အပိုင်း ၁၄၅ (End)
Viewers 23k

ထိုအချိန် ဖုကျန်း၏ဖုန်းက မြည်လာသည်။ သူက အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ကျောက်ဆောင်နောက်သို့သွားပြီး ပြောလိုက်သည်။
ကျန်းဟန်ရှုက မလှမ်းမကမ်းမှ ရပ်ကာကြည့်နေ၏။
ဖြာကျနေသော နေရောင်ခြည်က ဆီဆေးပန်းချီတစ်ချပ်သဖွယ်။ လှိုင်းတို့က တအိအိ လူးလွန့်နေကာ စက်လှေတို့လည်း ကမ်းပြန်ကပ်ကြပြီ။ ရံဖန်ရံခါ ကောင်းကင်ပြင်တွင် ပင်လယ်ပျော်ငှက်တို့ လူးလာပျံဝဲနေသည်ကို တွေ့ရသေးသည်။ ကျောက်တုံး၏အရိပ်က ဖုကျန်းကို အုပ်မိုးထားကာ ဖုန်းအလင်းရောင်က သူ့မျက်နှာအစိတ်အပိုင်းတို့ကို မီးမောင်းထိုးပြနေသည်။
ကျန်းဟန်ရှုမှာ ထိုမြင်ကွင်းကို မပြုံးဘဲပင် မနေနိုင်တော့။ ဖုကျန်း ဖုန်းပြောပြီချိန်လောက်မှ အနားလာကာ သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့တဲ့လဲ ..."
ဖုကျန်းက ဖုန်းကို အိတ်ထဲထည့်ကာ သူ့ကိုယ်ပေါ် ခုန်တက်လိုက်သည်။ ဖုကျန်းကို အသည်းအသန် ပွေ့ဖက်လိုက်ပြီးနောက်တွင်တော့ သူ့နားထဲသို့ တိုးတိုးလေး ပြောလိုက်သံကို ကြားလိုက်ရသည်။
"ရွှေကြိုးကြာဆုအတွက ဆန်ခါတင်စာရင်း ဝင်ထားတယ်တဲ့ ..."
"ဂုဏ်ပြုပါတယ် ဒါရိုက်တာဖုရေ ..."
ကျန်းဟန်ရှုက အရွှန်းဖောက်ကာ မေးလိုက်သည်။
"ဘယ်အချိန်များ ဧည့်ခံမလဲဗျ ..."
ဖုကျန်းက ဟန်ဆောင်ပန်ဆောင်ဖြင့် ပြောလိုက်သည်။
"ရလဒ်တောင် မသိရသေးဘူးလေ ခဏလောက် စောင့်ပါဦး ခေတ်လူငယ်တွေများ စိတ်မရှည်လိုက်ကြတာ ..."
ကျန်းဟန်ရှုလည်း ဟက်ဟက်ပက်ပက်ရယ်ကာ ဖုကျန်း၏ သပ်ရပ်နေသောဆံပင်ကို ဆွဲဖွလိုက်သည်။ ဖုကျန်းက သူ့ကို စူးစူးကြီး မော့ကြည့်လိုက်သည်။
"ဒီစတိုင်က မနက်ကမှ ဖြီးထားတာ..."
ကျန်းဟန်ရှုမှာ စိတ်မကောင်းဖြစ်သွားသည်။ သူ့ဆံပင်ကို ဖျက်ဆီးမိသည့်အတွက် လက်တို့ကို အလုပ်ပေးကာ နဂိုအတိုင်း ပြန်လုပ်ပေးခဲ့သော်ငြား ရလဒ်ကတော့ မယုံနိုင်စရာပင်။ ဖုကျန်းက ဖုန်းကင်မရာဖြင့် ဘယ်ပြန်ညာပြန်ကြည့်ပြီး ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"ဆံပင်ပြင်လာတဲ့မိန်းမတစ်ယောက်ကလေ လူမဆန်တဲ့အထိ ရိုက်နှက်ပစ်လို့ သုံးလလောက် ထိန်းသိမ်းခံလိုက်ရတဲ့သတင်းကို ကြားဖူးလား ..."
ကျန်းဟန်ရှုက ခေါင်းယမ်းကာ ပြောလိုက်သည်။
"နာကျင်စေဖို့ မရည်ရွယ်ပေမယ့် ဆံပင်ညှပ်ဆရာကို ရိုက်တယ်ဆိုရင်လည်း အကြမ်းဖက်မှုပဲနော် ..."
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ပြောတာကောင်းတယ် ..."
သူ့လက်သည်းကို ကျန်းဟန်ရှု၏ ဆံပင်အနီးသို့ ဆန့်ထုတ်လိုက်သည်။
အခြေအနေကို သတိပြုမိသူကလည်း အသည်းအသန်ပြေးသလို ဖုကျန်းလည်း သူ့နောက်မှ ပြေးလိုက်သွားခဲ့သည်။
နှစ်ဦးလုံးမှာ အတည်ပေါက်ကြီး‌ ပြေးလွှားနေကြသည့်အတွက် ကျန်းဟန်ရှုကို ဖမ်းမိရန်မှာ မဖြစ်နိုင်သလောက်ပင်။ ကျန်းဟန်ရှုက ရေထဲသို့ ဆင်းရန် ပြင်လိုက်သည်အထိ လိုက်မမီနိုင်သေး။ အမောတကောပြေး‌လိုက်ရင်း မျက်လုံးတို့ကို လှိမ့်ကာ ကမ်းခြေတွင် အားခနဲ အော်ကာ ချော်လဲသွားသည်။
ရှေ့ကပြေးနေသော ကျန်းဟန်ရှုမှာတော့ ထောင်ချောက်ကို သတိမပြုမိသေး။ သူက ဖုကျန်းအနားသို့လာကာ မေးလိုက်သည်။
"ဘာဖြစ်တာလဲ ..."
ဖုကျန်းက ခြေကျင်းဝတ်ကိုကိုင်ကာ ပြန်ဖြေလိုက်သည်။
"ခြေထောက်ခေါက်သွားတယ်ထင်တယ် ..."
ကျန်းဟန်ရှုမှာ သတိမကပ်ထားဘဲ သူ့အနားထိုင်ချကာ ခြေကျင်းဝတ်ကို ဆွဲယူလိုက်သည်။
"ကိုယ်တစ်ချက်ကြည့်ကြည့်မယ် ဘာလို့များ ဂရုမစိုက်ရတာလဲကွာ ..."
ဖုကျန်းက သူ့ကို ခပ်ပြုံးပြုံး ကြည့်နေလိုက်သည်။ သူအာရုံမစိုက်သည့်အချိန်မှ လက်နှစ်ဖက်ကိုဆန့်ကာ ခေါင်းကို ကိုင်လိုက်သည်။
"ကဲ ဆရာတိုနီရေ ဖမ်းမိသွားပါပြီ ..."
ကျန်းဟန်ရှုမှာတော့ ဒီလိုမျိုး အညာမိသွားမည်ဟု မထင်ထားပေ။ သို့သော် သူက ခပ်မြန်မြန် တုန့်ပြန်ကာ ဘေးသို့ ရှောင်ထွက်လိုက်သဖြင့် နှစ်ယောက်လုံး ကမ်းစပ်သို့ အပုံလိုက် လဲကျသွားသည်။ ဖုကျန်းက သူ့ကို ပွေ့ဖက်ကာ ကမ်းစပ်တွင် လူးလိမ့်ခြင်းဖြင့် ရန်ပွဲပြီးဆုံးသွားသည်။
ဖုကျန်းက ခေါင်းပေါ်ရှိ ကောင်းကင်ပြာကိုကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီရေလှိုင်းက တအိအိ တက်နေကာ ခြေ‌ဖျားမှတစ်ဆင့် ခြေထောက် ထို့နောက် ခြေထောက်အထိ တစ်ဖြေးဖြေး တက်လာသည်။
ကျန်းဟန်ရှုက အရင်ထရပ်ကာ ဖုကျန်းကို ပြောလိုက်သည်။
"ထရတော့မယ့်အချိန် ရောက်ပါပြီ ..."
ဖုကျန်းက အသက်သာရှူပြီး မလှုပ်မရှားဘဲ ပြောလိုက်သည်။
"ပင်ပန်းလွန်းလို့ မလှုပ်နိုင်တော့ဘူး ..."
ကျန်းဟန်ရှုလည်း ချောင်းအသာဟန့်ကာ သူ့ကို ပွေ့ချီလိုက်သည်။ ဖုကျန်းက အောင်နိုင်သူအပြုံးဖြင့် သူ့လည်ပင်းကို ဖက်လိုက်သော်ငြား ထိုအပြုံးက ကြာရှည်မခံ။ ကျန်းဟန်ရှု၏ စကားသံကို ကြားလိုက်ရသည်။
"ပြန်ရောက်ရင်တော့ လေ့ကျင့်ခန်းပိုလုပ်ရတော့မယ်နော် ..."
ဖုကျန်း "....."
သူ့ခြေထောက်များမှာလည်း သက်သာလာပြီဖြစ်၍ ရှောင်လွှဲရန် အကြောင်း မရှိတော့ပေ။ သူက ကျန်းဟန်ရှု၏ရင်ဘက်ကို ခေါင်းဖြင့်ဝှေ့ကာ သူ့ရင်ခုန်သံကို နားဆင်နေလိုက်သည်။ ကျန်းဟန်ရှုက တင်ပါးကိုပုတ်ကာ ပြောလိုက်သည်။
"ကလေးလိုလုပ်နေလည်း အသုံးမဝင်ဘူးနော် ..."
မိုးတစ်ပေါက်နှစ်ပေါက်လောက် ကျတဲ့အထိ မစောင့်သင့်ဘူးလား။ ဖုကျန်းက ထိုကိစ္စကို ဘယ်လိုဆွေးနွေးရမလဲဟုပင် နည်းလမ်းရှာနေတော့သည်။
....
"ချစ်မြတ်နိုးရပါသော အမိမြေ" ကို ပြည်ထောင်စုနေ့တွင် စတင်ရုံတင်ခဲ့သည်။ အများပြည်သူအားလပ်ရက်ဖြစ်ကာ လူထုဆက်ဆံရေးကိုလည်း ချိန်သားကိုက် ဆောင်ရွက်ထားသည့်အတွက် လူတိုင်းက ဖုကျန်း၏နာမည်ကို တွေ့ရုံမျှဖြင့်ပင် လာကြည့်လိုစိတ် တဖွားဖွား ဖြစ်လာခဲ့သည်။ သူရိုက်ခဲ့သည့် ရုပ်ရှင်များ၏ ဂုဏ်သတင်းမှာ ကောင်းလှသည့်အတွက် ပထမနေ့ ရုံဝင်နှုန်းမှာပင် အခြေအနေကောင်းသည်ဟု သတ်မှတ်နိုင်ပေသည်။
ရှုယွမ်သည် သူ့ချစ်သူနှင့် ဒီနှစ်ဂျူလိုင်လကပင် လက်ထပ်ခဲ့သည်။ ထိုရုပ်ရှင်ကို ကြည့်ရန်သပ်သပ်ဖြင့် ပျားရည်ဆမ်းခရီးမှ ပြန်လာကာ လက်မှတ်ကို အွန်လိုင်းမှ ဝယ်ယူပြီး ဇနီးသည်နှင့်အတူ ရုပ်ရှင်လာကြည့်လိုက်သည်။
ရုပ်ရှင်တွင် စုစုပေါင်း အပိုင်းငါးပိုင်းပါဝင်သည်။ ဧကရာဇ်ကျန့်ဖေးယွင်က စစ်ယူနီဖောင်းပိုင်ရှင်ကို လိုက်ရှာခြင်းဖြင့် အစချီကာ စစ်မြေပြင်တွင် သေဆုံးခဲ့သော အမျိုးသမီးဆရာဝန် ပိုင်ထောင်ဖြင့် အဆုံးသတ်လိုက်သည်။ သတင်းစာရောင်းသူ ချန်းစန်မှာတော့ အလုပ်များစွာ ပြောင်းလဲရင်း ဇာတ်လမ်ူကျောရိုးပီသစွာ ဟိုဟိုသည်သည် ‌ကူးသန်းနေသည်။ ပျော်ရွှင်၊ ဝမ်းနည်း၊ ရယ်မော၊ ငိုရှိုက် စသည့် ဘဝရသအစုံစုံကို ထည့်သွင်းကာ လူတိုင်း၏ရင်ထဲကို ထိရှစေခဲ့သည်။
ဇာတ်လမ်းအဆုံးတွင် ကျောင်းသားများက အတန်းထဲ ထိုင်နေသည်။ နွေဦး၏ နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြာဆင်းကာ သစ်ကိုင်းတို့က တရှဲရှဲမြည်နေသည်။ မြက်စိမ်းစိမ်းတို့က မြေကြီးအောက်မှ ထိုးထွက်ကာ နွေဦးကို ကြိုဆိုနေသည်။
နေခြည်နွေးကာ မိုးသားတို့က ပြာလဲ့နေသည်။ စိမ်းစိုစိုတောင်တန်းတို့ကလည်း ပို၍ပင် မြင့်မားလာသည်။
ကျောင်းသားများကတော့ "ချစ်မြတ်နိုးရပါသည့်အမိမြေ " ကဗျာကို သံပြိုင်ရွတ်ဆိုနေကြသည်။
ချစ်မြတ်နိုးရပါသော အမိမြေ
ယိုယွင်းမှုနှင့် နာကျင်မှုတို့ကိုလည်း ချစ်ခင်ရပါသည်
တိတ်ဆိတ်စွာဖြင့်သာ
ချစ်မြတ်နိုးရပါသော အမိမြေ
နက်နဲမှု၊ လှည့်ဖျားမှုနှင့် အချိုးအကွေ့တို့ကိုလည်း မြတ်နိုးရပါသည်
အသံတိတ်လျက်သာ
.....
ဇာတ်လမ်းမဆုံးမီမှာပင် ရှုယွမ်သည် မျက်ရည်တို့ ဖြိုင်ဖြိုင်ကျနေပြီဖြစ်သည်။ ဘေးနားရှိ ဇနီးသည်ကို လှည့်ကြည့်လိုက်ချိန်တွင်လည်း မျက်ရည်စတို့ ရစ်သိုင်းနေကာ မျက်လုံးထောင့်တွင် ခြယ်သထားသည်များပင် ပျက်နေကြောင်း တွေ့လိုက်ရသည်။
ရုပ်ရှင်အပြီးတွင် သူတို့ဇနီးမောင်နှံမှာ စီစဉ်ထားသကဲ့သို့ပင် ဟော့ပေါ့ သွားမစားနိုင်တော့။ အိမ်ကိုသာ တန်းတန်းမတ်မတ် ပြန်လာခဲ့ကြသည်။
ရှုယွမ် ကွန်ပျူတာရှေ့တွင် ကီးဘုတ်ကိုကိုင်ရင်း ထိုင်နေမိသည်။ အပြန်လမ်းတွင် ရုပ်ရှင်၏ ဆိုလိုရင်းကို အများကြီး စဉ်းစားခဲ့သော်ငြား ယခုတော့ ဘာရေးရမလဲ မသိတော့။ ပုံမှန်အားဖြင့် ရုပ်ရှင်ကြည့်ပြီးတိုင်း စာလုံးရေ ငါးရာမှ နှစ်ထောင်အထိ ဖွဲ့ကာနွဲ့ကာ ရေးလေ့ရှိသော်ငြား ဒီတစ်ကြိမ်တွင်တော့ သုံးလုံးထက် ပိုမရေးတတ်တော့ပေ။
"ရုပ်ရှင်ကောင်း ..."
အစမှ အဆုံးအထိ ရိုက်ချက်အားလုံးမှာ တည်တည်ငြိမ်ငြိမ်သာဖြစ်သည်။ လွတ်မြောက်ရာဘို အံ့ဩစရာလည်းမပါသလို အဖြူရောင်ရဲတိုက်လိုလည်း လျှို့ဝှက်ထားသော သဲလွန်စများ မပါရှိ။ နေရာအများစုကို ရိုက်ကွက်အရှည်ဖြင့် သမားရိုးကျ ရိုက်ထားသော်ငြား ထိုသည်ကပင်လျှင် မဖော်ပြတတ်သည့် အင်အားတစ်ခု ကိန်းအောင်းနေစေသည်။
တိတ်ပြီးရင်းသာ တိတ်နေမိတော့သည်။
မူလကမူ ကိုယ်ကျိုးအတွက်သာ စုဆောင်းကြသော်လည်း အဆုံးတွင်တော့ တိုင်းပြည်အတွက် ပေးဆပ်လိုက်ကြသည်။
တစ်ချိန်တည်းရိုက်ခဲ့တဲ့အထဲမှာ ဒီရုပ်ရှင်အပြင် တစ်ခြား မျိုးချစ်ဇာတ်ကားတွေလည်း ရှိသေးတာပေါ့။။ "ပန်းပွင့်နီ"နှင့် "ရှည်ကြာလှသည့် မတ်လ" မှာလည်း ရုပ်ရှင်ကောင်းများ ဖြစ်သည့်အတွက် ရုပ်ရှင်ချစ်သူတို့အဖို့တော့ ပွဲတော်ကြီးအလားပင်။
"ကမ္ဘာမြေ 2.0" တို့ကဲ့သို့ သိပ္ပံရုပ်ရှင်များလည်း တစ်ချိန်တည်း ထွက်လာသေးသည်။ အထူးပြုလုပ်ချက်များမှာ နွေဦးပွဲတော်က ရုပ်ရှင်များထက် များစွာ သာလွန်ကာ ဇာတ်ညွှန်းတစ်ခုတည်းကသာ အနည်းငယ် ငြီးငွေ့နေစေခြင်းဖြစ်သည်။
သို့သော်ငြား သိပ္ပံရုပ်ရှင်ကို ကြည့်ရှုသူ အရေအတွက်မှာ တိုးသည်ထက်တိုးလာကာ ရုပ်ရှင်လောကမှာလည်း ပိူ၍အဆင့်မြင့်လာသည့်အတွက် ထိုရုပ်ရှင်မှာလည်း ပရိသတ်၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။
ဖုကျန်းက ထိုရုပ်ရှင်မှ ရခဲ့သမျှ အကျိူးအမြတ်တို့ကို ဂျပန်ခေတ်စစ်ပြန်များအား ကူညီသည့် ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ပြီး လူသိရှင်ကြားတော့ ထုတ်မပြောခဲ့ပေ။
ပြည်ထောင်စုနေ့ ညတွင် ဖုကျန်း၏ ဗီဒီယိုအတိုများကို အဓိကရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။ အချို့က နိုင်ငံတစ်ခု တည်ထောင်ရန် အိပ်မက်မက်ကြကာ အချို့က ရင်နာဖွယ်သမိုင်းကြောင်းများဖြစ်သည်။ အချို့က ကျေးလက်နှင့် မြို့ပြဒေသ၏ တိုးတက်ပြောင်းလဲလာမှုများဖြစ်သည်။ မိနစ်အနည်းငယ်သာ ကြာမြင့်သော်ငြား အနှစ်သာရ ပြည့်ဝလှ၍ ပရိသတ်၏ဘဝင်ကို ခိုက်စေခဲ့သည်။
အထူးသဖြင့် လူငယ်များအကြား ရေပန်းစားလာသည်။
--- သန်းတစ်ရာ တည်းဖြတ်ဆရာလို့ နာမည်ကြီးနေတာ အံ့ဩစရာ မရှိတော့ပါဘူး ဒါက တကယ်ကို ရှို့နိုင်လွန်းတာပဲ ဒါကြည့်ပြီးမှလေ လေယာဉ်ရှာတာ ဒါမှမဟုတ် တဲကို လှပ်တာမျိူးလုပ်ဖို့ မစောင့်နိုင်တော့ဘူး
--- ဒါပေမယ့် လေယာဉ်ရှာမတွေ့မှတော့ အများပြည်သူသုံးစက်ဘီးနဲ့ပဲ လုပ်ရတော့မှာပေါ့
ဒီဗီဒီယိုကို ရိုက်တာက ပညာပေးချင်လို့မဟုတ်ဘဲ ကိုယ့်နိုင်ငံအကြောင်း နည်းနည်းလောက်ဖြစ်ဖြစ် စိတ်ဝင်စားစေချင်လို့ပါ ဒါကိုကြည့်ပြီး တစ်ခုခု ခံစားမိမယ်လို့ မျှော်လင့်ပါတယ် အခုချက်ခြင်း မခံစားမိလည်း ကိစ္စမရှိပါဘူး တစ်ချိန်ချိန် ဒီဗီဒီယိုကို ပြန်တွေးမိရင် သက်ပြင်းဖွဖွလေးချပြီး ငါတို့အမိမြေက ဒီလိုမျိုး ဖြစ်ခဲ့တာပါလားဆိုပြီး တွေးမိရင်ကို လုံလောက်ပါပြီ
.....
နိုဝင်ဘာလတွင်တော့ ထျန်းဟွာလွမ်ကျူးအဖွဲ့သားများသည် ရွှေကြိုးကြာရုပ်ရှင်ပွဲတော်သို့ တက်ရောက်ခဲ့ကြသည်။ ဒုတိယတန်းတွင် ထိုင်သည့်အတွက် တစ်ခါတစ်ရံ စခရင်တွင်ပင် ပေါ်လာတတ်သေးသည်။
ချီသဲလုံလောင်ရှီးက အကောင်းဆုံးဇာတ်ညွှန်းဆရာဆုကို ရခဲ့သည့်အတွက် ဖုကျန်းသည် လက်တို့မီးပွင့်မတတ် ဩဘာပေးခဲ့သည်။ ထို့နောက်တွင်တော့ အကောင်းဆုံးဒါရိုက်တာဆုအလှည့်သို့ ရောက်လာတော့သည်။ ဖုကျန်းက လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ကြေငြာချက်ကို စောင့်ဆိုင်းနေသည်။
"၁၂ကြိမ်မြောက် ရွှေကြိုးကြာရုပ်ရှင်ပွဲတော်အတွက် အကောင်းဆုံးဒါရိုက်တာဆုကို ရရှိသွားသူကတော့ ..."
အစီအစဉ်တင်ဆက်သူက အရှည်ကြီး အော်သွားသော်ငြား အဖြေကိုတော့ ထည့်ပြောမလာ။ ဒါရိုက်တာအားလုံးမှာ ရင်တမမဖြင့် နာမည်ခေါ်လာမည်ကို စောင့်နေကြရသည်။
ဖုကျန်းမှာတော့ နှလုံးပင် အပြင်ထွက်ကျမတတ်ပင်။ ပွဲတက်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့သော်ငြား စိတ်လှုပ်ရှားနေဆဲပင်။ ကော်ဇောနီပေါ် လျှောက်စဉ်က သူ့ကို ဆုရဖို့ ယုံကြည်ချက်ရှိလားဟု မေးခဲ့ရာ ဘာဖြေရမှန်းမသိ၍ အကောင်းဆုံးကြိုးစားပါမည်ဟုသာ ဖြေခဲ့မိသည်။
ဒီတစ်ကြိမ်မှာတော့ ယှဉ်ပြိုင်မှုက ပို၍ပင် ပြင်းထန်သေးသည်။ ထျန်းဟွာလွမ်ကျူးက ကောင်းသော်ငြား ကျန်ရုပ်ရှင်များကလည်း မညံ့ပေ။
"အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်လေးပဲ ..."
host က အမျိုးသမီးတင်ဆက်သူကို လှမ်းမေးလိုက်သည်။
"ဘယ်ဒါရိုက်တာက ဒီဆုကို ရမယ်လို့ထင်လဲ ..."
ဖုကျန်း "...."
သူမက ဖုကျန်းအပါအဝင် ဒါရိုက်တာအမည်များကို တန်းစီရွတ်သွားကာ ဇာတ်လမ်းအကျဉ်းတို့ကိုပါ ခွဲခြမ်းစိတ်ဖြာလိုက်သေးသည်။ အချိန်သိပ်မကြာသော်ငြား ဖုကျန်းအတွက်တော့ တစ်ကမ္ဘာအလားပင်။
"အိုကေ ကြေငြာ‌လိုက်ရအောင်ပါ ..."
နောက်ဆုံးတွင်တော့ ထိုစကားသံကို ကြားရချေပြီ။
"၁၂ ကြိမ်မြောက် ရွှေကြိုးကြာရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိသွားသူကတော့ ဖုကျန်းဖြစ်ပါတယ် ..."
သူ့မျက်နှာ စခရင်ပေါ် ပေါ်လာကာ ဩဘာသံတို့ ဆူညံမလာခင်အထိ ဖုကျန်းမှာ သူ့နာမည်ခေါ်လိုက်ကြောင်း သဘောမပေါက်သေးပေ။
"ကျေးဇူးပြုပြီး ဆုလက်ခံပေးပါရှင် ..."
တင်ဆက်သူက အပြုံးလေးဖြင့် ပြောလိုက်သည်။
ဖုကျန်းက အိပ်မက်ယောင်နေသလိုပင် လမ်းလျှောက်ရင်း စင်ပေါ်သို့ ရောက်လာခဲ့သည်။ တင်ဆက်သူက သူ့ကို‌ မေးလိုက်သည်။
"ဒါရိုက်တာဖု ကြည့်နေတဲ့သူတွေထဲမှာ ဆွေမျိုးမိတ်ဆွေတွေများ ပါရဲ့လား ..."
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့ ..."
host က ကင်မရာကို လူအုပ်ထဲသို့ ပြသရန် အချက်ပြလိုက်သည်။ ဖုကျန်းချန်၊ ဖုထင်နှင့် ကျန်းဟန်ရှုတို့အားလုံး အလယ်တန်းတွင် ထိုင်နေကာ ဖုကျန်းအတွက် ဝမ်းသာနေကြသည်။
"သူတို့ကို ပြောချင်တာများရှိလား ..."
host က မေးလိုက်သည်။
ပြောစရာအများကြီး ရှိသော်ငြား စင်ပေါ်တက်လိုက်ချိန်တွင် အားလုံးကို မေ့သွားတော့သည်။
ကျေးဇူးတင်စကားတို့မှာ အတူတူနီးပါးပင်ဖြစ်ကာ ဖုကျန်းသည်လည်း ထိုနေရာရောက်ကာမှ စကားလုံးအသစ်အဆန်း မထွက်လာတော့ကြောင်း သိလိုက်ရသည်။ သူ့ကို အားပေးထောက်ပံ့ကြသူအားလုံးကို ကျေးဇူးတင်စကားပြောကာ ဆုနှင့်အတူ ဝှေ့ယမ်းပြလိုက်တော့သည်။
သူစကားပြောအပြီးတွင် host က မေးလာသည်။
"ဒါရိုက်တာဖုက ပိုပိုပြီးကောင်းမွန်တဲ့ လက်ရာတွေကို ဖန်တီးနိုင်လိမ့်မယ်လို့ ‌မျှော်လင့်ပါတယ် ..."
ဖုကျန်းလည်း ရှက်ပြုံးပြုံးလိုက်သည်။
"အကောင်းဆုံးကြိုးစားသွားပါ့မယ် ..."
ပရိသတ်ထံမှ နွေူနွေးထွေးထွေး အားပေးသံ ထွက်လာပြန်သည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့မှာ တစ်ကွဲတစ်ပြားစီ ထိုင်ရသည့်အတွက် ပွဲအပြီး အပြင်ကို ထွက်ချိန်တွင် တစ်ယောက်ယောက်ကို စောင့်နေသလိုမျိုး ဖြေးဖြေးချင်းထွက်လာသည်။ သူ့ဘေးမှလူများ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သွားသော်ငြား မျှော်နေသူကတော့ ပေါ်မလာသေးပေ။
ရုတ်တရက် ဂီတသံ ရပ်တန့်သွားကာ လူသံသူသံတို့လည်း တိတ်ဆိတ်သွားသည်။ နံရံပေါ်မှ မှန်ဘောင်တွင် လူတိုင်း၏ ကြိုးစားမှုကို စုတ်ချက်ဖြင့် ရေးဆွဲထားသည်။
တစ်ခုခုကို ခံစားမိသွားသောဖုကျန်းက လှည့်ကြည့်လိုက်လျှင် ကျန်းဟန်ရှုသည် မှိန်ဖျော့ဖျော့မီးရောင်အောက်မှတစ်ဆင့် သူ့ထံ ပြုံးကာ တစ်လှမ်းချင်းလှမ်ူလာသည်ကို တွေ့လိုက်ရသည်။
မီးရောင်အောက်တွင် သူ၏ မျက်ဝန်းပြာမှာ ကြည်လင်နေသော ရေပြင်သဖွယ် တလက်လက် တောက်ပနေသည်။
အရာအားလုံးမှာလည်း တင့်တယ်လှပ‌ နေပေတော့သည်။
xxxxx ပြီးပါပြီxxxxxx