Chapter 5
Viewers 2k


💘Chapter 5 

ချန်မိသားစုနှင့်ဝေ့မိသားစု



လူအိုကြီးဝေ့၏ လက်လှုပ်ရှားမှုများက သိသိသာသာ စည်းချက်လွဲသွားပြီး မူလက တိမ်များမျောလွင့်သည့်နှယ် ရေစီးဆင်းသည့်နှယ် ချောမွေ့နေသောစကားလုံးများမှာလည်း တန့်ကုန်လေသည်။လက်ရေးလှလက်ရာကောင်းတစ်ခု ပျက်စီးသွားခဲ့၏။လူအိုကြီးက ရိုးရိုးရှင်းရှင်းပဲ စုတ်တံကိုပြန်ချပြီး ရွှမ်းစက္ကူကိုလုံးချေလိုက်သည်။အပြစ်အနာအဆာရှိနေသောလက်ရာက ဆက်လက်တည်ရှိနေရန် မလိုအပ်ပေ။


ထိုအချိန်မှာ လူအိုကြီးဝေ့က ခေါင်းမေ့ာလာပြီး ဝေ့ချန်၏အနည်းငယ်အေးစက်နေသောမျက်လုံးများနှင့်ဆုံသွားလေသည်။သူက ပြောလိုက်၏။


"တကယ် သေသေချာချာစဥ်းစားပြီးပြီလား... ချန်လီက အရူးတစ်ယောက်ဖြစ်နေရင်တောင်မှ မင်းက သူ့ကိုလက်ထပ်ဖို့ဆန္ဒရှိတာလား"


ဝေ့ချန်က အခိုင်အမာခေါင်းညိတ်လိုက်ပြီး သူ၏အေးစက်စက်မျက်လုံးများက ဤအခိုက်အတန့်မှာ နွေးထွေးမှုအရိပ်အယောင်တစ်ခု စွန်းထင်နေခဲ့လေသည်။


"ကျွန်တော် သူ့ကိုလက်ထပ်ဖို့ဆန္ဒရှိပါတယ်...သူက ချန်မိသားစုက ချန်လီဖြစ်နေတာကြောင့်မဟုတ်ဘဲ သူကချန်လီဖြစ်နေတဲ့အတွက်ကြောင့်ပါ"


လူအိုကြီးဝေ့၏အကြည့်များက စူးရှလွန်း၍ ဝေ့ချန်၏မျက်လုံးများထဲမှ နွေးထွေးမှုကို သူချက်ချင်းဖမ်းမိလိုက်သည်။ယင်းက သူ့ကိုအတော်လေးအံ့ဩတုန်လှုပ်သွားစေခဲ့သည်။ပြီးခဲ့သည့် ရက်ပိုင်းက သူ့မြေးဖြစ်သူ၏ ပြောင်းလဲမှုများကို သူမြင်နိုင်ခဲ့သည်မှာ သဘာဝဖြစ်ပေသည်။တစ်စုံတစ်ရာကြောင့် လှုံ့ဆော်ခံလိုက်ရသလိုမျိုး သူက သူ့ခံစားချက်များကိုသိုဝှက်သိမ်းဆည်းထားပြီး သူ့မျက်လုံးများကအေးစက်​နေလွန်း၍ ခံစားချက်တစ်ခုမှ ထွင်းဖောက်မမြင်နိုင်တော့သည်အထိဖြစ်လေသည်။သို့ပေမဲ့ ယခု ချန်လီအကြောင်းထည့်​ပြောချိန်မှာ သူ့မြေး၏မျက်လုံးများထဲမှာ ဖျက်ခနဲပေါ်လာသော နွေးထွေးမှုက အတုအယောင်ဟုတ်ပုံမရပေ။ 


ဘာကဝေ့ချန်ကိုပြောင်းလဲစေခဲ့တာလဲ...


ပြီးခဲ့သည့်ရက်အနည်းငယ်က သူ ဝေ့ချန်နှင့်ချန်လီတို့၏လက်ထပ်ပွဲအကြောင်း ပြောသောအခါ ဝေ့ချန်က အလွန်အမင်းဆန့်ကျင်ခဲ့ပြီး သူနှင့်ပင် ​​ပြဿနာအကြီးအကျယ်တက်ခဲ့သည်။


မည်သို့ပင်ဖြစ်စေ လူအိုကြီးဝေ့က လူအိုကြီးဝေ့သာဖြစ်လေသည်။စိတ်ထဲမှာ အံ့ဩတုန်လှုပ်သွားပေငြား မျက်နှာပေါ်မှာ ဘာခံစားချက်အပြောင်းအလဲမှမရှိပေ။သူက ဆက်၍ပဲ ရွှမ်းစက္ကူကိုဖြန့်ပြီး သူ့စုတ်တံကိုဝှေ့ယမ်းကာ ရေးဆွဲရင်း ဆိုလိုက်သည်။


"စဥ်းစားတတ်တာကောင်းတယ်...အခု မင်းက ချန်လီကို လက်ထပ်ဖို့သဘောတူလိုက်ပြီဆိုတော့

အနာဂတ်မှာ ချန်လီကိုစိတ်မပျက်စေနဲ့"


"ကျွန်တော် သူ့ကိုကောင်းကောင်းဆက်ဆံမှာပါ"


ဝေ့ချန်က သူ့​မျက်လုံးများထဲမှာ လှိုင်းထလာသောခံစားချက်များကို မျက်လုံးမှိတ်ကာဖုံးကွယ်လိုက်ပေမဲ့ သူ့လေသံက ခိုင်မာနေခဲ့သည်။


'ဒီဘဝတော့ သေချာပေါက် ချန်လီကို ငါ့နှလုံးသားရဲ့ထိပ်ဖျားမှာထားပြီး အလိုလိုက်​ပေးမယ် ဘယ်သူမှ သူ့ကိုနည်းနည်းလေးတောင်ထိခိုက်နာကျင်အောင်မလုပ်နိုင်စေရဘူး ချန်မိသားစုဆိုရင်တောင်မှပဲ'


*


ညနေခင်းမှာ တစ်ကမ္ဘာလုံးရှိ ဝေ့မိသားစုဝင်များက နဂါးလှေပွဲတော်ကြောင့် အတူတူစုရုံးခဲ့ကြပြီး မိသားစုကြီးမှာ အသက်ဝင်စည်ကားနေတော့သည်။ဝေ့မိသားစုလိုမျိုး မိသားစုကြီးတစ်ခုမှာ သဟဇာတဖြစ်ပြီးပျော်စရာကောင်းရန် မျှော်လင့်​နေစရာမလိုပါချေ။ပြိုင်ဆိုင်မှုများကို စင်ပေါ်သယ်မလာသည်ကပင် ဝေ့မိသားစုထဲမှာ အကြီးကျယ်ဆုံးသဟဇာဖြစ်မှုဖြစ်နေပေပြီ။


လူအိုကြီး၏စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက် ဝေ့ချန် လူအုပ်ကြီးထဲဝင်မရောခဲ့ပါချေ။ထိုအစား သူကဝိုင်တစ်ခွက်ကို ယူပြီး လသာဆောင်၏ လက်ရန်းနားမှာရပ်ကာ အဝေးကိုကြည့်ရင်း အတွေးထဲနှစ်မြုပ်နေခဲ့လေသည်။


ထိုအခိုက်အတန့်တွင် ခန်းမဆောင်ထဲမှ ပြန်ရောက်လာသော ဝေ့မိသားစုဝင်များက စကားပြောနေကြပြီဖြစ်သည်။သူတို့က အတော်လေးပင် ပေါ့ပေါ့လျော့လျော့ပြောဆိုနေကာ ဘေးပတ်ဝန်းကျင်ကိုသတိထားခြင်း ဘာခြင်းမရှိကြပေ။ဝေ့ချန်က အဝေးကြီးမှာ ရပ်နေသော်လည်း ထိုစကားများက ဝေ့ချန်၏နားများထဲသို့ ဝင်လာကြဆဲဖြစ်လေသည်။


"ချန်မိသားစုနဲ့လက်ထပ်ပွဲက သတ်မှတ်ပြီးပြီလား"


ဂုဏ်သရေရှိ သခင်မတစ်ယောက်လိုဝတ်ဆင်ထားသောအမျိုးသမီးတစ်ယောက်က သူ့မအနားရှိလူများကို မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 


"သတ်မှတ်ပြီးပြီထင်တယ်"


အခြားအမျိုးသမီးတစ်ယောက်က သူတပါးဒုက္ခရောက်သည်ကို နှစ်ထောင်းအားရဖြစ်နေသောမျက်နှာနှင့်ဆိုလေသည်။


"လူအိုကြီးကရဲ့သဘောထားက ခိုင်မာနေတာ...ဝေ့ချန် သူလက်မထပ်ချင်ရင်တောင်လက်ထပ်ရမှာပဲ"


"ချန်မိသားစုကဟိုအရူးနဲ့ ဟုတ်တယ်မလား"


"ဟုတ်တယ် ချန်မိသားစုက သူတို့သမီးတွေကို ဝေ့မိသားစုနဲ့လက်ထပ်မပေးချင်ကြဘူးလေ...သူတို့သမီးတွေ အကုန်လုံးက အရာရှိအရာခံတွေနဲ့လက်ထပ်ကြမှာ...အဲဒါက ငါတို့ဝေ့မိသားစုနဲ့လက်ထပ်တာထက် ပိုပြီးအကျိုးရှိတယ်လေ"


"လူအိုကြီးက ဝေ့ချန်ကိုမျက်စိကျနေတယ်လိုဘယ်သူကပြောလဲ...ဒါက ဝေ့ချန်ရဲ့အနာဂတ်ကိုဖြတ်တောက်ပစ်လိုက်တာမဟုတ်ဘူးလား...သူ ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ရင် သားသမီးရနိုင်မှာမဟုတ်ဘူး...ဝေ့ချန်ဘယ်လောက် လုပ်နိုင်စွမ်းရှိရှိ ဝေ့မိသားစုကိုဆက်ခံဖို့အရည်အချင်းမပြည့်မီတော့ဘူး...သူဒီတစ်ခါလူအိုကြီးကို ဘယ်လိုရန်သွားစတယ်မသိဘူး...လူအိုကြီးက သူ့ကိုတကယ်ကြီး အသုံးမဝင်တဲ့လက်ထပ်ပွဲစီစဥ်ပေးလိုက်တယ်"


"ပြောရမယ်ဆိုရင်ဟယ် ငါတို့ဝေ့မိသားစုကလည်း ချန်မိသားစုထက်ပိုဆိုးမနေပါဘူး...လူအိုကြီးက တကယ်ကြီးလုပ်ချလိုက်တယ်...လူအိုကြီးက ဝေ့ချန်ကိုသဘောမကျဖြစ်နေလို့ လူကြားကောင်းအောင် ဒီနည်းလမ်းကို စဥ်းစားလိုက်တာလို့ထင်လား"

တခြားအမျိုးသမီးက မျက်မှောင်ကြုတ်ကာ ပြောသည်။


သူတို့နှစ်ဦးက စကားပြောရင်း ဤလက်ထပ်ပွဲ၏ အဓိကဇာတ်လိုက်နောက်တစ်ယောက်ဖြစ်သော ချန်လီအကြောင်း ပါလာကြသည်မှာသဘာဝဖြစ်လေသည်။


ချန်လီကဘယ်သူလဲ... ရှန်ဟိုင်းတခွင်က အထက်တန်းလွှာအသိုင်းအဝိုင်းတစ်ခုလုံး ဘယ်သူကမသိတာရှိလို့လဲ...သူက ချန်မိသားစုကအရူးဖြစ်ပြီး ချန်မိသားစုကထည့်ပြောရမှာရှက်ကြတဲ့ အမှိုက်လေ...


ရှန်ဟိုင်းရှိချန်မိသားစု၏အဆင့်အတန်းက ဝေ့မိသားစုနှင့် ညီမျှလေသည်။သို့ပေမဲ့ တရုတ်နိုင်ငံတစ်ခုလုံး၏အမြင်အရပြောရမည်ဆိုလျှင် ချန်မိသားစုက ဝေ့မိသားစုထက်အများကြီးပို အရေးပါအရာရောက်သည်။


မည်သို့ပင်ဖြစ်စေ ပေကျင်းတွင် ရာထူးမြင့်မြင့်၌ ရုံးထိုင်နေသော ချန်မိသားစုဝင် ချန်ကျုံးယန်က ချန်မိသားစုခေါင်းဆောင် ချန်ရှီဟွိုက်၏ဦးလေးဖြစ်​နေသည်​။


ဤနည်းဖြင့် ချန်မိသားစုက တရုတ်ပြည်နိုင်ငံရေး၊အစိုးရနှင့်စစ်တပ် ထိုအသိုင်းအဝိုင်းသုံးခုမှာ အဆင့်အတန်းတစ်ခုရှိလေသည်။


ချန်လီက ချန်ရှီဟွိုက်၏အကြီးဆုံးသားချန်ယွင်ရှန့်၏ တရားမဝင်သားဖြစ်ပြီး ချန်ယွင်ရှန့်၏တစ်ဦးတည်းသော တရားမဝင်သားလည်းဖြစ်၏။


ချန်ယွင်ရှန့်က မိန်းမကြောက်ရသည်ဟု နာမည်ကြီးသူဖြစ်၏။သခင်မချန်နှင့် လက်ထပ်ပြီးနောက် သူကတခြားအမျိုးသမီးများနှင့် ကင်းကင်းရှင်းရှင်း​နေခဲ့သည်။ချန်လီက တစ်ခုတည်းသောမတော်တဆဖြစ်လေသည်။သူက သခင်မချန်၏သမီးနှင့် လပိုင်းပဲကွာသည်။လက်ရှိမှာ ချန်လီက သခင်မချန်ကိုယ်ဝန်ရှိနေချိန် မွေးခဲ့သောချန်လီ၏တရားမဝင်သားမှန်း လူတိုင်းမြင်နိုင်ကြသည်။


ချန်ယွင်ရှန့်ဘာလုပ်ခဲ့လဲသူတို့မသိပေ။ချန်မိသားစုခေါင်းဆောင် ချန်ရှီဟွိုက်က ချန်လီကိုသူ၏ဘိုးဘေးများထံ ပြန်ခေါ်လာခဲ့ခြင်းဖြစ်လေသည်။


တချို့လူများမှာ ချမ်းသာသောဘဝရှိကြပေမဲ့ ချမ်းသာသောဘဝကို မခံစားနိုင်ကြပေ။ချန်လီက ထိုသို့သောလူဖြစ်၏။ချန်မိသားစု၏သခင်လေးဟူသည့် မြင့်မြတ်သောအဆင့်အတန်းတစ်ခုရှိပေမဲ့ ချန်လီက အော်တစ်ဇင်တစ်ယောက်ဖြစ်နေသည်က အမှန်တရားဖြစ်ပေသည်။


<< >>



💘Chapter 6 

ချန်မိသားစုကအရူး


ယဥ်ယဥ်ကျေးကျေးပြောရမည်ဆိုလျှင် ချန်လီက အော်တစ်ဇင်ရောဂါသည်တစ်ယောက်ဖြစ်ပြီး ရိုင်းရိုင်းပြောရလျှင် ချန်လီက အရူးတစ်ယောက်ဖြစ်၏။အနည်းဆုံး ချန်မိသားစုကပင်ထိုသို့တွေးကြသည်။


ချန်လီ၏တည်ရှိမှုက ချန်ယွင်ရှန့်အတွက် သူ၏ဖောက်ပြန်မှု၏သက်သေဖြစ်ပြီး သူ၏ပြီးပြည့်စုံသောအိမ်ထောင်ရေး၏အမဲစက်တစ်ခုဖြစ်လေသည်။


မစ္စချန်အတွက်မူ သူက သူမနှလုံးသားထဲရှိ ဆွဲနှုတ်၍မရသောဆူးတစ်ချောင်းဖြစ်လေသည်။ချန်လီကို ချန်မိသားစုအပြင်ဘက်ဆွဲမထုတ်သည်ကပင် မစ္စချန်၏​ကြင်နာမှုဖြစ်နေပြီဖြစ်လေရာ သူမက မည်သို့

ချန်လီကိုကောင်းကောင်းဆက်ဆံနိုင်ပါ့မည်နည်း။


ချန်မိသားစုထဲမှာ ချန်လီ၏အဆင့်အတန်းက ဘာဆိုသည်နှင့် သူမည်သို့ဆက်ဆံခံရသည်က သိသာပေသည်။


မသက်ဆိုင်သော အပြင်လူများအတွက်မူ ယခုလိုအရူးကို အရွယ်ရောက်သည်အထိ ပျိုးထောင်ပေးခဲ့သည်နှင့်ပင် ကြင်နာရာကျနေပြီဖြစ်သည်။


သို့ရာတွင် သူတို့က အရွယ်ရောက်သည်အထိပဲ ပျိုးထောင်ပေးခြင်းဖြစ်လေသည်။ယခု ချန်လီအသက်နှစ်ဆယ်ပြည့်ခါရှိသေး သူတို့က ချန်လီကိုသူများအိမ်ထဲလက်ထပ်ဝင်ခိုင်းရန် တွေးနေကြပြီဖြစ်၏။သို့ပေမဲ့ ဤသည်ကလည်းဘာမှမမှားပါချေ။အသုံးဝင်သောလူချမ်းသာအရူးတစ်ယောက်အတွက် တစ်ခုတည်းသောတန်ဖိုးက စီးပွားရေးအရလက်ထပ်ခြင်းဖြစ်၏။​သို့သော်လည်း ယင်းက တစ်စုံတစ်ယောက်က ထိုအရူးကိုလက်ထပ်ချင်ဦးမှပင်။


ချန်မိသားစုက ဝေ့မိသားစုနှင့် မည်သည့်သဘောတူညီချက်များ ပြုလုပ်ခဲ့သည်မသိ။ဝေ့မိသားစုက အမှန်တကယ်ပင် ဝေ့မိသားစု၏လူငယ်မျိုးဆက်ထဲက အထူးချွန်ဆုံး ဝေ့ချန်ကို ချန်လီနှင့်လက်ထပ်ပေးရန်သဘောတူလိုက်သည်။


လူအိုကြီးဝေ့ ဘာတွေးနေလဲ ဘယ်သူမှမသိကြပေ။အပြင်လောကမှာ ထင်မြင်ချက်အမျိုးမျိုးရှိနေကြသည်။ဖြစ်နိုင်ချေအရှိဆုံးက ဝေ့ချန်က လူအိုကြီးဝေ့ကို တစ်နေရာရာမှာ သွားဆန့်ကျင်မိ၍ ဟိုကလက်ထပ်ပွဲကို ကာဗာယူပြီး ဝေ့ချန်၏အမွေဆက်ခံခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်မည်။


အပြင်လောကမပြောနှင့်၊ဝေ့မိသားစုကလူများပင် ထိုသို့ထင်နေကြသည်။ဤအတွက်ကြောင့် ဝေ့ချန်တို့မိသားစုထဲကလူများမှလွဲ၍ တခြားမိသားစုများအကုန်လုံးက နှစ်ထောင်းအားရဖြစ်စွာနှင့် ပွဲကြည့်ပရိတ်သတ်လုပ်ကာ ဝေ့ချန်လက်ထပ်ပွဲကိုငြင်းပြီး လူအိုကြီးဝေ့နှင့် ရန်ဖြစ်မည်အားစောင့်နေကြသည်။


"ရိုးရိုးသားသားပြောရရင် ငါဝေ့ချန်အတွက်စိတ်မကောင်းဖြစ်မိတယ်"


အမျိုးသမီးတစ်ယောက်က ယခုလို ပြော​လိုက်ပေမဲ့ ပါးစပ်ကိုအုပ်ကာပြုံး​​နေလေသည်။


"အချိန်ကျလာတာနဲ့ သူကအရူးတစ်ယောက်ကိုလက်ထပ်ရတော့မယ်...ချန်မိသားစုက အရူးက အခုစကားတောင်မပြောတတ်ဘူးလို့ကြားတယ်...(ဆွံ့)အနေသလားမသိဘူးနော်"


"သူက သူ့ကိုယ်သူ အခန်းထဲမှာတစ်နေကုန်ပိတ်နေတာလို့လည်းကြားတယ်...သူများစကားကို ဘယ်လိုနားထောင်ရမလဲမသိသလို ဘာမှလည်းမလုပ်တတ်ဘူးတဲ့...အရင်တစ်ခေါက်က ရေချိုးဖို့သူ့ဘာသူရေနွေးဖြည့်ခိုင်းလိုက်တာ ချန်မိသားစုတစ်ခုလုံးရေမြုပ်တော့မလိုပဲတဲ့...ချန်မိသားစုက အစေခံတွေက အဲဒီအရူးကိုကောင်းကောင်းဂရုစိုက်လို့သာမဟုတ်ရင် သူ​ရေနစ်သေနေပြီ"


"အဲလိုကိစ္စမျိုးရှိတာလား...ကျစ်ကျစ် အဲလိုဆိုရင်တော့ ဝေ့ချန်ကမိန်းမရတာမဟုတ်ဘဲ ဘိုးဘေးရသွားတာပဲ...သူ့ဘေးမှာ တချိန်လုံး နေပြီး နေ့တိုင်းစောင့်ကြည့်နေရမှာ...မဟုတ်ရင် တစ်ချက်လေးအာရုံလွှဲတာနဲ့ တစ်အိမ်လုံး ဂျွမ်းသထာလန်သွားလောက်တယ်"


"ဒါဆိုနောက်ကျ အဲဒီအရူးနဲ့ဝေးဝေးနေရမယ်...မဟုတ်ရင် အဲဒီအရူး ထပ်အရူးပြန်ရင် ငါတို့ ဆွေမျိုးတွေပါ​ ရော​​ယောင်ပြီး ဒုက္ခရောက်ကုန်မယ်"


"ပြောတာကြည့်စမ်း ဟားးဟားဟား"

……


ဤလူများက ချန်လီအကြောင်းပြောသည့်အခါ သူတို့အကုန်လုံးက သူ့ကို အရူးဟုခေါ်ဝေါ်သုံးစွဲကြပြီး ချန်လီ၏နာမည်ကိုမေ့နေကြပုံရသည်။ဤအမျိုးသမီးများ၏လှပစွာလိမ်းခြယ်ထားသော မိတ်ကပ်များအောက်ရှိ စက်ဆုပ်ဖွယ်ကောင်းသောရုပ်ရည်များက အထင်းသား လှစ်ဟ​​နေပေသည်။သိမ်မွေ့လှပသောမျက်နှာများကလည်း ဤအခိုက်အတန့်မှာ အမှန်တကယ်ကို မယုံနိုင်လောက်အောင် ရုပ်ဆိုးနေချေသည်။


ဤနေရာရှိ စကားဝိုင်းက ဝေ့ချန်၏နားထဲကို တစ်လုံးမကျန်ရောက်သွားခဲ့သည်။မျက်နှာအကြောသေနေမှုကြောင့် ဝေ့ချန်၏မျက်နှာပေါ်ကအမူအရာက များများစားစားမပြောင်းလဲသွားသော်လည်း သူ့မျက်လုံးများကမူ အေးစက်သထက်အေးစက် လာနေခဲ့သည်။သူက လက်ထဲကစီးကရက်ကိုမီးငြှိမ်းလိုက်ပြီး ဝေ့အိမ်၏ဧည့်ခန်းထဲကိုပြန်လှည့်ဝင်လာခဲ့လိုက်သည်။


ထိုအကြောင်းအရာကို ပြောနေကြသူများက ဝေ့ချန်ဝင်လာသည်ကိုမြင်သောအခါ ဝေ့ချန်က ယခု ဝေ့မိသားစု၏အစွန့်ပစ်ခံသားဖြစ်နေပြီဟုတွေးကာ အကြောက်အရွံ့မဲ့လာ၍ပဲလား၊ ဝေ့ချန်လက်ထပ်မည့်အရူးအကြောင်း ပြောခြင်းက ဝေ့ချန်ကို အကြီးအကျယ် ဂုဏ်သိက္ခာကျဆင်းစေသည်ဟုခံစားရ၍ပဲလားမသိ သူတို့က ပိုပို၍ ကျယ်လောင်စွာပြောဆိုလာကြကာ သူတို့ပြောသည့်စကားများကလည်း ကြားရဆိုးလာသည်။


ဝေ့ချန်က ဘာတစ်ခွန်းမှ မပြောဘဲ ထိုလူများကိုအေးစက်စွာပဲစိုက်ကြည့်လိုက်သည်။ထို့နောက် သူက အနားက ထိုင်ခုံတစ်လုံးကိုဆွဲမပြီး ထိုအတင်းတုပ်​နေ​သော အမျိုးသမီးများထံ ပစ်ပေါက်လိုက်၏။


*ီးကို လူကြီးလူကောင်းအပြုအမူ မိန်းမတွေဘာတွေ *ီးမှ သောက်ဂရုစိုက်မနေဘူး...တစ်ယောက်ယောက်က ချန်လီကိုအရူးလို့ပြောရဲရင် သူ ဝေ့ချန်က အဆုံးထိ တိုက်ခိုက်ရလိမ့်မယ်...


💘