Chapter 4
Viewers 6k


💘Chapter4

 ပြန်လည်စတင်ခြင်း



အချိန်က နွေရာသီထဲသို့ရောက်လာသည်။ဤနွေညအခါမှာ မိုးသည်း လေထန်ကာ မိုးတခြိမ်းခြိမ်း လျှပ်စီးတလက်လက်ဖြစ်နေခဲ့လေသည်။


ဝေ့ချန် အိပ်ရာထဲမှ အလန့်တကြားထထိုင်လိုက်ပြီး သူ့မျက်နှာနှင့် ခန္ဓာကိုယ်မှာ ချွေးများရွှဲနစ်နေခဲ့၏။သို့ပေမဲ့ အဆုံးမှာ သူ၏ဖရိုဖရဲဖြစ်​နေသော ခေါင်းထဲမှာ လူသားတစ်ယောက်၏မျက်နှာ ပေါ်လာခဲ့​လေသည်။မျက်နှာက သွေးများစွန်းပေနေကာ မျက်ဝန်းများက အမြင်အာရုံမဲ့နေသော်ငြား နှုတ်ခမ်းထောင့်စွန်းများမှာ အပြုံးဖျော့ဖျော့လေးရှိနေသည့်မျက်နှာ။


ဤသည်က ကြောက်စရာကောင်းသည်ဟုခေါ်၍ရနိုင်သော မျက်နှာမှန်းသိသာပေငြား ဝေ့ချန် ကြောက်ရွံ့မှု တစိုးတစိမှ မခံစားရပေ။သူ့နှလုံးသားထဲမှာ ပြင်းထန်သော နာကျင်မှုများကိုသာခံစားရပြီး မိမိကိုယ်ကို ပွေ့ပိုက်ကာခွေနေပါသော်လည်း နာကျင်မှုဝေဒနာကို သူ ခံနိုင်ရည်မရှိဆဲဖြစ်လေသည်။


"ချန်လီ..."


ဝေ့ချန် သူ့အိပ်မက်ထဲမှလူ၏ နာမည်ကို ရေရွတ်လိုက်မိပေမဲ့ သူ့နှလုံးသားထဲက နာကျင်မှုက ပိုပို၍တိုးလာသည်။ထိုသို့ တိုး၍တိုး၍လာနေသော နာကျင်မှုက ဝေ့ချန်ကို သူကအသက်ရှင်နေဆဲဖြစ်ပြီး အသိစိတ်လုံးဝရှိမ​နေသော ဆေးရုံကုတင်ပေါ်က အေးစက်စက်ခန္ဓာကိုယ်တစ်ခုမဟုတ်တော့ကြောင်း ပြောပြ၍နေသည်။


သူ့နှလုံးသားထဲရှိ နာကျည်းမှုက အားကောင်းလွန်း၍ပဲလား ဘုရားသခင်က သူ့အဖြစ်ကိုသနားသွား၍ပဲလားမသိ သူ့အားလွန်ခဲ့သောငါးနှစ်မှာ ​ပြန်လည် နိုးထလာစေခဲ့သည်။ဤအချိန်မှာ သူ ချန်လီကို လက်မထပ်ရသေးပေ။ချန်လီ၏ဘဝကလည်း အရာအားလုံး စတင်ပြောင်းလဲ၍မသွားသေးပါချေ။


ညသန်းခေါင်အချိန်၌ လေ မိုးများက နောက်ဆုံမှာရပ်တန့်သွားပြီဖြစ်ပေမဲ့ ဝေ့ချန်မှာမူ လူးလိုက်လှိမ့်လိုက်နှင့်ဆက်အိပ်၍မရတော့ပေ။သူ မီးမဖွင့်ဘဲ အိပ်ရာထဲကထွက်လိုက်ကာ သူ့ကိုယ်သူ အမှောင်ထုထဲမှာ ရောနှောသွားစေရင်း ​နောက်ငါးနှစ်အကြာက မှတ်ဉာဏ်များ၏ နှိပ်စက်ခြင်းကိုခံယူခဲ့လေသည်။အရေပြားများ စုတ်ပြဲပြီး တစ်ကိုယ်လုံး ဒဏ်ရာဗလပွဖြစ်လျှင်ပင် သူ တုံ့ဆိုင်းမနေပါချေ။


မျက်စိတစ်မှိတ်အတွင်းမှာပဲ အမှောင်ထုက ပျက်​ပြယ်လာပြီး အရုဏ်ကျင်းမိုးလင်း၍လာသည်။ဝေ့ချန် ထပ်ပြီးအမှောင်ထဲမှာထိုင်ရင်း ညလုံးပေါက်ခဲ့ပြန်လေပြီ။


ယနေ့က နဂါးလှေပွဲတော်နေ့ဖြစ်၏။ဝေ့မိသားစု၏ဓ​လေ့ထုံးစံအရ နဂါးလှေပွဲတော်အတွက် ဝေ့မိသားစုအိမ်ဟောင်းကို ပြန်ရန်အချိန်ရောက်ပြီဖြစ်လေသည်။ဝေ့ချန် အဝတ်အစားလဲကာ အိမ်ဟောင်းဆီကို ကားမောင်းထွက်လာခဲ့လိုက်သည်။


ဝေ့မိသားစု၏အိမ်ဟောင်းက ရှန်ဟိုင်းမြို့စွန်မှာရှိလေသည်။အိမ်​ကြီး၏သက်တမ်းက နှစ်ပေါင်း ရာချီနေပြီဖြစ်၏။လက်ရှိမှာ ဝေ့မိသားစုခေါင်းဆောင် ဝေ့ချန်၏အဘိုးနေနေသည်။


ဝေ့မိသားစုက တရုတ်ပြည်မှာ မိသားစုကြီးတစ်ခုဖြစ်၏။မျိုးရိုးစဥ်ဆက်တစ်လျှောက် ပြန်ပြီးခြေရာခံကြည့်မည်ဆိုပါက ထန်မင်းဆက်အထိပင် ခြေရာကောက်နိုင်လေသည်။တရုတ်ပြည်သူသမ္မတနိုင်ငံထူထောင်ပြီးနောက် ဖြစ်ပွားခဲ့သည်ကပ်ဘေးကြီးကြောင့် ဝေ့မိသားစု နိုင်ငံခြားသို့ထွက်သွားခဲ့သည်။ပြည်တွင်းရေးအခြေအနေ တိုးတက်လာခါမှ ဝေ့မိသားစုက ပြန်လာပြီး နိုင်ငံတွင်းမှာ ပြန်လည်ခြေကုပ်ယူခဲ့သည်။ရုတ်ချည်းဆိုသလိုပင် သူတို့ ရှန်ဟိုင်းမှာ​ခြေကုပ်မိခဲ့လေသည်။ယခုဆိုလျှင် ဝေ့မိသားစုက ရှန်ဟိုင်းမှာ မိသားစုကြီးတစ်ခုဖြစ်နေပေပြီ။


ဝေ့ချန် အိမ်​​တော်ဟောင်းသို့ရောက်သောအခါ နေ့လည်သုံးနာရီထိုးပြီးနေပြီဖြစ်သည်။ဝေ့မိသားစုဝင်အားလုံးနီးပါးပြန်ရောက်နေပြီဖြစ်ကာ လက်ရှိအချိန်မှာ မိသားစုတစ်ခုလုံး အသက်ဝင်တက်ကြွနေလေသည်။

 

ဝေ့ချန်က ကလေးကတည်းကတော်ခဲ့သူဖြစ်၏။သူက ဝေ့မိသားစုခေါင်းဆောင်၏အကြီးဆုံးသားမှ မွေးသည့် သားကြီးဩရသဖြစ်လေသည်။သားကြီးဩရသဖြစ်ခြင်းက အဓိပ္ပါယ်အနည်းငယ်ရှိ၏။ထုံးစံအတိုင်း သူကအာရုံစိုက်မှု အများဆုံးရသည်မှာ သဘာဝဖြစ်ပေသည်။


သူအိမ်သို့ရောက်လာသည့်အခိုက်တွင်  အသက်အရွယ်ပေါင်းစုံကလူများ၏အကြည့်များက ဝေ့ချန်အပေါ်စုပြုံရောက်လာသည်။သို့ပေမဲ့ မကြာခင်မှာပဲ သူတို့အကြည့်များကို အလိုလိုပြန်ရုပ်သိမ်းသွားကြသည်။ဝေ့ချန်၏မျက်နှာအာရုံကြောများက ငယ်စဥ်ကတည်းကမဖွံ့ဖြိုးသည်ဖြစ်လေရာ သူက အတော်လေး မျက်နှာအကြောသေနေသည်ဟု ပြောရမည်ဖြစ်သည်။


ထို့ပြင် သူ့ကို လူအိုကြီးက

ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ခဲ့သဖြင့် 

သူ့၏စိတ်နေစိတ်ထားက အနည်းနှင့်အများ လူအိုကြီးဆီကအမွေဆက်ခံထားခြင်းဖြစ်သည်။သူ့ရုပ်ရည်က ချောမောသော်လည်း သူဒေါသထွက်မနေချိန်၌ပင် ​သူ့တွင်ပြင်းထန်သော အရှိိန်အဝါရှိလေသည်။


ပြီးခဲ့သည့်ရက်အနည်းငယ်က အဆင်ပြေနေသေးသည်၊ဝေ့ချန်က အနည်းဆုံး အသိအကျွမ်းများကိုမြင်လျှင် ပြုံးပြလိမ့်ဦးမည်ဖြစ်သည်။ဤအတောအတွင်း မည်သို့ဖြစ်သည် မသိ၊သူ့အကြည့်များက အေးစက်ပြီး ဓားသွားများလိုစူးရှနေ၏။သူက ဘယ်သူ့ကိုမှ အနားကပ်မခံဘဲ အကုန်လုံးကိုလည်းကြောက်လန့်စေခဲ့​လေသည်။ဤအတွက်ကြောင့် လူတချို့က ကွယ်ရာမှာ ဝေ့ချန်က လူအိုကြီးနှင့်ပိုပိုတူလာသည်ဟု ပြောနေကြသေးသည်။


ဝေ့ချန်က သူတို့ကို တစ်ချက်မှစွေမကြည့်ဘဲ လူအုပ်​ကြီးကိုဖြတ်ကာ အပေါ်ထပ်က လူအိုကြီး၏ စာကြည့်ခန်းဆီ တန်းတန်းမတ်မတ်သွားခဲ့သည်။ဤအချိန်ဆိုလျှင် လူအိုကြီးက စာကြည့်ခန်းထဲမှာရှိနေဖို့ ဆယ်ပုံကိုးပုံလောက်သေချာသည်။


ဝေ့ချန်က တံခါးခေါက်လိုက်သည်။အထဲမှ အကြောင်းပြန်သံကြားလိုက်ပြီးနောက် တံခါးကိုဖွင့်ပြီး ဝင်သွားခဲ့သည်။လူအိုကြီးက လက်ထဲမှာစုတ်တံတစ်ချောင်းကိုကိုင်ပြီး ရွှမ်းစက္ကူပေါ်မှာ

စိတ်ကူးပေါက်ရာ ​​ဝှေ့ယမ်းနေသည်။ဝေ့ချန်ဝင်လာသည်ကိုတွေ့သောအခါ သူက ဝေ့ချန်ကို မျက်လွှာပင် ပင့်ကြည့်မလာပေ။


"အဘိုး ကျွန်တော် သေသေချာချာတွေးပြီးပြီ..ကျွန်တော် ချန်လီကိုလက်ထပ်ဖို့ဆန္ဒရှိပါတယ်"


ဝေ့ချန်က မျက်တောင်များကိုအောက်စိုက်ပြီး သူ့မျက်လုံးများထဲရှိ ခံစားချက်များကို ဖုံးကွယ်ကာ ပြောလိုက်လေသည်။



💘