Chapter 148
Viewers 8k

🚩Chapter -148

 Arc_7.နေရာလွဲမှားနေသောသမီး [ 14 ]


_____


စုဟိုင်ချန်း၏ မှတ်ဉာဏ်ထဲ၌ သူ့သမီးစုဝမ်က ကလေးအရွယ်ကပင် အလိုလိုက်ခံခဲ့ရ၏။ သူမက သူ့အရှေ့တွင် ဒေါသတကြီးသောင်းကျန်းသည်မျိုးရှိသော်လည်း စုဟိုင်ချန်းက စုဝမ်မျက်နှာပေါ်မှ ထိုကဲ့သို့ တည်ငြိမ်လေးနက်နေသည့် အကြည့်ကိုမမြင်ခဲ့ဖူးချေ။ 


ပိတ်နေသည့်အိပ်ခန်းတံခါးကိုကြည့်ရင်း နောက်ဆုံးတွင် စုဟိုင်ချန်းက သက်ပြင်းချလိုက်သည်။ 


“ဘယ်သူမှ ဝင်မသွားရဘူး.... ဒါပေမယ့် ရှောင်ရှောင်း သူကဆေးပညာကိုသိလို့လား”


“မြင်းသေကိုဆေးကုပေးသည်” ဟူသည့်စကားရှိသည်။ စိတ်ပျက်အားလျော့နေမှုများအကြား၌ လူတိုင်းက အံ့ဖွယ်မျှော်လင့်ချက်လေးတစ်ခုတော့ ရှိတတ်ကြစမြဲပင်။ ယခုစုဟိုင်ချန်းသည်လည်း ထိုမျှော်လင့်ချက်လေး ရှိနေ၏........။


[ T/N မြင်းသေကိုဆေးကုပေးသည် - စိတ်ပျက်အားလျော့နေသည့်အခြေအနေတွင် ဖြစ်နိုင်သမျှ အရာအားလုံးကို ကြိုးစားကြည့်သည် ဟုဆိုလိုသည်။ ]


ဆေးပညာလား...


တောင်းပန်ပါတယ် စစ်သူကြီးစုက လူတွေကိုသတ်ဖို့ နည်းလမ်းတစ်ထောင့်တစ်ခုကိုသိပေမယ့် လူတွေကို ကယ်တင်ဖို့ကျ.......


“သူသိတယ်”


စုဝမ်က မျက်နှာပေါ်တွင် အပြစ်ရှိစိတ်တစ်စုံတစ်ရာမရှိဘဲ တည်ငြိမ်စွာပြန်ဖြေသည်။ ကျန်းယိုက ပါးစပ်ကိုဖွင့်၍ စကားဝင်ပြောချင်သော်လည်း စုဝမ်က သူမကိုအေးစက်နေသည့်အကြည့်များဖြင့်ကြည့်နေရာ ကျန်းယိုက ညင်သာစွာဖြင့် ပါးစပ်ပြန်ပိတ်လိုက်သည်။ သို့သော် သူမက ရှောင်းချီကို စိတ်ပူနေဆဲပင်။


ကျန်းယိုက ရှောင်းချီကို ဆယ်နှစ်နီးပါးကြာအောင် သိလာခဲ့သည်။ ‌‌ရှောင်းချီအကြောင်းကို လုံလုံလောက်လောက် သိသည်ဟု သူမထင်သည်။ သူက ကွန်ဖူးကျွမ်းကျင်ပြီး မည်သို့ဟင်းချက်ရမည်ကိုသိကာ အိမ်အလုပ်နှင့် အခြားသူများကို ဂရုစိုက်ခြင်းများကိုလည်း သေချာကျွမ်းကျင်သည်။ 


ဒါပေမယ့်.....ဆေးပညာ.....အဲ့လိုခက်ခဲတဲ့အရာတစ်ခုကို....အစ်ကိုကြီးရှောင်းကဘယ်လိုလုပ်သိမှာလဲ


ကိုယ်ခံပညာသင်တန်း၌ ဒဏ်ရာရသည့်အဖော်များကို ဂရုစိုက်ပေးခြင်းနှင့် သူတို့ကို နှိပ်နယ်ပေးရာတွင် မွေးစားအဖေကို ကူညီနိုင်ရန်အတွက် နည်းလမ်းများအားလုံးကို ရှောင်းချီသင်ထားခဲ့သည်။ 


အခန်းအပြင်ဘက်မှ စိတ်အခြေအနေများမည်သို့ရှိနေပါစေ၊ အခန်းထဲတွင် စုရွေ့က ဝမ်ရှူးကျယ်၏ ကုတင်ဆီသို့ လျှောက်သွားလေသည်။ 


ဝမ်ရှူးကျယ်က အသက်လေးဆယ်ဝန်းကျင်ရှိပြီး အချိန်အတော်ကြာအောင် ဖျားနာနေခဲ့သော်လည်း သေချာထိန်းသိမ်းဂရုစိုက်များနှင့် ချောမောလှပမှုများကြောင့် အသက်သုံးဆယ်ဝန်းကျင်ဟုသာထင်ရသည်။ ကိုမာဝင်နေသည့်တိုင် သူမ၏ကျော့ရှင်းနေမှုကို ဖုံးကွယ်ရန် ခက်ခဲလှလေသည်။ 


စုရွေ့က ဝမ်ရှူးကျယ်၏ မျက်နှာကိုကြည့်လိုက်သည်။ ထို့နောက်သူ၏ သေးသွယ်ပြီး သန်မာသည့် လက်ချောင်းများကို ဝမ်ရှူးကျယ်၏ ဖြူဖျော့ကာ ပိန်လှီနေသည့် လက်ကောက်ဝတ်ပေါ်သို့တင်လိုက်သည်။ စုရွေ့က ဘယ်ဘက်လက်ကိုသုံး၍ စုယွီဆီမှ ထိုနေ့က ယူထားခဲ့သည့် ခွဲခန်းသုံးဓားကို ခါးကြားမှ ထုတ်ယူလိုက်သည်။ ထို့နောက် ဝမ်ရှူးကျယ်၏ လက်ချောင်းထိပ်ကို အသာလေးခြစ်လိုက်ရာ ခရမ်းနီရောင် သွေးများထွက်လာ၏။ 


စုရွေ့မျက်လုံးများလက်သွားပြီး စားပွဲပေါ်မှရှိနေသော ဖန်ခွက်ထဲသို့ သွေးစက်များကိုထည့်လိုက်သည်။ ဒေါက်တာရွှီ၏ ဂရုစိုက်မှုများနှင့်မတူဘဲ စုရွေ့က ခွဲခန်းသုံးဓားမှ ဓားသွားတွင် သွေးတို့ကို စွန်းထင်းစေပြီး နှာခေါင်းအနားသို့ ယူ၍ အနံ့ခံကြည့်သည်။ 


ဒါက.......


သွေးထဲမှ အနံ့တစ်စုံတစ်ရာကို အနံ့ခံကြည်ရင်း စုရွေ့က မျက်လုံးများကိုမှိတ်လိုက်သည်။ သူ့စိတ်ထဲတွင် မရေမတွက်နိုင်သော ဗိုင်းရပ်စ်များနှင့် အဆိပ်အတောက်များ၏ တည်ဆောက်ပုံနှင့် အနံ့များပေါ်လာ၏။ နောက်ဆုံးတွင် စုရွေ့ကမျက်လုံးဖွင့်လိုက်ပြီး မျက်လုံးထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ 


“လက်စသတ်တော့.....ဒီလိုဖြစ်နေတာပဲ”


စုရွေ့က ကုတင်ပေါ်မှ ဝမ်ရှူးကျယ်ကို နောက်တစ်ခါကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှ အမူအရာများက အနည်းငယ်ထူးဆန်းနေသည်။ 


တဘက်အဖြူရောင်ကိုယူလိုက်၍ ခွဲခန်းသုံးဓားပေါ်မှ သွေးများကို သုတ်ရင်း စုရွေ့တွန့်ဆုတ်နေမိသည်။ နောက်ဆုံးတွင် ဖန်ခွက်ကိုယူ၍ ဝမ်ရှူးကျယ်၏ကုတင်ဆီသို့ ပြန်သွားလိုက်ပြီး သွေးထွက်နေသည့် သူမ၏လက်ချောင်းကို ခွက်အဝတွင်ထားလိုက်သည်။ 


“ဝဋ်ကြွေးရှိတော့လည်း ကျေအောင်လုပ်ကြတာပေါ့”


နူးညံ့စွာ တီးတိုးဆိုလိုက်ရင်း စုရွေ့၏ ညာဘက်လက်ချောင်းများက ဝမ်ရှူးကျယ်၏ နှလုံးသွေးပြန်ကြောနေရာမှ အပ်စိုက်အမှတ်ပေါ်သို့ ရုတ်တရက် ထိုးလိုက်သည်။ ထိုအခါ ခရမ်းနီရောင်သွေးများက သူမလက်ချောင်းထိပ်မှ ဖြေးညင်းစွာ စီးကျလာ၏။ သိပ်မကြာခင်၌ ဖန်ခွက်ကပြည့်လုနီးပါးဖြစ်လာပြီး အခန်းထဲတွင် ထူးဆန်းသည့် အနံ့လေးတစ်ခုက ပျံ့လွင့်လာသည်။ 


“အင်း...”


ကုတင်ပေါ်မှ ဝမ်ရှူးကျယ်က ဖျော့တော့စွာ ညည်းညူလာသည်။ ထို့နောက် မျက်တောင်ရှည်များက လှုပ်ခတ်လာပြီး ဖြေးညင်းစွာ မျက်လုံးဖွင့်လာသည်။


သူမအရှေ့မှ အရာအားလုံးက ဝေဝါးနေပြီး ယိမ်းထိုးနေသည်။ ခဏကြာပြီးနောက် ဝမ်ရှူးကျယ်က အနည်းငယ်အဆင်ပြေသွားပြီး ကုတင်ပေါ်တွင်လှဲနေကာ ရင်းနှီးနေသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် ဝန်းရံနေကြောင်း သတိထားမိသွားသည်။ 


ဒါက......


မှတ်မိသလောက်တော့ သူမ သတိမေ့သွားတဲ့ပုံပဲ အခုတော့.....


ဝမ်ရှူးကျယ်က မျက်နှာလေးကို အနည်းငယ်လှည့်လိုက်ရာ ကုတင်ကြီးဘေးတွင် မရင်းနှီးသည့် လူငယ်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်သည်။ သူက သွေးပြည့်နေသည့် ဖန်ခွက်ကိုင်၍ ရပ်နေ၏။


မျက်ဝန်းနှစ်စုံက ထင်မှတ်မထားဘဲ တွေ့ဆုံသွားကြသည်။ လူငယ်လေး၏ မျက်ဝန်းများက အေးစက်စူးရှနေသော်ငြား ဝမ်ရှူးကျယ်က ထိုအေးစက်နေသည့်မျက်ဝန်းများကို ကြောက်ရွံ့သည်ဟု မခံစားရပေ။ ဝမ်ရှူးကျယ်က စုရွေ့ကို ညင်သာစွာ ပြုံးပြလာသည်။ 


“မင်းက......ရှောင်းချီလား”


သူမက သူဓာတ်ပုံကိုမြင်ဖူးပြီး သူမသမီး၏လက်ရှိကောင်လေးဖြစ်ကြောင်းကိုလည်းသိသည်။ 


ဝမ်ရှူးကျယ်၏အသံက လူနှင့်လိုက်ဖက်စွာ နူးညံ့သိမ်မွေ့လှသည်။


ညင်သာနေသည့်မေးမြန်းမှုလေးဖြစ်သော်လည်း ၎င်းက စုရွေ့၏အကြည့်များကို ချက်ချင်းနူးညံ့သွားစေသည်။


“ကျွန်တော်က ရှောင်းချီပါ အန်တီ ဘယ်လိုခံစားနေရလဲ”


“အန်တီအဆင်ပြေပါတယ်”


ဝမ်ရှူးကျယ်က စုရွေ့ကိုပြုံးပြလိုက်ပြီး အကြည့်များက သူ့လက်ထဲမှ ဖန်ခွက်ပေါ်သို့ ကျရောက်သွားသည်။


 “ဒါက.... အန်တီ့ရဲ့သွေးတွေလား”


“ဟုတ်ကဲ့ အန်တီအဆိပ်ခတ်ခံရတာ... ရေရှည်အဆိပ်ပါ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်တိုက်ထိုးသွင်းခံနေရလို့ အန်တီ ရုတ်တရက်ကြီး ကိုမာဝင်သွားတာ ဒီအဆိပ်တွေကတကယ်တော့....”


စုရွေ့စကားမဆုံးသေးခင်မှာပင် ဝမ်ရှူးကျယ်က ဖြတ်ပြောလိုက်၏။


“အန်တီသိပါတယ်”


“သူဘာလုပ်ခဲ့လဲ အန်တီသိတယ်ပေါ့”


စုရွေ့မျက်လုံးများလက်သွားပြီး ဝမ်ရှူးကျယ်အား အံ့ဩမှင်သက်နေလျက်ကြည့်လိုက်၏။ 


ဒီအမျိုးသမီးက သာမန်အမျိုးသမီးမဟုတ်ဘူးဘဲ.....



_~

🚩