Chapter 3
Viewers 2k

💘Chapter 3

ချန်လီ ပြုံးနေခြင်း



လူနာခန်းထဲတွင် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။ 


ဝေ့ချန် ထိုလူနှစ်ယောက်ကိုမြင်သောအခါ သူ့ခန္ဓာကိုယ်ထဲတွင် နာကြည်းမှုများ ရုတ်ချည်းပြည့်နှက်သွားသည်မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်က အစိုင်အခဲတစ်ခုအသွင် သိပ်သည်းသွားတော့မည်ဟုပင် ထင်ရပေသည်။


ချန်ချင်းနဲ့ ဝူဇီခန်း...


တစ်ယောက်ကိုမူ သူ့နှလုံးသားတစ်ခုလုံးနှင့် ပုံအပ်ချစ်ခဲ့ပြီး အခြားတစ်ယောက်ကမူ ငယ်စဉ်ကလေးဘဝတည်းက အတူတူကြီးပြင်းလာခဲ့သော ညီအစ်ကိုသဖွယ်လူပင်။ ရလဒ်အနေဖြင့် ထိုလူနှစ်ယောက်လုံးက သူ့ကို အသူရာချောက်ထဲသို့ တွန်းချပစ်ခဲ့လေသည်။


ဝေ့ချန်၏ မျက်လုံးများက ချန်ချင်းနှင့် ဝူဇီခန်းတို့ကို စိုက်ကြည့်နေပြီး သူ့ကိုယ်သူ သရဲအဖြစ်ပြောင်းကာ ထိုလူနှစ်ယောက်၏အသားများကိုစားပြီး သွေးကို သောက်ပစ်လိုစိတ် ဖြစ်ပေါ်နေသည်။


" နှစ်ယောက်လုံး ထွက်သွားကြ..."


ထိုအခိုက်အတန့်တွင် အက်ရှရှအသံတစ်ခု ထွက်ပေါ်လာ၍ ဝေ့ချန်၏အတွေးများကို ပြန်ဆွဲယူလိုက်သကဲ့သို့ ဖြစ်သွားသည်။ ယခု ထိုစကားကိုပြောလိုက်သူက  ချန်လီဟုတ်မဟုတ် အတည်ပြုရန်အတွက် သူ မယုံကြည်နိုင်စွာဖြင့် ချန်လီရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။


ဝေ့ချန်အတည်ပြုလိုသည့်အရာကို တုံ့ပြန်သည့်အလားပင် ချန်လီက ထပ်ပြောလာပြန်သည်။


" ထွက်သွား... အခု ထွက်သွား... ထွက်သွား..."


အမြဲတမ်း အမူအရာကင်းမဲ့နေတတ်သော သူ့မျက်နှာက ယခုချိန်တွင် ဒေါသများဖြင့်ပြည့်နေသည်။ ချန်လီ၏ သူရဲဘောကြောင်သော ခံစားချက်မှလွဲ၍ အခြားသော ခံစားချက်များကို မြင်တွေ့ရသည်မှာ ယခု ပထမဆုံးဖြစ်ပြီး ချန်လီစကားပြောသည်ကို  ဝေ့ချန်ကြားဖူးသည်ကလည်း ပထမဆုံးအကြိမ်ဖြစ်သည်။


 ချန်လီက သူ့အတွက်ကြောင့်နှင့် ထိုသို့သော ခံစားတတ်သည့် အမူအရာမျိုးရှိလာပြီး စကားပြောရဲလာသည်ဟု သူ ထင်လိုက်မိသည်။


ဝေ့ချန်၏နှလုံးသားထဲတွင် အပူလှိုင်းတစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ဖြစ်ပြီး သူ ချန်လီ၏ဘေးနားကို လွင့်မျောသွားလိုက်သည်။ ထို့နောက် သူ့လက်ကိုဆန့်ထုတ်၍ ချန်လီ၏မျက်နှာကို အသာအယာထိတွေ့ပြီး သူ့နှုတ်ခမ်းထောင့်ကို ကွေးညွတ်စေကာ ပြုံးပြရန် ပြောလိုက်ပြီး ထိုတိရစ္ဆာန်နှစ်ကောင်ကို ဂရုမစိုက်ရန် ပြောနေမိသည်။


" ဒီအရူးက စကားပြောနိုင်တာလား..."


 ချန်လီက ဒေါသထွက်နေသော်လည်း ခြိမ်းခြောက်ဟန့်တားနိုင်သည့် သက်ရောက်မှုမရှိသည်မှာ သိသာပေသည်။ ချန်ချင်းနှင့် ဝူဇီခန်းတို့၏ မျက်နှာထက်မှ လှောင်ပြောင်သရော်လိုသည့် အမူအရာများက ပိုမိုထင်ရှားလာပေသည်။ ချန်ချင်းကမူ ချန်လီ့ဘေးနားရောက်လာပြီး ချန်လီ့မျက်နှာကိုပုတ်၍ အညှာအတာကင်းမဲ့စွာ ဟားတိုက်ရယ်မောတော့သည်။


" ထွက်သွား... ထွက်သွား..."

ချန်ချင်း၏ အပြုအမူများက ရန်စလှောင်ပြောင်နေသည်ကို မသိသောချန်လီက "ထွက်သွား" ဟူသော စကားကိုသာ အထပ်ထပ်အခါခါ ပြောနေလေသည်။


" ဘာလို့ အရူးတစ်ကောင်ကို အဖက်သွားလုပ်နေတာလဲ... ငါတို့ ဒီတစ်ခါလာရတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့ဦး..."


ဝူဇီခန်းက သရော်လိုက်ပြီး လူနာခုတင်ပေါ်မှ ဝေ့ချန်၏အနားကို တဖြည်းဖြည်းတိုးကပ်သွားလိုက်သည်။ 


ချန်ချင်းကလည်း ဤတစ်ကြိမ်လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကိုသိ၍ ချန်လီ၏မျက်နှာကို တစ်ကြိမ်ပုတ်လိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးကာ ခုတင်နားသို့လျှောက်သွားလိုက်သည်။ သူတို့ ဤတစ်ကြိမ်ရောက်လာခြင်းမှာ ဝေ့ချန်ကို သတ်ပစ်ရန် ဖြစ်သည်။ ခြေရာလက်ရာတစ်ခုမှ မရှိဘဲ လုံးဝသေသွားလျှင် သူတို့အတွက် အကောင်းဆုံးဖြစ်သည်။


" နှစ်ယောက်လုံး... ထွက်သွား..."


ချန်လီက သူတို့ကို စူးစူးရဲရဲကြည့်နေပြီး သူ့မျက်ဝန်းထဲတွင် ဒေါသ၊ သတိကြီးကြီးထားမှုတို့ဖြင့် ပြည့်နေသည်။ ချန်ချင်းနှင့် ဝူဇီခန်းတို့၏လက်များက ဝေ့ချန်၏ အသက်ရှုပိုက်နားသို့ ရောက်သွားသည့်အခါ ချန်လီက ရူးနှမ်းသွားတော့သည်။


 မှန်ပေသည်။ ချန်လီက လုံးဝပင် ရူးနှမ်းသွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့မျက်နှာထက်၌ စိတ်ခံစားချက် တစ်စုံတစ်ရာကို မတွေ့ရတော့ပေ။ သတိမေ့သွားချိန်တည်းက ဤလူနာဆောင်ထဲတွင် ဝိညာဉ်အဖြစ်နေနေသော ဝေ့ချန်သည်ပင် ချန်လီတစ်ယောက် လူနာဆောင်ထဲတွင် ဓားတစ်ချောင်းဖွက်ထားခြင်းကို မသိခဲ့ပေ။


ချန်လီက ဓားကိုထုတ်လိုက်ပြီး ခုတင်ဘေးနားမှ ချန်ချင်းကို ထိုးလိုက်သည့်အချိန်မှသာ ဝေ့ချန်က တုံ့ပြန်ရန် သတိရပြီး ချန်လီ၏ရှေ့သို့ ချက်ချင်းရောက်သွားတော့သည်။ ချန်ချင်းနှင့် ဝူဇီခန်းကဲ့သို့သော လူမျိုးများအတွက် အသက်ကိုဆုံးရှုံးရန်က မထိုက်တန်သည့်အပြင် သူကိုယ်တိုင်ကလည်း ချန်လီပြုလုပ်လိုက်သည့် အပြုအမူနှင့် မထိုက်တန်ပေ။


ဝေ့ချန်က သူဝိညာဉ်ဘဝရောက်နေသည်ကို မေ့သွားပြီး အလျင်အမြန်ပြေးလာသော်လည်း ချန်လီ့ကို မဟန့်တားနိုင်ခဲ့ပေ။ ချန်လီက သူ့ကိုယ်ကိုဖြတ်သွားပြီး ချန်ချင်း၏ကျောကို ဓားဖြင့်ထိုးပစ်လိုက်သည်။


ချန်လီက ဤမျှအထိရဲတင်းလိမ့်မည်ဟု ချန်ချင်းနှင့် ဝူဇီခန်းတို့ မထင်ထားခဲ့ပေ။ ခဏအကြာတွင် ချန်ချင်းမှာ ချန်လီ၏ဓားဖြင့်ထိုးခြင်း ခံလိုက်ရသည်။


ဝူဇီခန်း၏ တုံ့ပြန်ချက်ကလည်း မြန်ဆန်ပေသည်။ သူက လူနာခုတင်ပေါ် အမြန်တက်သွားပြီး ချန်လီ၏လက်ကို လှမ်းဆွဲလိုက်သည်။ ချန်လီက ပိန်ပါးလွန်းသောကြောင့် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု သူ ထင်လိုက်ပေသည်။

 

သို့ရာတွင် ဖြစ်ပျက်သွားခဲ့သည်များမှာ ဝူဇီခန်း ထင်ထားသည်နှင့် ကွဲလွဲနေခဲ့သည်။ သူက ချန်လီ့လက်ကို ဖမ်းဆုပ်ထားနိုင်ခဲ့သော်လည်း ဓားက ချန်ချင်း၏အသားထဲ နက်ရှိုင်းစွာ စိုက်ဝင်နေသည်ဖြစ်၍ သွေးများပန်းထွက်လာပြီး ချန်လီ့မျက်နှာပေါ် စင်သွားခဲ့သည်။


အမူအရာကင်းမဲ့နေသည့်မျက်နှာက သွေးများဖြင့် စွန်းပေနေ၍ ကြည့်ရသည်မှာ အလွန်ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။ ဝူဇီခန်းလည်း အလွန်ကြောက်လန့်သွား၍ သူ့လက်များကို လွှတ်လိုက်ရသည်။ ချန်လီက အခွင့်အရေးကိုအရယူပြီး ဓားကိုပြန်ဆွဲထုတ်ကာ ဝူဇီခန်းကို ထိုးလိုက်သည်။


ချန်လီ၏ လက်လှုပ်ရှားမှုများက ပရမ်းပတာဖြစ်နေ‌သည်။ သူက အငြှိုးကြီးစွာဖြင့် သူ့လက်ထဲမှဓားကို အပြင်းအထန် ဝှေ့ယမ်းပစ်နေသည်။ ဝူဇီခန်းက အနည်းငယ်ကြောက်ရွံ့သွား၍ ချန်လီ၏ ရူးနှမ်းလှသော လှုပ်ရှားမှုများမှ ထွက်ပြေးလိုသော်လည်း ချန်လီက သူ့ကိုချောင်ပိတ်ထားသည်။


ဘန်း...

ကျယ်လောင်လှသော ဆူညံသံကြီးဖြင့် ချန်လီ၏ ခန္ဓာကိုယ်က လှုပ်ခါလာပြီး နောက်ဆုံးတွင် ဆက်မထိန်းထားနိုင်တော့ပုံဖြင့် ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူ့ခေါင်းနောက်မှ စီးကျလာသော သွေးများကြောင့် ကြမ်းပြင်တွင် အနီရောင်များ လျင်မြန်စွာ စွန်းထင်းသွားတော့၏။

 

ချန်ချင်းက နာကျင်မှုကို မနည်းတောင့်ခံထားပြီး ချန်လီ့သွေးများပေနေသည့် သူ့လက်ထဲမှ အောက်ဆီဂျင်ဘူးက ကြမ်းပေါ်ကျသွားသည်ကို ကြည့်နေမိသည်။


သို့ရာတွင် ချန်ချင်းက ဒေါသမပြေသေးချေ။ သူ ထိုင်ချလိုက်ပြီး ချန်လီ ဆက်မကိုင်ထားနိုင်တော့သည့် သစ်သီးလှီးဓားကိုယူကာ ၎င်းကို ချန်လီ၏ခန္ဓာကိုယ်ထဲ အထပ်ထပ်အခါခါ ထိုးစိုက်နေ၏။


 " မင်းကများ ငါ့ကိုသတ်ဖို့ကြံရဲတယ်ပေါ့လေ... မင်းငါ့ကို သတ်ရဲတယ်ပေါ့ အရူးကများ..."


ချန်ချင်း၏ ချောမောလှသည့်မျက်နှာက ရှုံ့မဲ့နေပြီး ချန်လီ၏ ခန္ဓာကိုယ်မှ သွေးများက သူ့ကိုယ်ပေါ်လာစင်ချိန်တွင် သူ လုံးဝရူးနှမ်းသွားတော့သည်။


ချန်လီက နာကျင်စွာဖြင့်ပင် မအော်ခဲ့ပေ။ သူ့မျက်ဝန်းများဖြင့် ကောင်းကင်ကို ဗလာကျင်းစွာ မော့ကြည့်နေခဲ့သည်။ ထိုအချိန်တွင် ချန်လီ၏ အသိစိတ်က တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ဝေ့ချန်ကို မြင်လိုက်ရပုံပေါ်သည်။ သို့ဖြစ်၍ သူ့နှုတ်ခမ်းများ ကော့ညွတ်ပြီး ဝေ့ချန်ဘက်လှည့်ကာ ပြုံးပြလိုက်သည်။


ချန်လီက ပြုံးနေပေသည်။ 


သူ အသက်နှစ်ဆယ်ခန့်နေခဲ့ရသည့် တိုတောင်းလှငည့်ဘဝတွင် ပထမဦးဆုံးအနေဖြင့် ပြုံးနေခဲ့လေသည်။



❤️❤️❤️