Chapter 41+42
Viewers 13k

💘Chapter 41

 á€™á€„á€şá€¸á€á€…á€şá€šá€ąá€Źá€€á€şá€á€Šá€şá€¸á€•á€˛á€œá€Żá€•á€şá€”á€­á€Żá€„á€şá€á€Ź



တိမ်မည်းတစ်အုပ် လွှင့်မျောလာ​ပြီးလရောင်ကို ကာဆီးလိုက်ရာ ငွေလရောင်ကွယ်ပျောက်သွားခဲ့သည်။


ကောင်းကင်က ထပ်မံ၍ များစွာပိုမှောင်သွားပြန်၏။


ဝေ့ချန်နှင့်ဝေ့ယန်က မျက်နှာချင်းဆိုင်ရပ်နေကြသည်။ဝေ့ယန်၏စကားများထွက်ကျလာသည်နှင့် ဝေ့ချန်၏အကြည့်က ဝေ့ယန်၏မျက်နှာပေါ်ကနေတစ်စုံတစ်ခုကိုရှာဖွေချင်နေသည့်အတိုင်း  ဝေ့ယန်၏ရှားရှားပါးပါးလေးနက်နေသောမျက်နှာပေါ်ကို ရောက်သွားခဲ့သည်။အဆုံးမှာ သူကအနည်းငယ်နားမလည်စွာနှင့် မေးလိုက်သည်။


"မင်းဘာပြောချင်တာမှန်းငါနားမလည်ဘူး"


"မင်းက ချန်လီကို အော်တစ်ဇင်တစ်ယောက်အဖြစ်နဲ့ နေရာတိုင်းမှာဂရုတစိုက်နဲ့သတိထားပြီးဆက်ဆံနေတာ...အော်တစ်ဇင်တွေက ခံစားသိရှိလွယ်ကြတယ်...မင်းသူတို့ကိုဆက်ဆံပုံရဲ့ကွာခြားချက်ကို မင်းကသတိမထားမိပေမဲ့ သူတို့က မသိသာတဲ့ကွာခြားချက်တွေကိုတောင် ခံစားမိနိုင်ကြတယ်...လက်ရှိ မင်းချန်လီအပေါ်လုပ်​နေသမျှက ချန်လီကိုသူကအော်တစ်ဇင်တစ်ယောက်ဆိုတာကို သတိပေးနေသလိုဖြစ်နေတယ်"

ဝေ့ချန်က နားမလည်သည်ကို​မြင်လျှင်ဝေ့ယန်က ရှင်းပြလိုက်၏။


"လက်ရှိအခြေအနေမျိုးရောက်အောင် ဒီနေ့ဘာဖြစ်ခဲ့လဲ ဘယ်သူကချန်လီကိုဘာပြောခဲ့လဲဆိုတာကိုငါမသိဘူး...ဒီအတွက်အကြောင်းအရင်းကို မင်းကငါ့ထက်ပိုသိမယ်လို့ထင်ပါတယ်"


"အားချန် အမှန်တော့ အော်တစ်ဇင်ရောဂါကကြောက်စရာမကောင်းဘူး...မင်းလုံလောက်တဲ့စိတ်ရှည်မှုနဲ့ဂရုစိုက်မှုတွေပေးနေသရွေ့ ချန်လီအဲဒီအထီးကျန်တဲ့ကမ္ဘာထဲကထွက်လာလိမ့်မယ်လို့ငါယုံကြည်တယ်..."


ဝေ့ယန်က ဝေ့ချန်၏ပခုံးကိုပုတ်ကာ အလေးအနက်ဆိုလိုက်သည်။


"ပြီးတော့ ချန်လီကမင်းကိုအများကြီးယုံကြည်တယ်ဆိုတာကိုငါမြင်နေရတယ်...မင်းတစ်ယောက်တည်းကပဲ သူ့ကိုအဲဒီကမ္ဘာထဲကနေကယ်ထုတ်နိုင်မှာ"


"ကျေးဇူးတင်ပါတယ်"


ဝေ့ချန်၏မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိဖြစ်နေဆဲဖြစ်သော်လည်း သူ့မျက်လုံးများထဲရှိ စိတ်ရင်းမှန်မှုက သံသယဖြစ်စရာမရှိပေ။


"ဘာကိုကျေးဇူးတင်တာလဲ"

ဝေ့ယန်က စကားဆုံးပြီးနောက်ဝေ့ချန်၏ပခုံးကိုထပ်မံပုတ်လိုက်ကာ ကိုယ်ဟန်မတ်မတ် ခြေလှမ်းမှန်မှန်ဖြင့် လှည့်ထွက်သွားလေသည်။


ထောင့်ချိုးနားမှာ ဝေ့ယန်၏ပုံရိပ်ပျောက်ကွယ်သွားခါမှ ဝေ့ချန်ကသူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။ခေါင်းငုံ့ပြီး သူ ဘာတွေးနေလဲဆိုသည်ကားမသိရပေ။သူပြန်မော့လိုက်ချိန်မှာ သူ့အကြည့်က မီးဖွင့်ထားဆဲပြတင်းပေါက်ဆီကိုရောက်သွားပြီး သူ့မျက်လုံးများထဲမှာ နွေးထွေးမှုတစ်ခု မသိမသာပေါ်လာလေသည်။


တိမ်မည်းအုပ်က လကိုဖြတ်၍ပြီးသွားကာ ပြဒါးကဲ့သို့သောလရောင်က တဖန်ပြန်လည်သွန်းလောင်းလာပြီး ကမ္ဘာကြီးတစ်ခုလုံးကို ခြုံလွှမ်းလိုက်လေသည်။


ဝေ့ချန် မသိမသာသက်ပြင်းဖွဖွချလိုက်ပြီး သူ့အခန်းဆီပြန်ရန်ခြေလှမ်းပြင်လိုက်သည်။ဖြတ်သွားရင်း မီးဖိုချောင်နား​ရောက်သောအခါ ဝေ့ချန်အထဲကိုဝင်သွားလိုက်သည်။ဤညလီလီကို သူ့မစောင့်ကြည့်ခဲ့သဖြင့် လီလီစားပြီးပြီးလား မစားရသေးဘူးလားဆိုသည်ကိုသူမသိပေ။

 

ဆယ်မိနစ်ခန့်အကြာမှာ ဝေ့ချန်မီးဖိုချောင်ထဲကနေ ခေါက်ဆွဲတစ်ပန်းကန်နှင့်ထွက်လာလေသည်။ဤအချိန်မှာ ဝေ့မိသားစု၏အစေခံများက အလုပ်ဆင်းကုန်ကြပြီဖြစ်သည်။ခေါက်ဆွဲက ဝေ့ချန်ကိုယ်တိုင်ချက်ထားသည့် ကြက်သွန်မြိတ်ဆီချက်​ခေါက်ဆွဲဖြစ်လေသည်။ဤသည်က ဝေ့ချန်ချက်တတ်သည့် တစ်ခုတည်းသောအရာဖြစ်၏။


ဝေ့ချန်အပေါ်ထပ်ကိုခေါက်ဆွဲပန်းကန်ဖြင့်တက်သွားခဲ့ပြီး သူ့အခန်းတံခါးကို ဖွင့်လိုက်ချိန်မှာ ချန်လီကအိပ်ရာပေါ်မှာ ငေးကြောင်ကြောင်ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ချန်လီ၏ကိုယ်ဟန်အနေအထားက သူထွက်လာစဥ်ကနှင့်အတူတူဖြစ်၏။ကြားထဲမှာပြောင်းသေးလားဆိုသည်ကိုကား သူမသိရပေ။


မလှမ်းမကမ်းကစားပွဲပေါ်မှာ သူ အ​စောပိုင်းတုန်းက အစေခံကိုယူတက်သွားခိုင်းထားသည့်ညစာရှိနေသည်။တူများက ဗန်းပေါ်မှာသပ်သပ်ရပ်ရပ်ရှိနေဆဲဖြစ်ကာ အစားအသောက်ကအေးစက်နေပြီဖြစ်ပြီး တစ်စက်မှမထိရသေးပေ။


ထင်တဲ့အတိုင်းပဲဟု ဝေ့ချန်စိတ်ထဲမှာတွေးလိုက်သည်။သူက ကြက်သွန်မြိတ်ဆီချက်ခေါက်ဆွဲပန်းကန်နှင့်အတူချန်လီဆီကိုလျှောက်သွားပြီးပြောလိုက်၏။


"ဗိုက်ဆာနေပြီလား"


ချန်လီက တုံပြန်ခြင်းပြုမလာ၊မျက်လွှာပဲ ချထားလေသည်။


ဝေ့ချန်က တူတစ်စုံကိုကောက်ကိုင်လိုက်ပြီး ချန်လီ၏နှုတ်ခမ်းနားကိုတေ့ပေးကာပြောလိုက်သည်။


"ခေါက်ဆွဲစား ကိုယ်မင်းအတွက်ချက်ထားတာ"


ချန်လီက မျက်လွှာပင့်ကာ ဝေ့ချန်ကို​ကြည့်လာသည်။သူ့မျက်လုံးများထဲမှာ မဝံ့မရဲဖြစ်မှုများနှင့် လွန်ဆွဲနေမှုများရှိနေ၏။


ချန်လီ၏ထိုအကြည့်နှင့်ရင်ဆိုင်လိုက်ရသောအခါ ဝေ့ချန်၏ နှလုံးသား တစ်ချက်လှုပ်ခါသွားပြီး သူ့လေသံကမနေနိုင်ဘဲနူးညံ့လာခဲ့၏။


"လီလီ ခေါက်ဆွဲအရင်စားလိုက်နော်...ပြီးမှ ကိုယ်တို့ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို ဆွေးနွေးကြတာပေါ့...ဟုတ်ပြီလား"


ချန်လီက ဖြည်းညှင်းစွာ ပါးစပ်ဟပေးလာပြီး ဝေ့ချန်က ချန်လီ၏ပါးစပ်ထဲကိုခေါက်ဆွဲခွံ့ကျွေးလိုက်သည်။


ပထမတစ်လုတ်စားပြီးသည်နှင့် ချန်လီက ဒုတိယအလုတ်ခွံ့ကျွေး၍မရတော့ပေ။ဝေ့ချန် မည်မျှပင်ပြောပြောချန်လီကပါးစပ်ဟမပေးပေ။ဝေ့ချန်လက်လျှော့တော့မည့်အချိန်မှာပဲ ချန်လီကလက်မြှောက်ကာ ဝေ့ချန်ကို လက်ညှိုးထိုးလာသည်။


စက္ကန့်ပိုင်းအတွင်းမှာပဲ ချန်လီဘာကိုဆိုလိုသည်ကို ဝေ့ချန် တန်းသိသွား၏။ချန်လီက သူ့ကိုပါအတူတူစားစေချင်နေခြင်းဖြစ်လေသည်။မူလတုန်းက ဝေ့ချန် စိတ်ထဲမှာတစ်ခုခုရှိနေသဖြင့် ညစာမစားခဲ့ပေ။ချန်လီက တစ်နည်းနည်းဖြင့် ၎င်းကို သိသွားသည့်အတွက် ဝေ့ချန်ကိုပါစားစေချင်နေခြင်းဖြစ်၏။



<< >>


💘Chapter 42 

တော်လိုက်တာ



နှစ်ယောက်သား အတူတူစားခဲ့ကြပြီး ရိုးရှင်းသည့်ကြက်သွန်မြိတ်ဆီချက်ခေါက်ဆွဲတစ်ပန်းကန်ကလည်း တောင်တန်းနှင့်ပင်လယ်ပြင်များ၏ စားကောင်းသောက်ဖွယ်များအလား ခံစားရလေသည်။


မကြာမီ ကြက်သွန်မြိတ်ဆီချက်ခေါက်ဆွဲပန်းကန်ငယ်တစ်ပန်းကန်က ပြောင်လက်သွားလေသည်။


"ဗိုက်ဆာနေသေးလား"


ဝေ့ချန်က ပန်းကန်လုံးကို စားပွဲပေါ် ချလိုက်ပြီးမေးလိုက်သည်။သူချန်လီကို ပြန်ကြည့်လိုက်ချိန်မှာ သူ့မျက်လုံးများထဲမှာ နူးညံ့မှုများပြည့်နေခဲ့ပြီး သူ့မျက်ဝန်းတစ်စုံက ချန်လီဖြင့်သာပြည့်နေ၏။


ချန်လီ၏မျက်လုံးများက အသက်မဲ့နေပြီး သူ့ထံမှာ ဘာခံစားချက်မှမတွေ့ရပေ။


ဝေ့ချန် လက်ဆန့်ကာ ချန်လီ၏ခေါင်းလေးကိုလှမ်းပွတ်လိုက်ရာ ချန်လီက ရှောင်လိုက်​လေသည်။အဆုံးမှာ ဝေ့ချန် သူ့လက်ကိုချန်လီ၏ခေါင်းပေါ်တင်လိုက်နိုင်ပေမဲ့ ချန်လီ၏လည်ပင်းကအနည်းငယ်တောင့်တင်းနေခဲ့သည်။


ချန်လီ၏ဆံပင်များက နူးညံ့နေပြီးသူ့ခေါင်းပေါ်မှာ နာနာခံခံ လှဲလျောင်းနေသည်။ဝေ့ချန်၏လက်က ထိုဆံပင်များကြားမှာ ခေါက်တုံ့ခေါက်ပြန်ကူးလူး​နေလေသည်။နူးညံ့သောအထိအတွေ့က ဝေ့ချန်ကိုအနည်းငယ် စွဲလမ်းမိစေသည်။ချန်လီ အနည်းငယ်ခုခံနေမှန်းသူသိပေမဲ့ သူ့လက်ကိုချန်လီ၏ခေါင်းပေါ်ကနေမခွာနိုင်ဖြစ်​နေသည်။


"လီလီ ကိုယ့်ကိုပုံဆွဲသင်ပေးပါ့လားဟင်"

ဝေ့ချန်က ချန်လီ၏ခေါင်းလေးကိုအထပ်ထပ်အခါခါပွတ်သပ်လိုက်ပြီး သူ့မျက်လုံးများထဲမှာ ရိုးသားမှုအပြည့်နှင့် ပြောလိုက်၏။


ချန်လီက ဝေ့ချန်ကို ကြည့်လာသည်။ ချန်လီက ဘာမှမပြောသော်ငြား ချန်လီတွေးနေသည်ကို ​​ဝေ့ချန်သိသည်။သူကိုယ်တိုင်တောင် ဘာတစ်ခုမှ မလုပ်နိုင်ဘဲ ဘယ်လိုလုပ်သူများကိုသင်ပေးနိုင်မှာလဲဟု ချန်လီကတွေးနေသည်။


"ကိုယ် ပုံမဆွဲတတ်ဘူး...ကိုယ့်ကို ပုံဆွဲသင်ပေးပါနော်လီလီ"

ဝေ့ချန် ထပ်ပြီးမေးလိုက်၏။


ချန်လီက ရှင်းလင်းသောတုံ့ပြန်ချက်တစ်ခုမပေးလာဆဲမပေးလာမြဲဖြစ်ပေမဲ့ ဝေ့ချန်က စုတ်တံနှင့်ပုံဆွဲစက္ကူကိုယူလိုက်ချိန်မှာ ချန်လီက စုတ်တံကိုကောက်ကိုင်ပြီး ဝေ့ချန်ကိုကြည့်လာသည်။သူ့ပုံစံက သူကဝေ့ချန်ကိုပုံဆွဲသင်ပေးတော့မှာဖြစ်ပေမဲ့ မည်သို့သင်ရမည်မသိသည့်အတိုင်းဖြစ်၏။


"လီလီ ဟိုသစ်သီးပန်းကန်ကိုဆွဲကြရအောင်...လီလီက စုတ်ချက်တစ်ချက်ဆွဲရင် ကိုယ်ကလီလီအတိုင်းလိုက်ပြီး စုတ်ချက်တစ်ချက်ဆွဲမယ်"


ဝေ့ချန်က မလှမ်းမကမ်းက သစ်သီးပန်းကန်ကိုလက်ညှိုးထိုးပြပြီးပြောလိုက်သည်။ပန်းကန်ထဲမှာ ပန်းသီး၊ငှက်ပျောသီးနှင့်စပျစ်သီးများရှိနေသည်။၎င်းတို့က ဆွဲရခက်သည့်အရာများမဟုတ်ပေ။ချန်လီအတိုင်းနောက်ကလိုက်ဆွဲလျှင် သူကောင်းကောင်းဆွဲနိုင်မည်ဟုဝေ့ချန်ယုံကြည်သည်။


အမှန်တရားက ဝေ့ချန် သူ့ကိုယ်သူ ပိုတွက်မိနေခြင်းဖြစ်နေခဲ့လေသည်။


ပန်းချီပညာက ပါရမီတကယ်လိုသည်။ဝေ့ချန် ချန်လီ၏စုတ်ချက်များအတိုင်း နောက်ကလိုက်ဆွဲခဲ့မှန်းသိသာပေမဲ့ ရလဒ်ကမတူကွဲပြားသောပုံတစ်ပုံဖြစ်နေခဲ့သည်။ချန်လီဆွဲထားသည့်ပုံက ချန်လီ၏စုတ်တံထဲမှာ ပန်းချီဆွဲရန် ကင်မရာပါသည့်အတိုင်း၊ပရော်ဖက်ရှင်နယ်ကင်မရာမင်းတစ်ယောက်က DSLR*ဖြင့်ရိုက်ထားသည့်အတိုင်းဖြစ်လေသည်။အတိအကျတူအောင်ဆွဲထားရုံသာမက ဖော်ပြရန်မစွမ်းသာသောအလှတရားတစ်ခုပင်ထပ်ထည့်ထားသေးသည်။

(T/N–ဒစ်ဂျစ်တယ်ကင်မရာတစ်မျိုး)


ကျောင်းသားဝေ့ချန်က သူ၏အပြီးသတ်ထုတ်ကုန်ကို ဆရာဖြစ်သူဆီကိုလက်လွှဲပေးလိုက်၏။သူ့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိသော်လည်း သူ့မျက်လုံးများထဲမှာရှက်ရွံ့မှုအနည်းငယ်ရှိနေ၏။အသီးအနှံအမျိုးအစားတချို့တလေလေးတင် မဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ဒီလောက်ဆွဲရခက်ရတာလဲ...


ချန်လီက ဝေ့ချန်၏ပုံကိုကြည့်လိုက် ဝေ့ချန်ကိုကြည့်လိုက်ဖြစ်နေသည်။၎င်းနောက်သူက ပုံဆွဲစက္ကူပေါ်ကရှုပ်ရှတ်ခတ်နေသောမျဥ်းကြောင်းများကို ကြည့်ပြီး သူ့မျက်နှာပေါ်ကကြွက်သားများက ပထမဆုံးအကြိမ်အနေဖြင့်တွန့်သွားပြီး နားမလည်နိုင်ဖြစ်နေသောအမူအရာကိုပြသလာလေသည်။ဝေ့ချန်က ဤအမူအရာ၏အဓိပ္ပါယ်ကို သူမဖော်နိုင်ဟုပြောလိုပေမဲ့ သူ့မျက်လုံးများထဲမှာ မထိန်းနိုင်ဘဲ ရှက်ရွံ့မှုများပြသမိလေသည်။


"လီလီ"


ဝေ့ချန် ချန်လီ၏လက်ထဲက ပုံဆွဲစက္ကူကို ပြန်ဆွဲယူလိုက်ပြီး ခြောက်ကပ်ကပ်ပြောလိုက်၏။


"ဒီမကောင်းမကန်း​ပုံကို ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုးပဲ ဟန်ဆောင်ကြရအောင်ပါနော်"


ချန်လီက တိတ်ဆိတ်နေပြီး သူ့အကြည့်ကဝေ့ချန်၏လက်ထဲကပုံဆွဲစက္ကူပေါ်မှာပဲရောက်နေသည်။အဓိပ္ပါယ်ကသိသာလေသည်။သူက ဝေ့ချန်ကိုဤစာရွက်ကိုမဖျက်ဆီးပစ်​စေချင်ပေ။


ဝေ့ချန်က ခဏလောက်တုံ့ဆိုင်းနေပြီးမှ

 á€…ဏရွက်ကို ချန်လီကိုကမ်းပေးလိုက်ပြီး တံတွေးမြိုချကာပြောလိုက်သည်။

"လီလီက ဒီစာရွက်ကိုလိုချင်လို့..."


"လား"ဟူသောစကားထွက်မလာခင်မှာ ဝေ့ချန် ချန်လီက စုတ်တံကိုကောက်ကိုင်ပြီး ပုံဆွဲစက္ကူပေါ်မှာ အသေအချာဆွဲနေသည်ကိုမြင်လိုက်ရသည်။

 

ချန်လီ၏စုတ်ချက်များတိုးလာသည်နှင့်အမျှ ဝေ့ချန်၏ပုံစံကလည်းပိုပို၍အာရုံစိုက်လာသည်။သူ၏သူငယ်အိမ်များက အနည်းငယ် ကြုံ့သွားပြီး ထိတ်လန့်မှင်တက်သွားသည့်အမူအရာပြသလာသည်။ချန်လီ၏နောက်ဆုံးစုတ်ချက် ကျဆင်းသွားချိန်မှာ သူနှုတ်ကနေလွှတ်ခနဲချီးကျူးမိသွားသည်။


"လီလီက တော်လိုက်တာ"



<< >>


💘