အပိုင်း ၁၄၃
Viewers 23k

နှစ်ရက်အကြာတွင် ကျန်းဟန်ရှုက ဖုကျန်းကို ဆေးရုံသို့ ပြန်ခေါ်သွားသည်။
"အံ့ဩစရာပဲ ..."
ဆရာဝန်က သူ့ခြေထောက်ကိုစစ်ဆေးပြီးနောက် သက်ပြင်းချလိုက်သည်။
ဖုကျန်းက သိလိုစိတ်အပြည့်နှင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
ဆရာဝန်က သူ့မေးခွန်းကို ချက်ခြင်းပြန်‌မဖြေဘဲ သူ့ကို ပြန်မေးလိုက်သည်။
"တခြားဆေးရုံမှာ ပြခဲ့သေးလား ..."
သူက ခေါင်းကိုသာ ယမ်းပြလိုက်သည်။ မနေ့က ဆိုဖာပေါ်တွင် တစ်ရေးအိပ်ပြီးကတည်းက သူ့ခြေထောက်မှာ ပိုပြီး သက်သာလာသလို ခံစားရသည်။ ကျန်းဟန်ရှုကို ပြောခဲ့သည့်အတွက် သူက ဆေးရုံသို့ ခေါ်လာခြင်းဖြစ်သည်။
"ဘာဖြစ်လို့လဲ ..."
ဘေးမှ ကျန်းဟန်ရှုက ဝင်မေးလိုက်သည်။ သူသည်လည်း အတော်စိတ်ပူနေရာ ဖုကျန်းက သက်သာလာသည်ဟု ပြောစေဦးတော့။ မစစ်ဆေးရသေးဘဲ ကောင်းသည်ဆိုးသည် မသိနိုင်ပေ။
"သူ့ခြေထောက်က အရှင်းပျောက်သွားတာလေ အရင်ကဖြစ်ခဲ့တဲ့ဒဏ်တောင် မကျန်ဘူး ဒါက ဆေးပညာသမိုင်းကြောင်းမှာကို ထူးဆန်းစရာပဲ ..."
သူက ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချလိုက်သည်။
"မစ္စတာဖု နောက်ထပ်စစ်ဆေးမှုတွေလုပ်ဖို့ ပူးပေါင်းပေးမလား ကျွန်တော် ထပ်ပြီး လေ့လာချင်သေးလို့ ..."
ဖုကျန်း "...."
ကျန်းဟန်ရှုက မေးလိုက်သည်။
"သေချာလား ..."
ဆရာဝန်က ခေါင်းငြိမ့်ကာ ဓာတ်မှန်ကို ထုတ်ပြလိုက်သည်။
"ကြည့်လေ အရင်က ဒီမှာ အက်ရာရှိနေတာ ဒါပေမယ့် အခုကျ ပျောက်သွားပြီ စက်ကများ မှားနေမလား စိုးရိမ်ရပေမယ့် ဒီနေရာကို ဖိကြည့်တော့လည်း ဘာပြဿနာမှ မရှိဘူး ..."
ကျန်းဟန်ရှုလည်း ဓာတ်မှန်ကို အနီးကပ်ကြည့်ကာ ကျေးဇူးတင်စကား ပြောလိုက်ပြီး ဖုကျန်းနှင့်အတူ ဆေးရုံမှ ပြန်လာလိုက်သည်။ ဆရာဝန်က သူ့ကို ကျကျနန စမ်းသပ်ချင်နေဆဲဖြစ်သည်။ သူ့ခြေထောက်သက်သာလာမှုမှ ထူးခြားချက်တစ်ခုခုကိုသာ တွေ့ခဲ့ပါလျှင် ဆေးလောကတစ်ခုလုံး ဂယက်ရိုက်သွားပေလိမ့်မည်။
သူတို့က မပူးပေါင်းချင်မှတော့ ထားလိုက်ပါတော့လေ အတင်းဖိအားပေးလို့မှမရတာ။
ဆရာဝန်က သက်ပြင်းချကာ တံခါးအပြင်ကို လှမ်းအော်လိုက်သည်။
"နောက်တစ်ယောက် ..."
ဆေးရုံမှ ထွက်လာပြီးနောက် ကျန်းဟန်ရှုသည် အိမ်တန်းမပြန်ဘဲ သူ့ကို ပြောလိုက်သည်။
"နောက်ဆေးရုံတစ်ခုကိုသွားပြီး စစ်ဆေးရအောင် ပြဿနာမရှိဘူးဆိုမှ အဖေတို့ကို ပြန်ပြောမယ်လေ ..."
233 နှင့် တွေ့ခဲ့သည့်မှတ်ဉာဏ်မှာ ပျက်သွားပြီဖြစ်၍ ဖုကျန်းသည်လည်း သူ့ခြေထောက် သက်သာလာရခြင်း၏ အကြောင်းအရင်းကို မသိရာ ကျန်းဟန်ရှု၏စကားကို ငြင်းပယ်ရန် အကြောင်းမရှိပေ။
နောက်ထပ်ဆေးရုံကို သွားခဲ့သော်လည်း သူ့ခြေထောက်က သက်သာသွားပြီဟုသာ အဖြေထွက်ခဲ့သည်။ ဘယ်နည်းဘယ်ပုံ သက်သာသည် မသိသော်လည်း အောင်ပွဲခံရမည့်ကိစ္စဖြစ်သည်။ ကျန်းဟန်ရှုက လူတိုင်းကို ဖိတ်ကာ ညစာစားရန် ဆုံးဖြတ်လိုက်သည်။
အပြန်လမ်းတွင် ဖုကျန်းက ဖုကျန်းချန်ကို သူ့ခြေထောက်သက်သာသွားသည့်အကြောင်း ဖုန်းဆက်ခဲ့သည်။ ထိုကိစ္စမှာ သူ့အတွက် အဖုအထုံးဖြစ်နေကြောင်း သိထား၍ဖြစ်သည်။
ဖုကျန်းချန်က ဝမ်းသာအားရဖြင့် ပြန်ဖြေလိုက်သည်။ သူ့အသံမှာ ခံစားချက်မျိုးစုံ ရောယှက်နေကာ ဘာတွေရယ်တော့ မခွဲခြားတတ်။ ဖုကျန်းက ညစာစားပွဲအကြောင်းနှင့် စကားနည်းနည်း ထပ်ပြောကာ ဖုန်းချလိုက်ချိန်တွင်တော့ နာရီဝက်ခန့် ကြာသွားပြီဖြစ်သည်။
သူက ပြတင်းပေါက်ဘက်လှည့်ကာ အိမ်အပြန်လမ်းကို ငေးကြည့်နေလိုက်သည်။
ဖုမိသားစုတွင် ဖုကျန်းချန်သည် ဖုန်းကိုကိုင်ပြီး ဆိုဖာပေါ်တွင် အကြာကြီး ငုတ်တုပ်မေ့နေခဲ့သည်။
"ဘာဖြစ်လို့လဲ ..."
သူ၏ ထူးဆန်းနေသော အမူအယာကို တွေ့လိုက်ရသည့် ဖုထင်က အနားသို့ရောက်လာကာ မေးလိုက်သည်။
ဖုကျန်းချန်က ဖုန်းကိုချကာ သူ့ကို လှည့်ကြည့်လိုက်သည်။ အတော်ကြာမှ
"ရှောင်ကျန်းက ဖုန်းဆက်တယ် သူ့ခြေထောက်... သက်သာသွားပြီတဲ့ ..."
"ဒီလောက် ကောင်းတဲ့သတင်းကို အဖေက ဘာလို့ ..."
ဖုထင်က နှုတ်ခမ်းတို့ကို တင်းတင်းစေ့ကာ ဘာမှ ပြောမလာတော့။
အခုလက်ရှိ ဖုကျန်းချန်မှာ ဝမ်းနည်းနေ‌သည်ဟု ခံစားလိုက်ရသည်။
ဖုကျန်းချန်က ခေါင်းငြိမ့်လိုက်သည်။
"ကောင်းမှန်းသိတာပေါ့ ဒါပေမယ့် ဒီလိုဒုက္ခမျိုးက ခံကို မခံစားခဲ့သင့်တာလေ ..."
သူက စကားစကိုရပ်ကာ သက်ပြင်းချလိုက်သည်။
"အခုတော့ ဒါကပဲ အကောင်းဆုံးရလဒ်ပေါ့ ..."
ဖုထင်မှာ ဘာပြောရမလဲ မသိတော့၍ အသံသာ တိတ်နေတော့သည်။
....
အိမ်ပြန်ရောက်ပြီးမကြာမီ သူ့ခေါင်းထဲတွင် အသံတစ်သံမြည်လာကာ စကားသံတို့ အဆက်မပြတ် ထွက်ပေါ်လာသည်။
"ဟယ်လို မစ္စတာဖု system 233 ပါ ဘယ်သူ့ကိုမှ လှမ်းမခေါ်ပါနဲ့နော် ကျွန်တော့်တည်ရှိမှုကို ဘယ်သူကမှ မသိနိုင်တဲ့အတွက် ခေါ်လည်း အကျိုးမရှိပါဘူး ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ခေါက်တွေ့ခဲ့ဖူးပေမယ့် မစ္စတာရဲ့ မှတ်ဉာဏ်တွေ မရှိတော့လို့ ကျွန်တော့်ကို မှတ်မိမယ် မထင်ပါဘူး ဆိုတော့ ဒီဗီဒီယိုလေး အရင်ကြည့်ပြီးမှ မေးစရာရှိတာတွေကို မေးပေးပါနော် ..."
ထိုအခိုက်တွင် ဖုကျန်းမှာ တစ်ခုတည်းကိုသာ တွေးနေမိသည်။
"ဒီ system က တအားကို မိုက်တာပဲ ..."
ပြီးခဲ့သည့်အခေါက်က သိမ်းထားခဲ့သည့် မှတ်ဉာဏ်အားလုံး သူ့စိတ်ထဲတွင် ပေါ်လာပြန်သည်။ ဖုကျန်းမှာ ထို system ဟူသည့်အရာကို နောက်တစ်ကြိမ် ပြန်မတွေ့ရတော့ဟု ထင်ခဲ့သော်ငြား နှစ်ရက်အကြာတွင် ပြန်ပေါ်လာပြန်သည်။
ဖုကျန်းမေးသည်ကို မစောင့်ဘဲ ၎င်းက တရစပ် ပြောသွားလိုက်သည်။
"ဒါပါပဲ လူကြီးမင်းက စိတ်ပိုင်းဆိုင်ရာနစ်နာကြေး မလိုဘူးလို့ ပြောပေမယ့် ကျွန်တော်တို့ရဲ့ နံပါတ်တစ် system က မယုံလို့ပါ ဒီကိစ္စရဲ့ အရိပ်ဆိုးက လူကြီးမင်းရဲ့ နှလုံးသားမှာ အရိပ်ထင်နေမယ့်ကိစ္စက မတရားဘူးလို့ ခံစားရလို့ system နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ချန်ပေးခဲ့ပါတယ် ..."
"ဒါပေမယ့် တစ်ခြားသူတွေကိုတော့ ထုတ်ပြောလို့ မရပါဘူး ..."
ဖုကျန်းက ခေါင်းငြိမ့်ကာ သူ့ကို ထပ်မေးလိုက်သည်။
"ဒါဆို ငါ့အဖေကရော သူတို့ကရော မင်းအကြောင်းသိလား ..."
"သူတိူ့နှစ်‌ယောက်ရဲ့ မှတ်ဉာဏ်တွေကိုလည်း ပြန်ထည့်သွင်းပေးမှာပါ ..."
ဖုကျန်းမှာ နောက်ထပ်ဘာပြဿနာမှ မရှိတော့ဟု ခံစားလိုက်ရသည်။ system 233ကလည်း ဝမ်းသာအားရ လေသံကြီးဖြင့်
"ဒါဆို ပျော်ရွှင်ဖွယ်ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်လိုက်ပါတယ် ..."
သံရှည်တစ်ခု မြည်လာကာ ဖုကျန်းသည် ထိုအရာကို နောက်တစ်ကြိမ် ပြန်တွေ့ရတော့မည်မဟုတ်ကြောင်း သိလိုက်ရသည်။
ကျန်းဟန်ရှုပြန်လာချိန်တွင်တော့ ဆိုဖာပေါ်တွင်ထိုင်ကာ အတွေးလွန်နေသူကို တွေ့လိုက်ရသည်။ သူက ဖုကျန်းဘေးဝင်ထိုင်ကာ ပုခူံကိုပုတ်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
system အကြောင်းကို ဘယ်သူ့ကိုမှ မပြောနိုင်သည့်အတွက် သူလည်း ကျန်းဟန်ရှုကို စိတ်ပူရအောင် လုပ်မနေချင်တော့။
ညနေပိုင်းတွင် ကျန်းနှင့် ဖုမိသားစုတို့ စုဝေးကာ စကားဝိုင်းဖွဲ့ပြောနေကြသည်။ coco က မစ္စစ်ကျန်း၏ လက်မောင်းထဲတွင် သူမ၏ လက်သေးသေးလေးများကို ယမ်းကာ စားစရာများကို ငေးကြည့်နေသည်။ နို့ကြက်ဥပေါင်းပဲ စားလို့ရတာကတော့ သနားစရာပဲ။
ဖုကျန်းက တစ်ခဏတွေးကာ ဂဏန်းလက်မတစ်ခုကို သူမပန်းကန်ထဲ ထည့်ပေးလိုက်သည်။ သူမက လက်နှစ်ဖက်ဖြင့် ကောက်ကိုင်ကာ ဝမ်းသာအားရ စားလိုက်သော်ငြား ထိုဟာကို လုံးဝမကိုက်နိုင်။ အလှည့်စားခံလိုက်ရပြီမှန်း သိသွားသည့်အတွက် အာခေါင်ခြစ်ကာ စူးစူးဝါးဝါး ငိုချလိုက်တော့သည်။
အစပိုင်းတွင်တော့ သူက ရယ်နေသေးသော်ငြား ကြာလာလျှင် သူမအတွက် စိတ်ဒဏ်ရာရသွားမည်ကို စိုးရိမ်၍ မစ္စစ်ကျန်း၏ ရင်ခွင်ထဲမှ ခေါ်ထုတ်ကာ ကျန်းဟန်ရှုနှင့်အတူ ချော့မြှူလိုက်သည်။ ထိုအခါမှ coco လည်း ရွှင်ရွှင်ပျပျ ဖြစ်လာတော့သည်။
အတော်ကြာ ဆော့ကစားပြီးနောက်တွင်တော့ coco မှာ မောမောနှ့င် အိပ်ပျော်သွားတော့သည်။ အသက်ရှူသံတိုးတိုးက ထွက်ပေါ်လာသည့်အတွက် သူမကို မနှိုးမိစေရန် အားလုံး အသံတိတ်လိုက်ကြသည်။
ဖုကျန်းက သူမကို မနိုးအောင် ပွေ့ချီရင်း ပြောလိုက်သည်။
"ကလေးကို အခန်းထဲ သွားသိပ်လိုက်ပါဦးမယ် ..."
ဖုကျန်း ထသွားချိန်တွင် မစ္စတာကျန်းက သူ့ဘေးနားရှိ ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဟန်ရှု မင်းနဲ့ရှောင်ကျန်းက နောက်ထပ်ကလေးထပ်ယူဖို့ စီစဉ်နေကြတာလား ..."
သူက ခေါင်းကိုယမ်းကာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း တစ်ယောက်ဆို လုံလောက်ပါပြီ ..."
ဖုကျန်းမှာ ကိုယ်ဝန်ဆောင်ချိန်တွင် အဆင်မပြေမှုတို့ကို ကြုံတွေ့ခဲ့ရသည့်အတွက် ကလေးတစ်ယောက်ကပင်လျှင် လုံလောက်သည်ထက် ပိုနေပါပြီ။ သူ ဖုကျန်းနှင့် လက်တွဲရန် ဆုံးဖြတ်စဉ်ကဆို ကလေးရှိလာမည်ဟုပင် မှန်းမထားပေ။
မစ္စတာကျန်းက ခေါင်းသာ ငြိမ့်ပြကာ သူ့ကို အတင်းအကြပ် မတိုက်တွန်း။
မကြာမီ ဖုကျန်းလည်း အောက်ထပ်ပြန်ဆင်းလာကာ သူ့နေရာတွင် ဝင်ထိုင်လိုက်သည်။ ဝိုင်တစ်ခွက် ငှဲ့နေသည်ကို တွေ့လိုက်ရချိန်မှာတော့ ကျန်းဟန်ရှုသည် သူ့ဝိုင်ခွက်ကို စပျစ်ဖျော်ရည်ဖြင့် လဲပေးလိုက်သည်။
မစ္စတာကျန်းက ပြုံးကာ ပြောလိုက်သည်။
"ရှောင်ကျန်းကို နည်းနည်းပါးပါး သောက်ခိုင်းလိုက်ပါ ..."
"သူ့ကို ထပ်မသောက်ခိုင်းနဲ့တော့ ..."
မျက်နှာချင်းဆိုင်ရှိ ဖုကျန်းချန်က ရယ်သံစွက်လျက် ပြောလိုက်သည်။
"နောက်တစ်ခွက်တောင် သောက်စရာမလိုဘဲ မှောက်သွားလိမ့်မယ် ..."
ဖုကျန်းချန်မှာ သူ အရင်တစ်ခေါက်တွေ့ခဲ့သည်ကထက် ပိုပြီး တက်ကြွကာ ဆံပင်ဖြူတို့လည်း ပါးလာသည်။ system 233 ၏ စကားကို အမှတ်ရလိုက်၍ ဖုကျန်းလည်း စိတ်သက်သာရာ ရသွားတော့သည်။
မစ္စစ်ကျန်းက ပြုံးကာ ပြောလိုက်သည်။
"ကိုယ့်အိမ်မှာကိုယ် သောက်တာပဲ မူးလည်း မူးပါစေ ..."
ဖုကျန်းချန်က ခေါင်းငြိမ့်ကာ သူမ၏ စကားများကို ထောက်ခံလိုက်သည်။
ဝိုင်ပုလင်းကို လက်ထဲကိုင်ထားရင်း ကျန်းဟန်ရှုက မေးလိုက်သည်။
"ဒါဆို နည်းနည်းလောက် သောက်မလား ..."
ဖုကျန်းက ဟမ့်ခနဲလုပ်ကာ အများကြီး ပါသွားမှာ ကြောက်ဟန်ဖြင့် ဖြေးဖြေး‌ချင်း လောင်းထည့်နေသော ကျန်းဟန်ရှုကို ကြည့်နေလိုက်သည်။ သူက သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။
"ကျန်းကောကောရေ နည်းနည်းထပ်ထည့်ပေးပါဦး ..."
ဖုကျန်း၏ အပြောတွင် မြောသွားရှာလေသူကတော့ ပုလင်းကိုစောင်းကာ ခွက်တစ်ဝက်ခန့် လောင်းထည့်ပေးမိတော့သည်။
ဖုကျန်းကတော့ ကျေနပ်သေးဟန်မတူ။ သူက ဝိုင်ခွက်ကို မြှောက်ပြကာ ပြောလိုက်သေးသည်။
"ကျန်းကောကောရေ နည်းနည်းလေးပဲ ရှိသေးတာကို ..."
ကျန်းဟန်ရှုကတော့ ဖုကျန်းကို တောင်စဉ်ရေမရ လျှောက်ပြောနေသည်ဟုသာ တွေးလိုက်သည်။
"ဘာလို့ နည်းရမှာလဲ အလုတ်တွေအများကြီး သောက်လို့ရနေတာကို ..."
ဖုကျန်းက ခွက်ကိုမော့ကာ တစ်ဝက်သောက်ချလိုက်သည်။ လက်နှစ်ဆစ်သာကျန်တော့သော ခွက်ကို မြှောက်ပြရင်း ပြောလိုက်သည်။
"ကြည့်လေ အခု နည်းနည်းလေးပဲ ရှိတော့တယ် ..."
ကျန်းဟန်ရှုမှာ ဒီလိုမျိုး ပြောလာလိမ့်မည်ဟု မထင်မှတ်ထား။ မူးလာ၍ ကိုင်တွယ်ရခက်လာသည်နှင့်ယှဉ်ပါလျှင် ဤသည်မှာ အသေးအဖွဲပင် ရှိသေးသည်။ သူက မတတ်နိုင်စွာဖြင့် ခေါင်းကိုယမ်းကာ နောက်တစ်ခွက်ငှဲ့ပေးရင်း ပြောလိုက်သည်။
"ကိုယ်ထင်တာတော့ မင်းမူးနေပြီနော် ..."
"မမူးပါဘူး ..."
ဖုကျန်းက လက်ကိုမြှောက်ကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"သုံးခွက်ပဲ ရှိသေးတာကို ..."
ကျန်းဟန်ရှုမှာတော့ ပြောစရာစကားပင် မရှိတော့။ သူ့ကို အမြီးတောင်းလာမည့်အချိန်ကိုသာ စောင့်နေလိုက်တော့သည်။
သူ့အမူအယာကို မြင်လိုက်ရချိန်တွင် ဖုကျန်းက နောက်ထပ် လက်တစ်ချောင်းထုတ်ကာ ရယ်မောလိုက်သည်။
"ရယ်စရာကြီး ..."
ကောင်းသည့်အချက်မှာ မူးသွားသော်ငြား ယခင်ကလို ငါးအမြီး မပူဆာဘဲ ကျန်းဟန်ရှုကိုသာ လိမ်လိမ်မာမာဖြင့် ပွေ့ဖက်ရင်း အိပ်ပျော်သွားတော့သည်။
....
ဖုကျန်း၏ ‌နောက်ရုပ်ရှင်က တိုးတိုးတိတ်တိတ်ပင် ထွက်လာသည်။ အမည်မှာ "ချစ်မြတ်နိုးရပါသည့် အမိမြေ" ဖြစ်ပြီး သရုပ်ဆောင်အများစုမှာ ကင်မရာရှေ့မှ အကြာကြီး ပျောက်နေသူများဖြစ်သည်။ ထို့ပြင် ရုတ်ခြည်းကျော်ကြားလာသည့် traffic star များကိုလည်း ထည့်မသုံးခဲ့။
သရုပ်ဆောင်များ၏ စွမ်းရည်မှာ ပြောင်မြောက်လှသည့်အပြင် ရိုက်ကွက်တစ်ကွက်ပြီးတိုင်းလည်း ခေါင်းချင်းဆိုင်ဆွေးနွေးကြသည့်အတွက် ဇာတ်ကောင်စရိုက်မှာ ပို၍ပင် ပီပြင်လာသည်။
ဟဲမင်နှင့် ကျိုးဝမ်လင်တို့လည်း ပါဝင်လာသော်ငြား ဇာတ်ကွက်တော့ အများကြီးမရပေ။ သူတို့က ရိုက်ကွင်းတွင် နှစ်ရက်သာ နေလိုက်ရသည်။
မီဒီယာများမှာ ဖုကျန်း၏ ရုပ်ရှင်အသစ်အကြောင်းကို အချိန်လင့်ကာမှ သိရသည့်အပြင် ရုပ်ရှင်အသစ်ဟူသည့်အချက်မှလွဲ၍လည်း ဘာမှမသိတော့။
ပုံမှန်အားဖြင့် ဒါရိုက်တာ၏နာမည်ဖြင့် အစချီကာ ကျန်ကိစ္စများမှာတော့ တည်းဖြတ်ရေးပေါ်သာ မူတည်ပေသည်။ ထို့ပြင် စာတည်းစာဖြတ်များမှာလည်း အတော်ပင် အရည်အချင်းရှိကြရာ ကုန်ကြမ်းသာရှိပါလျှင် ဆောင်းပါးတစ်ပုဒ်ကို မိနစ်ပိုင်းအတွင်းမှာပင် ဖန်တီးနိုင်ကြသည်။ သို့သော်လည်း အခုလတ်တလောတွင် တရားရုံးမှ ဆင့်ခေါ်စာများကို လက်ခံထားရသည့်အတွက် စိတ်ကူးရှိသလို လက်လွတ်စပယ် မရေးရဲ။ ထို့ပြင် ရုပ်ရှင်၏ အကြောင်းအရာမှာလည်း သူတို့ အပြောင်အပျက်လုပ်နိုင်သည့်ကိစ္စ မဟုတ်ချေ။
အဆုံးတွင်တော့ ဖုကျန်းရိုက်ခဲ့သမျှ ရုပ်ရှင်များကို စုပေါင်းကာ သတင်းတစ်ပုဒ်ရေးရန် ဆုံးဖြတ်လိုက်သည်။ လတ်တလောရိုက်နေသည့် ရုပ်ရှင်မှာတော့ စာပိုဒ်သေးတစ်ပိုဒ်အဖြစ်သာ ထည့်ထားသည်။
xxxxx