရုံခုတင်နားတွင် လှောင်ပြောင်သရော်သည့်  ဆူဆူညံညံစကားသံအချို့ကို ကြားလိုက်ရလေသည်။


" ဘာလဲ ဝေ့ချန် မင်းက မသန်စွမ်းဖြစ်သွားတာလား... အခုတော့ ဆေးရုံခုတင်ပေါ် လူသေကောင်လိုလှဲနေရပြီး အရူးတစ်ယောက်ကို အညစ်အကြေးတွေ သန့်ရှင်းရေးလုပ်ခိုင်းနေရပြီပေါ့လေ... ဒီလိုနေနေရတာကို မသိမ်ငယ်ဘူးလား... မင်း သေသွားတာတောင်မှ ကောင်းဦးမယ်..."


လူငယ်လေး၏ မျက်နှာ‌ထက်တွင် ထိုသို့သောအမူအရာမျိုးဖြစ်ပေါ်လာသည်ကို ဝေ့ချန် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

စိုးရိမ်တာလား... ဒါမှမဟုတ် ဒေါသထွက်သွားတာများလား...


သူ ရှင်းရှင်းလင်းလင်း မသိနိုင်မီမှာပင် လူငယ်လေးက လူနာဆောင်တံခါးကိုဖွင့်ပြီး ပြေးဝင်သွားလေတော့သည်။



❤️❤️❤️