Chapter 39+40
Viewers 13k

💘Chapter 39

  မဖြတ်တောက်ရသေးသော ကျောက်စိမ်း



အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သော လူက ထွက်ခွာသွားခဲ့ပြီးနောက် ဝိုင်းဝန်းကြည့်ရှု့နေသူများက လူစုခွဲသွားကြလေသည်။  


မန်နေဂျာနှင့် အရောင်းဝန်ထမ်းက ချန်လီနှင့် ဝေ့ချန်ကြားရှိ အေးစက်သောလေထုကို ခံစားမိပုံပေါ်ပြီး သူတို့က အနီးသို့ မသွားဘဲ တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။


ဤနေရာ၌ ချန်လီနှင့် ဝေ့ချန်သာ ကျန်ရှိခဲ့ပြီး ဝေ့ချန်၏ မျက်လုံးမှ ရန်လိုစိတ်က မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။ သူက ချန်လီကို ကြင်ကြင်နာနာ ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။


"လီလီ..."


ချန်လီက သူ မကြားခဲ့ရသကဲ့သို့ တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့ကာ သူ၏ အထီးကျန်သော ကမ္ဘာထဲ၌ သူ့ကိုယ်သူ ကန့်သတ်ထားခဲ့ပြီး အမှောင်ထုကို အဝေးသို့ မောင်းပို့‌ပေးခဲ့သည့် အလင်းရောင် အပါအဝင် အပြင်လောကမှ စိတ်ခံစားချက်များအား ငြင်းဆိုခဲ့သည်။


အထီးကျန်စိတ်ဝေဒနာရှိသော လူများက စိတ်ခံစားလွယ်ပြီး ကျိုးပဲ့လွယ်သည်။ ထိုလူ၏ စကားလုံးများက ချန်လီ၏ အထိမခံနိုင်သော အရာအား ထိတွေ့မိခဲ့ကြောင်း ဝေ့ချန်က မသိရှိခဲ့သောကြောင့် ချန်လီ၏ သူ့နှလုံးသားကို ဖွင့်ပေးသော တံခါးက အရှိန်ဖြင့် ပိတ်ချခဲ့သည်။ ဤအချိန်၌ ဝေ့ချန်က ချန်လီ၏ အနီးသို့ ခွင့်ပြုချက်မရဘဲ မသွားရဲခဲ့ပေ။ သူက ချန်လီကို ကြင်ကြင်နာနာ ကြည့်ခဲ့ပြီး သူ့နှလုံးသားမှ စစ်မှန်သော ခံစားချက်များအား သူ့မျက်လုံးများမှ တဆင့် ချန်လီ ခံစားမိနိုင်ရန် မျှော်လင့်ခဲ့သည်။


ချန်လီက ကြက်သေသေလျက် ဝေ့ချန်၏ ရှေ့၌ မတ်တတ်ရပ်နေခဲ့သော်လည်း ဝေ့ချန်က ယခုအချိန်၌ ချန်လီက သူနှင့် ဝေးကွာနေခဲ့သည်ဟု ခံစားခဲ့ရသည်။ ရှင်းရှင်းလင်းလင်းပင် နီးကပ်နေခဲ့သော်လည်း ဝေးကွာနေဆဲပင်။


ဝေ့ချန်သည် ဤနေရာက စကားပြောရန် နေရာကောင်း မဟုတ်ကြောင်း သိရှိလေသည်။  သူက ခြေလှမ်းလှမ်းခဲ့ကာ ချန်လီထံသို့ သတိထားလျက် ချဉ်းကပ်လိုက်၏။ ချန်လီက သူ့ကို တွန်းမထုတ်ခဲ့သော်လည်း သူ၏ အကြည့်က ဝေ့ချန်၏ မျက်လုံးများကို ရင်မဆိုင်ခဲ့ပေ။


"လီလီ...ကိုယ်တို့ အိမ်ကို အရင်ပြန်ကြမလား..."

ဝေ့ချန်က ချန်လီကို ချဉ်းကပ်ခဲ့ပြီး နူးညံ့ညင်သာစွာ ပြောခဲ့သည်။


ချန်လီက သူ၏ မျက်လုံးများကို ကျဉ်းမြောင်းကာ မည်သည်ကိုမျှ မပြောခဲ့ပေ။


ဝေ့ချန်က ချန်လီ၏ လက်ကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ချန်လီ၏ လက်က တုန်ရီနေခဲ့သော်လည်း ၎င်းကို မရှောင်ရှားခဲ့ပေ။


၎င်းက ဝေ့ချန်ကို သူ၏ နှလုံးသားထံမှ ပျော်ရွှင်စေခဲ့သည်။ သူက ဝေ့ချန်ကို မရှောင်ရှားခဲ့ပေ။ ဆိုလိုသည်က ချန်လီက သူ့ကို အပြည့်အဝ ငြင်းဆိုခြင်း မဟုတ်ပေ။


"လီလီ...အိမ်ပြန်ကြစို့..."


ဝေ့ချန်က ချန်လီ၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခဲ့ကာ ၎င်းကို ညင်သာစွာဖြင့် ထပ်တလဲလဲ ပြောခဲ့ပြီး ချန်လီကို ရှေ့သို့ ခြေလှမ်းလှမ်းစေခဲ့သည်။ ချန်လီက အစ၌ မရွေ့လျားခဲ့သော်လည်း ဝေ့ချန်က မငြင်းခုံခဲ့ပေ။ သူက ချန်လီကို ညင်ညင်သာသာဖြင့် စိတ်ရှည်စွာ ကြည့်ခဲ့သည်။ ချန်လီက ချီတုံချတုံဖြစ်ကာ ခြေလှမ်းသေးသေးလေး လှမ်းခဲ့သည်။


ဝေ့ချန်၏ မျက်လုံးမှ အပြုံးက ချက်ချင်း လင်းလက်သွားခဲ့ပြီး သူ့ပတ်ပတ်လည်မှ လူများ၏ အံ့အားသင့်နေသော အကြည့်များအား ဂရုမစိုက်ခဲ့ဘဲ ချန်လီကို အဝေးသို့ ဖြည်းညင်းစွာ ခေါ်ဆောင်သွားခဲ့သည်။


ဝေ့ချန်နှင့် ချန်လီ ထွက်ခွာသွားပြီးနောက် ကျူးကောယွီနှင့် ဆေးလ်ဗတ်စတာတို့က ချန်လီ ပန်းချီဆွဲခဲ့သော နေရာသို့ လမ်းလျှောက်လာခဲ့ကြသည်။


၎င်းတို့နှစ်ဦး၏ အမိန့်များကြောင့်သာ မဟုတ်ခဲ့လျှင် ဆိုင်မန်နေဂျာက ထိုလူထဲမှ တစ်ဦးကို အဝေးသို့ပို့ခဲ့မည်မဟုတ်ဘဲ ထိုလူ့ကိုလည်း မည်းမှောင်သော မျက်နှာ ပြသခဲ့မည် မဟုတ်ပေ။


ဆိုင်မန်နေဂျာက လမ်းလျှောက်လာခဲ့ပြီး သူ၏ အကြည့်က ချန်လီရေးဆွဲခဲ့သော ပန်းချီကားပေါ်သို့ ကျရောက်သွားခဲ့ကာ သူ၏ မျက်လုံးများကို အဝေးသို့ မပို့နိုင်ခဲ့ပေ။


ဆိုင်မန်နေဂျာနှင့် တူညီသော တုံ့ပြန်မှုများရှိခဲ့သည့် လူများကလည်း တစ်ယောက်ထက်မက ရှိခဲ့သည်။ ကျူးကောယွီနှင့် ဆေးလ်ဗတ်စတာ တို့ကလည်း ထပ်တူပင်ဖြစ်သည်။ ချန်လီ ပန်းချီရေးဆွဲခဲ့သော ပါးလွှာသည့် ဆန်စက္ကူက မှော်ပညာဖြင့် ပံ့ပိုးထားသကဲ့သို့ပင် သူတို့၏ စိတ်နှင့်နှလုံးသားများအား ဆွဲဆောင်နေခဲ့သည်။


တရုတ်ရိုးရာပန်းချီကားက 'စုတ်တံ၏ ပထမစုတ်ချက် မတိုင်မီ အကြံဉာဏ်ကပေါ်လာပြီး နောက်ဆုံးစုတ်ချက်က အတွေးကို တောက်ပ သွားစေသည်' ကို ဖော်ပြနေခဲ့ကာ 'သဘာဝတရားက ပြင်ပဆရာအဖြစ် စိတ်ဝိဉာဉ်က အတွင်းစိတ်၏ မူလဆရာအဖြစ် တွေးခေါ်ခြင်း' ကို အသားပေးထားခဲ့ပြီး ရည်မှန်းချက် ပျောက်ကွယ်ခြင်းနှင့် အနုပညာ၏ ဖန်တီးမှုတို့ကို အသားပေး၍ စိတ်ဝိဉာဉ်ကို ရုပ်အားဖြင့်သော်လည်းကောင်း  ၊ ရုပ် နာမ် နှစ်မျိုးလုံးဖြင့် သော်လည်းကောင်း ဖော်ပြသကဲ့သို့ ရုပ်နှင့်နာမ် ထင်ထင်ရှားရှား ကျက်သရေရှိစေခဲ့သည်။


ထို့အပြင် ချန်လီ၏ တရုတ်ပန်းချီက တရုတ်ပန်းချီပညာ၏ အနှစ်သာရကို ဖမ်းဆုပ်ထားနိုင်ခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ပန်းချီမှ ထုတ်ဖော်ပြသခဲ့သော အနုပညာ စိတ်ကူးစိတ်သန်းမှ နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ခြင်းကို ခံခဲ့ရသည်။


အေးစက်သောရာသီဥတု၊ ထူထပ်သော နှင်းများနှင့် သစ်ကိုင်းခြောက်များက ဤပန်းချီ၏ ရည်ရွယ်ချက်သုံးခုသာလျှင်ဖြစ်သည်။


အေးစက်သော ရက်ပေါင်းများစွာ ကြာပြီးနောက် နှင်းများက ထူထပ်စွာ ကျခဲ့ပြီး အကိုင်းအခက်များကို ခုတ်ထစ်၍ သေနေသော အပိုင်းများပေါ်တွင် တစ်လွှာပြီးတစ်လွှာ ထပ်တင်ခဲ့သည်။ နဂိုမူလ ဖြောင့်တန်းနေသော အကိုင်းအခက်များက ထူထဲသောနှင်းများကြောင့် ကွေးညွတ်သွားခဲ့သည်။ နှင်းများက ကျဆင်းနေဆဲဖြစ်ပြီး မုန်တိုင်း ကျရောက်တော့မည့်ပုံပေါ်ကာ တစ်ကမ္ဘာလုံးက နှင်းများ ထူထပ်စွာ ပိတ်ဖုံးနေခဲ့သည်။ ကျယ်ပြောလှသော ကမ္ဘာကြီးတွင် သစ်ကိုင်းခြောက်များကသာ နှင်းမုန်တိုင်း ဒဏ်ကို ခံခဲ့ကြရသည်။


ပန်းချီကို ကြည့်ရှုနေသောလူများက မထိန်းနိုင်ဘဲ ပူပန်မှုကို ခံစားခဲ့ရသည်။ ‌သူတို့ကြောက်ရွံ့နေသည်က သစ်ကိုင်းခြောက်များက ကြာကြာ တောင့်မခံနိုင်မည်ကိုပင်။ ပြင်းထန်သော နှင်းမုန်တိုင်းအလယ်တွင်ပင် ၎င်းတို့က ကျိုးသွားကြလိမ့်မည်။


သို့သော်လည်း ၎င်းကို အချိန်အတော်ကြာ ကြည့်ရှုပြီးနောက်  သူတို့၏ နှလုံးသားထဲ၌ အထီးကျန်မှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားခဲ့ကြရသည်။


ထူထပ်သော နှင်းမုန်တိုင်းတွင် အားနည်းသော သစ်ကိုင်းခြောက်များက လေနှင့် နှင်းတို့၏ ဖျက်ဆီးမှုများကို ကျိုးပဲ့လွယ်စွာ အကူအညီမဲ့စွာဖြင့် တစ်ကိုယ်တည်းသာ ခုခံခဲ့သည်။ 


အချိန်မည်မျှ ကြာသွားသည်မသိ ပန်းချီကိုကြည့်ရှုနေခဲ့သော လူသုံးယောက်က ပန်းချီမှ ယူဆောင်လာသော အနုပညာ စိတ်ကူးစိတ်သန်းမှ ပြန်လည် လွတ်မြောက်လာခဲ့ပြီး သူတို့က လေးလေးပင်ပင် သက်ပြင်းချလိုက်မိကြသည်။


ဆေးလ်ဗတ်စတာက ပန်းချီကို ထပ်ခါထပ်ခါ ကြည့်ရှု့ခဲ့ပြီး အဆုံးမှာ သူက ပြောလိုက်သည်။


"ကျူးကော...ငါအခု အရည်အချင်းကို ချစ်မြတ်နိုးတဲ့ မင်းရဲ့ နှလုံးသားကို နားလည်နိုင်ခဲ့ပြီ...ငါလည်း ဒီပန်းချီကို ရေးဆွဲခဲ့တဲ့ သူကို ငါ့ရဲ့ အုပ်ထိန်းမှု‌အောက်မှာ လက်ခံချင်တယ်...ဒါပေမယ့် တရုတ်ရိုးရာပန်းချီရဲ့ မျက်နှာပြင်ကိုပဲ ငါက တွေ့ရပြီး ငါ သူ့ကို ဘာမှသင်ကြားမပေးနိုင်ဘူး...တကယ်လို့ ဒီနတ်သားလေးက ဆီဆေးပန်းချီပညာရှင် ဆိုရင်...ကျူးကော...ငါတို့ရဲ့ နှစ်ပေါင်းများစွာ တည်ရှိလာတဲ့ ခင်မင်မှုကို ဖျက်ဆီးရမယ် ဆိုရင်တောင် သူ့ကို ငါ့ရဲ့ အလုပ်သင် ဖြစ်ခွင့်ပြုမှာ...ဒါက ဉာဏ်ကြီးရှင် တစ်ယောက်ပဲ...မကြာခင်မှာ ငါတို့ကို ဖိနှိပ်နိုင်မယ့် ဉာဏ်ကြီးရှင်..."


ဆေးလ်ဗတ်စတာက တုန်လှုပ်သွားခဲ့သည်ဟု ပြော၍ရပါသည်။ ဤတုန်လှုပ်မှုက ပန်းချီ၏ ကြီးကျယ်ခမ်းနားခြင်းမှ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။  စုတ်ချက်အချို့က တိတ်ဆိတ်သော ကမ္ဘာကြီးကို ပုံဖော်ခဲ့သည်။ ဤ တိတ်ဆိတ်သောကမ္ဘာကြီးကို စာရွက်ပေါ်တွင်သာ ပြသခဲ့ခြင်း မဟုတ်ဘဲ ကြည့်ရှု့ခဲ့သူများ၏ နှလုံးသားများကိုပါ ထင်ရှားစွာပြသခဲ့သောကြောင့် ကြည့်ရှု့သူများက မျှဝေခံစားကာ ငိုခဲ့ကြသည်။


ဆေးလ်ဗတ်စတာက တုန်လှုပ်ခဲ့သော်လည်း ကျူးကောယွီက ပို၍ တုန်လှုပ်ခဲ့သည်။ သူက ထိုနေ့က ဆေးရုံဝင်ပေါက်၌ ချန်လီက ဆီဆေးပန်းချီ၌ ထူးချွန်သည့် အရည်အချင်းရှိသည်ကို သိသော်လည်း ယနေ့ ကြည့်ရှု့ပြီးနောက် ချန်လီက ဆီဆေးပန်းချီ၌သာ ထူးချွန်သည့် အရည်အချင်း ရှိသည် မဟုတ်ဘဲ တရုတ်ပန်းချီ ၌ ကောင်းကင်ကို စိန်ခေါ်နိုင်သော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့လေသည်။


ကျူးကောယွီက ဆေးလ်ဗတ်စတာ၏ စကားလုံးများကို မတုံ့ပြန်ခဲ့ဘဲ သူ၏ နှလုံးသား၌ အစီအစဉ်တစ်ခု ရှိနေခဲ့ပြီးဖြစ်၏။


ချန်လီက ထွင်းထုထားခြင်းမရှိသော်လည်း လင်းလက်တောက်ပြောင်နေသော လှပသည့် ကျောက်စိမ်းတစ်တုံး ဖြစ်လေသည်။ ၎င်းကို ထွင်းထုခဲ့ပြီးသာ ဖြစ်ပါက ဤကျောက်စိမ်းက ပို၍ တောက်ပခြင်းနှင့် ပွင့်လန်းလာမည်ဖြစ်သည်။ ယနေ့မတိုင်မီ ကျူးကောယွီက  ချန်လီ၏ လှပသော ကျောက်စိမ်းကို ထွင်းထုနိုင်စွမ်း အပြည့်အဝ ရှိသည်ဟု ခံစားခဲ့ရသည်။


ယခုတွင်တော့ ကျူးကောယွီက ဤအကြံကို ငြင်းပယ်ခဲ့သည်။ သူက ချန်လီ၏ အရည်အချင်းကို အပြည့်အဝ မမွမ်းမံနိုင်ပေ။ အကယ်၍ သူက ချန်လီကို အလင်းလက်ဆုံး အလင်းရောင်အဖြစ် တောက်ပစေလိုလျှင် အခြားသူများ၏ အကူအညီကို လိုအပ်နေဆဲ ဖြစ်ပြီး လူအိုကြီးကလည်း တောင်ပေါ်က ထွက်လာလိမ့်မည်ဖြစ်သည်။


ဤသို့ ရှားပါး၍ လှပသော ကျောက်စိမ်းကို မြင်ပြီးနောက် မည်သူကမျှ ‌လှုပ်ရှားမလာဘဲ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။


ကျူးကောယွီက ဆိုင်ရှင်ကို ပန်းချီကားအား ဂရုတစိုက် ဘောင်သွင်းစေခဲ့ပြီး ဆေးလ်ဗတ်စတာက သူ၏နောက်မှ ခေါ်နေခဲ့သည်ကို လစ်လျူရှုခဲ့သည်။ သူက ပန်းချီကားကို သူ၏ လက်မောင်းများကြား၌ ‌ကလေးတစ်ယောက်ကဲ့သို့ ဆုပ်ကိုင်ထားခဲ့ပြီး ထိုလူအိုကြီးရှေ့သို့ သေလောက်အောင် ပေါ်လာချင်ခဲ့ကာ သူ့ထံသို့ ရတနာတုံးကို ယူဆောင်လာခဲ့သည်အား ထိုသူကို ပြချင်ခဲ့လေသည်။


<<>>


💘Chapter 40 

တစ်ဦးတည်းနေလိုခြင်း



နေ့လည်ခင်း၌ နေလုံးကြီးက ကမ္ဘာပေါ်တွင် မီးရှူးတိုင်များကို ပစ်ချနေသကဲ့သို့ ပြင်းထန်လှပြီး ကတ္တရာခင်းထားသော လမ်းကလည်း အုတ်ဖုတ်ထားသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေခဲ့ကာ လမ်းပေါ်၌ မီးခိုးငွေ့များရှိနေသကဲ့သို့ပင်။


ကားထဲရှိ လေအေးပေးစက်ကို ဖွင့်ထားခဲ့ပြီး အပြင်ဘက်ကဲ့သို့ ပူလောင်ခြင်း မရှိသော်လည်း ဝေ့ချန်၏ နှလုံးသားထဲ၌ အလွန် သောကရောက်နေခဲ့သည်။ နေမင်းကြီးမှ ပစ်ချခဲ့သော မီးတောက်များက သူ၏ နှလုံးသားထဲတွင် လောင်ကျွမ်းနေခဲ့ပုံပေါ်သည်။ ယာဉ်မောင်းခုံတွင် ထိုင်နေရင်းဖြင့် ထိုင်ခုံကူရှင်က အပ်များဖြင့် ဖုံးအုပ်ထားသကဲ့သို့ ခံစားခဲ့ရပြီး သူက ငြိမ်သက်စွာ မထိုင်နိုင်ခဲ့ပေ။


မီးနီချိန်၌ ဝေ့ချန်က ချန်လီကို ကြည့်ရန် သူ၏ခေါင်းကို လှည့်လိုက်သည်။ ချန်လီက သူ၏ ခေါင်းကို ငုံ့ထားပြီး သူ၏ ဖြူဖွေးသော လည်ပင်းကို ထုတ်ဖော်ပြသနေခဲ့ကာ အမူအရာမဲ့စွာဖြင့် တစ်စုံတစ်ခုကို တွေးတောနေလေသည်။


"လီလီ..."


ဝေ့ချန်က ချန်လီကို တစ်စုံတစ်ခု ပြောချင်ခဲ့သော်လည်း သူက ပြန်လှည့်ကာ စကားလုံးများကို ထပ်မံ မြိုချလိုက်သည်။ သူပြောသည့် စကားလုံးများက ချန်လီ၏ အထိခိုက်မခံနိုင်သော အာရုံကြောများကို ထိတွေ့မိပြီး ပြဿနာက ယခုထက် ပို၍ ပြင်းထန်သွားမည်ကို ကြောက်ရွံ့နေလေသည်။


ဝေ့အိမ်သို့ မရောက်မီ တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့ပြီးနောက် ဝေ့ချန်က စကား‌မပြောခဲ့ပေ။ သူတို့ အခန်းထဲသို့ ရောက်သည်ထိ ဤ တိတ်ဆိတ်နေသော‌ လေထုက ဆက်လက်ရှိနေခဲ့သည်။


ချန်လီက အခန်းသို့ ပြန်ရောက်သည်နှင့် သူက အခန်းထောင့်၌ ထိုင်၍ မိန်းမောတွေဝေနေခဲ့ပြီး သူ့ကိုယ်သူ အလွှာတစ်လွှာဖြင့် ဖုံးအုပ်ကာ သီးခြားခွဲ‌ထုတ်နေခဲ့သည်။ တစ်ကမ္ဘာလုံး၌ သူတစ်ယောက်တည်း ရှိနေခဲ့ပြီး မည်သူကမျှ ထိုနယ်နိမိတ်ကို ကျော်မလာခဲ့ပေ။ ဤ ကမ္ဘာကို ခုခံနိုင်စွမ်းမရှိခဲ့ဘဲ သူ၏ ကိုယ်ပိုင်ကမ္ဘာကို ပုံဖော်နေခဲ့လေသည်။ သူ၏ ကမ္ဘာ၌ သူအလိုရှိသည့်အရာ အားလုံးကို ရရှိနိုင်ပြီး အန္တရာယ်များ ဝမ်းနည်းမှုများ မရှိဘဲ သူအလိုရှိသည်များကို လုပ်ဆောင်နိုင်သည်။


သူ၏ ကမ္ဘာ၌ အသန်မာဆုံး မြို့တံတိုင်း ရှိနေခဲ့သည်။ ယနေ့မတိုင်မီ ၎င်းကမ္ဘာထဲသို့ ဝင်ရောက်ရန် ဝေ့ချန်ကို ခွင့်ပြုခဲ့ပြီး မြို့တံတိုင်း၏ ဂိတ်ပေါက်ကို သူ့အတွက် အနည်းငယ် ဟပေးခဲ့သည်။ သူ၏ ကမ္ဘာထဲတွင် ပုန်းအောင်းနေခဲ့သော ချန်လီက ဝေ့ချန်၏ ရောက်ရှိလာမှုကို ကြိုဆိုရန် သူ၏ခေါင်းကို တိတ်ဆိတ်စွာ ပြူကြည့်ခဲ့သည်။


သို့သော်လည်း ထိုလူ၏ စကားလုံးများက ချန်လီကို သူ၏ ကမ္ဘာထဲသို့ ပြန်လည်နစ်မြုပ်စေခဲ့ပြီး ဝေ့ချန်အတွက် အထူးတလည် ဖွင့်ထားပေးခဲ့သော နံရံကလည်း ရုတ်တရက် ပိတ်သွားခဲ့သည်။


ဝေ့ချန်က ၎င်းကို သိရှိခဲ့သော်လည်း သူလုပ်ဆောင်နိုင်တာ မရှိပေ။ သူက ချန်လီ တံခါးကို ပိတ်လိုက်ပြီး သူ့ကို အပြင်သို့ ထုတ်လိုက်သည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။


ဝေ့ချန် မိန်းမောတွေဝေနေသော ချန်လီအား ကြည့်ပြီး အဆုံး၌ သက်ပြင်းချလိုက်ကာ မည်သည်ကိုမျှ မပြောဘဲ အခန်းထဲမှ ထွက်ခွာသွားလိုက်သည်။


တံခါးပိတ်လိုက်သံကို ကြားပြီးနောက် ချန်လီ၏ ရှည်လျားပြီး သေးသွယ်သော မျက်တောင်များက တုန်သွားခဲ့ကာ ဆက်၍ မိန်းမောတွေဝေနေလေသည်။


*


နေ့ဘက်၏ အပူက တိတ်တဆိတ် ပျောက်ကွယ်သွားကာ ညအချိန်သို့ ရောက်ရှိလာခဲ့လေပြီ။


ဤအချိန်၌ ညလေညင်းက တစ်နေ့တာလုံး ပပျောက်ခြင်းမရှိသော အပူကို သယ်ဆောင်လာဆဲဖြစ်ကာ ခန္ဓာကိုယ်ပေါ်တွင် အနည်းငယ် ပူ၍ ခြောက်သွေ့နေခဲ့သည်။


ဝေ့ချန်က ဥယျာဉ်ထဲ၌ မတ်တတ်ရပ်၍ သူ၏ ရှပ်အင်္ကျီကော်လာကို ကသိကအောက်ဖြစ်စွာ ဆွဲကာ သူ၏ အခန်းကို ကြည့်နေလိုက်သည်။ အလင်းရောင်က ရှိနေဆဲ ဖြစ်သော်လည်း ချန်လီ၏ နှလုံးသားက ဤအချိန်၌ မှောင်မိုက်နေဆဲ ဖြစ်မည်ကို သူ သိသည်။


"ဘာလို့ မင်းဇနီးလေးဆီ မသွားဘဲ ဒီမှာ တစ်ယောက်တည်း တွေဝေနေရတာလဲ..."


ဝေ့ယန်၏ အသံက သူ၏နောက်မှ ထွက်ပေါ်လာခဲ့သည်။ ဝေ့ချန်က သူ၏ အခန်းထဲမှ ထွက်ပေါ်နေသော အလင်းရောင်ကို ငေးကြည့်နေခြင်းအား ရုပ်သိမ်းလိုက်ပြီး သူ့ထံသို့ လျှောက်လာသော ဝေ့ယန်အား လှည့်ကြည့်လိုက်သည်။ 


ထိုသူ၏ ပါးစပ်ထောင့်က ရွှတ်နောက်နောက်အပြုံးတစ်ခု ရှိနေလေသည်။


ဝေ့ချန်က ဆက်၍ တိတ်ဆိတ်နေလေသည်။


"လူတစ်ယောက်ရဲ့ နှလုံးသားကို နွေးထွေးလာအောင်လုပ်ဖို့ ဘယ်လောက်ကြာမယ်လို့ မင်းထင်လဲ..."


ဝေ့ယန်က ဝေ့ချန်၏ စိတ်ကို ထွင်းဖောက်မြင်နေရပုံပေါ်ကာ ဝေ့ချန်၏ ဘေးသို့ လျှောက်လာခဲ့ပြီး ဝေ့ချန်၏ အခန်း ပြတင်းပေါက်မှ အလင်းရောင်ထံသို့ သူ၏အကြည့်က ကျရောက်သွားခဲ့သည်။


ဝေ့ချန်က ဝေ့ယန်ကို အေးစက်နေသော မျက်လုံးများဖြင့် ကြည့်ကာ တိတ်ဆိတ်နေဆဲဖြစ်သည်။


ဝေ့ယန်က သူ၏ နှုတ်ခမ်းကို ကွေး၍ ပြုံးလိုက်သည်။

"အားချန်...ငါက နိုင်ငံတွေ အများကြီးကို ခရီးသွားခဲ့ဖူးပြီး စိတ်ဝေဒနာရှိတဲ့ လူအများကြီးကို တွေ့ခဲ့တယ်...သူတို့ထဲက အချို့က ကံကောင်းခဲ့ပြီး သူတို့ တစ်ဥိီးတည်းနေချင်ခဲ့တာတွေကနေ ပြန်ကောင်းလာခဲ့ပြီး  အခြားသူတွေကတော့ သူတို့ ထိန်းမထားနိုင်တော့တဲ့ထိ အမှောင်ထဲကို ဆက်ပြီး ကျနေဖို့ပဲ တတ်နိုင်ကြတယ်...သူတို့က သူတို့ စိတ်ကူးယဉ်နေတဲ့ ကမ္ဘာထဲမှာပဲ ရူးရူးမူးမူး ရှင်သန်နေကြတယ်..."


"မင်း ဘာကို ပြောဖို့ ကြိုးစားနေတာလဲ..."

ဝေ့ချန်က နောက်ဆုံး၌ သူကိုယ်တိုင်ပင် မသိခဲ့သည့် စိုးရိမ်ပူပန်ခြင်းနှင့် အလောကြီးမှုတို့ ပြည့်‌နေသော အသံဖြင့် မေးလိုက်သည်။


"အားချန်...မင်းက အရမ်း သတိထားလွန်းတယ်..."


ဝေ့ယန်က ပြုံးပြီး ဝေ့ချန်ကို အလေးအနက်ဖြင့် ကြည့်နေလေသည်။



💘