Chapter 43+44
Viewers 11k

💘Chapter 43 

အရူးတစ်ယောက်မဟုတ်



သူ ခုနကဆွဲခဲ့သည့်ပုံက မည်မျှမျက်စိကျိန်းစရာကောင်းသည်ကိုဝေ့ချန်သိသည်။ချန်လီဆွဲသည့်အတိုင်းလိုက်ဆွဲခြင်းဖြစ်သော်လည်း သူ့စုတ်တံအောက်ရှိမျဥ်းများ ပေါင်းစပ်သွားသည့်အခါ အူပေါက်နေသော အပ်ချည်လုံးကြီးနှစ်ခု​ဖြစ်သွားခဲ့သည်။


သစ်သီးနှင့်သစ်သီးပန်းကန်ကိုဆွဲ​နေမှန်းသိသာပေမဲ့ အဆုံးမှာ အမည်မဖော်နိုင်သော အနက်ရောင်ဆေးမှင်တိမ်အုပ်တစ်ခုဖြစ်သွားခဲ့၏။မည်းနက်ကာ ဖော်ပြရခက်လေပြီး ဝေ့ချန်ကိုယ်တိုင်ပင် ၎င်းကို တည့်တည့်မကြည့်နိုင်ပါချေ။ထိုပုံကို အူလိုက်သည်းလိုက်ကို ဖျက်စီးပစ်ချင်လေသည်။


သို့သော်ငြား ထိုပုံကိုချန်လီကယူသွားပြီး ထိုစာရွက်ပေါ်မှာ စုတ်တံတစ်ချောင်းဖြင့်ရေးဆွဲလိုက်သည့်အခါ ကတ္တရာရောင်ပုံက ခဏတွင်းချင်း ပြီးပြည့်စုံသောပန်းချီကားတစ်ချပ်ဖြစ်လာလေသည်။


ဝေ့ချန်၏ချီးကျူးမှုက သူ့ရင်ထဲမှလာခြင်းဖြစ်ပြီး သူ့မျက်လုံးများထဲရှိထိတ်လန့်မှင်တက်သွားမှုကလည်း စစ်မှန်၍နေသည်။


ချန်လီက သူ၏ခံစားသိရှိလွယ်မှုကြောင့် ၎င်းကိုခံစားမိသည်မှာ သဘာဝဖြစ်ပြီး သူ၏အသက်မဲ့နေသောမျက်လုံးများက အနည်းငယ်တောက်ပလာလေသည်။


ဝေ့ချန်က ချန်လီကိုအာရုံစိုက်နေခြင်းဖြစ်သည်။ဤအခိုက်အတန့်ရှိ ချန်လီ၏အနည်းငယ်သောစိတ်ခံစားချက်ဖော်ပြမှုလေးကို ဝေ့ချန်က မလွတ်တမ်း ဖမ်းမိလိုက်လေသည်။သူ မထိန်းနိုင်ဘဲ ချန်လီ၏နူးညံ့သောဆံပင်လေးများကိုပွတ်လိုက်မိပြီး ​နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ 


"လီလီက တကယ်တော်လိုက်တာ"


ချန်လီက ဝေ့ချန်ကိုကြည့်လာသည်။သူ့မျက်လုံးများထဲမှာ အလင်းရောင်လေးတစ်ခုရှိနေယောင်ပင်။


"ဒါကြောင့်မို့ လီလီက အရူးမဟုတ်ပါဘူး...ကိုယ့်အတွက်ဝန်ထုတ်ဝန်ပိုးလည်းမဟုတ်ပါဘူး"


နောက်တစ်စက္ကန့်မှာပဲ ဝေ့ချန်၏လေသံက မယှဥ်သာနိုင်လောက်အောင် လေးနက်လာပြီး ယခင်ကမ​တွေ့ခဲ့ဖူးသော မကြုံစဖူးလေးနက်နေသောအကြည့်များဖြင့် ချန်လီ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ဆိုလိုက်လေသည်။


ချန်လီ၏သူငယ်အိမ်များ အနည်းငယ်ကြုံ့ဝင်သွားပြီး သူကဝေ့ချန်၏စကားများကြောင့် အနည်းငယ်ပဟေဠိဖြစ်နေမှန်းသိသာလေသည်။


"လီလီ ကိုယ့်ကိုမယုံဘူးလားဟင်"

ဝေ့ချန်က ချန်လီကို စစ်မှန်မှုနှင့်ရိုးသားမှုများပြည့်နေသောအကြည့်ဖြင့်ကြည့်လိုက်၏။

"ဒါဆိုစမ်းသပ်မှုတစ်ခုလုပ်ကြည့်ရအောင်"


ထိုသို့ပြောပြီးနောက် ဝေ့ချန်က စာအုပ်စင်အစွန်းကစာအုပ်တစ်အုပ်ကိုယူပြီး အနားကပ်ကြည့်လိုက်သည်။မူလတန်းအဆင့်တရုတ်ဘာသာစကားဖတ်စာအုပ်ဖြစ်နေပြီး ဝေ့ချန် ၎င်းကို မည်သို့မည်ပုံ ရှာတွေ့ခဲ့သည်မသိပေ။


"အချိန်ရရင် ဒီစာအုပ်ကိုကြည့်နေ...မနက်ဖြန်ညနေခင်းကျရင် ကိုယ်ဒီစာအုပ်ထဲက အခန်းတစ်ခုကိုရွေး​ပေးပြီး မင်း အဲဒီထဲကအကြောင်းအရာကို ဆွဲနိုင်မလားကြည့်မယ်...အမ်းး စာအုပ်ကို မကြည့်ဘဲလက်ရေးလှပန်းချီဆွဲရမယ်"


ချန်လီက ဘာမှပြန်မ​ဖြေဘဲ ဝေ့ချန်ကမ်းပေးသည့်စာအုပ်ကို လက်ဆန့်ကာယူပြီး စာအုပ်မျက်နှာဖုံးကို ကြောင်တက်တက်နှင့် ကြည့်နေသည်။အချိန်အတော်ကြာပြီးနောက် သူကစာအုပ်မျက်နှာဖုံးကို ဂရုတစိုက်နှင့် ဖွင့်လိုက်လေသည်။


ဝေ့ချန် ချန်လီကိုကြည့်ရင်း သူ့အကြည့်က  မထိန်းနိုင်ဘဲ ပိုပြီးနူးညံ့လာကာ မှိတ်တုတ်မှိတ်တုတ်ကြယ်ရောင်လေးလက်​နေသည့်အတိုင်းပါပင်။

…


ကလေးကတည်းက တခြားသူများ၏အရူးအဖြစ်သတ်မှတ်ခြင်းခံထားရသူတစ်ယောက်က သူဘယ်ကိုပဲသွားသွား ထိုအထင်အမြင်သေးစရာဂုဏ်ပုဒ်က  နောက်ကကပ်ပါလာမည်ဖြစ်သည်။သူက အရူးတစ်ယောက်ဖြစ်ရသည်ကို ကျင့်သားရသွားပြီဖြစ်ကာ တခြားများ၏ပါးစပ်ထဲမှာအရူးဖြစ်ရခြင်းကိုလည်း နေသားကျနေပြီဖြစ်သည်။သူက အလုံပိတ်ကမ္ဘာထဲမှာပဲနေခဲ့ပြီး အပြင်လောကကြီးက သူ့​အပေါ်မှာသက်ရောက်မှုအနည်းငယ်သာရှိလေသည်။


သို့​ပေမဲ့ ​ယခုအချိန်မှာ သူ့နှလုံးသားတံခါးကို ဝေ့ချန်ကိုတိတ်တိတ်​လေး ဖွင့် ပေးလိုက်ပြီဖြစ်ကာ သူဝေ့ချန်ကိုအထဲမှာနေစေချင်သည်။ထိုကြောင့် သူက ဝေ့ချန်၏အတွေးများကို ဂရုစိုက်သည့်အတွက် ထိုလူက ဝေ့ချန်ရှေ့၌ သူ့ကိုအရူးတစ်ယောက်၊ဝေ့ချန်အတွက်ဝန်ထုပ်ဝန်ပိုးတစ်ခုဟုပြောလိုက်ချိန်မှာ ချန်လီ၏တုံ့ပြန်မှုက ထိုမျှကြီးမားနေခြင်းဖြစ်သည်။


အစောပိုင်းတုန်းက ချန်လီကဝေ့ချန်ကိုခုခံနေခြင်းဟုပြောရမည်ထက် ချန်လီကသူ့ကိုယ်ခုခံနေခြင်း၊ထို"အရူး"သူ့ကိုယ်သူကို ခုခံနေခြင်းဟုပြောလျှင်ပိုမှန်လိမ့်မည်။


နေ့ခင်းပိုင်းတစ်ခုလုံး စဥ်းစားပြီးနောက် 

ဝေ့ချန်လည်း ထိုအကြောင်းကိုတွေးမိသွားသည်။ဝေ့ယန်ပြောသမျှအကုန်လုံးကို သူသဘောမတူပေမဲ့ သူ့ကိုသတိပေးလိုက်သည့်စကားတစ်ခွန်းကအမှန်ပင်ရှိနေခဲ့သည်။သူက ချန်လီကိုအော်တစ်ဇင်တစ်ယောက်အနေဖြင့်ဆက်ဆံနေခဲ့မိသည်။ချန်လီက ခံစားသိရှိလွယ်သ​ဖြင့် သူ​ဝေ့ချန်၏ကိုယ်ပိုင်အတွေးများကို ချန်လီက အမှန်တကယ်သိရှိလိမ့်မည်ဖြစ်ပြီး ယင်းက ချန်လီအား သူကအော်တစ်ဇင်တစ်ယောက်ဟူသည့် အမှန်တရားထဲသို့ထပ်ခါထပ်ခါကျရောက်သွားစေပေလိမ့်မည်​။


ချန်လီကြီးပြင်းလာသည့်ပတ်ဝန်းကျင်နှင့် အပြင်လူများ၏ ချန်လီအပေါ်ထားရှိသည့်အမြင်ကြောင့် ချန်လီက အော်တစ်ဇင်များက အရူးများသို့မဟုတ်စိတ့်နှံ့သူများဟု တွေးခေါ်သတ်မှတ်ပြီးနေပြီဖြစ်သည်။


ထို့ကြောင့် ကျိူးကျော့ရန်၏သူငယ်ချင်းက ချန်လီကဝေ့ချန်အတွက်ဝန်ထုတ်ဝန်ပိုးဟုပြောချိန်မှာ ချန်လီ ပေါက်ကွဲသွားခြင်းဖြစ်၏။


ဝေ့ချန်က စိတ်ပညာကိုမလေ့လာခဲ့ဖူး​ပေ။​ဤရက်ပိုင်းမှာ အော်တစ်ဇင်နှင့်ဆက်စပ်နေသောဗဟုသုတများစွာကို သူဖတ်ထားသော်လည်း စိတ်ပညာ၌မူဝေ့ချန်က လုံးဝကိုလူသစ်လေးဖြစ်၏။သို့ပေမဲ့ ဝေ့ချန်ကချန်လီ၏အ​ရေးကိစ္စများကို အလွန်အာရုစိုက်သည့်အတွက် ချန်လီ၏စိတ်သဘောကို သူခန့်မှန်းနိုင်ခြင်းဖြစ်လေသည်။


ယခုအချိန်မှာ ဝေ့ချန်လုပ်ရမည်က ချန်လီ၏ရှိရင်းစွဲအတွေးအမြင်များကို ပြောင်းလဲပြီး အော်တစ်ဇင်များက အရူးများမဟုတ်ကြောင်းနှင့်သူ၏အခြေအနေကလည်း ကုသမှုခံယူလျှင်တိုးတက်လာနိုင်ကြောင်းကို ချန်လီအားသိအောင်လုပ်ပေးရမှာဖြစ်သည်။



<< >>


💘Chapter 44

ဘယ်အချိန်မှာချစ်မိသွားတာလဲ



ညက မှောင်သထက်မှောင်လာနေပြီး တိမ်မည်းများက ကောင်းကင်ထက်မှာ တဝဲလည်လည်လုပ်နေသည်။လရောင်က မှိန်ပြပြနှင့် ငွေရောင်အလင်းက မြေပြင်ထက်ပေါ် ယိုစိမ့်၍နေကာ  ကမ္ဘာမြေကြီးတစ်ခုလုံးကို ပြဒါးအုပ်ထားသည့်အတိုင်းပါပင်။


ဝေ့ချန် ရေချိုးခန်းထဲကနေရေချိုးဝတ်ရုံနှင့်ထွက်လာသည်။ရေချိုးဝတ်ရုံ၏ကြိုးက ချည်မထားသဖြင့် ဝေ့ချန်၏ပျားရည်ရောင်ရင်အုပ်က ဟောင်းလောင်းပေါ်၍နေသည်။ဝေ့ချန် ဟိုဟိုသည်သည်လမ်းလျှောက်ကာလှုပ်လှုပ်ရှားရှား လုပ်လိုက်သည်နှင့် ဗိုက်ကြွက်သားထင်းထင်းများက ခပ်ရေးရေးပေါ်လာလေသည်။


ထိုသို့သော အလှတရားကိုရှုစားနိုင်သည့် အခန်းထဲရှိ တစ်ဦးတည်းသောသူက  သူ့ရှေ့ရှိ မူလတန်းပုံနှိပ်စာအုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ထားသည်က စိတ်မကောင်းစရာပါပင်။ 


ဝေ့ချန် ခေါင်းသုတ်ရင်း ချန်လီ၏ရှေ့ကိုလျှောက်သွားလိုက်သည်။စကားတစ်ခွန်းမှမဆိုဘဲ သူက ချန်လီကို နူးညံ့မှုအတိပြီးသော မျက်ဝန်းများဖြင့်သာငေးကြည့်နေခဲ့သည်။


အချိန်မည်မျှမှန်းမသိကြာသွားပြီးနောက်မှာမှ ဝေ့ချန်ကသူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။အိပ်ရာပေါ်မှာ ကျောမီထိုင်လိုက်ပြီး သူ့လက်တော့ကိုဖွင့်ကာ သတင်းများနှင့်ရှယ်ယာစျေးအပြောင်းအလဲများကို စစ်ဆေးလိုက်သည်။


နှစ်ယောက်သားက ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေကြပြီး အချင်းချင်း ဘာစကားမှမပြောကြပေ။သို့ပေမဲ့ အဝါရောင်မီးမှိန်မှိန်အောက်မှာ နွေးထွေးသောလေထုတစ်ခု ရစ်ဝဲနေခဲ့လေသည်။


အချိန်များကုန်ဆုံးသွားပြီး ဝေ့ချန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းလျစ်လျူရှုထားသည့်ကိစ္စတချို့ဖြေရှင်းပြီးနောက် သူ့ဖုန်းကိုကောက်ကိုင်ပြီးအချိန်ကိုကြည့်လိုက်သည်။ညဆယ်နာရီကျော်နေပြီဖြစ်သည်။သူ လက်တော့ကိုပိတ်ပြီး ချန်လီ၏ဘေးကိုလျှောက်သွားကာ တိုးဖွဖွပြောလိုက်၏။


"အိပ်ချိန်ရောက်ပြီလေ လီလီ"


ချန်လီက စာအုပ်ကိုကြည့်ပြီးနောက် ဝေ့ချန်ကိုကြည့်လိုက်သည်။ဝေ့ချန်၏မျက်ဝန်းများထဲမှာ နူးညံ့မှုများသာမက ဆုံးဖြတ်ချက်ခိုင်မာမှုများပါရှိ​နေသည်ကိုမြင်ခါမှ သူကနာနာခံခံဖြင့် စာအုပ်ကိုပိတ်ပြီး စားပွဲပေါ်ကိုသေသေပ်သပ်တင်လိုက်သည်။ပြီးလျှင် သူ့ဖိနပ်ကိုစီးပြီး အိပ်ရာဆီကို မလျှောက်ချင်လျှောက်ချင် လျှောက်သွားလေသည်။


ချန်လီက အလွန်အသိစိတ်ရှိစွာဖြင့် ကုတင်ပေါ်မှာတက်လှဲ​​ပြီး ဝေ့ချန်အတွက် နေရာချန်ထားပေးလိုက်သည်။ပြီးလျှင် သူက မျက်လုံးပြူးလေးဖြင့် ဝေ့ချန်ကို ကြည့်လေ၏။သူ၏ဖြူဖြူစင်စင် အူကြောင်ကြောင်ပုံစံလေးက အလွန် သွေးဆောင်ဖြားယောင်းနိုင်လေသည်။


ဝေ့ချန် သူ့ကိုယ်ထဲမှာ အပူလှိုင်းတစ်ခုကြွလာသည်ကို ခံစားလိုက်ရပြီး အလွန်ကြီးမပြင်းပေမဲ့ သူ့ကိုအနည်းငယ်ပူလောင်ကာ အာခြောက်လာစေသည်။ကပျာကယာအကြည့်လွှဲလိုက်ပြီး သူ ရီမုကိုယူကာ အဲကွန်းကိုအပူချိန်ဒီဂရီအနည်းငယ်လျော့လိုက်သည်။နောက်ဆုံးမှာ ချန်လီအအေးမိသွားမှာစိုးသဖြင့် သူ မူလအပူချိန်သို့ပြန်လည်ချိန်ညှိလိုက်သည်။


ချန်လီက ဝေ့ချန်၏ခုနကအပြုအမူကြောင့် ပဟေဠိဖြစ်နေသည့်အတိုင်း ဝေ့ချန်ကိုကြည့်နေဆဲဖြစ်လေသည်။ဝေ့ချန်က ချန်လီကိုမကြည့်ရဲပေ။ခုနက (သူ့ခန္ဓာကိုယ်က)ချန်လီကိုတုန့်ပြန်မိသည့်အတွက် သူ့ကိုယ်သူသားရဲကောင်ကြီးဟုပင်ခံစားနေရသည်။


ဝေ့ချန် အနည်းငယ်ရှက်ရွံ့စွာဖြင့် စောင်ကိုလှပ်ပြီး ဝင်လှဲလိုက်သည်။လှဲ​ပြီးချိန်မှာပဲ သူ့တစ်ကိုယ်လုံး ခေါင်းကနေခြေဖျားအထိတောင့်တင်းသွား​တော့သည်။သူ့လက်များကို ဗိုက်အောက်ပိုင်းမှာ ​မြဲ​မြဲ​မြံ​မြံတင်ထားပြီး သူ့ခြေထောက်များက တဖြောင့်တည်းဖြစ်နေသည်။သူက သူ့ကိုယ်သူဖိအားပေးကာ မရမကမျက်လုံးမှိတ်ပြီး သူ့အတွေးများကို ခေါင်းထဲကထုတ်လိုက်သည်။


ဝေ့ချန် သူ့ကိုယ်ထဲကအပူလှိိုင်းနှင့်အာခြောက်လာမှု​ကို အတင်းအကြပ်ဖိနှိပ်ပြီးနောက် လက်လှမ်းကာ အခန်းမီးကိုပိတ်လိုက်လေသည်။လိုက်ကာများကလည်း ပိတ်ထားသည်ဖြစ်ရာ အလင်းရောင်မရှိသည့်အခါ အမှောင်ထုက အခန်းထဲကို ခဏတွင်းချင်း ချင်းနင်းဝင်ရောက်လာခဲ့သည်။


ပြီးသည့်ရက်ပိုင်းအတွင်းမှာ ချန်လီက ဝေ့ချန်နှင့်အတူအိပ်ရသည်ကိုကျင့်သားရလာ၍ဖြစ်မည်။အမှောင်ထဲမှာ ချန်လီက တလှိမ့်လှိမ့်ဖြင့် ဝေ့ချန်၏ရင်ခွင်ထဲကို ထပ်ပြီးလှိမ့်ဝင်လာပြန်​လေသည်။အမှောင်ထုက လူများ၏အာရုံခံစားမှုကို ပို၍ ဆတ်ဆတ်ထိမခံ ခံစားလွယ်လာစေသည်။ချန်လီ၏အပူချိန်က သူ့နှင့်ပိုပိုနီးကပ်လာသည်ကို ဝေ့ချန် ခံစားမိနေသည်။နောက်ဆုံးမှာ သူ့ဘေးကိုရောက်လာသည့်အထိအတွေ့က သူ့အားစိတ်လှုပ်ရှားလာစေကာ သူ့ခန္ဓာကိုယ်ကိုပို၍ပင်တောင့်တင်းသွားစေခဲ့သည်။အေးခဲသွားသလိုမျိုး သူဘာလှုပ်ရှားမှုမှမလုပ်ရဲခဲ့ပါချေ။


သူ့နားနားရှိ အသက်ရှူသံမှန်မှန်က ဝေ့ချန်၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြေလျော့သွားစေခဲ့ပြီး ချန်လီသူ့ရင်ခွင်ထဲမှာ ပိုပြီးသက်တောင့်သက်သာအိပ်ရအောင် သူ့ခန္ဓာကိုယ်ကိုအနည်းငယ်လှည့်ပေးလိုက်သည်။


သူ့လက်ကို ချန်လီ၏ခါးပေါ်မှာ အသာအယာတင်ကာ ဝေ့ချန်သက်ပြင်းအရှည်ကြီးချလိုက်ပြီးမှ အိပ်စက်ရန်​ပြင်လိုက်သည်။


သူ ဤမျှမြန်မြန် ချစ်မိသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။သူတို့ရဲ့အရင်ဘဝတုန်းက ဝိညာဥ်ပုံစံနဲ့ ချန်လီကိုကြည့်နေချိန်အ​တောအတွင်းမှာ သူချစ်မိသွားတာများလား...ဒါမှမဟုတ် သူမသေခင်မှာ ချန်လီက သူ့နောက်ဆုံးလက်ကျန်ခွန်အားကိုသုံးပြီး သူ့အတွက်တိုက်ခိုက်ပေးနေတာကို မြင်လိုက်ချိန်တုန်းကလား...ဝေ့ချန်ကိုယ်တိုင်ပင်မသိပါချေ။


သို့ပေမဲ့ သူသတိထားမိချိန်မှာ ချန်လီက သူ့နှလုံးသားထဲကိုရောက်ရှိနေပြီဖြစ်ကာ သူ့နှလုံးသားကို တစ်လွှာပြီးတစ်လွှာ လှိုင်းထစေခဲ့ပြီးနေလေပြီ။


တိတ်ဆိတ်သောအခန်းထဲမှာ သက်ပြင်းချသံတစ်ခုထပ်ပြီးထွက်ပေါ်လာကာ ထိုထဲမှာ အကူအညီမဲ့မှုအနည်းငယ်စွက်၍နေသော နူးညံ့မှုများဖြင့်ပြည့်နေခဲ့လေသည်။


*


နောက်တစ်နေ့ နေထွက်လာချိန်မှာ ဝေ့ချန်နိုးလာခဲ့သည်။ချန်လီက သူ့ရင်ခွင်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်နေဆဲဖြစ်သည်။သူထလိုက်သည့်အတွက်ကြောင့် ချန်လီအနှောက်အယှက်မဖြစ်ရလေအောင် သူ့ကိုယ်ဟန်အနေအထားကို အသာအယာ ပြောင်းလိုက်၏။


ဝေ့ချန် မျက်နှာသစ်ပြီး၍ထွက်လာချိန်မှာ ချန်လီလည်းနိုးနေပြီဖြစ်သည်။သူက ဆံပင်စုတ်ဖွားလေးနှင့် မျက်နှာကျက်ကို ငေးကြောင်ကြောင်ကြည့်နေ၏။သူ့မျက်လုံးထဲမှာ ဘာအာရုံစိုက်ရာဆုံချက်မှရှိမနေပေ။ဝေ့ချန်ကို မြင်လိုက်ခါမှ သူ၏အတော်လေး​ပြန့်ကျဲနေသောအကြည့်၏ဆုံချက်က တဖြည်းဖြည်းစုစည်းလာပြီး နောက်ဆုံးမှာ ဝေ့ချန်ကိုမျက်တောင်မခတ်တမ်းကြည့်လာသည်။


"နိုးပြီလား"


ဝေ့ချန်က ကုတင်ဘေးကိုလျှောက်လာပြီး လက်လှမ်းကာ ချန်လီ၏ရှုပ်ပွနေပြီးသားဆံပင်ကို ငှက်သိုက်ဖြစ်အောင်ပွတ်ပြီးမှ ကျေနပ်စွာဖြင့်သူ့လက်ကိုပြန်ရုတ်လိုက်သည်။

"ထတော့ မျက်နှာသစ်သွားတိုက်...ပြီးရင် ကိုယ်တို့ရှန်ဟိုင်းကနေထွက်သွားကြမယ်...ကိုယ်မင်းကို ပေကျင်းကိုခေါ်သွားမယ်...အခုကနေစပြီး ကိုယ်တို့မြို့တော်မှာ နေကြမှာ"


ချန်လီက လိမ်လိမ်မာမာဖြင့် ထရပ်ပြီး ဖိနပ်စီးကာရေချိုးခန်းထဲဝင်သွားလိုက်သည်။


လက်ရှိအချိန်မှာ မြို့တော်ကိုသွားပြီးနောက် သူတို့ဘဝက ကြီးကြီးမားမားပြောင်းလဲသွားလိမ့်မည့်အကြောင်းကို ချန်လီရောဝေ့ချန်ပါ တစ်ယောက်မှ သတိမထားမိကြပေ။လောကဓံ အကောင်းအဆိုးများက တစ်ခုပြီးတစ်ခုဆင့်ပြီးရောက်လာကာ သူတို့ကို အငိုက်မိသွားစေခဲ့သည်။သို့ပေမဲ့ ယင်းက သူတို့၏ဆက်ဆံရေးကိုလည်း ပို၍ပင်ခိုင်မြဲလာစေခဲ့လေသည်။


​သို့ရာတွင် မြို့တော်ကိုမသွားခင်မှာပင် အောက်ထပ်၌ဝေ့ချန်အတွက် ပြဿနာတစ်ခုကစောင့်ကြိုနေပြီးဖြစ်လေသည်။


<< >>


💘