🐯Chapter 76
"အိုက်…"
အသားများဖြင့်ဖြည့်ထားသော အခွံပါးပါးနှင့် နှင်းကဲ့သို့ဖြူဖွေးသော ဖက်ထုပ်ရည်အား ဝါးပေါင်းခံခွက်အတွင်းသို့ တစ်ခုချင်းစီထည့်သည်။ အလင်းရောင်အောက်တွင် ပေါင်းရာမှ ထွက်ပေါ်လာသည့် အငွေ့များအား မြင်နိုင်သည်။ ဂဏန်းအရသာ ခပ်ရေးရေးပါဝင်သော အသားနှင့် အရသာရှိပြီး မွှေးကြိုင်သောစွပ်ပြုတ်ရနံ့မှာ ကြည့်ရှုနေသူများအားသွားရည်မြိုချမိစေသည်။
ကလေး ၃ ယောက် နှင့် ကြည့်ရှုသူ သန်း ၉၀ မှာ အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။
နှင်းကျားသစ်လေးမှာ ရေပူစမ်းအတွင်း ရှိနေဆဲဖြစ်သည်။ သူက ရှေ့ခြေထောက်လေးနှစ်ခုအားဆန့်ကာ ပေါင်းခံခွက်များနှင့် အလုပ်ရှုပ်နေသော ကုယွီမြန်၏ ဒူးပေါ် တင်လိုက်သည်။ ပန်ဒါလေးက ကုယွီမြန် သတိမမူမိသည့်ချိန်တွင် သူ၏လက်ကလေးအား ဆန့်ထုတ်ကာ ခိုးစားရန်ပြင်သည်။ ကံကောင်းထောက်မစွာဖြင့် မြေခွေးလေးမှ ကုယွီမြန်အစား ကူညီကာ တားမြစ်လိုက်သည်။
ကုယွီမြန် ကူကယ်ရာမဲ့စွာဖြင့် ပြောလေသည်။
“အရမ်းပူနေတုန်းလေနော်... ပြီးတော့ ဒီဖက်ထုပ်ကို စားပုံက မတူဘူး... ခဏစောင့်ဦးနော်... ပြီးရင် သင်ပေးမယ် မဟုတ်ရင် အကုန် အလဟဿ ဖြစ်ကုန်လိမ့်မယ်... ဒါကို ဝမ်လော်ဖက်ထုပ်ရည် လို့ခေါ်တယ်...”
ကုယွီမြန်က နှင်းကျားသစ်လေးအား လေထဲတွင်ချီထားပြီး မပျော်ရွှင်စွာဖြင့် လက်ကလေးများ ဝှေ့ယမ်းနေသော ပန်ဒါလေး၏ ခေါင်းအား လက်ဖြင့်ထိကာ ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် ခေတ္တရပ်လိုက်ပြီး အနည်းငယ်
ရှက်နေမိသည်။
“ဟုတ်တယ်... ဒါက ဝမ်လော်ဖက်ထုပ်ရည်ပဲ... ငါ့အနေနဲ့ သေချာလေး မလုပ်လိုက်နိုင်ဘူး... ပြောရမယ်ဆိုရင် ‘ချိုမြိန်တဲ့ သံလွင်လက်ဖက်ရောင်၊ အပွင့်ဝါဂန္ဓမာရောင်နဲ့ အရသာရှိ ဂဏန်းသားအပြည့် ထုပ်ပိုးထားတဲ့ ဝမ်လော်ဖက်ထုပ်ရည်ရဲ့ အပြင်လွှာပါးပါးကို ကိုက်လိုက်ရင် တစ်ကိုက်ကိုက်ရုံနဲ့ လန်းဆန်းမှုအပြည့် ခံစားရလိမ့်မယ်’ တဲ့…”
ဝမ်လော်ဖက်ထုပ်ရည်၏ ဂုဏ်သတ္တိများမှာ ဖက်ထုပ်တစ်ခုလုံးအား စွပ်ပြုတ်ရည်ဖြင့် ဖြည့်သွင်းထားပြီး အပေါ်ယံလွှာမှာ ပါးလွှာသည်။ တူဖြင့် ထိလိုက်ရုံမျှနှင့် အပေါ်ယံလွှာကွဲအက်ကာ စွပ်ပြုတ်ရည်များ ပေါက်ထွက်စီးကျလာနိုင်သည်။ ဝမ်လော်ဖက်ထုပ်ရည်မှာ အလွန်အမင်း အရသာရှိလှပြီး ဆောင်းဦးနှင့် ဆောင်းရာသီတွင် စားသုံရန် အထူးသင့်လျော်သည်။
ကုယွီမြန် ငယ်ဘဝ၌ ကျန်းစုနှင့် ကျဲ့ကျန်း၌ နေထိုင်ခဲ့ဖူးသည်။ ဆောင်းဦးလယ်ပွဲတော်အတွင်း၌ စစ်မှန်သော ဝမ်လော်ဖက်ထုပ်ရည်အား စားသောက်ရန် မိသားစုနှင့်အတူ ဟွိုင်အန်းသို့သွားရခြင်းအား ဂုဏ်ယူတတ်သည်။ ဝမ်လော်ဖက်ထုပ်ရည်အား လက်မှုပညာရှင်တစ်ယောက်က နေ့နေ့ညည ကြိုးပမ်းကာ တီထွင်ပြုလုပ်ထားခြင်းဖြစ်သည်။ ပါဝင်ပစ္စည်းများအား တင်းကြပ်စွာ ရွေးချယ်ထား၍ လက်ရာမြောက်ကာ နူးညံ့သည်။ ဖက်ထုပ်အဆာ ပြုလုပ်ရန် အဆီများပြီး အကောင်အကြီးဆုံး အဝါရောင်ဂဏန်းအား ရွေးချယ်တတ်ပြီး ရှောက်ရှင်းဝိုင်၊ သကြား၊ မျှစ်ခြောက်နှင့် အရသာများအား အကောင်းဆုံးဟူသည့် အရာကိုသာ အသုံးပြုရသည်။
ကုယွီမြန်က ဆရာဖြစ်သူ၏ နည်းလမ်းကို ကူးယူခဲ့သော်လည်း စစ်မှန်သော ဝမ်လော်ဖက်ထုပ်ရည်ဖြစ်ရန် အလွန်ဝေးကွာနေဆဲပင်။ အများဆုံး အဆင့် ၂ ဆင့်သာ အောင်မြင်အောင် သင်ကြားနိုင်ခဲ့သည်။
သို့သော်ငြား ကြည့်ရှုသူများမှာမူ ထိုသို့မတွေးပေ။
[အလှကုန်တွေကို လွှင့်ပစ်မယ် : အားးးးးးးး အရမ်းချိုတာပဲ မြန်မြန်ရေ... မြန်မြန်လေး လုပ်ပါတော့... ဒီမှာ မီးရှူးမီးပန်းတွေ ယူပစ်...]
[ဗီဗီယန် : အရမ်းမွှေးပြီး လှလိုက်တာ အနုပညာတစ်ခုလိုပဲ... ဒါကို မကောင်းဘူးဆိုရင် ငါနေ့တိုင်းစားနေရတဲ့ဟာတွေက အမှိုက်လား...]
[ဆိုဒါ နံပါတ် ၂ : ဒီဟာကို ညလယ်ကြီး ကြည့်ခိုင်းတယ်ပေါ့လေ... အရမ်းစိတ်ဆိုးနေလို့ တင်ဆက်သူက ငါ့ကို အာဘွားပေးပြီး ဖက်ထုပ်ရည်ခွံ့မှပဲ ကျေနပ်နိုင်တော့မယ်...]
ဖန်သားပြင်တွင် လက်ဆောင်ပစ္စည်းအမျိုးမျိုး၏ အထူးပြုလုပ်ချက်များ တစ်ခုပြီးတစ်ခု တက်လာသည်။ သူတို့က ကုယွီမြန်အား မြန်မြန်စားရန် တိုက်တွန်းနေကြခြင်းဖြစ်သည်။ ဖန်သားပြင်ပေါ်ရှိ လေထုမှာ အလွန်နွေးထွေးလှသည်။ သို့သော်လည်း ကုယွီမြန်က ကြည့်ရှုသူများအား အလိုလိုက်ရန် အလျင်မလိုချေ။ သူက လက်တစ်ဖက်ဖြင့် ဖက်ထုပ်ရည် ပြုလုပ်နေရပြီး ကျန်တစ်ဖက်ဖြင့် စားသောက်နေရသဖြင့် မအားနိုင်ချေ။ ဖက်ထုပ်ရည်အား ဂရုတစိုက် စားသောက်ခြင်းမပြုလျှင် အတွင်းရှိ စွပ်ပြုတ်ရည်များလျှံထွက်ကာ အရသာပျက်သွားနိုင်သည်။
ကုယွီမြန်က ဖက်ထုပ်ရည်ထည့်ရန် ကြွေပန်းကန်လုံး ၄ လုံး ပြင်ဆင်ထားသည်။ သူကဘလက်ချောင်းများဖြင့် ဖက်ထုပ်ရည်အား ညင်သာစွာ ယူလိုက်ပြီးနောက် ပန်းကန်လုံးအတွင်း ထည့်သည်။ ထိုသို့ပြုလုပ်ရန် အလွန်အန္တရာယ်များလှသော်လည်း ဖက်ထုပ်များ ပေါက်ပြဲသွားခြင်း မရှိချေ။ ဖက်ထုပ်များထည့်ပြီးနောက် ဆော့စ်ဖြင့်တို့သည်။ ထို့နောက် ဝိုင်နှင့် ရှာလကာရည် အနည်းငယ်ထည့်ပြီး ချင်းအနည်းငယ်နှင့်တွဲဖက်လိုက်သည်။
ကလေးသုံးယောက်မှာ ကုယွီမြန် ခွံ့ကျွေးလာမည်ကိုပင် မစောင့်နိုင်တော့ချေ။ အဆုံးတွင် ကုယွီမြန် ပန်းကန်လုံး ၃ ခုအား တစ်ခုအဖြစ် ပေါင်းလိုက်ပြီးနောက် ဆော့စ်အရင်တို့သည်။
“ဒီဖက်ထုပ်ရည်က အရင်ဟာတွေလို တိုက်ရိုက်စားပစ်လို့ မရဘူး... အကိုက်သေးသေးလေးကိုက်ပြီး အထဲက စွပ်ပြုတ်ရည်ကို စုပ်သောက်ရမယ်...စွပ်ပြုတ်ရည် ကုန်သွားမှ ကိုက်စားရမယ်နော်...”
ကုယွီမြန်က ဦးဆုံး သရုပ်ပြသည့်အနေဖြင့် စားပြသည်။ မကိုက်ဘဲ တူဖြင့် အပြင်လွှာအား ထိလိုက်ပြီးနောက် အပေါက်ဖြစ်လာစေသည်။ ပြောရမည်ဆိုလျှင် အရွယ်အစားကြီးသော ဖက်ထုပ်ရည်အား ပိုက်ဖြင့်စုပ်၍သောက်နိုင်သော်လည်း လက်ရှိ၌ ကုယွီမြန်ထံတွင် ဖက်ထုပ်အတွက် သင့်လျော်သော ပိုက်မရှိချေ။
ပန်ဒါလေးမှာ လောဘကြီးကာ ခပ်ဆိုးဆိုးလေး ဖြစ်သည့်တိုင် ကုယွီမြန်ပြောသည်ကို သေသေချာချာနားထောင်သည်။ သို့တိုင် သူက နားမလည်နိုင်သလို နားလည်နိုင်စွမ်းလည်း မရှိပေ။ သူက ပန်းကန်အားကိုင်ကာ ခေါင်းကုတ်ပြီး မလှုပ်ရဲဘဲ ရှိနေသည်။ ထို့ကြောင့် ခေါင်းကလေးစောင်းကာ နှင်းကျားသစ်လေးနှင့် မြေခွေးလေး မည်သို့စားမည်ကို ကြည့်လိုက်သည်။
မျှော်လင့်မထားသည်မှာ နှင်းကျားသစ်လေးက စားပြီးနှင့်ပြီး ဖြစ်နေမည်ကိုပင်။
နှင်းကျားသစ်လေးက ခေါင်းငုံ့ကာ စွပ်ပြုတ်ရည်အားသောက်ပြီးနောက် အကုန်စင်အောင် စားပစ်လိုက်သည်။ စိတ်ကျေနပ်မှုအပြည့်ဖြင့် မျက်လုံးများ မှေးစင်းလိုက်ပြီး ကုယွီမြန်၏ လက်ကောက်ဝတ်အား အမြီးဖြင့် ပွတ်သပ်ကာ နောက်တစ်ခုထပ်ပေးရန် တောင်းဆိုနေသည်။ ထို့ကြောင့် ပန်ဒါလေးမှာ မြေခွေးလေးအပေါ်တွင်သာ မျှော်လင့်ချက်ထားရတော့သည်။ မြေခွေးလေးမှာ အလွန်သန်မာသော စိတ်ဝိညာဉ်ရှိသည်။ ဖက်ထုပ်အား သူ၏လက်သည်းလေးဖြင့် ထိနိုင်ရန် ကြိုးစားနေပုံရသည်။
ကြည့်ရှုသူများက အရာအားလုံးကို မြေခွေးလေး၏ ရှုထောင့်မှ ရှုမြင်နေရခြင်းပင်။ အများစုက တံတွေးများမြိုချကာ စောင့်မျှော်နေရပြီး မြေခွေးလေး ဖက်ထုပ်ရည်စားနည်းအား သင်ယူတတ်မြောက်ပြီး နောက်မှသာ သူတို့အားလုံး အရသာခံနိုင်မည်ပင်။
ကံကောင်းစွာပင် မြေခွေးလေးမှာ အကောင်းဆုံး သင်ယူတတ်မြောက်သွားသည်။ အဖြူရောင်ကြွေပန်းပြားအား ရေကန်ဘေးသို့ထားလိုက်ပြီးနောက် အပေါ်ယံလွှာအား ထိနိုင်ရန် ခေါင်းငုံ့လိုက်သည်။ ထို့နောက် သူ၏ ပါးစပ်အတွင်း၌ နူးညံ့ပါးလွှာသော အပေါ်ယံလွှာ ပေါက်သွားပြီး အရသာရှိပြီး ပြင်းထန်သည့် စွပ်ပြုတ်ရည်များ စီးကျလာသည်။
ဂဏန်းသားနှင့် နံရိုးတို့မှ ထွက်လာသည့် စွပ်ပြုတ်ရည်ပူပူက လည်ချောင်းအတွင်း စီးဝင်သွားသည်။ အဆင့်ပေါင်းများစွာ ချက်ပြုတ်ပြီးနောက် ဖက်ထုပ်ရည်မှာ နွေးထွေးကာ ချိုသည်။ တစ်ကိုက်စားပြီးနောက် ကြည့်ရှုသူများလည်း စွပ်ပြုတ်ပူပူအား အရသာခံလိုက်နိုင်ပြီး ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံး စိတ်ကျေနပ်မှုတို့ ပြည့်လျှံလာသည်။
ထို့အပြင် မြေခွေးလေး ဝါးလိုက်သော နူးညံ့အိထွေးသည့် ဂဏန်းသားနှင့် နံရိုးတို့ ပေါင်းစပ်ထားသည့် အရသာကိုပင် ခံစား၍ရသည်။ ဟင်းချက်ဝိုင်၏ ဆွဲဆောင်မှုရှိသော
ရနံ့အား ဂျင်း၏ ပြင်းရှရှသင်းရနံ့နှင့် ပေါင်းစပ်ကာ အရသာခံနိုင်သည်။ ကောင်းမွန်နူးညံ့ကာ ချိုသောအရသာအား တစ်ပြိုင်နက်တည်း ခံစားရသည့်အခါ အရသာခံဖုလေးများပင် ပေါက်ကွဲကုန်တော့သည်။
စွပ်ပြုတ်၏ အရသာမှာ စိတ်လှုပ်ရှားဖွယ်ရာပင်။ ‘အရသာရှိသည်’ ဟူသော စကားမှအပ မည်သည့်စကားကိုမျှ မဆိုနိုင်ချေ။
ထို့အပြင် အေးစက်သောဆောင်းညတွင် ရေပူစမ်းအတွင်း စိမ်နေရသောကြောင့် နောက်ကျောဘက်မှ အရေပြားတစ်လျှောက်ရှိ ဆဲလ်တိုင်းမှာ နွေးထွေးမှုနှင့် သက်သောင့်သက်သာရှိမှုအား ခံစားရသည်။ လန်းဆန်းသော သစ်သီးဝိုင်နှင့် သဘောကျနှစ်သက်ရသော လူ၊တောက်ပသော လမင်း၊နှင်းများနှင့် နူးညံ့သော ဖက်ထုပ်ရည်။
မှတ်ချက်မျက်နှာပြင်၌ ရူးသွပ်ကုန်လေသည်။
[ဂျူနီယာ ဘီ : သေပြီဟေ့... ဝသဖ... ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အရသာရှိနေရတာတုန်း...]
[ရှုထျန်းထျန်းက သကြားကြိုက်တယ် : အရသာရှိလိုက်တာ... အရမ်းပဲ အရသာရှိတာပဲ... ငါ့နာမည်ကိုတောင် ပေါင်းဇီ (ပေါက်စီ)လို့ ပြောင်းချင်နေပြီ... ဒီစွပ်ပြုတ်က အရမ်းကို လန်းဆန်းသွားစေတယ်... အသားကလည်း အရသာရှိတယ်... ရေပူစမ်း၊ သစ်သီးဝိုင်နဲ့ တင်ဆက်သူကလည်း ကောင်းတယ်... အားးးးးး ဒါက အိပ်မက်ထဲက ဘဝလေးများလားနော်...]
[လျှပ်စစ်အလင်း သည်းခြေအိတ် : ငါတော့ ကိုယ့်ကိုယ်ကိုယ် ထုပ်ပိုးပြီး မြန်မြန့်ဆီ ပို့မိတော့မယ်နော် QAQ အရမ်းအရသာရှိလွန်းလို့ လျှာကိုပါ မြိုချမိတော့မလို့...]
[စတော်ဘယ်ရီကလစ်ပ် : အချစ်ပြိုင်ဘက်အရေအတွက် တိုးမလာစေချင်ပေမဲ့လည်း ကမ္ဘာကြီးတစ်ခုလုံးက မြန်မြန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ကြည့်သင့်တယ်လို့ထင်တယ်... မီးရှူးမီးပန်း ၁၀ ခု ယူ...]
မှတ်ချက်များက အဆက်မပြတ် တက်လာသည်။ ည ၁၀ နာရီ ရှိနေပြီ ဖြစ်သော်လည်း နေ့အချိန်ကဲ့သို့ တက်ကြွနေကြဆဲပင်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ ကြည့်ရှုသူနှင့် ကျော်ကြားမှုမှာလည်း တိုးပြီးရင်း တိုးလာသည်။
ထိုနေ့တွင် ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုမှာ ထိပ်ဆုံးသို့ရောက်ရှိရန် အချိန်မကြာလိုက်ပေ။ ကြည့်ရှုသူ
သန်း ၉၀ မှ သန်း ၁၀၀ သို့ ရောက်ရှိလာသော်လည်း ဆက်လက်မြင့်တက်နေဆဲပင်။
ကုယွီမြန်က ဖက်ထုပ် ဆယ့်နှစ်ခုနှစ်ခြင်းအား ပြုတ်ထားသည်။ နှင်းကျားသစ်လေးနှင့် မြေခွေးလေးတို့က ပန်ဒါပေါက်လေးကြေကွဲနေချိန်တွင် သူတို့၏ပထမဆုံး တစ်ခုအား စားလိုက်ကြသည်။ သူက ပန်းကန်လုံးလေးအား ကိုင်ထားပြီး နားရွက်လေးအားကုတ်ကာ မှားယွင်းသကဲ့သို့
ခံစားရ၍ ကုယွီမြန်၏လက်အား ပွတ်လိုက်သည်။
"ယွမ်ယွမ် ဒီကိုလာ..."
နောက်ဆုံးတွင် ကုယွီမြန်က သင့်တော်သည့် ပိုက်လေးတစ်ခုရှာတွေ့သွား၍ ဖက်ထုပ်ထဲကို ပိုက်ဖြင့်အပေါက်သေးသေးလေးဖောက်ကာ ပန်ဒါလေး လယ်ကူစွာသောက်နိုင်စေရန် ကူညီပေးခဲ့သည်။
"ဒါဆို ပိုလွယ်လိမ့်မယ်..."
ပန်းကန်ပြားကိုင်ထားသည့် ပန်ဒါလေး : "..."
ကုယွီမြန်က လက်ထဲတွင် ငြိမ်နေသည့် ပန်ဒါလေး၏ ခေါင်းကို ကြည့်လိုက်သည်။ ပူပြင်းသော ရေပူစမ်းကန်အားမှီကာ ပေါင်းထားသော ဖက်ထုပ်စွပ်ပြုတ်အရည်
အားစုပ်ပြီး စိတ်ဓါတ်ကျသည့်အမူအရာမှ ပျော်ရွှင်သွားသည့်အမူအရာမှာ လူများအား ရယ်မောစေသည်။
ကုယွီမြန်က ပန်ဒါပေါက်လေးမှာ သရုပ်ဆောင်ရာတွင်ထူးချွန်သည့်ပုံပေါက်ကြောင်း တွေ့ရှိခဲ့သည်မှာကြာပြီဖြစ်သည်။ သူက အလွန်ဒရာမာဆန်ပြီး သူ၏စိတ်အခြေအနေမှန်သမျှကို အမူအရာဖြင့် ဖော်ပြတတ်သူဖြစ်သည်။သို့သော် မြေခွေးလေးက ပန်ဒါလေး၏ ဦးနှောက်တွင် ပြဿနာရှိနေမည်အား အမှန်တကယ် စိုးရိမ်နေသည်။
သူက ပန်ဒါလေး၏ဘေးတွင် ဂရုတစိုက်စောင့်ပြီး သူ၏ခေါင်းလုံးလုံးလေးကိုလက်ဖဝါးဖြင့် အချိန်နှင့်အမျှ တွန်းကြည့်တတ်တည်။
ထိုအချိန်တွင် နှင်းကျားသစ်လေးက ကုယွီမြန်၏လက်မောင်းထဲတွင် ပျင်းရိစွာအိပ်နေ၍ ကုယွီမြန်၏အင်္ကျီမှာ ထပ်၍စိုစွတ်လာပြန်သည်။ သူက နှင်းကျားသစ်လေးအား ကူရာကယ်ရာမဲ့စွာ ပြန်သယ်သွားရသည်။
"ခဏလောက်ရေထပ်စိမ်ရအောင်...ပြီးရင် ငါတို့အမွေးတွေကို ဖြီးပြီး... နွားနို့သောက်ပြီး အိပ်ကြမယ်..."
[မိုင်းတွင်းထဲမှာ မိသားစုတစ်ခုရှိတယ် : အံ့အားသင့်သွားရတယ်... ငါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတယ်ဆိုတာ အခုမှ ရုတ်တရက်သတိရသွားတယ် မြန်မြန်နဲ့ ချိုက်ခဲ့ တောင်မှာ အားလပ်ရက်ခရီးထွက်နေတယ်လို့ထင်နေတာ
ကနေ ရုတ်တရက် လန့်နိုးသွားတယ်... မြန်မြန်သာ ထာဝရထုတ်လွှင့်နိုင်ရင်...]
[ချည်သားအောက်ခံဘောင်းဘီ : +1 ငါ လည်းမြန်မြန့်ကို အရမ်းချစ်တယ်...]
"မင်းတို့ရဲ့ချစ်ခြင်းတွေအတွက် ကျေးဇူးတင်ပါတယ်.."
ကုယွီမြန်က မှတ်ချက်မျက်နှာပြင်အားကြည့်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"အားလပ်ချိန်တွေမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူ ရေပူစမ်းကိုသွားနိုင်သလို တစ်နေရာရာကို တစ်ယောက်တည်းသွားပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ... တိုက်ရိုက်ထုတ်လွှင့်မှုတွေကို မကြာခဏကြည့်တာ မကောင်းဘူး.."
ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်ချိန်က မကြာလှချေ။ သူက ကြည့်ရှုသူများသောအချိန်အား ရွေးချယ်လိမ့်မည်မဟုတ်ချေ။ အခြားတစ်ဖက်တွင် သူ့ပရိသတ်များမှာလည်း
တိုက်ရိုက်ထုတ်လွှင့်မှုအား အစွဲအလန်းမကြီးစေချင်ပေ။
၎င်းက အကြီးမားဆုံးအမှန်တရားဖြစ်ပြီး တင်ဆက်သူအနည်းငယ်ကလည်း ဤသို့တွေးမိကြသည်။
[တက်ဆက်သူက အရမ်းတည့်တိုးပြောတတ်တယ်...]
[+1]
[ငါ အိမ်ထဲမှာနေနေတာ ကြာပြီ... မြန်မြန်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးတဲ့နောက် အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်...]
ရေပူစမ်း၏ရေအပူချိန်မှာ အလွန်မြင့်မားခြင်းမရှိသော်လည်း မိနစ်နှစ်ဆယ်မှ သုံးဆယ်ခန့်သာစိမ်ရန်
သင့်လျော်ပြီး ၎င်းက သက်တောင့်သက်သာရှိစေသည်။သို့မဟုတ်လျှင် မူးဝေသွားလိမ့်မည်။ ကုယွီမြန် မျက်နှာသုတ်ပုဝါအားယူကာ ရေအေးစိမ်ပြီး အခြောက်ခံကာ အေးစေရန် ကလေးတစ်ဦးစီ၏ နဖူးပေါ်တွင် တင်ထားပေးသည်။ သူတို့အား အနည်းငယ်ကြာသည်အထိ ရေစိမ်စေပြီး ကလေးများကို ပုဝါကြီးဖြင့်ထုပ်ကာ တစ်ယောက်ပြီးတစ်ယောက် ချီလိုက်သည်။
"ဒီသဘာဝသတ္ထုရေပူစမ်းမှာ ဆားရှိတယ်... ရေစိမ်ပြီးရင် အရမ်းအေးတော့မှာ မဟုတ်ဘူး..."
ကုယွီမြန်က ကလေးများကို အပူပေးစက်ဖွင့်ထားသည့် အခန်းထဲသို့ခေါ်သွားပြီး သစ်သားကြမ်းပြင်ပေါ်တွင် တိုက်ရိုက်ထိုင်စေလိုက်သည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ အမွေးများ ခြောက်သွားသည်အထိ သုတ်ပေးသည်။
ပန်ဒါလေးက စားရသည်အား ကြိုက်သည်။ ယခုအခါ သူက အိပ်ငိုက်နေပြီး ကုယွီမြန်မှ ခြောက်အောင်သုတ်ပေးပြီးနောက် အိပ်ခိုင်းလိုက်သည်။ မျက်နှာသုတ်ပုဝါကြီးနှင့် ပတ်ခံထားသည့် နှင်းကျားသစ်လေးက ကုယွီမြန်၏လက်များကို သိမ်းပိုက်ပြီး သူ့လူသား၏ ဝန်ဆောင်မှုအား ကျေနပ်နေခဲ့သည်။ သို့သော် သူက စိတ်ကြီးဝင်၍မာနကြီးမနေခဲ့ဘဲ ချစ်စရာကောင်းနေခဲ့သည်။ အဆုံးတွင် မြေခွေးတစ်ကောင်ကျန်သေးသည်။ မြေခွေးလေးက သူ့လက်ဖဝါးအားထုတ်ပြီး ကုယွီမြန်၏လက်ဖဝါးပေါ်သို့ တင်လိုက်သည်။
ကြည့်ရှုသူများမှာ မြေခွေးလေး၏ ရှုထောင့်မှကြည့်ရှုနေဆဲပင်။
အမွေးပွမျက်နှာသုတ်ပုဝါက အလွန်နွေးထွေးပြီး နူးညံ့သည်။ အပူပေးစက်အားဖွင့်ပြီး ကြမ်းပြင်နွေးလာသောအခါ သင့်လျော်သော အပူချိန်က ဆက်လက်မြင့်တက်လာသည်။ ရေချိုးဆပ်ပြာမှ သစ်သားရနံ့၊ ဆာလဖာအနံ့နှင့် နွားနို့အိုးထဲမှနွားနို့နံ့တို့ ရနေသည် ။
နွေးထွေးသော ညအလင်းရောင်က သူ၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို နူးညံ့စွာ ဖုံးအုပ်ထားပြီး ပြတင်းပေါက်အပြင်ဘက်တွင်လည်း နှင်းများကျလာလုနီးပါးပင်။
ကလေးများက အိပ်ငိုက်နေ၍ သူက အမွေးများ ဖြီးချင်သော်လည်း ထိုအစား စောစောအိပ်စေချင်သည်။
"နွားနို့သောက်ပြီး အိပ်ကြရအောင်...အပြင်မှာ နှင်းတွေကျနေတယ်... မနက်ဖြန် နှင်းဘောလုံးတွေ ဆော့ကြမယ်..."
မြေခွေးလေးနှင့်ပန်ဒါလေးတို့က ကုယွီမြန်လက်၏ဘေးတွင် ခေါင်းထားကာ အိပ်နေကြသည်။ ကုယွီမြန်က
မြေခွေးလေးအား နို့ မပါသော နွားနို့အတုပူပူအားတိုက်လိုက်သည်။ မြေခွေးလေးက အိပ်ပျော်နေလျက်ပင်
သူ့နှုတ်ခမ်းအား သပ်လိုက်လေသည်။
နွားနို့ပူပူက လူတစ်ယောက်အိပ်ပျော်စေရန် ကူညီပေးပြီး
စိတ်ခံစားချက်ကို ပြေလျော့စေသည့် အာနိသင်ရှိသည်။နို့၏ရနံ့က နှုတ်ခမ်းနှင့်သွားကြားတွင် စိမ့်ဝင်နေပြီး လည်ချောင်းမှ အစာအိမ်အထိ စီးဆင်းသွားသည်။ ထိုကဲ့သို့ ငိုက်မျဉ်းသောခံစားချက်ဖြင့် ကလေးများကို နူးညံ့သော ခုတင်ပေါ်သို့သယ်ဆောင်ကာ နှင်းစက်ကျသံအား နားထောင်နေလိုက်သည်။
၎င်းအား မမေ့နိုင်သော ဆောင်းညတစ်ညအဖြစ် သတ်မှတ်ရလိမ့်မည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးတော့မည်ကို ပရိသတ်များ ခန့်မှန်းမိသည်။
[ငိုနေတယ်: တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီလား ဝူးဝူး... တင်ဆက်သူကို မထောက်ခံချင်ပေမယ့် တကယ်အိပ်ချင်နေပြီ...]
[သံပုရာသီးအရသာ : ငါတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တဲ့အချိန်တိုင်း အရမ်းသက်တောင့်သက်သာရှိပြီး စိတ်ကျေနပ်မှုရှိတယ်... လက်မခံနိုင်ပေမယ့် ကောင်းသောညပါလို့ ပြောရမှာပဲ… ကောင်းသောညပါ မြန်မြန်ရေ... မီးရှူးမီးပန်းများ...]
🐯🐯🐯