အပိုင်း ၁၄၄
Viewers 23k

ဒီတစ်ကြိမ်တွင်တော့ ဖုကျန်းသည် အပိုင်းအတော်များများကို ဂျင်ရှန်းစတူဒီယိုနှင့် ရုပ်မြင်သံကြား အခြေစိုက်စခန်းတွင်သာ ရိုက်ကူးခဲ့သည်။ ရုပ်ရှင်ထဲတွင် ဇာတ်လမ်းတိုငါးပုဒ် ပါဝင်ကာ တစ်ပုဒ်စီက အဓိကဇာတ်ကြောင်းနှင့် သွားရောက်ဆက်နွယ်နေသည်။ ချိုချဉ်ဖန်စပ် အရသာစုံလင်လှသည့် လူ့လောကလိုပင် ဇာတ်သိမ်းများမှာလည်း ပျော်ရွှင်ဖွယ်၊ ဝမ်းနည်းဖွယ် စုံလင်လှသည်။ အောက်ခြေလူတန်းစားမှသည် ဘုရားထူးခံ လူတန်းစားအထိ အားလုံး၏ စိတ်ဝိဉာဉ်တို့မှာ အမိမြေကို ချစ်မြတ်နိုးစိတ်ဖြင့် ပူးပူးကပ်ကပ် တင်းတင်းကြပ်ကြပ် ချည်နှောင်ထားကာ ဘယ်သူမှ ‌ကျန်မနေပေ။
အကောင်းဆုံးရလဒ် ရလာစေရန်အလို့ငှာ ဇာတ်ညွှန်းဆရာတို့က အထပ်ထပ်အခါခါ ပြန်လည်ပြင်ဆင်ကြပြီး ဝန်ထမ်းတို့ကလည်း ဘက်ပေါင်းစုံ၊ ‌ထောင့်ပေါင်းစုံမှ စွမ်းစွမ်းတမံ ကြိုးစားနေကြရာ သဘာဝကျကျပင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဖုကျန်းမှာလည်း ပျင်းရိလေးတွဲ့နေ၍ မရပေ။
သူ့ခြေထောက် သက်သာသွားကာ ခြေဆုံးခေါင်းဆုံး ဆေးစစ်ပြီးချိန်မှစ၍ အလုပ်လုပ်ချိန်၊ အနားယူချိန်တို့မှာ ယခင်လောက် မတင်းကြပ်တော့။ အနုပညာနယ်ပယ်တွင် ရုန်းကန်နေကြသူများကဲ့သို့ပင် ညပိုင်းတွင်လည်း နောက်ကျသည်အထိ အချိန်ပိုဆင်းနိုင်လာခဲ့သည်။
သူ့ဆံပင်က ထူနေသေးရွေ့သာ တော်သေးသည်။
သူ့စီနီယာအစ်ကိုလီကမူ တစ်ရက်သားတွင် ဖုန်းဆက်ကာ ကတုံးတုံးလိုက်ရမလားဟုပင် ‌ရင်ဖွင့်လာသည်။
သို့သော်ငြား အစ်ကိုလီမှာ အရွယ်ငယ်သေးချိန်မှာပင် ချစ်သူမရှိသည့်အတွက် ဆံပင်ရိတ်ခြင်းက မသင့်တော်ဟု ခံစားမိ၍ ဖုကျန်းသည် သူ့ကို မွေးနေ့လက်ဆောင်အဖြစ် ဆံပင်တု ဝယ်ပေးလိုက်သည်။
လီပင်း ".….."
ပထမဇာတ်လမ်း၏ အဓိကဇာတ်ဆောင်မှာ ကျန့်ဖေးယွင်ဖြစ်သည်။ သူက သမိုင်းကြောင်းတွင် ထင်ရှားသည့် ဧကရာဇ်နေရာများစွာတွင် သရုပ်ဆောင်ခဲ့ငည့်အတွက် အရည်အချင်းမှာတော့ ထုတ်ပြောစရာပင် မလိုပေ။ ကင်မရာရှေ့တွင် သူ၏ အရှိန်အဝါမှာ တောင်တန်းများသဖွယ်ပင်။ သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ရာထူးကြီးကြီးနေရာမဟုတ်ဘဲ လူစီးတွဲ မောင်းနှင်သူနေရာမှ ပါဝင်ခဲ့သည်။ လျှိုမြောင်တို့ကိုဖြတ်ကာ ကြီးပွားမှုတို့၏ဆုံချက် မြို့တော်အထိ လူစီးတွဲကိုမောင်းနှင်ရင်း စစ်ဝတ်စုံပိုင်ရှင်ကို လိုက်ရှာနေခဲ့သည်။
ဧကရာဇ်အဖြစ် သရုပ်ဆောင်ရာတွင် တင့်တယ်ခမ်းနားလှသလို အောက်‌ခြေလူတန်းစားအဖြစ် သရုပ်ဆောင်ရာတွင်လည်း ပီပြင်လှသည်။ နင်းပြားဘဝ၏ ခါးသီးမှု၊ ချိုမြိန်မှုအစုံစုံကို ကိုယ်ရောစိတ်ပါနှစ်မြုပ်၍ ပေါ်လွင်အောင် ပြသနိုင်ခဲ့သည်။
ရိုက်ကူးရေးမှာ ဖုကျန်းထင်ထားသည်ထက်ပင် ပိုပြီး ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။ မေလတွင် စတင်ခဲ့ကာ ဇူလိုင်တွင်တော့ အပြီးသတ်နိုင်ခဲ့ပြီဖြစ်သည်။ အချိန်အများကြီး ကျန်နေသေးသည့်အတွက် တည်းဖြတ်ခြင်းကို အေးအေးဆေးဆေး ဆောင်ရွက်နိုင်ပေမည်။
ဩဂုတ်လတွင် ကျန်းဟန်ရှုက သူ့ကိုပြောလိုက်သည်။
"ဇာတ်လမ်းက အကဲဖြတ်မှု အောင်မြင်သွားပြီ ပြည်ထောင်စုနေ့ကျ အဓိကရုပ်သံလိုင်းကနေ လွှင့်လိမ့်မယ် အချိန်ကတော့ ပြီးမှ အကြောင်းကြားမယ်တဲ့ ..."
သူသာ ကောက်ကာငင်ကာ မပြောပါလျှင် ဖုကျန်းမှာ အလုပ်များလွန်း၍ မေ့သွားမည်ဖြစ်သည်။ သူက မေးစေ့ကိုပွတ်ရင်း ကျန်းဟန်ရှုကို မေးလိုက်သည်။
"အစ်ကိုကရော ရွေးခံရလောက်လား ..."
"လီပင်းလား ..."
"မင်းလည်း အရွေးခံရတယ်လေ ..."
ကျန်းဟန်ရှုက သူ့ကို ရှင်းပြလိုက်သည်။
"ဒါရိုက်တာ ၁၂ ယောက် ဆန်ခါတင်ဝင်ပေမယ့် ရုပ်ရှင်က ဆယ်ကားပဲရွေးမှာလေ အဲ့ထဲက တစ်ယောက်က နှုတ်ထွက်သွားပြီး နောက်တစ်ယောက်က ပြဿနာအရှုပ်အရှင်းတွေထဲ ပါတယ်လို့ သတင်းထွက်နေတယ် ..."
ဖုကျန်းက ခေါင်းငြိမ့်လိုက်သည်။ ထိုကိစ္စအရှုပ်အထွေးများသာ မရှိပါလျှင် ၁၂ ကား ယှဉ်အရွေးခံရမည်ဖြစ်သည်။ အခုတော့ ထိုအတွက် ပူရန်မလိုတော့။
"ချစ်မြတ်နိုးရပါသည့်အမိမြေ" ကို ပြင်ဆင်တည်းဖြတ်ပြီးနောက် အကဲဖြတ်အဖွဲ့ထံ ပေးပို့လိုက်ရသည်။ ပြည်ထောင်စုနေ့အမှတ်တရဇာတ်ကား ဖြစ်သည့်အတွက် စိစစ်ရေးမှာ ပိုပြီး တင်းကျပ်ကာ တစ်ပတ်ကြာမှပင် ရလဒ်သိရတော့သည်။ ပြည်ထောင်စုနေ့ရောက်ရန်မှာလည်း အချိန်တစ်လခန့် လိုသေးသည့်အတွက် ဖုကျန်းမှာ အလျင်မလို။ လူထုဆက်သွယ်ရေးနှင့် သက်ဆိုင်သည်အားလုံးကို စတူဒီယိုသို့ လွှဲပေးကာ ကျန်းဟန်ရှုနှင့်အတူ အပန်းဖြေခရီး ထွက်လာလိုက်သည်။
ဆောင်းရာသီတွင် အရုဏ်ဦးကို သွားကြည့်ကြရန် စီစဉ်ထားသည့်အတွက် ဖျင်ဟိုင်မြို့အတွင်းရှိ လည်ပတ်စရာနေရာတို့ကို ရှာဖွေလိုက်သည်။ ထို့နောက်တွင်တော့ ပိုင်မိန်ရှန်းရေပူစမ်းကိုသွားရန် ဆုံးဖြတ်လိုက်ကြသည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့၏ ချိုမြိန်ဖွယ်အချစ်ခရီးလေးဖြစ်သော်ငြား ထိုသတင်းကို မတော်တဆကြားလိုက်မိသူ မစ္စတာကျန်းကပါ မဒမ်ကျန်းနှင့်အတူ လိုက်လာပြန်သည်။ ထိုသို့ဖြင့် နှစ်ဦးတည်း ခရီးထွက်ရန်မှ မိသားစုအပျော်ခရီးအဖြစ် ပြောင်းလဲသွားတော့သည်။ အဖိုးကျန်းကတော့ ရေပူစမ်းကို သဘောမကျသည့်အတွက် coco နှင့်သာ အိမ်တွင် ကျန်နေခဲ့သည်။
ဖုကျန်းလည်း စဉ်းစားရင်း မသွားခင်နှစ်ရက်အလိုတွင် ဖုကျန်းချန်နှင့် ဖုထင်တို့ကိုပါ အတူတူသွားမလားဟု အဖော်စပ်လိုက်သည်။ ထိုသို့ဖြင့် စုံတွဲနှစ်တွဲမှ လူခြောက်ယောက်အုပ်စု ဖြစ်လာခဲ့ပြန်သည်။
ကျန်းဟန်ရှုက ငွေရောင် Bentley ကို မောင်းလာခဲ့သည်။ ဖုထင်နှင့် ကျန်းဟန်ရှု၏ အနီးကပ်ဝန်ထမ်းများမှာတော့ အလုပ်အပုံလိုက်ကြီးဖြင့် ထားသွားခြင်းကို ခံလိုက်ရပြန်သည်။ လစာမှာ အတော်ကို မြင့်လှသော်ငြား သူတို့လည်း ရေပူစမ်းကို သွားချင်ပါသေးသည်။ ကြည့်ရတာ ခွင့်ရက်ရှည်ရမှ သွားနိုင်တော့မယ်ထင်ပါတယ်
ပိုင်မိန်တောင်ကို မရောက်ဖြစ်သည်မှာ အတော်ကြာနေပြီဖြစ်သည်။ ရေပူစမ်းမှ ပြန်လာပြီးနောက် ဖုကျန်းသည် အိပ်ယာပေါ်တွင် plank ထောက်ရန် ကြိုးစားလိုက်သည်။ ထိုနည်းဖြင့် ဝမ်းဗိုက်ကြွက်သား တစ်တုံးမှ အများကြီးဖြစ်လာသည်အထိ ထိန်းသိမ်းရန် ကြိုးစားနေသည်။ ကျန်းဟန်ရှုက ဘေးမှ အချိန်မှတ်ပေးနေပြီး တစ်မိနစ်အကြာတွင်တော့ တစ်ကိုယ်လုံး တုန်ယင်စပြုလာသည်။ ဖုကျန်းသည် အံတင်းတင်းကြိတ်ကာ တောင့်ခံလိုက်သော်ငြား တစ်မိနစ်ခွဲသာ ခံနိုင်‌တော့သည်။
ကျန်းဟန်ရှုလည်း နောက်ထပ် ထပ်လုပ်ရန် အစီအစဉ်မရှိတော့သောသူကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။
"များများလေ့ကျင့်ရင် အချိန်လည်း ပိုကြာလာမှာပါ ..."
ဖုကျန်းက အိပ်ယာပေါ် လှဲချကာ သူ့ကို လှမ်းစပ်စုလိုက်သည်။
"ခင်ဗျားရော ဘယ်လောက်ကြာကြာနေနိုင်လဲ ..."
"အချိန်မမှတ်ထားမိတာတောင် ကြာပေါ့ နောက်ဆုံးတစ်ခေါက်လုပ်တုန်းကတော့ ဆယ်မိနစ်ထင်တယ် ..."
"နောက်ဆုံးတစ်ခေါက်က ဘယ်တုန်းကလဲ ..."
"သုံးတန်းတုန်းကလေ ..."
ဖုကျန်း "...."
သူက အိပ်ယာမှ လူးလဲထကာ ဖုန်းကိုယူပြီး ကျန်းဟန်ရှုကို စံချိန်မှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ကျန်းဟန်ရှုမှာလည်း ၁၃ မိနစ်ကြာ plank ထောက်ရုံမှတစ်ပါး ရွေးစရာမရှ်ိတော့။
သူ အိပ်ယာပေါ် ပြန်တက်လာပြီးနောက် ဖုကျန်းက မေးစေ့ကို ခေါင်းဖြင့် လိုက်ပွတ်နေသည်။ ဆံပင်ဖွာဖွာက သူ့ကို ယားယံလာစေသည်။ သူက ဖုကျန်းခါးကိုဖက်ကာ သူ့ကို ငုံ့ကြည့်ပြီး မေးလိုက်သည်။
"မနက်ကျ နေထွက်တာ သွားကြည့်မလား ..."
ပြီးခဲ့သည့်အခေါက်က ထန်ဝမ်ဝမ်နှင့် ချင်ကျောက်တို့ကို တွေ့ခဲ့သည့်အတွက် အရုဏ်ဦးမှာပင် သိပ်ပြီး မလှပခဲ့သလို။ အခု ချင်ကျောက်မှာ ထောင်ထဲတွင်ဖြစ်ပြီး ထန်ဝမ်ဝမ်မှာလည်း အရိပ်ပင် မတွေ့ရတော့။ အရင်တစ်ခေါက် လာချိန်က ဆောင်းရာသီဖြစ်သော်လည်း ယခုက နွေဦးပေါက်စ ဖြစ်သည့်အတွက် ရှုမျှော်ခင်းကအစ ကွဲပြားနေပေမည်။
ဖုကျန်း၏ လေငွေ့နွေးနွေးက ကျန်းဟန်ရှု၏ရင်အုပ်ကို ရိုက်ခတ်နေသည်။ မနက်ဖြန် စောစောထရမည်ကြောင့်သာ မဟုတ်လျှင် သားရဲကောင်အသွင်ပြောင်းကာ ခုန်အုပ်နေလောက်မည်ဖြစ်သည်။ သူက ဖုကျန်းကို နောက်ကျောလေးပွတ်ပေးကာ အိပ်ပျော်အောင် ချော့သိပ်သော်လည်း ဖုကျန်းမှာတော့ ပို၍ပင် ဖျတ်လတ်လာသည်။
နောက်နေ့မနက်တွင်တော့ သူက မနက်လေးနာရီကတည်းကပင် နိုးနေခဲ့သည်။ နွေဦးမှာ နေ့တာရှည်သည့်အတွက် နေထွက်ချိန်ကလည်း ပိုစောပေသည်။ ဖုကျန်းက သူ့ဘေးရှိ ကျန်းဟန်ရှုမှာ အိပ်ပျော်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရချိန်တွင် သူ့နှာခေါင်းနှင့် ပါးစပ်ကိုအုပ်ရန် လက်ကိုဆန့်လိုက်သည်။ သူ့လက်ဆန့်လိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းဟန်ရှု၏မျက်လုံးတို့ကလည်း ပွင့်လာသည်။
ဖုကျန်းမှာ ကြက်သေသေသွားသည်။ ကျန်းဟန်ရှုကို ထိုမျှ သတိဝီရိယကောင်းလိမ့်မည်ဟု မထင်ထား၍ ရှက်ကိုးရှက်ကန်းဖြင့် လက်ကို ပြန်ရုတ်ကာ ပြောလိုက်သည်။
"နှိုးတော့မလို့ပါနော် ..."
"ဟုတ်လို့လား ..."
ကျန်းဟန်ရှုက မျက်နှာခပ်တည်တည်ဖြင့် အိပ်ယာမှ ထထိုင်ကာ သူ့နဖူးကို တောက်လိုက်သည်။
"အိုကေ မျက်နှာသစ်ဖို့လုပ်တော့ ပြီးရင် သွားရအောင် ..."
အပြင်ဘက်ကောင်းကင်မှာတော့ မှောင်နေဆဲပင်ဖြစ်သည်။ လမ်းမပေါ်ရှိ ပြာလဲ့လဲ့ ကျောက်တုံးမှတစ်ပါး အလင်းရောင်ဟူ၍ မရှိ။ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့နှစ်ဦးသား လက်ချင်းတွဲကာ ထိုကျောက်ခင်ူလမ်းအတိုင်း လျှောက်လာလိုက်ကြသည်။ တောင်ထိပ်သွားရာလမ်းတစ်လျှောက် ခွေးတစ်ကောင် ကြောင်တစ်မြီးမှမရှိ။ ရှုခင်းကြည့်သည့်နေရာရောက်မှ ရုပ်ထုလိုလို အရိပ်မဲမဲတစ်ခုကို တွေ့လိုက်ရသည်။
ထိုပုံရိပ်မှာ ဖုကျန်းချန်ပင်ဖြစ်သည်။ သူက ထိုနေရာတွင်သာ တစ်ညလုံး ရပ်နေခဲ့ဟန်တူသည်။ နွေရာသီဖြစ်၍ မအေးသော်ငြား ညလုံးပေါက် ရပ်နေရန်တော့ အဆင်မပြေလှပေ။
ကျန်းဟန်ရှုက တုန့်ဆိုင်းနေပြီးမှ ခြေတစ်လှမ်းဆုတ်ကာ ဖုကျန်းကို ပြောလိုက်သည်။
"သွားနှင့်နော် ကိုယ်ဖုန်းဆက်လိုက်ဦးမယ် ..."
ကျန်းဟန်ရှုက သူတို့သားအဖအတွက် တမင်ရှောင်ထွက်ပေးသွားကြောင်း နားလည်သည့်အတွက် ဖုကျန်းချန်ရှိရာသို့သာ ဆက်လျှောက်လာလိုက်သည်။
ခြေသံကြား၍ လှည့်ကြည့်သော ဖုကျန်းချန်က လမ်းတစ်ဖက်ခြမ်းမှ လူရိပ် သူ့နားကပ်လာသည်ကိုမြင်လျှင် ငေးကြည့်ကာ တစ်ဖြေးဖြေး ပြုံးလိုက်သည်။
ဖုကျန်းက သူ့ဘေးဝင်ထိုင်လိုက်သော်ငြား နှစ်ဦးအကြားတွင် ပြောစရာစကားဟူ၍မရှိ။ ငှက်အော်သံကျီကျီကျာကျာကသာ အဆက်မပြတ် ထွက်ပေါ်လာသည်။
အတော်ကြာမှ သူက ဖုကျန်းချန်ကို မေးလိုက်သည်။
"အဖေ ဒီနားမှာထိုင်နေတာ ဘယ်လောက်ကြာပြီလဲ ..."
လေညှင်းက တိုးသွဲ့ကာ သစ်ရွက်တို့က လှုပ်ခတ်လိုက်သည်။ ဖုကျန်းချန်က ဝေလီဝေလင်းအချိန်တွင် ပြန်ဖြေလိုက်သည်။
"သိပ်မကြာသေးပါဘူး ..."
သူညကတည်းက စထိုင်နေရုံလေးတင်ပါ။
(ရောက်ကတည်းကလို့ ပြောချင်တာလားပဲ(⁠・⁠o⁠・⁠)
ကျန်းဟန်ရှုက တမင်ရှောင်ပေးခဲ့သော်ငြား ဖုကျန်းမှာ ဘာပြောလို့ ပြောရမှန်းမသိ။ ခဏအကြာမှ သက်ပြင်းချသံတို့ရောလျက် ပြောလာသည်။
"ဒီလိုမျိုး မပြောဖြစ်တော့တာ‌တောင် တော်တော်ကြာနေပြီနော် ..."
ဖုကျန်းချန်က သူ့ကို ကြင်နာစွာ လှည့်ကြည့်လိုက်သည်။ သူ့ခေါင်းကို ခပ်ဖွဖွပုတ်ရင်း ပြောလိုက်သည်။
"နေထွက်တာကြည့်မလို့လား ..."
"ဟုတ်တယ် ..."
ဖုကျန်းက သူ့အဖြေမှာ တိုလွန်းသည်ဟု ခံစားရ၍ ထပ်ဖြည့်ပြောလိုက်သည်။
"ဟန်ရှုနဲ့ လာခဲ့တာလေ သူက ဟိုနားမှာ ဖုန်းပြောနေလို့ ..."
ဖုကျန်းချန်က ချောင်းအသာဟန့်ကာ လက်ပြန်ချ၍ လှည့်ကြည့်လိုက်သည်။
"သားတောင် အရွယ်ရောက်လာပြီပဲ ..."
သူက အဝေးတစ်နေရာသို့ ငေးကြည့်‌ရင်း ဆိုလိုက်သည်။ သူက ဖုကျန်းကို ပြောရန် အများကြီး တွေးထားသော်ငြား သူ့ကို တွေ့လေတိုင်း ပြောသင့်မပြောသင့် ချိန်ဆနေခဲ့ရသည်။ သူ ကောင်းကောင်းနေနေသည်ကို ကြည့်ရင်း
"အဖေတွေးထားတာထက် အများကြီး ပိုကောင်းနေတာပဲ ..."
ဖုကျန်းသည် အနာဂတ်တွင် မျိုးတူယောကျာ်းတစ်ဦးနှင့် အတူရှိကာ သမီးလေးတစ်ဦးပင် ကိုယ်တိုင်မွေးဖွားလိမ့်မည်ဟု လုံးဝမထင်ထားပေ။
သူ့ကို ဖုမိသားစုမှ မောင်းထုတ်မိခဲ့မည်ဟုလည်း လုံးဝ မတွေးခဲ့ဖူးပေ။
ထိုအရာအားလုံးကို ဖြတ်ကျော်ပြီးနောက်တွင်တော့ ရှောင်ကျန်းသည် သူဖြစ်စေချင်ခဲ့သလိုမျိုး သာယာသည့်ဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်သည်။
system ၏ ထိန်းချုပ်မှုကို ခံရသောကြောင့်ပင် ဖြစ်ပါစေဦးတော့။ ဖုကျန်းချန်မှာ သူ့ကိုယ်သူ လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။
လေးလံနေသော သူ့နှလုံးသားကို လှမ်းမြင်နေရသည့် ဖုကျန်းက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
"အားလုံး ပြီးဆုံးသွားပါပြီ ..."
ဖုကျန်းချန်သည်လည်း အားလုံးပြီးဆုံးသွားပြီမှန်း သိသော်ငြား အတိတ်ဟူသည် မေ့ပျောက်ကောင်းသည့်အရာ မဟုတ်ချေ။ ဒါပေမယ့် အခုလက်ရှိကတော့ အကောင်းဆုံးဖြစ်နေပါပြီ။
ဖုကျန်းက ခေါင်းကိုမော့ပြီး အဝေးကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
"ကြည့်ပါဦး နေထွက်လာပြီ ..."
အရှေ့အရပ်မှ နေဝန်းနီသည် တိမ်စိုင်တို့ကို ဖြတ်လျက် လောကဓာတ်တစ်ခွင် အလင်းဆောင်ပေးနေသည်။ ဖုကျန်းမှာ ဘယ်နှကြိမ်ပဲ ပြန်ကြည့်ပါစေ။ အရုဏ်ဦး၏ ဖမ်းစားခြင်းကို မလွန်ဆန်နိုင်ဆဲပင်။
ကျန်းဟန်ရှုနှင့် ဖုထင်က မလှမ်းမကမ်းတွင်ရပ်ကာ ကြည့်နေလိုက်သည်။ ဖုကျန်း အပြင်ကို ရုပ်ရှင်သွားရိုက်ကာ ဖျင်ဟိုင်မြို့တွင် သူတို့နှစ်ယောက်သာ ကျန်နေခဲ့စဉ်ကတည်းက နှစ်ဦးအကြား ဆက်ဆံရေးမှာ တိုးတက်လာခဲ့ပြီးဖြစ်သည်။
နေထွက်လာပြီးနောက် ဖုကျန်းသည် ဖုကျန်းချန်ကို ကူတွဲကာ သူတိူ့နှစ်ဦးအနီးသိူ့ လျှောက်လာခဲ့သည်။ သူက ဖုထင်ကိုပင် အရွှန်းဖောက်လိုက်သေးသည်။
"ကောရေ မရီးတစ်ယောက်လောက် ရှာသင့်နေပြီနော် ..."
ဖုထင်က ရယ်ကာ သူ့ခေါင်းကို ပွတ်လိုက်သည်။
"မပူပါနဲ့ ..."
ထန်ဝမ်ဝမ် ဖုအိမ်သို့ ရောက်လာသည်မှစ၍ ထိုအပြုအမူအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။
....
ပိုင်မိန်တောင်မှ ပြန်လာပြီးနောက် ဖုကျန်းတို့သည် ငွေငါးမန်းကမ်းခြေသို့ နောက်တစ်ကြိမ် သွားခဲ့သည်။ ဒီနှစ်အတွက် Oktoberfest မှာ မပြီးဆုံးသေး။ ယနေ့က နောက်ဆုံးနေ့ဖြစ်သည်။ ကမ်းခြေမှာ သက်ဝင်လှုပ်ရှားနေကာ နားဝင်ပီယံဂီတသံတို့ကို မိုးလင်းမိုးချုပ် ဖွင့်ထားပြီး ကြီးကြီးငယ်ငယ်အားလုံး တေးသံနှင့်အပြိုင် တပျော်တပါး ကခုန်နေကြသည်။
mask မတပ်ရသော်ငြား လူတိုင်းက ကိုယ့်အာရုံနှင့်ကိုယ်သာပျော်မြူးနေကြပြီး အာရုံစိုက်နေသူမှာ လူနည်းစုသာဖြစ်သည်။ သူတိူ့ရောက်လာချိန်မှာ မိုးပင်ချုပ်နေပြီဖြစ်၍ ဘယ်သူမှ မမှတ်မိကြ။
သီချင်းသံမှာ အတော်ပင် ဆူညံလွန်း၍ ဖုကျန်းတို့လည်း လူသူဝေးရာ သဲသောင်ပြင်ပေါ်သို့ လျှောက်လာလိုက်သည်။ နှင်းဆီရောင်မိုးသားတိမ်က သဏ္ဍာန်မျိုးစုံ ပြောင်းလဲနေကာ ဆားနံ့သင်းသည့် ပင်လယ်လေညင်းက တဖြူးဖြူး တိုက်ခတ်နေသည်။ ပင်လယ်ပျော်ငှက်တို့က တေးသံကျူးနေကာ လှိုင်းတို့က တဝုန်းဝုန်း ပျော်မြူးနေကြသည်။
xxxxxx