Chapter 36+37
Viewers 6k

💘Chapter 36 - 

ပဋိပက္ခ၏ ရှေ့ပြေးနိမိတ်များ



နွေးထွေးသော လက်တစ်စုံက ချန်လီ၏ အေးစက်နေသော လက်များကို အုပ်ကိုင်ထားခဲ့ပြီး ဝေ့ချန်က ခေါင်းငုံ့ကာ ချန်လီ၏ နားထဲသို့ ညင်သာစွာ ပြောခဲ့သည်။


"အဆင်ပြေပါတယ်... မင်းကိုယ့်ပုံကို မဆွဲ‌နိုင်သေးလည်း ကိစ္စမရှိပါဘူး...ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်လောက်ကြာသေးလို့လဲ...မင်း နောက်ကျ ကိုယ့်ပုံကို ဆွဲလို့ရခဲ့ရင် ကိုယ်က မင်းကို နေ့တိုင်း ဆွဲခွင့်ပေးမှာ...ဟုတ်ပြီလား..."


ဝေ့ချန်၏ ညင်သာသော အသံနိမ့်နိမ့်က ချန်လီ၏ နားထဲသို့ ဝင်ရောက်လာသည်နှင့် ချန်လီ၏ တင်းတင်းကြပ်ကြပ် ဆုပ်ထားသော လက်က ဖြည်းညင်းစွာ ပြေလျော့သွားခဲ့သည်။ သူက ဝေ့ချန်ကို လှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများက ဗလာဖြစ်နေသော်လည်း ဝေ့ချန်က သူ့မျက်လုံးများထဲမှ အဓိပ္ပာယ်ကို နားလည်နိုင်သည်။


"အဆင်ပြေပါတယ်...ကိုယ်က ကိစ္စမရှိပါဘူး...ကိုယ့်မိသားစုရဲ့ လီလီက အစွမ်းရှိတယ်...မင်းက အနာဂတ်မှာ ကိုယ့်ကို သေချာပေါက် အကောင်းဆုံးဖြစ်အောင်‌ ရေးဆွဲပေးနိုင်လိမ့်မယ်..."


စကားပြောပြီးနောက် ဝေ့ချန်က သူ၏လက်ကို ဆန့်တန်း၍ ချန်လီ၏ ဆံပင်များကို ပွတ်သပ်ပေးကာ သူ့မျက်လုံးများက နူးညံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။


ချန်လီက အဝေးကို မကြည့်ခဲ့ဘဲ သူ၏လက်ကို မြှောက်လိုက်ကာ သူ၏ အေးစက်နေသော လက်ချောင်းများက ဝေ့ချန်၏ မျက်နှာပေါ်သို့ ညင်သာစွာ ကျရောက်နေခဲ့ပြီး ဝေ့ချန်၏ မျက်နှာသွင်ပြင်ကို စိတ်ထဲ၌ အခိုင်အမာ ရေးထွင်းထားသကဲ့သို့ ခြေရာ‌ခံနေခဲ့သည်။


အေးစက်သော လက်ချောင်းများက သူ့မျက်နှာပေါ်၌ ရပ်သွားသောအခါ ဝေ့ချန်က အေးစက်သော အထိ‌အတွေ့က သူ့မျက်နှာမှ နှလုံးသားဆီသို့ ကူးစက်သွားသည်ကို ခံစားလိုက်ရပြီး နှလုံးသားတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားခဲ့သည်။ ချန်လီ၏ လက်က မှော်အစွမ်း ရှိပုံရသည်။ သူ၏ အထိအတွေ့က အေးစက်နေသည်မှာ ထင်ရှားသော်လည်း ဝေ့ချန်က သူ့တစ်ကိုယ်လုံးတွင် မီးတောက်တစ်ခု တောက်လောင်လာသလို ခံစားလိုက်ရသည်။


"လီလီ..."


ဝေ့ချန်၏ အသံက အက်ကွဲနေခဲ့ပြီး အသံနိမ့်နေခဲ့သည်။ သူက ချန်လီ၏ လက်ကို အုပ်ကိုင်၍ သူ၏ ခွန်အားကုန် အသုံးပြုကာ ပြောခဲ့သည်။


"ကိုယ်တို့ မနက်စာ သွားစားကြမလား...စားပြီးရင် ကိုယ်တို့ မနေ့က သွားခဲ့တဲ့ဆိုင်ကို ခေါ်သွားပေးမယ်..."


ချန်လီက သူ၏ လက်ကို မရုပ်သိမ်းမီ ဝေ့ချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။


ဝေ့ချန်က အသက်ရှူထုတ်လိုက်ကာ ချန်လီ၏ လက်ကို ဆုပ်ကိုင်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။


အိမ်အကူက မနက်စာကို ပြင်ဆင်ပြီးခဲ့ပြီ ဖြစ်သည်။ ချန်လီနှင့် ဝေ့ချန် ဆင်းလာသောအခါ ဝေ့ကျန်းရှုန်း၊ ဖန်းယွင်နှင့် ဝေ့ဝေ့တို့က စားပွဲ၌ စကားပြောလျက် ရယ်မောနေကြသည်။ ဝေ့ယန်က ပြုံးလျက် စကားအနည်းငယ်ပြောနေခဲ့ကာ ခရီးစဉ်အတွင်း သူမြင်တွေ့ခဲ့ရသမျှကို ပြောပြရန် ဝေ့ဝေ့က အနှောင့်အယှက်ပေးနေခဲ့သည်။


ဝေ့ယန်က မရပ်မနား စကားပြောနေခဲ့ကာ ဝေ့ဝေ့ကို မှင်တက်သွားစေခဲ့သည်။


ဝေ့ချန်က ချန်လီကို ထမင်းစားစားပွဲ၌ ထိုင်ခိုင်းလိုက်ချိန်၌ ထမင်းစားပွဲမှ ရယ်မောသံက ရုတ်တရက် ရပ်သွားခဲ့သည်။ ဝေ့ယန်တစ်ဦးတည်းကသာ မျက်နှာပေါ်၌ အပြုံးရှိနေကာ ချန်လီကို အပြုံးဖြင့် နှုတ်ဆက်ခဲ့သည်။


ချန်လီက သူ၏ သဘာဝအတိုင်း မတုံ့ပြန်ခဲ့ဘဲ လွတ်လွတ်လပ်လပ်ထိုင်နေကာ ဝေ့ချန်၏ ချော့မော့မှု အောက်တွင် မနက်စာကို ဖြည်းဖြည်းချင်း စားခဲ့သည်။


ဝေ့ယန်ကလဲ ရှက်ရွံ့မနေဘဲ ဝေ့ချန်ဘက်သို့ စကားပြောရန် လှည့်လိုက်သည်။

"အားချန်...မင်း ဒီတစ်ခေါက် မြို့တော်ကို သွားတဲ့အခါ ဝေ့ဌာနခွဲကို ဝင်ဖို့ စီစဉ်နေတာလား..."


"မဟုတ်ဘူး..."

ဝေ့ချန်က ဝေ့ယန်ကို ပြန်မဖြေခင် ချန်လီကို ဆန်ပြုတ်သောက်ရန် ပြောခဲ့သည်။


"ဝေ့ဌာနခွဲကို မဝင်ရင် မင်းက ဘယ်ကိုသွားဖို့ စီစဉ်ထားတာလဲ..."


ဝေ့ယန်က အနည်းငယ် အံ့ဩသွားပြီး မေးမြန်းခြင်းကို မရပ်နိုင်ခဲ့ပေ။


"ချန်ဖုန်း..."


ချန်လီ အတွက်မှလွဲ၍ ဝေ့ချန်၏စကားလုံးများက လူတိုင်းအပေါ်တွင် အကန့်အသတ်ရှိသည်။ သူက အမြဲတမ်း စကားလုံး အနည်းငယ်ဖြင့်သာ ဖြေလေ့ရှိသည်။


ဝေ့ယန်က ပြုံးကာ ဆက်၍ မမေးတော့ဘဲ ဝေ့ဝေ့ကို ထပ်မံ စနောက်နေခဲ့သည်။


ဝေ့ဝေ့က ယခင်နေ့က ဝေ့ချန်ထံမှ ခြောက်လှန့်ခံခဲ့ရ၍ ဤအခိုက်အတန့်၌ သူက အနည်းငယ် ကြောက်လန့်နေသေးကာ သူ၏ ထိုင်ခုံ၌ ရိုးရိုးသားသား ထိုင်ပြီး စားသောက်ရန် ခေါင်းကို ငုံ့လိုက်သည်။ 


ဝေ့ကျန်းရှုန်းနှင့် ဖန်းယွင် တို့က ဝေ့ချန်ကို တခါမျှ မမြင်မိသလို လစ်လျူရှုထားကြသည်။ ဝေ့ချန်က ဝေ့ဌာနခွဲကို မရွေးချယ်ခဲ့ကြောင်း ကြားသိခဲ့ရသော်လည်း သူတို့က မည်သည့် တုံ့ပြန်မှုကိုမျှ မပေးခဲ့ပေ။


မနက်စာစားပြီးသောအခါ တွေဝေနေသော ချန်လီမှ လွဲ၍ အားလုံး၌ ကိုယ်ပိုင် အတွေးများ ရှိနေခဲ့သည်။


ချန်လီက မြို၍မချခင် နှစ်ကိုက်‌မျှသာ ကိုက်ခဲ့သည်။ သူက ဖြည်းညင်းစွာ ဝါးနေပုံရသော်လည်း အမှန်တော့ နှေးကွေးမှုမရှိပေ။ ချန်လီက သူ့ရှေ့၌ပင် မနက်စာကို လျင်မြန်စွာ စားခဲ့ပြီး စကားမပြောခဲ့ဘဲ ဝေ့ချန်ကို ကြည့်လိုက်သည်။


ယခု သူစိမ်းများ ရှိနေလျှင်ပင် ချန်လီက သူ့မျက်လုံးများ၌ သတိထားမှုနှင့် ကြောက်ရွံ့မှုတို့ ရှိမနေခဲ့ပေ။ ဝေ့ချန်က ယခင်နေ့က သူ့ကို လွတ်မြောက်စေရန် ကူညီပေးခဲ့၍ ဖြစ်နိုင်သည်။


ဝေ့ချန်က ဤပြောင်းလဲမှုကို အာရုံစူးစိုက်စွာ သတိပြုမိပြီး သူ၏ နစ်မြုပ်နေသော စိတ်အခြေအနေက ပြန်လည် မြင့်တက်လာခဲ့သည်။ ချန်လီကို ကြည့်သော သူ့မျက်လုံးများက အပြုံးများဖြင့် ပြည့်နှက်နေပြီး မဖော်ပြနိုင်သော ကျေနပ်မှုတစ်ခု ရှိနေသည်။


မနက်ခင်း အပူရှိန်ကို အခွင့်ကောင်းယူ၍ ဝေ့ချန်က ချန်လီကို ဆိုင်ထဲသို့ ခေါ်သွားခဲ့သည်။ စနေနေ့ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ ဆိုင်ထဲ၌ ယခင်နေ့ကထက် ဈေးဝယ်များ ပို၍များနေခဲ့သည်။ သူတို့က ပစ္စည်းများကိုကြည့်နေခဲ့ပြီး နံရံပေါ်မှ ပန်းချီကားများကိုလည်း ကြည့်နေခဲ့ကြသည်။


တိုက်ဆိုင်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သလို ချန်လီ ယနေ့ ထပ်မံ ရောက်ရှိိ

လာမည်ဟု ခန့်မှန်းထားခဲ့၍လားမသိ ကျူးကောယွီက ယနေ့လည်း ဆိုင်ထဲ၌ ရှိနေခဲ့သည်။ 


ဝေ့ချန်နှင့် ချန်လီတို့ ဝင်လာသည်ကို မြင်သည်နှင့် သူက ကြိုဆိုချင်သော်လည်း သူ့ဘေးနားမှ လူက သူ့ကို ပြန်ဆွဲခေါ်သွားခဲ့သည်။


"ဒါက မင်းစိတ်ဝင်စားနေတဲ့ လူငယ်လေးလား...ဘာလို့ သူက ငတုံးနဲ့တူနေရတာလဲ..."


နိုင်ငံခြားအသံစစ်စစ်ဖြင့် စကားပြောခဲ့သောလူက အဖြူရောင် ဆံနွယ်ရှည်ရှည်တို့ကို နောက်တွင် ပေါ့ပေါ့ပါးပါး စုချည်ထားသည်။ သူက အရပ်ရှည်ပြီး ကြွက်သားများလည်းရှိသည်။ တစ်စုံတစ်ယောက်ကသာ မပြောခဲ့လျှင် ဤနိုင်ငံခြားသားက နိုင်ငံတကာ၌ ကျော်ကြားသော ပန်းချီဆရာ ဆေးလ်ဗတ်စ်တာ ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်ကြမှာ မဟုတ်ပေ။ အဆုံးမှာတော့ ခေါင်းနောက်တွင် ချည်နှောင်ထားသော ပိုနီတေးမှ လွဲ၍ ဤလူက အနုပညာနှင့် ပတ်သက်ပုံ ပေါ်မနေခဲ့ပေ။


"အမှန်ပဲ..."


ကျူးကောယွီက ချန်လီကို သူ၏ တပည့်အဖြစ် လက်ခံထားပြီးသားကဲ့သို့ ဂုဏ်ယူစွာ ဝန်ခံခဲ့သည်။


"ငါတော့ တကယ်သိချင်သွားပြီ...မင်းက သူ့ကိုနှစ်‌သက်စေဖို့ သူ့မှာ ဘာအရည်အချင်းတွေ ရှိနေလဲ ဆိုတာကို..."


ဆေးလ်ဗတ်စ်တာက သူ့မေးစေ့ကို ပွတ်၍ ပြောလိုက်သည်။


"ငါတော့ မင်းကို မမြင်စေချင်ဘူး..."

ကျူးကောယွီက တင်းမာသော မျက်နှာဖြင့် ငြင်းဆိုခဲ့သည်။


ဆေးလ်ဗတ်စ်တာက အံ့အားသင့်သွားကာ မေးလိုက်သည်။

"ဘာလို့လဲ..."


ကျူးကောယွီက ပြောခဲ့သည်။

"ငါ မင်းကို မုန်းလို့..."


ဆေးလ်ဗတ်စတာက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ပြောခဲ့သည်။

"အဲ့ဒီလူငယ်လေးရဲ့ အရည်အချင်းကို မြင်သွားရင် မင်းဆီကနေ လုယူမှာကို ကြောက်နေတာလား...မင်း သူ့ကို မင်းရဲ့ အုပ်ထိန်းမှုအောက် မခေါ်ရသေးဘူး...ဟုတ်တယ်မဟုတ်လား..."



ကျူးကောယွီက သူ၏ ပါးစပ်ထောင့်ကို တွန့်လိုက်ပြီး ဆေးလ်ဗတ်စတာ၏ ပါးစပ်ထဲသို့ ‌လော်လီပေါ့ ကို ထည့်လိုက်ကာ ပြောခဲ့သည်။

"မင်းရဲ့ လော်လီပေါ့ ကိုပဲလျက်နေ..."

ဆေးလ်ဗတ်စတာက သူ၏ အနာကို ဆွမိမှန်း သိသာပါသည်။


ဆေးလ်ဗတ်စတာက လော်လီပေါ့ကို ထုတ်ကာ ဈေးပေါသည့် အပြုံးဖြင့် ပြုံး၍ ပြောခဲ့သည်။


"မင်း ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲကို မြင်တော့ ငါအရင်က စိတ်မဝင်စားပေမယ့် အခုတော့ ပိုပြီး စိတ်ဝင်စားလာပြီ..."


ကျူးကောယွီက ထို ကြမ်းတမ်းသော မျက်နှာပေါ်မှ ဈေးပေါသော အပြုံးကို ဆုတ်ဖြဲရန် မစောင့်နိုင်တော့ဘဲ ဒေါသတကြီးပြောခဲ့သည်။


"ဒါက ငါ့ဆိုင်ကွ...မင်းကို မကြိုဆိုဘူး..."


"ငါကလည်း ဒီမှာ ရှယ်ယာပါထားတယ်...ဒါ ငါ့ဆိုင်ပဲ..."

ဆေးလ်ဗတ်စတာက ‌ပြုံး၍ ပြောကာ လော်လီပေါ့ကို လျက်လိုက်ပြီး ကျူးကောယွီ နှစ်သက်သော လူငယ်နှင့် တွေ့ဆုံရန် ထလိုက်သည်။


သူတို့နှစ်ဦး စကားစမြည် ပြောနေချိန်အတွင်း ဝေ့ချန်နှင့် ချန်လီတို့ဘက်၌ သဘောထားကွဲလွဲမှုဖြင့် ပဋိပက္ခများ ပေါ်ပေါက်နေပြီ ဖြစ်သည်။


<<>>


💘Chapter 37 

ကျိုးကျော့ရန်



သာမန် လူများ၏ အမြင်၌ ထိုဆိုင်က ထင်ထင်ရှားရှား မရှိသောဆိုင် ဖြစ်သည်။ ၎င်းက လူအများအပြားဖြင့် စည်ကားသော မြို့ရင်ပြင်တွင် တည်ရှိသည်။ ရင်ပြင်ရှိ အခြား အဆောက်အဦး မျက်နှာစာများနှင့် ယှဉ်ပါက ထိုဆိုင်၏ ဖောက်သည်အသွားအလာက သနားဖွယ်ကောင်းသည်ဟု ဖော်ပြ၍ရသည်။


သို့သော်လည်း ပန်းချီနှင့် လက်ရေးလှ လုပ်ငန်း လုပ်ကိုင်သူများအတွက်မူ ထိုဆိုင်က ကမ္ဘာ့ထိပ်တန်း ပန်းချီနှင့် လက်ရေးလှပစ္စည်းများကို ရောင်းချသည့် အထူးနေရာတစ်ခုဖြစ်ပြီး နာမည်ကြီးပန်းချီဆရာများ၏ ပန်းချီကားများကို အကုန်အကျတစ်ခုမျှ မရှိသလိုပင် ဆိုင်နံရံများ၌ ချိတ်ဆွဲထားသည်။


ထို့ကြောင့် ပန်းချီနှင့် လက်ရေးလှလောက၌ ၎င်းဆိုင်ရှိကြောင်း သိသူများက အချိန်ရသောအခါများတွင် ထိုဆိုင်သို့ အေးအေးလူလူ သွားကြသည်။ မည်သို့ပင်ဖြစ်စေ အမြတ်အစွန်းများက အမြဲရှိနေမည် ဖြစ်သည်။ 


ကျိုးကျော့ရန် ကလည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်သည်။


ကျိုး‌ကျော့ရန် က လက်ရေးလှဆရာများ မိသားစုတွင် မွေးဖွားခဲ့ပြီး ၎င်းတို့မိသားစု၏ မျိုးဆက်များစွာက တရုတ်နိုင်ငံ၌ ကျော်ကြားသော လက်ရေးလှဆရာများ ဖြစ်သည်။ ကျိုးကျော့ရန်က ကျိုးမိသားစု၏ မျိုးဆက်သစ် လူငယ်များထဲ၌ အရည်အချင်းအရှိဆုံး ပန်းချီဆရာ ဖြစ်သည်။ ယခင်နှစ်က ကျိုးကျော့ရန်သည် အနုပညာစာမေးပွဲပင် မဖြေခဲ့သော်လည်း သူက ZY ပန်းချီအနုသုခုမပညာရပ် အကယ်ဒမီတွင်  တိုက်ရိုက် ဝင်ခွင့်ရခဲ့သည်။ သူက ယခုနှစ် စက်တင်ဘာလတွင် ZY ပန်းချီအနုသုခုမပညာရပ်များ အကယ်ဒမီသို့ တိုက်ရိုက် သတင်းပို့ရန်သာ လိုအပ်ခဲ့သည်။


စနေနှင့် တနင်္ဂနွေနေ့တိုင်း အရေးကြီးသည့် တစ်စုံတစ်ရာ ရှိမနေသရွေ့ ကျိုးကျော့ရန်က ထိုနေရာသို့ လမ်းလျှောက်သွားလိမ့်မည် ဖြစ်သည်။ သူက ၎င်းဆိုင်၏ သူဌေးက မည်သူမှန်း သိနေခဲ့ပြီး သူဌေးနှင့် ၎င်းဆိုင်၌ တွေ့ဆုံနိုင်ရန်လည်း စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူတို့ထဲမှ တစ်ဦးဖြစ်လျှင်ပင် ၊သူတို့ထံမှ အသိအမှတ်ပြုမခံရလျှင်ပင် သူတို့နှင့် စကားလုံး အနည်းငယ်မျှ ဖလှယ်ခြင်းကပင် သူ့အတွက် အကျိုးကျေးဇူး များစွာ ရရှိမည် ဖြစ်သည်။


ဤစနေနေ့တွင် ကျိုးကျော့ရန်က ပုံမှန်အတိုင်း ထိုဆိုင်သို့ လမ်းလျှောက်သွားခဲ့သည်။ ပတ်ပတ်လည်ကို ကြည့်ပြီးနောက် ကျိုးကျော့ရန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး သူ့မျက်နှာပေါ်၌ မဖော်ပြနိုင်သော ပီတိဖြစ်သောအကြည့်များ ဖြစ်တည်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ထောင့်စွန်းတွင် လက်ဖက်ရည် သောက်နေသော ကျူးကောယွီနှင့် ဆေးလ်ဗတ်စတာ တို့ကို တွေ့ခဲ့သောကြောင့် ဖြစ်သည်။


ကျူးကောယွီနှင့် ဆေးလ်ဗတ်စတာ တို့က ခေတ်ပြိုင် ပန်းချီနှင့် လက်ရေးလှကမ္ဘာတွင် အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်သည်။ ကျိုးကျော့ရန်က သဘာဝကျကျဖြင့် သူတို့ကို သိနေခဲ့သည်။ နောက်ဆုံးတော့ ယနေ့တွင် သူက သူတို့ကို ဆိုင်ထဲ၌ တွေ့လိုက်ရသည်။ စနေနှင့် တနင်္ဂနွေနေ့တိုင်း ဤဆိုင်သို့ လာနေခဲ့သည်က ထိုက်တန်ပါသည်။


သို့သော်လည်း ကျိုးကျော့ရန်က ဆရာနှစ်ယောက်အား နှောင့်ယှက်ရန် အပြေးအလွှား မသွားခဲ့ပေ။ သူက ခေါင်းကို လှည့်ကာ အတူပါလာသော သူငယ်ချင်း၏ နားထဲသို့ စကားလုံး အနည်းငယ် ပြောခဲ့သည်။


ထိုသူငယ်ချင်းက ခေါင်းညိတ်ခဲ့ကာ ကျိုးကျော့ရန်ဆီသို့ အိုကေဟု လက်ဟန်ခြေဟန် ပြခဲ့သည်။


ကျိုးကျော့ရန်က ဆရာများထံမှ သူ၏ အကြည့်ကို ရုပ်သိမ်းခဲ့ပြီး သူ၏ ခေါင်းကိုမော့ကာ မျက်နှာပေါ်တွင် အနည်းငယ် ဂုဏ်ယူနေသော ပုံစံဖြင့် ဆိုင်ထဲသို့ လျှောက်သွားခဲ့သည်။


*


ဆိုင်ထဲ၌ ပန်းချီပစ္စည်းအမျိုးမျိုး တပ်ဆင်ထားသော ကောင်တာတစ်ခုရှိပြီး ပန်းချီဆွဲရန် ကြိုးစားလိုသော ဖောက်သည်များအတွက် စားပွဲတစ်ခု ရှိသည်။


သို့သော်လည်း ပုံမှန်အားဖြင့် လူအနည်းငယ်ကသာ ၎င်းစားပွဲပေါ်တွင် ရေးဆွဲကြသည်။ ယေဘုယျအားဖြင့် ဤနေရာသို့ မကြာခဏ လာရောက်နေခဲ့သော လူများက ဤဆိုင်၏ အသေးစိတ် အကြောင်းအရာများနှင့် မည်သူက ဤဆိုင်ကို ဖွင့်လှစ်ခဲ့မှန်း သိရှိခဲ့ကြသည်။ ဤနေရာ၌ ပုံဆွဲခြင်းက သူတို့အား အနည်းငယ် ဖိအားများစေသည်။


သို့သော်လည်း ချန်လီနှင့် ဝေ့ချန်က သဘာဝကျစွာပင် ၎င်းကို မသိခဲ့ပေ။ ချန်လီက ထိုနေရာသို့ ဝေ့ချန်ထံမှ‌ ခေါ်ဆောင်လာခြင်းကို ခံခဲ့ရပြီး ချန်လီက မတ်တတ်ရပ်နေခဲ့ကာ သူ၏မျက်လုံးများက စားပွဲထံ၌သာ သံမှိုကဲ့သို့ စွဲကပ်နေခဲ့ပြီး အဝေးသို့ မထွက်သွားနိုင်ခဲ့ပေ။


"မင်း ပုံဆွဲချင်လို့လား..."

ဝေ့ချန်က ချန်လီ၏ အပြောင်းအလဲများကို သတိထားမိပြီး သူ့ကို မေးရန်ကိုယ်ကို ကိုင်းလိုက်သည်။


ချန်လီက စားပွဲကိုသာ အချိန်အတော်ကြာ ငေးစိုက်ကြည့်နေခဲ့သည်။


"မင်း ပန်းချီဆွဲချင်ရင် သွားဆွဲလိုက်နော်..."

ဝေ့ချန်က ချန်လီ၏ ဆံပင်ကို ပွတ်သပ်ကာ အားပေးတိုက်တွန်းစွာဖြင့် ပြောခဲ့သည်။


ဝေ့ချန်၏ ခွင့်ပြုချက်ဖြင့် ချန်လီ၏ မျက်လုံးများက ရုတ်တရက် လင်းလက်လာကာ ပန်းချီဆွဲခြင်းအတွက် ပစ္စည်းကိရိယာများ ရွေးချယ်ရန် ပစ္စည်းများ ထားရာနေရာသို့ လျှောက်သွားခဲ့သည်။ ဝေ့ချန်က ချန်လီ ယခု အသုံးပြုမည့် ပစ္စည်းများမှ တရုတ်ပန်းချီဆွဲခြင်းအတွက် လိုအပ်သည့် ပစ္စည်းများအား ရှာဖွေပေးရန် ချန်လီ၏ နောက်မှ လိုက်လာခဲ့သည်။


ပစ္သည်းကိရိယာများက အသင့်ဖြစ်သောအခါ ချန်လီက စားပွဲပေါ်၌ ဆန်စက္ကူကို ဖြန့်ကာ စုတ်တံကို ကိုင်၍ စတင်‌ ရေးဆွဲလိုက်သည်။


ဆိုင်ထဲမှ ဖောက်သည်များက တစ်စုံတစ်ယောက်က ဤနေရာ၌ ပန်းချီရေးဆွဲတော့မည်ကို မြင်ခဲ့ပြီး သူတို့က ဝိုင်းရံလာခဲ့ကြသည်။ ကျိုးကျော့ရန်နှင့် သူ၏သူငယ်ချင်းကလည်း ထိုအချိန်၌ ဝင်လာခဲ့သည်။ ကျိုးကျော့ရန်၏ သူငယ်ချင်းက ချန်လီကို သိနေခဲ့ပြီး ချန်လီ ပန်းချီဆွဲနေသည်ကို မြင်သောအခါ သူက အလိုအလျောက်ပင် နှုတ်မှ လွှတ်ကနဲ ထွက်သွားခဲ့သည်။


"ဒီအရူးက ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ..."


ထိုစကားလုံးများ ထွက်ကျလာပြီးနောက် ထိုလူက သူ့အပေါ်သို့ ကျရောက်လာသော အေးစက်သည့် အကြည့်အား မြင်လိုက်ရလေသည်။ 


 áŽá€„်းက ရှင်းမပြနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။



💘