🐯Chapter 57
ကုယွီမြန်၏ သမ်းဝေမှုက လမ်းခုလတ်တွင် ရပ်သွားသည်။
အမြန်ချောပို့အထုပ်များက တစ်ခုပေါ်တစ်ခု ဆင့်နေပြီး တောင်ကုန်လေးသဖွယ် စုပုံနေသည်။ အထုပ်တစ်ခုစီ တိုင်းကို အလွန်သေသပ်စွာ ထုတ်ပိုးထားသည်။ တံခါးမဖွင့်မီအချိန်အထိ သူတို့၏ အခြေအနေကို မရေမရာပုံစံဖြင့် ပြုတ်မကျစေရန် ထိန်းသိမ်းထားနိုင်သည်။ တံခါးဖွင့်လိုက်သည်နှင့် ၎င်းတောင်ကုန်းလေးက ဆူနာမီကဲ့သို့ ကုယွီမြန်၏ အပေါ်သို့ ကျဆင်းသွားသည်။ သူက အပေါ်ဘက်တွင် 'ကောင်းကင်’ဟု ရေးထားသည့် စာတန်းကို ကောက်ကိုင်လိုက်သည်။ ၎င်းနှင့် မရင်းနှီးသော ကုယွီမြန်ပင်လျှင် ထိုအရာမှာ မင်းမျိုးမင်းနွယ်များနှင့် ချမ်းသာသော လုပ်ငန်းရှင်အချို့သာ အသုံးပြုနိုင်သည့် လေပေါ်ဝဲ ကိရိယာအမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း သိထားသည်။
သူ့လက်ထဲတွင် ရှိနေသည့်အရာက အရေအတွက် ကန့်သတ်ထားသော အလွန်တရာ သေးငယ်သည့် လေပေါ်ဝဲကိရိယာ ထိန်းချုပ်ခွင့်ကဒ် ဖြစ်သည်။
ထို့နောက်တွင် နောက်ဆုံးပေါ် လက်ပတ်ကွန်ပြူတာ၊ ဇိမ်ခံအမှတ်တံဆိပ်ဝတ်စုံများ၊ လည်ဆွဲများနှင့် နာရီများ၊ မြို့ပြ အထက်တန်းဧရိယာ၊ ရေပေါ်ကျွန်းမှ တစ်ဦးပိုင်ဗီလာအား ထိန်းချုပ်ခွင့်ကဒ်များ အားလုံးရှိနေပြီး ၎င်းတို့ အားလုံးထဲတွင် အဲလ်ဘတ်စားသောက်ဆိုင်လွှဲပြောင်းပေးရေးသဘောတူညီချက်ဖိုင်တွဲက အရေးမကြီးသည့်အရာဟုပင် ထင်နေရသည်။
ကုယွီမြန်က ထိုအရာက အမှားတစ်ခုဟု သံသယရှိခဲ့သော်လည်း ပစ္စည်းတစ်ခုစီတွင် သူ့အမည်ကို ရေးမှတ်ထားပြီး ပေးပို့သူနေရာ၌ ကွက်လပ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ မသိပေ။ ဤဇိမ်ခံအမှတ်တံဆိပ်များအားလုံးက ကုယွီမြန်၏အိမ်ရှေ့တွင် ပရိုမိုးရှင်းပြပွဲတစ်ခုနှင့်ပင် တူနေသည်။ ၎င်းတို့က တစ်ခုလျှင် ၁၀ ယွမ်၊ သုံးခုယူလျှင် ယွမ် ၂၀၊ သုံးခုလျှင် ၃၀ ယွမ်၊ တစ်ခု ဝယ်လျှင် တစ်ခု အလကားရသည် နှင့်ပင် တူနေသည်။
"ငါ ဘာလို့မနိုးသေးတာလဲ... အိပ်မက်မက်များမက်နေတာလား…"
ကုယွီမြန်၏ စိတ်ထဲတွင် သံသယတစ်ခု ရှိနေသည်။
ပန်ဒါလေးက အိပ်ခန်းထဲတွင် အိပ်နေဆဲဖြစ်သည်။ ထိုအချိန်တွင်၊ ကုယွီမြန်နှင့်အတူ စေးကပ်နေသော နှင်းကျားသစ်လေးသာ ပါလာခဲ့သည်။
နှင်းကျားသစ်လေးက ကုယွီမြန်၏ပခုံးပေါ်တွင် ပျင်းရိစွာ အိပ်နေပြီး သူ၏ ပျော့ပျောင်းသောနားရွက်များက ကုယွီမြန်၏ နားရွက်များကို ပွတ်တိုက် သွားသည်။ လက်ဆောင်များအားလုံးကို ကုယွီမြန် ကြိုက်လား မကြိုက်လားဆိုသည်ကို ကြည့်ရှု့ရန် သူ့မျက်ခွံ တစ်ဝက်ခန့်ကို ဖွင့်ထားလိုက်သည်။
သူက လက်ပတ်ကွန်ပျူတာကိုကြိုက်တယ်…ဝတ်စုံနဲ့ လည်စည်းကလည်း မိုက်သားပဲ… သူက လေပေါ်ဝဲ ကိရိယာနဲ့ ဗီလာပိုင်ဆိုင်မှုကဒ် ကိုတော့ ခံစားလို့ရပုံမပေါ်ဘူး… စားသောက်ဆိုင် သဘောတူညီချက်ကို မျက်မှောင်ကြုတ်ကြည့်ပြီး လက်မခံရသေးဘူးလား… သူ မကြိုက်ဘူးလား…
နှင်းကျားသစ်လေးက မကြာမီမှာပင် စားသောက်ဆိုင်အား ဒေဝါလီခံမည့်အစီအစဉ်တွင် ထည့်သွင်းခဲ့သည်။
ကုယွီမြန် စားသောက်ဆိုင်ပိုင်ဆိုင်မှု သဘောတူညီချက်ကြောင့် မျက်မှောင်ကြုတ်နေခဲ့ခြင်း မဟုတ်ပေ။ အပြောင်းအရွှေ့ သဘောတူစာချုပ်တွင် ရေးထိုးထားသော အမည်က ဤအရာများကို ပေးပို့သူမှာ မည်သူဖြစ်သည်ကို နောက်ဆုံးတွင် သူ့ကို အသိပေးလိုက်ခြင်းကြောင့်သာဖြစ်သည်။
မျှော်လင့်မထားသည့် လူတစ်ယောက်ပင်။
-----
နာရီဝက်အတွင်း…
ကုယွီမြန် က ဧည့်ခန်းထဲတွင် တင်ပျဉ်ခွေထိုင်ပြီး ရှို့ဟန်အား အသံမက်ဆေ့ပို့လိုက်သည်။
"ရှို့ဟန်…တောင်းပန်ပါတယ် …မင်းငါ့ကို ဘာလို့ ဒါတွေ ပေးတာလဲ…"
ပန်ဒါဝက်ဝံလေးက ကုယွီမြန်၏ဒူးပေါ်တွင်လှဲ၍ နို့သောက်နေသည်။
နှင်းကျားသစ်လေးက ကုယွီမြန်၏ရင်ခွင်ထဲတွင် တလှုပ်လှုပ်နှင့် ခွေခေါက်ကာ ပုန်းနေခဲ့သည်။ ကလေး၏ လက်ပတ်ကွန်ပြူတာမှ အလင်းမျက်နှာပြင်ကိုဖွင့်ထားပြီး အကြောင်းအရာကို သူနှင့်သူ့အုပ်ထိန်းသူတို့သာမြင်ရသည်။ မကြာသေးမီက သူက လက်ပတ်ကွန်ပြူတာတွင် ကလေးများအတွက် ပညာရေးဆိုင်ရာ ဂိမ်းအချို့ကို ရံဖန်ရံခါ ကစား လေ့ရှိသည်။ မှန်သားပြင်ပေါ်ရှိ မြင်ကွင်းက မြစ်ကိုဖြတ်၍ ပြေးနေသည့် ခွေးများနှင့် ကြောင်များ အစရှိသဖြင့် ပြည့်နေသည်။
ကုယွီမြန်က များများတွေးမနေတော့ဘဲ ပေါ့ပေါ့ပါးပါး တစ် ချက်ကြည့်လိုက်သည်။
အမြန်ပြန်ကြားချက်တစ်ခု ရှိခဲ့သည်။
[ရှို့ဟန် : မင်းကို ကျေးဇူးဆပ်တာပါ…]
ကုယွီမြန် - "….."
ထိုအရာက သူမှန်းဆထားသည်ထက် ဆယ်ဆဖြစ်နေသည်။ သူက ရှို့ဟန်၏ နောက်ခံကို အမှန်တကယ်မသိသကဲ့သို့ အင်တာနက်တွင် ‘ရှို့’ဟူသည့် နာမည်ကို ရှာကြည့်သောအခါ ရလဒ်များ မတွေ့ခဲ့ရပေ။ သူက သာမန်မိသားစုမျိုးမှ မဟုတ်ဘဲ ဒေါ်လာဘီလီယံပေါင်းများစွာဖြင့် မည်သည့် အရာကိုမဆို ဝယ်နိုင်သည့် မင်းမျိုးမင်းနွယ်မှ ဖြစ်နိုင်သည်။
သူက ချမ်းသာတဲ့ စီးပွားရေးသမားလား… ဒါမှမဟုတ် တော်ဝင် နန်းတော်ကလား…
တော်ဝင်မိသားစုက အလွန်တင်းကြပ်သည်။ မဖြစ်နိုင်ပေ။
“မင်း ငါ့ကို ကျေးဇူးတင်ချင်ရင် အဲဒီတက်တူး… အဟွတ်… အဲဒီကတ်က လုံလောက်ပါပြီ… ဒါမှမဟုတ် မင်းငါ့ကို အဲ့ကတ် ၂ခုပေးလိုက်လို့ ရတယ်လေ…”
ကုယွီမြန်..” ဒါတွေက ငါ့အတွက် အရမ်းစျေးကြီးလွန်းတယ်။ မင်းက အသက်နှစ်ဆယ်ပဲ ရှိသေးတယ်… မင်း ကျောင်းတက်တုန်းပဲမလား… မင်းမိသားစုကရော…"
[ရှို့ဟန် : တံဆိပ်ကတစ်ခုပဲ ရှိတယ်…]
မိသားစုတဲ့လား…
ထိုအရာက ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုပင်။ နှင်းကျားသစ်လေးက ဤစကားလုံးကို နားထောင်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်ပြသည်။
[ရှို့ဟန် : ကိုယ့်မှာ မိသားစုရှိတယ်၊ ဒါပေမယ့် ကိုယ် သူ့တို့စကားနားမထောင်ဘူး…]
ကုယွီမြန်၏စိတ်ထဲတွင် ပုန်ကန်တတ်သော ကလေးတစ်ယောက် နှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူက မည်သည့် ဖြောင်းဖျမှုကိုမျှ နားမထောင်ပေ။
သူ ရှို့ဟန်နှင့် ခဏ စကားပြောခဲ့ပြီးနောက် ထိုသူက ဆက် သွယ်ရေးကို လုံးဝ အကြောင်းမပြန်တော့ပေ။
ထိုအချိန်တွင် နှင်းကျားသစ်လေးက လှည့်၍ထထိုင်ကာ ကုယွီမြန်၏ပါးပြင်ပေါ်ကို သူ့လက်ဖဝါးလေးဖြင့် ဖိထားသောကြောင့် ကုယွီမြန်က သူ့လက်ဖဝါးလေးကို နမ်းရှုံ့လိုက်သည်။
အိုး လူဆိုးလေးပဲ…
သူသာ ထန်ယွမ်လေးလောက် လိမ်မာမယ်ဆိုရင်…
နောက်တစ်စက္ကန့်အတွင်း၌ ကုယွီမြန်က သူ့မျက်လုံးများကို ရွှေ့လိုက်ရာ သူ့ပုလင်းထဲမှ နို့ကိုသောက်ရင်း ပန်ဒါဝက်ဝံကလေး၏ ဗိုက်ဖောင်းနေသည်ကို တွေ့လိုက်သည်။ သူ ဂရုစိုက်လိုက်မိသည်နှင့် ထန်ယွမ်လေးက သူ့ကို ဝလုံး ပုံသဏ္ဍာန်ဖြစ်စေသည့် အဆီများရှိသော ခန္ဓာကိုယ်လေး ဖြစ်လာစေရန် နို့များကို သူချိန်ပေးထားသည်ထက် ပို၍ သောက်နေသည်။ ပန်ဒါလေးသည် ကုယွီမြန်၏ လက်ဖဝါး နှင့် သူ့ခေါင်းကို ပွတ်သပ်လိုက်သည်။
"အီ….”
ကုယွီမြန်က ထိုစကားလုံး(လိမ်မာတယ်ဆိုသည့်စကားလုံး)ကို ပြန်ရုတ်သိမ်းရန်သာ ဆုံးဖြတ်လိုက်သည်။
သူက ကလေးနှစ်ယောက်လုံးအတွက် စိတ်ပူနေရသည်။
သူက နောက်ဆုံးတွင် ရောက်ရှိလာသည့် အရာအားလုံးကို ရှို့ဟန်၏ နာမည်အောက်တွင် ဘဏ်၌သာ သိမ်းဆည်းထား ရန် အကြံရသွားပြီး ထိုအရာကသာ ဤအတိုင်းအဆမရှိသည့် လက်ဆောင်များကို ရှို့ဟန် ပြန်ယူလိုသည့်နေ့ အထိ ခြွင်းချက်မရှိ ထာဝရသိမ်းဆည်းနိုင်မည် ဖြစ်သည်။
လုပ်ငန်းစဉ်အရ ၎င်းက ပြဿနာမရှိပေ။
တစ်ခုတည်းသောပြဿနာမှာ အဲလ်ဘတ်စားသောက်ဆိုင် ၏ပိုင်ဆိုင်မှုဖြစ်ပြီး ဘေးဖယ်ထား၍မရပေ။
ကုယွီမြန်က ဘဏ်ကိုဖုန်းဆက်ကာ ဆက်သွယ်ပြောဆိုရန် မန်နေဂျာတစ်ယောက်ဆီသို့ လွှဲပေးလိုက်လိုက်သည်။
" လူကြီးမင်း လက်မှတ်ထိုးလိုက်မယ်ဆိုရင်တော့ ဒီပိုင်ဆိုင်မှုတွေကို ချက်ချင်းရသွားမှာပါ… မဟုတ်ရင်တော့ ဒါကို အောင်မြင်တဲ့လွှဲပြောင်းမှုအဖြစ် သတ်မှတ်လိုက်ပါလိမ့်မယ်… မစ္စတာရှို့ကသာ ပြန်လည်လွှဲပြောင်းတာကို လက်မခံရင် စားသောက်ဆိုင်က ဒေဝါလီခံရတယ်ဆိုပြီး တိုက် ရိုက်ကြေငြာနိုင်ပါတယ် သူ့ရဲ့ ရှယ်ယာတန်ဖိုးတွေကလည်း တော်တော်ကို ကျသွားနိုင်ပါတယ်..."
ဘဏ်၏စကားများက တစ်စိတ်တစ်ပိုင်းမှန်ပြီး တစ်စိတ်တစ်ပိုင်း မှားယွင်းနေသည်။ သို့သော် ၎င်းတို့က ကုယွီမြန် တွေ့ရှိထားမှုအချို့နှင့် လိုက်လျောညီထွေရှိနေဆဲဖြစ် ပြီး ၎င်းအား မှန်သည် မှားသည်ကို သူ မဆုံးဖြတ်နိုင်ပေ။
မကြာသေးမီ ရက်ပိုင်းများအတွင်း အစာအဆိပ်သင့်ခြင်း၊ ဝန်ဆောင်မှုညံ့ဖျင်းသော သဘောထား၊ အစုရှယ်ယာရှင်များ နုတ် ထွက်ခြင်း၊ အရင်းအနှီးပြတ်တောက်ခြင်း နှင့် စားဖိုမှူး၏စုပေါင်းသုတေသနပြုချက်များနှင့် ဟင်းလျာအသစ်များ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသည့် အခြားပြဿနာများကြောင့် အဲလ်ဘတ်၏ ရုံးချုပ်နှင့်ဆိုင်ခွဲများ၏ ရှယ်ယာစျေးနှုန်းများက နိမ့်ပါးမှုအသစ်များ မမျှော်လင့်ဘဲ ပေါ်ပေါက်လာကာ နိမ့်ကျသွားပြီး ရှယ်ယာများပင်လျှင်ကျဆင်း သွားကြောင်း အင်တာနက်ပေါ်တွင် သူရှာဖွေတွေ့ရှိခဲ့သည်။
ကုယွီမြန်က အဲလ်ဘတ်စားသောက်ဆိုင်ကို ဝယ်ယူစဉ်အခါက စျေးကွက်တန်ဖိုး ယွမ် 10 ဘီလီယံကျော်ရှိသော အင်တာနက်နာမည်ကြီး စားသောက်ဆိုင်အဖြစ် ရှိနေဆဲဖြစ်သည်ကို မသိခဲ့သော်လည်း တစ်ညတည်းတွင် အမျိုးမျိုးသော အရာများပေါ်လာပြီး အခြေအနေများသည် ဆိုးရွားလာခဲ့သည်။
အကယ်၍ သူ လက်မခံခဲ့ပါက ရှို့ဟန်က တာဝန်ယူ မည် မဟုတ်ပေ။ ထို အင်တာနက်နာမည်ကြီး စားသောက်ဆိုင်သာ ဒေဝါလိီခံ သွားရပါက အလွန်ပင် ဆိုးရွာသွားပေမည်။
သို့သော်လည်း သူက စားသောက်ဆိုင်ကို စီမံခန့်ခွဲခြင်း မပြုနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံခြင်းလည်း မပြုနိုင်ဘဲ ပံ့ပိုးကူညီမှုလည်း မရှာနိုင်ပေ။ ထိုအရာက အလွန် ရှုပ်ထွေးသည့်အရာ ဖြစ်သည်။
"ဒါပေမယ့်..."
သူ့၌ ထိုကဲ့သို့သော စားသောက်ဆိုင်မျိုးသာ ရှိခဲ့မည်ဆိုပါက သူ၏ စိတ်ကူးစိတ်သန်းအချို့ကို အကောင်အထည်ဖော်ရန် အခွင့်အလမ်းရှိမည်ပင်။
ကုယွီမြန်က အမှန်တကယ် စိတ်လှုပ်ရှားသွားသည်။
ဤခေတ်တွင် အရာရာက အလွန်ကောင်းမွန်သော်လည်း နှစ်ပေါင်းများစွာ စစ်ပွဲများဖြစ်ပွားခဲ့ခြင်းနှင့် သတင်းအချက်အလက် နည်းပါးမှုကြောင့် လူနေမှုဘဝ၊ အစားအသောက်နှင့် ကဏ္ဍအားလုံးတွင် ခေတ်နောက်ကျမှုများ ထင်ဟပ်လာစေသည်။ အချိန်အလုံအလောက်ပေးပါက လူမှုနေထိုင်ရေး အဆင့်အတန်းမှာ ယခင်ကထက် ပိုမိုမြင့်မားလာမည်ကို ကုယွီမြန် သေချာပေါက် သိသည်။
သို့သော်လည်း ထိုအရာက ဖြစ်မလာသေးပေ။
သူ ကူးပြောင်းလာသည်ဆိုကတည်းက ဤနေရာတွင် တိရစ္ဆာန်များအတွက် တစ်ခုခုလုပ်ပေးရန် သူ့ အသိပညာကို အသုံးချနိုင်ပေးနိုင်လောက်သည်ဟု သူထင်ခဲ့သည်။
ကံမကောင်းစွာပင် ထိုအချိန်က သူ့ကိုယ်ပိုင်အစားအစာ နှင့် အဝတ်အစားများကိုပင် မဝယ်နိုင်ခဲ့ပေ။
ယခုတွင်မူ အချိန် ကျရောက်လာပြီဖြစ်သည်။
ငါဘာလို့ မကြိုးစားနိုင်ရမှာလဲ…
အမှန်တွင် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင်သာ သူ အာရုံစိုက်ရမည်ဖြစ်သည်။ အဲလ်ဘတ်တွင်လည်း သီးသန့်စီမံခန့်ခွဲမည့် ဌာနတစ်ခုရှိပြီး သူလုပ်ဆောင်ရန် များစွာမလိုအပ်ပေ။
ကုယွီမြန်က သူ့ရင်ခွင်ထဲတွင် နှင်းကျားသစ်လေးကို ထည့်ထားပြီး လက်ချောင်းများက နှင်းကျားသစ်လေး၏ အမွှေးများကို ဖြီးပေးနေ၍ သူ့အား သမ်းဝေသွားစေသည်။ နို့ သောက်ပြီးနောက် ပန်ဒါလေးက ကုယွီမြန်၏ လက် တစ်ဖက်ကို ကိုင်ကာ အိပ်ပျော်သွားသည်။
"အရင်ဆုံး စမ်းကြည့်ရအောင်…"
ကုယွီမြန်က နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။
“ငါတို့ တစ်ခုခု မလုပ်နိုင်ဘူး ဆိုရင် ငါတို့ စဉ်းစားကြည့်လို့ရမယ်"
-----
ထိုနေ့လည်တွင် အဲလ်ဘတ်စားသောက်ဆိုင်၌…
နံနက်ပိုင်းတွင် အဲလ်ဘတ်စားသောက်ဆိုင်၏မန်နေဂျာ က ကုယွီမြန်အား ဆက်သွယ်ခဲ့သည်။ အသေအချာ စဉ်းစားပြီးနောက် ကုယွီမြန် ထိုနေရာသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ ယခုလက်ရှိတွင် စကားပြောရန် အချိန်မည်မျှကြာမည်ကို မသိသောကြောင့် ကုယွီမြန်က သူ့ကလေးနှစ်ယောက်ကို သူနှင့်အတူ ခေါ်သွားလိုက်သည်။ သူ အပြင်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ထန်ယွမ်လေးက အိပ်ပျော် သွားပြန်သည်။
ကုယွီမြန်က သူ့လက်ထဲတွင် အိပ်ပျော်နေသော နှင်း ကျားသစ်လေးနှင့်အတူ ထမင်းစားခန်းထဲသို့ ဝင်လာပြီး အခြားလက်တစ်ဖက်တွင် ထန်ယွမ်လေးကို ထည့်ထားသည့် ကလေးလှည်းကို ကိုင်ထားသည်။
ပကတိမျက်စိဖြင့် မြင်နေရသည့် စားသောက်ဆိုင်က မှောင်မိုက်ပြီး ငြီးငွေ့စရာကောင်းနေသည်။ လေထဲတွင် လွင့်မျောနေသော သီးသန့်အခန်းငယ်များ၏ တစ်ဝက်ကျော်က ဗလာဖြစ်နေသည်။ ပွင့်လင်းမြင်သာသော သီးသန့်ခန်းများရှိ ဧည့်သည်အများအပြားက မှာရမည်လော သို့မဟုတ် ထွက်ခွာသွားရမည်လောဖြင့် ချီတုံချတုံဖြစ်နေကြသည်။
အံ့သြစရာ မရှိပေ။
ကုယွီမြန်သည်လည်း သူပထမဆုံးအကြိမ် ထမင်းလာစားချိန်၌ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။ သူတို့က ဖောက်သည်များအား ဝန်ဆောင်မှု အလွန်ညံ့ဖျင်းလွန်း၍ သူပင် ဒုတိယအကြိမ် မလာချင်တော့ပေ။ ထိုအကြောင်းကို အင်တာနက်ပေါ်ရှိ ရှာဖွေမှုတွင်လည်း ဆိုးရွားသောသုံးသပ်ချက်တစ်ခု အဖြစ် ဖော်ပြခံရသည်ကို ကုယွီမြန်တွေ့ခဲ့ရသည်။ မကြာသေးမီက ဤကောင်းမွန်သော အဆင့် မြင့်စားသောက်ဆိုင်က အရည်အသွေး စတင်ကျဆင်းလာသည်။
သို့သော် ထိုအရာက ညတွင်းချင်း ဖြစ်ပျက်ခဲ့သော အရာ ဟု မယူဆနိုင်ပေ။ အမှန်မှာ၊ လွန်ခဲ့သော နှစ်လ သို့မဟုတ် သုံးလခန့်မှစ၍ အဲဘ်ဘတ်စားသောက်ဆိုင်၏ ဂုဏ်သိက္ခာက တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ထို့ကြောင့် ၎င်း တို့၏ လုပ်ငန်းဆောင်ရွက်မှုကဏ္ဍအားလုံးတွင် ပြဿနာများ ရှိနေမည်မှာ သေချာသည်။
ကုယွီမြန် စဉ်းစားနေစဉ် နွေးထွေးပျူငှာသည့် အသံကို ကြားလိုက်ရသည်။
"ဟဲလို မစ္စတာကု…"
🐯🐯🐯