Chapter 121
Viewers 4k

🚩Chapter -121

 Arc_6 . တိသမီးပြန်လာခြင်း [ 13 ]


____


စုဝမ် နှင့် ချန်ယွီရှုတို့၏ စေ့စပ်ပွဲကို ချင်းချွမ်မြို့စားမင်း၊ ချန်ချဲနှင့် ကျင့်နင် မြို့စားမင်း စုယွင်တို့က ဆုံးဖြတ်ခဲ့ခြင်းပင်။


စုယွင်က မင်္ဂလာပွဲအကြောင်း စတင်ကမ်းလှမ်းခဲ့သူလည်းဖြစ်သည်။ စုဝမ်ကို သူ၏ တစ်ဦးတည်းသောသမီးလေး အဖြစ် တစ်သက်လုံး ထား၍မဖြစ်သေး၊တခြားသူများကလည်း သူမကို ပိုင်ဆိုင်ရခြင်းအတွက် ဂုဏ်ယူတာမျိုးခံစားရသင့်သည်။ထို့အပြင် သမီးဖြစ်သူကလည်း ချန်ယွီရှုအပေါ်  ခံစားချက်များရှိနေသည်။


ကံကောင်းထောက်မစွာ၊ ချင်းချွမ်မြို့စားမင်း၊ ချန်ချဲသည် စုဝမ်၏အခြေအနေကို အလွန်ကျေနပ်ခဲ့သည်။စုအိမ်တော်တွင် စုဝမ်က တိသမီးအဖြစ်ရှိနေသူပင်။ထို့ပြင် စုအိမ်တော်ကလည်း တောက်ပသည့် အနာဂတ်ရှိ၏။ တာ့ချင်မင်းဆက်၏ ဥပဒေများကို အခြေခံ၍ စုဝမ်သည် ချင်းချွမ်မြို့စားမင်းအိမ်တော် နှင့် လက်ထပ်ပြီးနောက် ကျင့်နင် မြို့စားမင်းအိမ်တော်၏ အမွေဆက်ခံခွင့်ကိုပါ ရမည်ဖြစ်သည်။ထို့အပြင် သူမနှင့် ချန်ယွီရှု တွင် သားနှစ်ယောက်ရပါက ထိုသားနှစ်ယောက်သည် ကျင့်နင် မြို့စားမင်းဘွဲ့နှင့် ချင်းချွမ်မြို့စားမင်းဘွဲ့ကိုပါ သီးခြားအောင်မြင်စွာ ဆွတ်ခူးနိုင်သည်။


ကျင့်နင်မြို့စားမင်းကတော် လျိုရှစ်ကလည်း စုဝမ် အလိုကိုလိုက်လျောသည်။ သူမက သမီးဖြစ်သူကို အမြဲတမ်း ချစ်ခင်ကြင်နာပြီး ဂရုစိုက်သည်။ ထို့ကြောင့် မူလစုဝမ်သည် သူမအပေါ် ကြင်နာတတ်သည့် မိဘများရှိ၍ ဘဝကိုချောချောမွေ့မွေ့နှင့် တွေးတောပူပင်မနေရဘဲ နေထိုင်နိုင်ခဲ့သည်။ သို့သော်လည်း၊အရာရာတိုင်းမှာ ကောင်းသည့်အချက်လည်းရှိသလို၊ဆိုးသည့်အချက်လည်း ရှိပေသည်။ဤမိဘများက သူမကို သိမ်သိမ်မွေ့မွေ့နှင့် ဘာမှ မသိနားမလည်သော နုံအလွန်းသူအဖြစ် ပျိုးထောင်ထားမိခဲ့ကြသည်။ဤအရာက သူမအား အပြင်ပန်းတွင် လိမ္မာပြီး ရဲရင့်ပုံပေါက်စေခဲ့သည်။သို့သော် လက်တွေ့တွင်၊ သူမ၏ နှလုံးသားထဲ၌ ဘာအတွေးအခေါ် အကြံအစည်မှ မရှိသဖြင့်၊ အထူးသဖြင့် အခြားသူများထံမှ အမြတ်ထုတ်ခံရတတ်၏။


စုဝမ်က စေ့စပ်ပွဲကို ဖြတ်ပစ်ချင်သည်ဟု ပြောလိုက်တာကြောင့် လျိုရှစ်သည် ဆူပူချင်သည့်စိတ်ကိုမြိုသိပ်ထားလိုက်၏။စုဝမ်၏မျက်နှာတွင် စိတ်ပိုင်းဖြတ်ထားပြီးသည့်အတိုင်း ငြိမ်သက်နေတာကို တွေ့လိုက်ရသဖြင့် သူမ မျက်မှောင်ကြုတ်ကာ အနားကိုတိုးထိုင်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။


"ဝမ်အာ၊ အမေ့ကို အမှန်အတိုင်းပြောစမ်းပါ၊ချန်ယွီရှုက အဲ့ဒီကိစ္စကို သိသွားတာလား"


လျိုရှစ်၏မျက်လုံးထဲတွင်၊ စုဝမ်သည် အပြစ်ပြောစရာမရှိသော်လည်း ချန်ယွီရှုက သမီးဖြစ်သူကို ချစ်ခင်နှစ်သက်ပုံမပေါ်ကြောင်း သိသည်။သို့သော်လည်း၊ ချန်ယွီရှုသည် ယနေ့အိမ်တော်အထိလာပြီး စောင့်နေ၍ စုဝမ်ကို ချစ်နေပြီဟုထင်မိ၏။ 


ချန်ယွီရှုသည် အကြောင်းမရှိဘဲ စုအိမ်တော်ကို အလည်လာမည်မဟုတ်။စေ့စပ်ပွဲကိုဖျက်ဖို့ စုဝမ်အား လာရှာခြင်းလည်းမဟုတ်တန်ရာ။


ဤမြို့တော်မှာ တစ်ယောက်အကြောင်း တစ်ယောက် အားလုံးသိကြသည်။


ချန်အိမ်တော်က စေ့စပ်ပွဲကို ဖြတ်လိုက်မယ်ဆိုရင် စုအိမ်တော် ဘယ်လို အသက်ရှင်မလဲ...ဒီလိုသာဖြစ်သွားရင် သူမ သမီး​လေး အသက်​​တောင်ထွက်သွားလိမ့်​မယ်​။


သူမ၏ စိတ်ထဲ ရှုပ်ယှက်ခတ်နေချိန်တွင် စုဝမ်က ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး 


“အမေ၊ သူက ဒီကိစ္စကို လုံးဝမသိပါဘူး၊စေ့စပ်ပွဲကို ဖျက်ချင်ရတဲ့ အကြောင်းရင်းက သမီး တခြားတစ်ယောက်ကို ချစ်နေမိလို့ပါ…”


 တခြားတစ်ယောက်ကို ချစ်နေတယ် ဆိုပါလား..


ဝမ်ယွဲ့နှင့် ဝမ်ယွီတို့သည် စုဝမ်၏စကားကိုကြားသောအခါ တစ်ချိန်တည်းမှာပင် သူမကို ပြိုင်တူကြည့်လိုက်ကြသည်။ဝမ့်ယွီလည်း မြို့စားမင်းကတော်၏ အဖြေကို သတိကြီးကြီးထား၍ စောင့်ဆိုင်းနေရင်း တစ်ဆက်တည်းဆိုသလိုအံ့သြသွားမိသည်။


"အိုး..သူက တစ်ကယ်မသိတာလား၊သမီးက တခြားတစ်ယောက်ကို ချစ်မိတယ် ဟုတ်လား... ဘာလဲ"


ပြောနေရင်း လျိုရှစ်က ရုတ်တရက်မတ်တပ်ထရပ်ကာ မျက်လုံးများ ပြူးကျယ်လျက်၊စုဝမ်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ 


"သမီးက တခြားလူတစ်ယောက်ကို ချစ်နေတယ်ပေါ့"


 “အင်း”


စုဝမ်က လေးနက်စွာ ခေါင်းညိတ်သည်။


လျိုရှစ်သည် သမီးဖြစ်သူ၏အဖြေကိုကြားသောအခါ သူမ မျက်နှာကိုသူမ ဆတ်ခနဲ ရိုက်လိုက်သည်။


သူမ နားကြားမှားနေသလား...ဝမ်အာက ချန်ယွီရှုကို မကြိုက်တော့ဘူးတဲ့၊ သူမ အချစ်တွေကို တခြားလူဆီ ပေးလိုက်ပြီတဲ့..


 "ဘယ်သူ့ကိုလဲ"


သူမ မျက်လုံးများက မျှော်လင့်ချက်အပြည့်ဖြင့် စုဝမ်ကို အလေးအနက် စိုက်ကြည့်နေသည်။


"သူက ချန်ယွီရှုလောက် ချောသလား၊ သူ့အဆင့်အတန်းကရော ချန်ယွီရှုနဲ့တူသလား၊ အရေးကြီးဆုံးကတော့ သူက သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား"


"သူက သမီးကို ကောင်းကောင်း ဆက်ဆံသလို ချန်ယွီရှု ထက်လည်း ပိုချောတယ်၊ ချန်ယွီရှုထက် ပိုပြီးတော်တယ်၊ပြီးတော့ သူ့အဆင့်အတန်းက ချန်ယွီရှု ထက်တောင် ပိုမြင့်တယ်၊ချန်အိမ်တော်တစ်ခုလုံးနဲ့ နှိုင်းရင်တောင် သူတို့က နိမ့်ကျနေသေးတယ်"


စုဝမ်က လျိုရှစ်၏မေးခွန်းကို အေးဆေးစွာပြန်ဖြေပေးလိုက်သည်။


အိပ်မက်တစ်ခုလိုပဲ...


 “ဟူး”


လျိုရှစ်သည် အိပ်မက်မက်နေခြင်း မဟုတ်မှန်းသိလိုက်ပြီးနောက် ချက်ချင်းပင် ပျော်ရွှင်မှုနှင့်အတူ စုဝမ်ထံသို့ ချဉ်းကပ်ကာ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။


"သမီးလေး၊ ချန်ယွီရှုက စကားလည်းအပြောမတတ်ဘူး၊ဆက်ဆံရေးလည်းကျဲတယ်ဆိုတာ အမေသိတယ်၊ သူက သမီးရဲ့ခင်ပွန်းမဖြစ်နိုင်ဘူး၊ကဲ ပြာတော့၊သမီးကြိုက်နေတဲ့သူက ဘယ်သူလဲ၊ တော်ဝင်မိသားစုထဲကများ ဖြစ်နိုင်မလား…”


ဧကရာဇ်မြို့တော်အတွင်း၌ ချန်ယွီရှူကို အပြစ်ဆိုစရာမရှိ၊ အရည်အချင်းပြည့်မီသော သားတစ်ယောက်အဖြစ် မှတ်ယူထားသည်။ထို့ကြောင့် သူ့ထက် ထူးချွန်သူ၊ သူ့ထက် အဆင့်အတန်းမြင့်မားသူမှာ ဧကရာဇ်မျိုးနွယ်မှ တိုက်ရိုက်ဆင်းသက်လာသော ဧကရာဇ်မင်းမြတ်၏ ဆွေမျိုးသာဖြစ်သင့်သည်။


 'ငါ့သမီးက အရမ်း တော်တာပဲ"ဟု ပြောနေသယောင်ရှိသည့် လျိုရှစ်၏ မျက်လုံးများကို မြင်လိုက်ရလျှင်၊စုဝမ် အသက်ပြင်းပြင်းရှူရင်း


 “သူက ဧကရာဇ်မိသားစုက ဆိုတော့  အဆင့်အတန်းလည်းမြင့်တယ်…အမေက သမီးကို အဆင့်အတန်းမြင့်တဲ့လူနဲ့ လက်ထပ်စေချင်တာလား ဒါမှမဟုတ် သမီးအပေါ်စိတ်ရင်းမှန်နဲ့ ဆက်ဆံတဲ့လူကို လက်ထပ်စေချင်သလား"


 "သမီးကို ကောင်းကောင်း ဆက်ဆံတဲ့ ယောက်ျားမျိုးပဲ ကြိုက်တာပေါ့!"


လျိုရှစ်၏ အဖြေက  ပြတ်ပြတ်သားသားပင်။ ထို့နောက်တွင် သူမက ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားတစ်ခွန်းကို ထပ်ပြောသည်။


"ပုံမှန်ဆို အတင့်အတန်းမြင့်လေလေ၊ သူ့စွမ်းရည်က မြင့်လေလေပဲ၊ဒါဆို သူက သမီးကို ပိုကာကွယ်နိုင်မယ်မလား၊ ကျင့်နင် မြို့စားမင်းအိမ်တော်ကို အရမ်းအမြင့်ကြီးရောက်ဖို့ သိပ်မမှန်းပေမယ့် သမီးရဲ့အိမ်ထောင်ရေးကိုတော့ သူများတွေနဲ့ တန်းတူမဖြစ်စေချင်ဘူး"


 “အင်း၊ ဒီလိုဆိုရင်….”


စုဝမ်က လျိုရှစ်ကို ပြုံးပြီး "အမေ၊ကျင်းချင်ဝမ်ကို ဘယ်လိုထင်လဲ"


"ကျင်းချင်ဝမ်.. အရမ်းကောင်းတာ‌ပေါ့”


လျိုရှစ်သည် မြို့တော်ရှိ သာမန်လူများကဲ့သို့ပင်။မြို့တော်မှ လူများအား ကျင်းချင်ဝမ် အကြောင်းပြောလျှင် ဘယ်သူမဆို လက်ခုပ်တီးပြီး ချီးကျူးကြမှာ သေချာ၏။


တာ့ချင်မင်းဆက်၏ မကြာသေးမီကပြင်ဆင်လိုက်သော ဥပဒေများဖြင့်၊ သာမန်လူများသည် ငြိမ်းချမ်းစွာ နေထိုင်နိုင်ပြီး ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြသည်။ဤသည်ကလည်း ကျင်းချင်ဝမ်၏ ပံ့ပိုးကူညီမှုမပါဘဲ မလုပ်နိုင်ပေ။သူသည် တော်ဝင်ဦးရီးတော်တစ်ယောက်အနေဖြင့် တရားရုံးနှင့် ဌာနကြီးများကို လွှမ်းမိုးရန် အခွင့်အာဏာမရှိသော်လည်း တိုင်းပြည်တစ်ခွင်၌ ကျော်ကြားသူဖြစ်သည်။


 " ကျင်းချင်ဝမ်လား...... နေစမ်းဦး"


လျိုရှစ်သည် တော်ဝင်ဦးရီးတော်၏ ကြီးကျယ်သော အောင်မြင်မှုများအကြောင်း ကြွားလုံးထုတ်တော့မည်ပြုစဥ်ရုတ်တရက် စကားရပ်လိုက်ပြီး အရှေ့တွင် ထိုင်နေသော စုဝမ်ကို ကြည့်လိုက်မိသည်။


 "ဝမ်အာ၊ဘယ်သူ့ကို ပြောတာလဲ၊ အမေ၊ အမေ နားကြားမှားနေပုံရတယ်"


 " အမေကြားတာ မမှားပါဘူး"


လျိုရှစ်က ယခုလိုတုံ့ပြန်မည်ဟု စုဝမ် သိသော်လည်း၊သူမနှင့် စုရွေ့ကြားက ဆက်ဆံရေးကို ဆက်ပြီးဖုံးကွယ်ထားဖို့ အစီအစဉ်မရှိပေ။


"သမီး ကျင်းချင်ဝမ်ကို ကြိုက်တယ်၊သူ့ရဲ့ ကြင်ယာတော်အဖြစ်နဲ့ သူ့ကိုလက်ထပ်ချင်တယ်"


သူမ တည့်တည့်သာပြောလိုက်၏။သူမစကားကို ကြားသည့်အခါ လျိုရှစ်၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်လာပြီးနောက် ပင့်သက်ရှိုက်ကာ တစ်ခါတည်း မေ့လဲသွားတော့သည်။


 "မြို့စားမင်း ကတော်!"


ကံကောင်းစွာပင်၊ အနီးနားရှိ လျိုရှစ်၏ ကိုယ်ရေးကိုယ်တာ အစေခံသည် အမြင်စူးရှသူပီပီ သတိလစ်သွားသော လျိုရှစ်ကို အမြန်တွဲထားနိုင်လိုက်သည်။


 "သခင်မ..."


 "အမေ့ကို အိပ်ဆောင်ကိုပြန်ပို့ပေးပါ၊သူမ အရမ်းပျော်လို့ မေ့လဲသွားတာပါ"


စုဝမ် ထိုအစေခံကို ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။ 


အစေခံ-သခင်မလေး မတွေးတတ်တော့ဘူးလား၊သူမက အရမ်းကြောက်လန့်ပြီး မေ့လဲသွားတာလေ... 


 "ဘာလို့ ဘာမှ မလုပ်သေးတာလဲ"


လျိုရှစ်၏ အစေခံသည် ငိုင်ငိုင်ကြီးဖြစ်နေကာ ဘာမှမလုပ်သေး၍၊စုဝမ်က ပြောလိုက်၏။ 


"အိုး ဒီအစေခံ နားလည်ပါပြီ"


ထို့နောက် အစေခံသည် စုဝမ်၏ခြံဝင်းထဲမှ လျိုရှစ်ကို သနားစရာကောင်းလောက်အောင် တွဲခေါ်ခဲ့ရသည်။စုဝမ်သည် သူတို့ ထွက်သွားပြီးနောက် သက်ပြင်းတစ်ချက်ချကာ ဖြည်းညှင်းစွာထလိုက်သည်။


 "ဝမ်ယွဲ့၊ ဒီနေ့ နင်လည်း အလုပ်များနေခဲ့တာ၊ နင် အရင်ပြန်ပြီး အနားယူလိုက်ပါ၊ ဝမ်ယွီကိုတော့ ငါ့ကို အမှုထမ်းဖို့ ထားခဲ့လိုက်"


ဝမ်ယွဲ့သည် စုဝမ်၏ အမိန့်ကို လိုက်နာကာ ထွက်သွားသည်။ယခုဆို ဝမ်ယွဲ့ထွက်သွားပြီဖြစ်၍ စုဝမ် နှင့် ဝမ်ယွီ သာ အိပ်ဆောင်ထဲတွင် ကျန်ခဲ့သည်။


ဝမ်ယွီ၏ မျက်နှာသည် အနည်းငယ် စိတ်ရှုပ်ထွေးနေသလိုဖြစ်နေသည်။သူမအား တစ်စုံတစ်ခုကို မေးချင်သော်လည်း သတ္တိမရှိသလိုပင် အင်္ကျီလက်များကိုသာ အလိုလို ဆုပ်ကိုင်ထားလေသည်။


ဝမ်ယွီ၏အမူအရာကို တစ်ချက်ကြည့်ကာ စုဝမ်သည် တိတ်ဆိတ်စွာဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ပြီးလျှင် အခန်းပြတင်းပေါက်ကို ရုတ်တရက် ဖွင့်လိုက်ရာ အပြင်ဘက်မှ လေအေးများက အထဲကိုတိုးဝင်လာတော့သည်။


 "သခင်မလေး"


 ဝမ်ယွီသည် စုဝမ်၏လုပ်ရပ်ကို အံ့အားသင့်သွားပြီး ချက်ချင်းပင် ပြတင်းပေါက်ကို အမြန်ပိတ်လိုက်သည်။


 “သခင်မလေး……”


ဝမ်ယွီသည် ခေါင်းကို လှည့်ကာ စုဝမ်၏ ဖြူဖွေးနေသော ‌မျက်နှာလေးအား နားမလည်နိုင်စွာ ကြည့်နေမိသည်။ 


 "ဝမ်ယွီ"


စုဝမ်သည် ရှုပ်ထွေးနေသောအကြည့်ဖြင့် ဝမ်ယွီကိုကြည့်ကာ ညင်သာစွာခေါ်လိုက်သည်။


"တကယ်တော့ နင်က အစ်ကိုယွီရှုကို ကြိုက်တယ်မဟုတ်လား"


"သခင်မလေး"


စုဝမ် စကားကို ကြားသောအခါ ဝမ်ယွီ၏ မျက်နှာမှာ အလွန်ပြောင်းလဲသွားသည်။သူမ စိတ်လှုပ်ရှားစွာဖြင့် ခြေလှမ်းအနည်းငယ်ဆုတ်ကာ စုဝမ်အရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။ 


"သခင်မလေးက ဝမ်ယွီရဲ့ အသက်ကို ကယ်ပေးခဲ့တာပါ၊ ဝမ်ယွီက ဒီဘဝမှာ သခင်မလေးရဲ့ အစေခံဖြစ်နေပါပြီ၊ချန်သခင်လေးနဲ့ ချန်အိမ်တော်တို့က ဒီအစေခံနဲ့ ဘာမှ မပတ်သက်တော့တာကြာပါပြီ"


ဝမ်ယွီသည် တစ်ကြိမ်အမှားလုပ်ခဲ့ပြီး ဖြစ်၍ နောက်တစ်ကြိမ် ထပ်မမှားချင်တော့ပေ။ယခင်က ရှက်ဖွယ်ကောင်းသော အကျင့်ကို ကျင့်၍ ပြစ်မှားမိသော ပြစ်ဒဏ်ကို ခံယူပြီဖြစ်ကာ၊နောက်ထပ် ထိုမှားသော ခြေတစ်လှမ်းမျိုး မလှမ်းချင်တော့။ 


တချို့လူများသည် တစ်သက်လုံး ကောင်းမှုများကိုသာ လုပ်ကြသော်လည်း၊မချမ်းသာကြပေ။သို့ဖြစ်၍ သူတို့ဘဝ လူဖြစ်ဆုံးရှုံးရပြီဟု ပြောကြ၏။ သို့သော် လက်တွေ့တွင်မူ ဘေးအန္တရာယ်မကြုံ၊ အခက်အခဲမရှိဘဲ စိတ်ချမ်းချမ်းသာသာနေရခြင်းကသာဘဝ၏ ငြိမ်းချမ်းမှုအစစ်အမှန်ပင်။ငွေကြေးချမ်းသာမှုက အောင်မြင်မှုမဟုတ်သလို၊ငွေကြေးဆင်းရဲခြင်းကလည်း ဆုံးရှုံးမှုမဟုတ်ပေ။ 


ထို့ကြောင့် သူတို့၏ အမှားများကို နောင်တရပြီး နောက်ပြန်လှည့်ဖို့ ခက်ခဲနေသူများကသာ၊ မှားယွင်းသည့် ခြေလှမ်းတစ်လှမ်းကြောင့် သူတို့ဘဝတစ်ခုလုံး လွဲချော်သွားမှန်း ကောင်းစွာသိကြသည်။


"အရမ်းကြောက်နေဖို့ မလိုပါဘူး"


ဖြူဖျော့နေသောမျက်နှာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသော ဝမ်ယွီအား စုဝမ် အတင်းဆွဲထူလိုက်သည်။


"နင် ငါ့ကို ကြောက်နေသလား၊အပြင်လူတွေက ငါကရိုင်းစိုင်းတယ်၊ပြီးတော့ အရမ်းညံ့တယ်လို့ ပြောတာကို ငါသိတယ်၊သူတို့က ငါက အစ်ကိုယွီရှု နဲ့ မထိုက်တန်ဘူးလို့ ထင်နေကြတာ၊ ဒါကြောင့် ချင်းချွမ်မြို့စားမင်းအိမ်တော် မှာ ငါ့ကို လုပ်ကြံတဲ့သူ ရှိနေတာ"


 "သခင်မလေး"


စုဝမ် စကားကို ကြားလိုက်သောအခါ ဝမ်ယွီ၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ 


“သခင်မလေး……အဲ့ဒီလိုဖြစ်နိုင်ပါ့မလား……”


ဝမ်ယွီ၏ မသေချာမရေရာသော မျက်နှာနှင့် မယုံကြည့်နိုင်ဖြစ်နေသော မျက်နှာကို ကြည့်ရင်း စုဝမ် လှောင်ပြောင်ရယ်မောလိုက်သည်။


“ဟားဟား ဝမ်ယွီ၊ ငါ နင့်ကို ဘာကြောင့် ကယ်တင်ချင်တာလဲဆိုတာ မသိချင်ဘူးလား၊တကယ်တော့ အကြောင်းပြချက်က အရမ်းရိုးရှင်းတယ်၊နင်က  ဒီကိစ္စရဲ့ သားကောင်ဖြစ်တာကြောင့်ပါ၊ငါလည်း သားကောင်ပဲ"


ထိုသို့ပြောရင်း သူမသည် ဝမ်ယွီ၏လက်မောင်းကို အားထည့်ပြီး ဆုပ်ကိုင်လိုက်ရင်း အရူးတစ်ယောက်လို တဆတ်ဆတ်တုန်ခါနေလျက် ပြောလိုက်သည်။


ဝမ်ယွီသည် သူမ၏ လက်မောင်းမှ နာကျင်မှုကို မခံစားရသလို မျက်လုံးအပြူးသားဖြင့် စုဝမ်ကို ကြည့်နေမိသည်။ အဆက်မပြတ်တုန်လှုပ်နေသော စုဝမ်ကိုသာ သူမ စူးစူးဝါးဝါး စိုက်ကြည့်နေမိသည်။တစ်ကယ်တမ်းမှာ သူမက သားကောင်မဟုတ်ဘဲ ကျူးလွန်သူပင်။


အဲ့ဒီနေ့က အဖြစ်ကို စုဝမ် သိသွားပြီးလား... ဤဖြစ်နိုင်ချေကို တွေးလိုက်သောအခါ၊ ဝမ်ယွီ၏နှလုံးသားသည် အလိုလိုနာကျင်လာကာ အပြစ်ရှိစိတ်က ပိုဆိုးလာသည်။  


ဒါက သူမအပြစ်ပဲ၊ သူမလုပ်တာ၊ သခင်မလေးကို ထိခိုက်နာကျင်စေခဲ့တဲ့ သူက သူမကိုယ်တိုင်ပဲ...


ဤကိစ္စကြောင့် သူမ တစ်သက်တာတွင် အကြီးမားဆုံးသော ပြစ်ဒဏ်ကို ခံရသည်။သို့သော် သူမကို အဆုံးမဲ့ တွင်းနက်ကြီးတစ်ခုမှ ကယ်တင်ခဲ့သူမှာ အခြားသူမဟုတ်၊ သူမကိုယ်တိုင် ဒုက္ခပေးခဲ့သော သနားစရာ သားကောင် စုဝမ်ပင်။


 “သခင်မလေး၊ ကျွန်မ……”


ဝမ်ယွီ နှုတ်ခမ်းများကို လှုပ်လိုက်ပြီး အရာအားလုံးကို ပြောချင်သော်လည်း၊ ပြောခါနီးမှာပင် ရုတ်တရက် သတ္တိမရှိတော့ဘဲဖြစ်သွားသည်။သူမသည် အလွန်အပြစ်ကြီးသူဖြစ်ပြီး သူမ သေဆုံးသွားသည့်တိုင် သနားဖို့မထိုက်တန်ပေ။သို့သော် သူမ အသက် ရှင်သန်ချင်သေးသည်။


ကျင့်နင် မြို့စားမင်းအိမ်တော်သည် သူမ၏ ဒုတိယအိမ်ဖြစ်ပြီး သခင်မလေးနှင့် ဝမ်ယွဲ့တို့သည် သူမအား ကောင်းမွန်စွာ ဆက်ဆံကြသည်။သူမ ဤနေရာနှင့် ခွဲခွာရမှာကိုပင် နှမြောမိ၏။


ကောင်းကင်ဘုံက သူမကို ဤအိမ်တော်သို့ လာခိုင်းဖို့ စီစဉ်ထားသည်ဟု သူမ ခံစားရသည်။ သူမ၏ အပြစ်များဖြေဖို့ အတွက် လာစေလိုခြင်းဖြစ်နိုင်၏။


သေချာတာကတော့ သူမအရင်ဆုံး အကြွေး ဆပ်ရမယ်၊ အခွင့်အရေးတစ်ခုရှိမယ်ဆိုရင် အပြစ်ဆပ်ဖို့ နည်းလမ်းတစ်ခုလည်း ရှိနိုင်ပါတယ်။


အနာဂတ်တွင် သူမ သခင်မလေးကိုကူညီရန်သေချာပေါက်အခွင့်အရေးတစ်ခု ရှိပေလိမ့်မည်။


 "သခင်မလေး တကယ်တော့……"


ဝမ်ယွီသည် နှလုံးသားထဲက နာကျင်မှုတွေကို မျိုသိပ်လိုက်ပြီး "သခင်မလေး တကယ်တော့ ချန်သခင်လေးကို ကြိုက်တုန်းပဲ မဟုတ်လား"


🚩