Chapter 133
Viewers 4k

🚩Chapter -133

 Arc_6 . တိသမီးပြန်လာခြင်း [ 25]


____



ညမိုးချုပ်သောအခါ နာရီအနည်းငယ်ကြာရွာသွန်းခဲ့သော နွေဦးမိုးသည် နောက်ဆုံးတွင် ရပ်သွား၏။


စုရွေ့တစ်ယောက် စာကြည့်ခန်းမှ အိပ်ခန်းသို့ ပြန်ရောက်သောအခါ စုဝမ် အိပ်ပျော်နေပြီဖြစ်သည်။သူတို့လက်ထပ်သည့်နေ့မှာပင် သူ့စွမ်းဆောင်မှုက အားပြင်းသွားတာကြောင့် သူ ဤတစ်ညတော့ အသားမစားရဘဲ သက်သတ်လွတ်စားရမည်ထင်သည်။


စစ်သူကြီးစု စိတ်မချမ်းသာတော့။ သို့သော် သူ့ ဇနီးသည် သာမန်လင်မယားများလို ယနေ့ညတော့ နေခွင့်မပြုပေ။


စုရွေ့ ကုတင်ဘေးမှာထိုင်ပြီး အိပ်ပျော်နေသည့် စုဝမ်၏ ပန်းနုရောင်နှုတ်ခမ်းတစ်စုံကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။ထို့နောက် သူ ရုတ်တရက် ငုံ့ကာ စုဝမ်ကို ခပ်မြန်မြန် နမ်းလိုက်သည်။


ရတယ်လေ၊ အသားမစားရရင် ဟင်းချိုသောက်လည်း ရတာပဲ..


 မိုးရွာပြီးနောက် နွေဦးညတွင် စုဝမ် အိပ်ပျော်နေချိန်၌၊တစ်ယောက်တည်း တက်ကြွနေသော စုရွေ့ ဟိုလူးဒီလှိမ့်ဖြင့် မနေတတ်အောင်ဖြစ်နေရတော့သည်။ တစ်ခါတစ်ရံ၊သူ့ချစ်ဇနီး၏ နှုတ်ခမ်းငယ်များကို နမ်းလိုက်ပြီး၊မကြာမီ ဇနီးသည်၏ ချောမွတ်သော အသားအရေကို တိတ်တဆိတ် ပွတ်သပ်တို့ထိကြည့်လေသည်။တိုတိုပြောရလျှင် သူတစ်ယောက်တည်း အိပ်မပျော်နိုင်သေးသဖြင့်၊စုဝမ် ကိုယ်ပေါ်၌ စတော်ဘယ်ရီတစ်ခင်းပင် ပျိုးလိုက်သည်။


 နောက်တစ်နေ့ မနက်စောစော၊စုဝမ် မျက်လုံးဖွင့်လိုက်ချိန်တွင် နှုတ်ခမ်းများ ထုံကျင်နေတာကို သတိပြုမိသည်။  သူမ မျက်ခုံးလေးတွန့်ကာ ထုံကျင်နေသော နှုတ်ခမ်းများအား လက်ချောင်းထိပ်များဖြင့် တို့ထိလိုက်ရာ၊သူမ၏ မျက်နှာသည် ချက်ချင်းပင် အရောင်မျိုးစုံ သွေးခြယ်လိုက်သလိုဖြစ်သွားရသည်။


 တရားဝင်လင်မယား ဖြစ်နေ၍ သူမသည် လင်မယားကြားမှ ကိစ္စများကို လက်ခံပေးနိုင်သော်လည်း၊စုရွေ့က အတော်ထိန်းသိမ်းရခက်သည်။စ,လိုက်သည်နှင့် သူမ ခံစားချက်ကို လုံးဝ လျစ်လျူရှုပြီး မရပ်ပေးတော့ချေ။


အတိုချုပ်ပြောရလျှင် သူ၏ အိပ်ရာထဲက ကျွမ်းကျင်မှုကို အနည်းငယ် လျှော့ချရန် လိုအပ်သည်။ထိုပြင်းထန်ပြီး  ကြမ်းတမ်းသော လှုပ်ရှားမှုများကို လက်မလွန်မီ ရပ်တန့်ရန် လိုအပ်သည်။


စုဝမ်သည် သူမ၏ နှုတ်ခမ်းများကို ဖိပိတ်လိုက်ပြီး တစ်ဖက်လှည့်ကာ ဘေးတွင် အိပ်ပျော်နေသော လူချောကို ကြည့်ရင်း အံကြိတ်ပြောလိုက်၏။


 “စုရွေ့ ရှင် ခုတစ်လော အရမ်းအားနေတာလား"


 အိပ်ချင်ယောင်ဆောင်နေသူတစ်ယောက် : ........


စုရွေ့က ဆက်အိပ်ချင်ယောင်ဆောင်နေတာကိုမြင်လျှင် စုဝမ်  ဆက်ပြောသည်။


"ရှင့်ရဲ့ စွမ်းအင်တွေကိုစွန့်ထုတ်ဖို့ နေရာမရှိဘူးဆိုရင်လည်း ချန်ချင်းယောင်နဲ့သင့်တော်မယ့် တော်ဝင်ဆွေမျိုးထဲက ကောင်လေးတစ်ယောက်ကို ရှာပေးတာမျိုး... အဲ့ဒီလို အဓိပ္ပါယ်ရှိတဲ့ အရာတွေကို လုပ်ပါလား၊သူမက လက်ထပ်ဖို့ သင့်တော်တဲ့ အရွယ်ရောက်နေပြီလို့ ကျွန်မ ထင်တယ်”


စုဝမ်က အတည်အတံ့ပြောနေတာကြောင့် စုရွေ့ မျက်လုံးကို ဖွင့်လိုက်ပြီး “ကိုယ် သတို့သားလောင်းတွေကို ရွေးပြီးပါပြီ၊အချိန်တန်ပြီဆိုတော့လည်း သူမကို လက်ထပ်ခွင့်တောင်းဖို့ ချင်းချွမ်မြို့စားမင်းအိမ်တော်ကို သွားခွင့်ပြုလိုက်မယ်လေ"


 "အို၊ ရှင်က အိပ်ရာထဖို့တော့ တွေးသေးသားပဲ"


စုဝမ် လှည့်ပြီး စုရွေ့ကို စူးစိုက်ကြည့်လိုက်သည်။


 "ချစ်ဇနီးလေး"


စုရွေ့သည် စုဝမ်ကို သနားစရာကောင်းသော မျက်နှာသေလေးဖြင့် ကြည့်လိုက်၏။


သူ့မျက်နှာအမူအရာကြောင့် စုဝမ်သည် စုရှောင်စူးကို ရုတ်တရက် တွေးတောမိသွားသည်။


စစ်သူကြီးစု လုပ်နေပုံက ရှက်စရာကောင်းလိုက်တာ...


 "ဟွန်း"


 သူမ စုရွေ့ကို တစ်ချက်မဲ့ပြကာ  အင်္ကျီဝတ်ရန် လှည့်လိုက်သည်။


"ကိုယ် မင်းကို ဝတ်ပေးမယ်"


အမြင်စူးရှသည့် စုရွေ့က စုဝမ် အဝတ်အစားလဲချင်နေမှန်းသိလိုက်၍ အင်္ကျီကို သူမ လက်ထဲမှ ချက်ချင်း လုယူလိုက်သည်။


ယခုဆို စစ်သူကြီးစုသည် သူ့ဇနီးထံမှ အခွင့်အရေးကို လက်လွတ်မခံတော့မည်မှာ သေချာ၏။


စစ်သူကြီးစု...ရှင် တစ်ကယ်ပဲ တော်သင့်ပြီ အား... 


 …………………………


 တတိယလ၏အဆုံးတွင်၊ ဟီနန်မြို့စားမင်း၏အမွေဆက်ခံသူ ချင်ရှန်းသည် အောင်သွယ်တော်ကိုခေါ်ဆောင်လာပြီး ဒုတိယမြောက်သခင်မလေး ချန်ချင်းယောင်နှင့် လက်ဆက်နိုင်ရန် ချင်းချွမ်မြို့စားမင်း အိမ်တော်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လည်ပတ်ခဲ့သည်။


ဤအဖြစ်အပျက်သည် ရက်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သည့် ချင်းချွမ်မြို့စားမင်း အိမ်တော်အတွက် အလွန်ပျော်ရွှင်စရာကောင်းသည့် အခမ်းအနားတစ်ခုဖြစ်သည်မှာ သေချာ၏။ ထိုနေ့တွင် မြို့စားမင်း ချန်ချဲသည် ကြီးကျယ်သော ပွဲကို စီစဉ်ပြီး ချင်ရှန်းကို ထမင်းစားဖိတ်ခဲ့သည်။


ယွီရှစ်သည် ဟီနန်မြို့စားမင်း၏ အမွေဆက်ခံသူ၏ ချောမောပြီး ထူးကဲသော မျက်နှာကိုလည်း အလွန်ကျေနပ်မိသည်။ သမီးဖြစ်သူ၏ အိမ်ထောင်ရေးကို စိတ်ချပြီဖြစ်၏။ 


ချန်ချင်းယောင်သည် မျက်နှာနှစ်ဖက်ရှိပြီး ဥာဏ်နီဥာဏ်နက်ထွက်တတ်သည့် မိန်းကလေးဖြစ်သော်လည်း သူမသည် ခံစားချက်အပိုင်းတွင် လုံးဝ မထိန်းချုပ်နိုင်သေးပေ။အသက်ငယ်ရွယ်သော သူမသည် ချန်ချင်းကျင်း၏ အရိပ်တွင် နေထိုင်ရသကဲ့သို့ အမြဲလိုလို ခံစားခဲ့ရသည်။ ချန်ချင်းကျင်း ချစ်ရသူ ယောက်ျားတစ်ယောက် ပေါ်လာလျှင်ပင် သူမက လူယူဖို့အထိ တွေးထားခဲ့၏။ထိုမှသာ သူမ ပျော်ရွှင်မည်ဟု ထင်မိသည်။


ယခုမူ ချန်ချင်းကျင်းကို သူမ၏ ဖခင်မှ မျက်နှာသာမပေးတော့ပေ။ယခုဆို မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းတွင်၊ သူမအား အသိအမှတ်ပြုခံရလာသောကြောင့် ချန်အိမ်တော်၏ တိသမီးကို လျှို့ဝှက်စွာ ငြူစူနေရန် မလိုအပ်တော့။


တစ်ကယ်တော့ သူမ စိတ်ရှုပ်နေမိသည်။ချင်ရှန်းကို သူမ မကြိုက်ဘူးဟု မပြောနိုင်သော်လည်း၊ သူ့ကို ဘယ်လောက်ထိကြိုက်မှန်းလည်း ကိုယ့်ကိုယ်ကို မသိပေ။သို့သော် ချန်အိမ်တော်၏ပွဲ၌ ဒေါသနှင့် မနာလိုစိတ်များ ပြည့်နှက်နေသော အကြည့်ဖြင့် ချန်ချင်းကျင်းသည် သူမအား တိတ်တဆိတ် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ထိုအခါမှ သူမလည်း စိတ်ပျော်ရွှင်လာရပေတော့သည်။ ချန်ချင်းကျင်းကို စိတ်မချမ်းသာအောင် လုပ်နိုင်သရွေ့ သူမ ပျော်ရွှင်နေမှာပင်။


ဤသို့ဖြင့်၊ ချင်းချွမ်မြို့စားမင်း အိမ်တော်၏ပွဲသည် ညဥ့်နက်သည်အထိ ဆက်လက်ကျင်းပလျက်ရှိတော့သည်။


နောက်ဆုံးတွင် လူစဲသွားသောအခါ ချန်ချင်းကျင်းသည် မောပန်းနွမ်းနယ်စွာဖြင့် အဆောင်နားသို့ ပြန်လာကာ သူမအနားရှိ အစေခံများကို အကုန်နှင်ထုတ်လိုက်သည်။ထို့နောက် အခန်းထဲတွင် သူမ တစ်ယောက်တည်းသာ ရှိနေပြီး ပစ္စည်းများအား အကုန်ဖျက်ဆီးပစ်နေလေတော့၏။သူမ တစ်ယောက်တည်း အရူးပမာ ထင်ရာစိုင်းနေတော့သည်။


 ဒီကမ္ဘာကြီး တစ်ဖန်ပြန်စ,တာတောင် ဘာလို့ စုဝမ်နဲ့ ချန်ချင်းယောင်တို့လို လူတွေက ပျော်ရွှင်နေကြတာလဲ... ဘာကြောင့်များလဲ၊


စိတ်ထဲတွင် ဒေါသနှင့် မလိုလားအပ်သော ခံစားချက်များဖြင့် ရှုပ်ယှက်ခတ်နေရပြီး ချန်ချင်းကျင်း အကြည့်တို့စူးရှကာ နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။သူမ ချန်ချင်းယောင်ကို ကောင်းကောင်း ပေးနေမည်မဟုတ်ပေ။သူမ ချန်ချင်းယောင်ကို သေချာပေါက် ဒုက္ခပေးရပေမည်။


 တစ်ခုခုကို ဖျက်ဆီးချင်လျှင် အရင်ဆုံး ထိုအရာအား ဖရိုဖရဲဖြစ်ပြီး အစီအစဉ်ပျက်သွားအောင် လုပ်ရပေမည်။


 ရူးသွပ်သွားခဲ့သော ချန်ချင်းကျင်းသည် သူမ ခိုင်းနေသော အိမ်အကူများကို အချိန်အတော်ကြာသည်အထိ သံသယမဖြစ်ခဲ့ချေ။ စုဝမ်အား ချောက်ချရန် ယခင်က သူမ အသုံးပြုခဲ့သော နည်းလမ်းကို အသုံးပြုပြီး ချင်ထင်ထံ စာတစ်စောင်ပေးပို့ခဲ့သည်။ထို့နောက် သူမသည် ချန်ချင်းယောင် ကိုမူ ချင်ရှန်း၏အမည်ကို သုံး၍ မြှားခေါ်လိုက်၏။


 သူတို့နှစ်ဦးတွေ့ဆုံမည့်အခန်းကို သူမ စီစဉ်ပေးထားပြီးဖြစ်သည်။ထို့အပြင် အလွန်အစွမ်းထက်သော ဆေးခြောက်ကိုလည်း ပြင်ဆင်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူမကိုယ်တိုင်ပင် အမှောင်ထဲ၌ ပုန်းနေပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ချန်ချင်းယောင်၏ အဆုံးသတ်ကို သူမ မျက်လုံးနှင့်တပ်အပ် မြင်ရပေမည်။


သို့သော် ကံမကောင်းစွာဖြင့်၊ ဇာတ်ညွှန်းသည် ချန်ချင်းကျင်း၏ အစီအစဉ်များအတိုင်း မဖြစ်ထွန်းလာခဲ့။ အချိန်ကျသောအခါ ရောက်လာသူက ချင်ထင်မဟုတ်ဘဲ ချင်ယွဲ့ ဖြစ်နေ၏။ 


ဘယ်လိုလုပ် ဒုတိယ မင်းသားလေး ဖြစ်သွားတာလဲ..


 ချင်ယွဲ့က သူမပြင်ဆင်ထားသည့် အခန်းထဲဝင်သွားတာကို မြင်၍ သူမ အပြင်ထွက်ပြီး တားချင်သော်လည်း၊ ထိုအချိန်မှာ ချန်ချင်းယောင် ရောက်လာသည်။လှလှပပ ဝတ်ဆင်ထားသော ချန်ချင်းယောင်ကို မြင်လျှင် သူမ ခြေလှမ်းတို့ ရပ်တန့်သွားသည်။


ချန်ချင်းယောင်ရဲ့ အိမ်ထောင်ရေးကို သူမ ဖျက်ဆီးနိုင်သရွေ့ အဲဒီလူက ဘယ်သူပဲဖြစ်ဖြစ် ဘာအရေးစိုက်စရာလိုသလဲ..


 သူမ၊ ဂရုမစိုက်ပေ။


 တစ်ခါသေပြီးပြီးပဲ၊ဘာကို ဂရုစိုက်နေရမှာလဲ...


 နှစ်ယောက်သား အခန်းထဲသို့ ဝင်သွားတာကို ကြည့်ရင်း ချန်ချင်းကျင်း၏ နှလုံးသားက တဖြည်းဖြည်း ပြေလျော့သွားသည်။ သူမသည် ချင်ရှန်းကို ချန်ချင်းယောင်၏အမည်ကိုသုံး၍ ခေါ်ခဲ့သော်လည်း အချိန်အနည်းငယ်နောက်ကျသွားပုံရသည်။သူမ၏ အစီအစဥ်မှာ ညံ့ဖျင်းသော်လည်း ချက်ချင်း ရလဒ်တစ်ခုခုတော့ ထွက်လာသေးသည်။ 


 ချင်ရှန်း မဟုတ်မှန်း သိသောအခါ ချန်ချင်းယောင် မျက်နှာမှာ ဘယ်လိုအမူအရာမျိုးဖြစ်မလဲဆိုတာကို သူမ တစ်ကယ်သိချင်နေပြီ။


 “ဘုန်း”


 ချန်ချင်းကျင်း သူ့ကိုယ်သူ တိတ်တဆိတ် သဘောကျနေချိန်မှာပင်၊ တံခါးပေါက်မှာ အတွင်းထဲက လူကြောင့် ရုတ်တရက် ပွင့်ဟသွားသည်။သူမ အမှောင်ထဲမှာ ပုန်းနေရင်း စိတ်ဆိုးနေသည့် ချင်ယွဲ့ အမြန် ထွက်သွားသည်ကို တွေ့လိုက်ရ၏။


 ဒီလူက....


ချင်ယွဲ့ ထွက်သွားသော လမ်းကြောင်းကို ငေးကြည့်ရင်း ချန်ချင်းကျင်း စိတ်ထဲမှာ အနည်းငယ် ရှုပ်ထွေးသွားရသည်။ ချင်ထင်၏ သစ္စာဖောက်ခြင်းကို ခံရပြီးနောက် သူမ နှလုံးသားထဲတွင် ကမ္ဘာပေါ်ရှိ ယောက်ျားများအားလုံးသည် မိန်းမတစ်ယောက်က ဖျားယောင်းလိုက်ပါလျှင်၊ အလွယ်တကူ ကျော့ကွင်းမိသွားတတ်သော အကြင်နာကင်းမဲ့သူများဟုသာ ထင်မှတ်ခဲ့သည်။ သို့သော် ချင်ယွဲ့သည် မိန်းကလေးတစ်ယောက်နှင့် ဆိတ်ကွယ်ရာမှာတွေ့တာကိုပင် စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။


 ချင်ယွဲ့ သည် ယုံကြည်ထိုက်သူတစ်ဦးဖြစ်သော်လည်း လောလောဆယ် သူမ သိပ်စဉ်းစားမနေတော့ပေ။ ယခု အခန်းထဲမှာ ချန်ချင်းယောင် တစ်ယောက်သာ ကျန်တော့သည်။


အခုချိန် ချင်ရှန်း လာမယ်ဆိုရင် အကျိုးရှိမှာမဟုတ်ဘူးလား။


 ချန်ချင်းကျင်း တုံ့ဆိုင်းနေသော်လည်း ပုန်းခိုရာနေရာမှ ရဲဝံ့စွာ ထွက်လာကာ အခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။ထို့နောက် အပြင်ဘက်ကနေ အခန်းတွင်းကို လှမ်းကြည့်လိုက်၏။ယခုလောလောဆယ် အခန်းတံခါးက ပွင့်လျက်ရှိပြီး အခန်းတွင်းက အလွတ်ဖြစ်နေ၏။


ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။


ချန်ချင်းကျင်း အံ့အားသင့်သွားပြီး အခန်းထဲသို့ အလိုလို ဝင်လိုက်မိသည်။ အခန်းတွင်းရှိ အမွှေးတိုင်များသည် တောက်လောင်နေဆဲဖြစ်ကာ ချန်ချင်းယောင်ကိုတော့ အရိပ်အယောင်ပင်မတွေ့ရသေး။ 


 "ကျဲကျဲ ညီမကိုရှာနေတာလား"


သာယာချိုသာသော အသံတစ်ခု သူမ၏ နောက်ကျောမှ ရုတ်တရက် ထွက်ပေါ်လာသည်။သူမ ဖြည်းညှင်းစွာ လှည့်ကြည့်ပြီးနောက် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။


ချန်ချင်းယောင်သည် တံခါးအပြင်ဘက်တွင် ပြုံးပြုံးရွှင်ရွှင်နှင့် ရပ်နေပြီး အရပ်ရှည်ရှည်နှင့် သွယ်လျသော လူနှစ်ယောက်ကလည်း ဘေးတွင် ရပ်နေသည်။အံ့သြစရာကောင်းသည်က သူတို့မှာ ချင်ယွဲ့ နှင့်.. ချန်ယွီရှုပင်ဖြစ်လေ၏။


 "ချင်းကျင်း၊ မင်း အစ်ကို့ကို ဒီလို ရက်စက်မယ်လို့ မထင်ထားဘူး"


 ချန်ယွီရှုသည် သူ့ညီမလေးကို ဝမ်းနည်းစွာ ကြည့်နေသည်။  သူ့ရဲ့အချစ်ဆုံးညီမလေးက ဘာလို့ဒီလိုဖြစ်လာရတာလဲ။အရင်က ကလေးဆန်ပြီးအပြစ်ကင်းတဲ့ ချင်းကျင်း ဘယ်ရောက်သွားတာလဲ။


 “အစ်ကို ညီမ ရှင်းပြပါရစေ……”


 ချန်ယွီရှုကိုမြင်သောအခါချန်ချင်းကျင်း အထိတ်တလန့်ဖြစ်သွားသည်။ သူမ ရှင်းပြလိုသောကြောင့် ချန်ယွီရှု ဆီသို့ အမြန်လျှောက်သွားခဲ့သော်လည်း ချန်ယွီရှုက အေးစက်စက်နှင့် လက်ကို ခါယမ်းလိုက်သည်။


 "မင်းရှင်းပြဖို့ မလိုတော့ဘူး၊ငါ့မှာ ဒီလိုညီမမျိုး မရှိဘူး”


စုဝမ်၏ ကိစ္စများသည် မူလက ချန်ယွီရှု နှလုံးသားထဲတွင် ကြိုးထုံးတစ်ခုသဖွယ်ဖြစ်နေခဲ့သည်။ ယခု ချန်ချင်းကျင်းသည် သူ၏ အဖေတူမအေကွဲ ညီမကို ချောက်ချရန် တူညီသော လှည့်ကွက်ဟောင်းကိုပင် ပြုလုပ်နေတာကို မြင်လိုက်ရပြီးဖြစ်၍၊သူ့ညီမကို စွန့်လွှတ်လိုက်ချေပြီ။ ဤမြို့တော်တွင် သူ၏ စိုးရိမ်ပူပန်မှုနှင့် သစ္စာစောင့်သိမှုများဖြင့် ထိုက်တန်သူမည်သူမျှမရှိတော့။သူ အဝေးဆုံးကိုသာ ထွက်သွားသင့်သည်။


 ချန်ယွီရှု ချာကနဲ လှည့်ထွက်သွားသည်ကိုမြင်လျှင် ချန်ချင်းကျင်း တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်ရည်များ အလိုလို စီးကျလာလေသည်။


 ဒီဘဝမှာ အစ်ကို့ကို ငါဆုံးရှုံးရတော့မှာလား။



🚩